ဖေဖော်ဝါရီ ၂၈ ရက် ထိပ်တန်းသတင်းများ - မိုးကောင်းတံတားဖောက်ခွဲခံရ

မိုးကောင်းတံတားဖောက်ခွဲခံရ

ဓာတ်ပုံ ရင်းမြစ်, မိုးကောင်းလူမှုကူညီရေးအသင်း

ရေးသားခဲ့သည်။

မွန်ပြည်နယ်၊ သထုံမြို့အပိုင် ရန်ကုန် - မော်လမြိုင်လမ်းမကြီးပေါ်မှာရှိတဲ့ မိုးကောင်းတံတား‌ ဖောက်ခွဲခံရကာ ပြိုကျပျက်စီးတာကြောင့် ရွာအတွင်းလမ်းပိုင်းကနေ ပြောင်းလဲသွားလာနေရတယ်လို့ မြေပြင်မှာရှိနေသူတွေဆီက သိရပါတယ်။

ဒီကနေ့ ဖေဖော်ဝါရီ ၂၈ ရက် မနက် ၁ နာရီဝန်းကျင်မှာ ကျယ်လောင်တဲ့ ပေါက်ကွဲသံကြားရပြီးနောက် အခုလိုပြိုကျခဲ့တာလို့ ဆိုပါတယ်။

"တံတားတစ်ခုလုံးပြိုသွားတာပါ။ အခုတော့ ဘတ်ဟိုးတွေထိုးပြီး ဘေလီတံတားပြန်ထိုး‌ဖို့ တော့ လုပ်နေပြီ" လို့ မိုးကောင်းလူမှုကူညီရေးအသင်းဝင်တစ်ဦးက ပြောပါတယ်။

ဒီလိုပေါက်ကွဲမှုကြောင့် အနားမှာရှိတဲ့နေအိမ်တစ်လုံးပျက်စီးခဲ့သလို ပြည်သူတစ်ဦးလည်း အစထိမှန်ဒဏ်ရာရတယ်လို့ သူက ဆက်ပြောပါတယ်။

အခုပေါက်ကွဲမှုနဲ့ပတ်သက်လို့ ဘယ်အဖွဲ့အစည်းကဆောင်ရွက်ခဲ့လဲဆိုတာကို ထုတ်ပြောလာတာမျိုးမတွေ့ရပေမဲ့ စစ်ကောင်စီသတင်းတွေဖော်ပြလေ့ရှိတဲ့ တယ်လီဂရန်ချန်နယ်တွေမှာတော့ ကရင်အမျိုးသားအစည်းအရုံး KNU နဲ့ ပူးပေါင်းအဖွဲ့ကလုပ်ဆောင်တာလို့ ရေးသား‌ထားပါတယ်။

ဒေသခံအချို့ရဲ့အပြောအရတော့ ပေါက်ကွဲမှုဖြစ်ပွားရာ မိုးကောင်းရွာအနီးတဝိုက်မှာ တိုက်ပွဲဖြစ်ပွားတာမရှိဘူးလို့ သိရပါတယ်။

ခိုင်ကမ်းနဲ့ ကလေးမြို့တွေမှာ အရပ်သားထိခိုက်သေဆုံးမှုတွေတိုးလာ

အာဏာသိမ်းစ တာဟန်းသပိတ်ဖြိုခွဲခံရတဲ့နေ့က ကလေးမြို့ဗိုလ်ချုပ်လမ်းမကြီး မြင်ကွင်း

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, အာဏာသိမ်းစ တာဟန်းသပိတ်ဖြိုခွဲခံရတဲ့နေ့က ကလေးမြို့ဗိုလ်ချုပ်လမ်းမကြီး မြင်ကွင်း

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ တော်လှန်ရေးအင်အားစုတွေကြား တိုက်ပွဲပြင်းထန်နေတဲ့ ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ ခိုင်ကမ်းမြို့ နဲ့ စစ်ကိုင်းတိုင်း၊ ကလေးမြို့ တွေမှာ လက်နက်ကြီးနဲ့ ကျည်ထိမှန်တာတွေကြောင့် အရပ်သားထိခိုက်သေဆုံးသူအရေအတွက် များလာတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

နယ်နိမိတ်ထိစပ်နေတဲ့ ခိုင်ကမ်း နဲ့ ကလေးမြို့ တဝိုက်မှာ နှစ်ဖက်တိုက်ပွဲပြင်းထန်နေတာဖြစ်ပြီး မနေ့ ဖေဖော်ဝါရီ ၂၇ ရက်နေ့တုန်းကဆိုရင် ခိုင်ကမ်းမြို့ရဲစခန်းအနီးက ပြည်သူနှစ်ဦး လက်နက်ကြီးထိမှန်ခဲ့တယ်လို့ ‌‌မျက်မြင်တွေ့ရှိသူက ပြောပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

"မနက်ပိုင်းက ရဲစခန်းနားမှာ ထိတာ။ ညနေပိုင်းကျတော့ ကလေးမြို့ဘက်ကနေ လက်နက်ကြီးပစ်တာ ရဲစခန်းနားကအိမ်ပေါ်ကျပြီး အိမ်လည်းမီးလောင်တယ်၊ မိသားစုတစ်ဦးလည်း လက်နက်ကြီးထိဒဏ်ရာရတယ်" လို့ မျက်မြင်တွေ့ခဲ့သူ ခိုင်ကမ်းဒေသခံတစ်ဦးက ပြောပါတယ်။

ထိခိုက်ဒဏ်ရာရသူတွေကို ကလေးမြို့ဆေးရုံဆီ ပို့ဆောင်ဖို့ကြိုးစားပေမဲ့ လမ်းခရီးအဆင်မပြေတာကြောင့် ချင်းပြည်နယ်၊ တီးတိန်ဆေးရုံကို ပို့ဖို့ ဆောင်ရွက်နေကြတယ်လို့ ဆိုပါတယ်။

မနေ့တရက်တည်းမှာပဲ စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာလည်း ဗုံးပေါက်ကွဲမှုဖြစ်ပြီးတဲ့နောက် စစ်ကောင်စီတပ်တွေက ‌ပတ်ဝန်းကျင်ကိုသေနတ်နဲ့ပစ်ခတ်တာကြောင့် ထိခိုက်ဒဏ်ရာရသူတွေရှိကြောင်း နီးစပ်သူတွေဆီက သိရပြီး ဒေသအခြေစိုက်သတင်းတွေမှာတော့ အရပ်သား နှစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရတယ်လို့ ဖော်ပြပါတယ်။

"သေနတ်ထိတာမြင်ခဲ့တဲ့သူဆိုရင် အိမ်ပြန်ရောက်တော့ အရမ်းကိုကြောက်နေတာပဲ။ ပြီးတော့ ဗုံးပေါက်တဲ့ ဗိုလ်ချုပ်လမ်းပေါ်မှာရှိတဲ့ စံပြပုဂ္ဂလိကဆေးရုံပေါ်လည်း စစ်သားတွေဝင်စစ်တယ်လို့ ဆေးရုံတက်တဲ့သူတွေကလာပြောပြတယ်" လို့ ကလေးမြို့ခံတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းတွေမှာလည်း ခိုင်ကမ်းနဲ့ ကလေးမြို့တွေမှာ လက်နက်ကြီးထိမှန်သေဆုံးသူတွေ သုံးဦးထက်မနည်းရှိတယ်လို့ သိရပြီး ‌အရပ်သားအချို့ဟာ မြို့တွေကိုစွန့်ခွာထွက်ပြေးနေကြပြီလို့သိရပါတယ်။

နိုင်ငံ့ဝန်ထမ်းအရာရှိကြီးတွေကို ကာကွယ်ရေးတက္ကသိုလ်တက်ခွင့်ပေးထားတယ်လို့ စစ်ခေါင်းဆောင်ပြော

နိုင်ငံ့ဝန်ထမ်းအရာရှိကြီးတွေကို ကာကွယ်ရေးတက္ကသိုလ်တက်ခွင့်ပေးထားတယ်လို့ စစ်ခေါင်းဆောင်ပြော

ဓာတ်ပုံ ရင်းမြစ်, CINCDS

စစ်တပ်အရာရှိကြီးတွေကိုပဲ တက်ရောက်ခွင့်ပေးခဲ့တဲ့ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်ကို အခု နိုင်ငံ့ဝန်ထမ်းအရာရှိကြီးတွေကိုပါ တက်ရောက်‌ခွင့်ပေးထားတယ်လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။

ကာကွယ်ရေးတက္ကသိုလ်ရဲ့ နာယကလည်းဖြစ်တဲ့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ အဲဒီတက္ကသိုလ်က နည်းပြအရာရှိကြီးတွေနဲ့ သင်တန်းသားအရာရှိကြီးတွေကို မနေ့‌ ဖေဖော်ဝါရီ ၂၇ ရက်တုန်းက ဗီဒီယိုကွန်ဖရန့်ကတဆင့်တွေ့ဆုံခဲ့ပြီး စစ်တပ်ထိပ်ပိုင်းခေါင်းဆောင်တွေပါ တက်ရောက်ခဲ့ပါတယ်။

စစ်ကောင်စီရဲ့ အဲဒီသတင်းနဲ့ ပတ်သက်တဲ့ထုတ်ပြန်ချက်ထဲဖော်ပြချက်အရ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်မှာ အရပ်ဖက်ကအရာရှိကြီးအဆင့်ရှိသူတွေကို ပထမဆုံးတက်ရောက်ခွင့်ပြုတဲ့သဘောနားလည်ရပါတယ်။ ဗိုလ်မှူးကြီးအဆင့် ဗျူဟာမှူးတွေကို နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်မှာ လေ့ကျင့် သင်ကြားပေးတဲ့ သင်တန်းတွေရှိပြီး အခုအရပ်ဖက်ကအကြီးတန်းဝန်ထမ်းတွေတက်ရောက်မယ့် သင်တန်းအမျိုးအစား၊ တက်ရောက်သူတွေနဲ့ပတ်သက်လို့တော့ ထုတ်ပြန်လာတာမတွေ့ရပါဘူး။

တစ်နှစ်ကြာသင်တန်းတက်ရောက်မယ့် အရပ်ဖက်ကနိုင်ငံ့ဝန်ထမ်းအကြီးအကဲတွေဟာ တာဝန်ထမ်းဆောင်ရင် နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး၊ ကာကွယ်ရေး စတဲ့ အမြင်လေးမြင်နဲ့ စဉ်းစားဆောင်ရွက်ဖို့တတ်ဖို့ လိုတဲ့အကြောင်းပါ စစ်ခေါင်းဆောင်က ထည့်ပြောခဲ့တာပါ။

မြန်မာနိုင်ငံဟာ ‌ခေတ်ပြိုင်နိုင်ငံတွေဖြစ်တဲ့ အခြားနိုင်ငံတွေနဲ့ အိမ်နီးချင်းတချို့ရဲ့ နောက်မှာ တဖြည်းဖြည်းကျန်ခဲ့တဲ့အကြောင်း၊ ပညာ‌ရေးအားနည်းချက်ရှိတာကြောင့် အတွက်အချက် နဲ့ စက်မှု ပညာရပ်တွေမှာ ရင်ပေါင်မတန်းနိုင်တဲ့ အချက်အလက်တွေကိုအခြေခံပြီး သင်ခန်းစာဖော်ထုတ်ကာ နိုင်ငံ့အကျိုးအတွက် ဆောင်ရွက်ကြဖို့လည်း ပြောခဲ့ပါတယ်။

ဖေဖော်ဝါရီ ပထမပတ်အတွင်း စစ်မှုမထမ်းမနေရ ပြည်သူ့စစ်မှုထမ်းဥပဒေကိုအသက်သွင်းခဲ့သလို စစ်တပ်အရာရှိဟောင်းတွေပြန်လည်တာဝန်ထမ်းဆောင်ရမယ့် အရန်အင်အား‌တပ်ဖွဲ့ ဥပဒေကိုလည်း ဆက်တိုက်ထုတ်ပြန်ခဲ့ပါတယ်။

မင်းပြားက စစ်ကောင်စီတိုင်းဗဟိုသင်တန်းကျောင်းကို အေအေထိန်းချုပ်

လေကြောင်းတိုက်ခိုက်ခံရတာကြောင့် ပျက်စီးသွားတဲ့ မင်းဖူးဆေးရုံမြင်ကွင်း

ဓာတ်ပုံ ရင်းမြစ်, AA Info Desk

ဓာတ်ပုံ ပုံစာ, လေကြောင်းတိုက်ခိုက်ခံရတာကြောင့် ပျက်စီးသွားတဲ့ မင်းဖူးဆေးရုံမြင်ကွင်း

မင်းပြားမြို့ လေကြောင်းတိုက်ခိုက်ခံနေရ

ရခိုင်ပြည်နယ် မင်းပြားမြို့က စစ်ကောင်စီ အမှတ်(၉) တိုင်းဗဟို လေ့ကျင့်ရေးသင်တန်းကျောင်းကို အပြီးသတ်သိမ်းပိုက်ထိန်းချုပ်လိုက်ပြီလို့ အေအေက ထုတ်ပြန်ပါတယ်။

သင်တန်းကျောင်းကို ထိန်းချုပ်နိုင်ဖို့အတွက် အေအေက ဆယ်ရက်နီးပါး ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး အဲဒီတိုက်ပွဲကနေ စစ်ကောင်စီရဲ့ စစ်လက်နက်ခဲယမ်းအမြောက်အမြား ရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

တိုင်းဗဟို သင်တန်းကျောင်းထိန်းချုပ်ခံလိုက်ရတဲ့ မင်းပြားမြို့မှာ စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေတယ်လို့ အေအေရဲ့ ထုတ်ပြန်ချက်တွေအရသိရပါတယ်။

မနေ့ ဖေဖော်ဝါရီ ၂၇ ရက်က မင်းပြားမြို့မှာရှိတဲ့ မင်းဖူးတိုက်နယ်ဆေးရုံ လေကြောင်းတိုက်ခိုက်ခံရတာကြောင့် ထိခိုက်ပျက်စီးခဲ့ပြီး ဆေးရုံဝန်ထမ်းတွေအပါအဝင် ဆေးရုံတက်ကုသမှုခံယူနေတဲ့ ‌ဒေသခံတချို့လည်း ထိခိုက်ဒဏ်ရာ ပြင်းပြင်းထန်ထန်ရရှိသွားတယ်လို့ အေအေဘက်က ပျက်စီးသွားတဲ့ဆေးရုံအဆောက်အဦဓာတ်ပုံတွေနဲ့အတူ ထုတ်ပြန်ထားပါတယ်။

ဒါအပြင် မင်းပြားမြို့ နယ်ထဲက သေကံကျေးရွာကို ဖေဖော်ဝါရီ ၂၆ ရက်ညပိုင်းမှာ စစ်ကောင်စီတပ်ဘက်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၁၃ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သလို မနေ့ ဖေဖော်ဝါရီ ၂၇ ရက်ညပိုင်းမှာလည်း လေယာဉ်နဲ့ ၂ ကြိမ် ဗုံးကြဲတိုက်ခိုက်သွားတယ်လို့ မြေပြင်အခြေအနေသိရှိတဲ့ ဒေသခံတချို့က ဘီဘီစီကို အတည်ပြုပြောပြပါတယ်။

ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တော၊ ပုဏ္ဏားကျွန်း၊ ရမ်းဗြဲအပါအဝင် ရသေ့တောင်မြို့တို့မှာလည်း စစ်ကောင်စီနဲ့ အေအေကြား အရင်ရက်တွေအတိုင်း တိုက်ပွဲဖြစ်ပွားတာတွေရှိနေပါတယ်။

စစ်ကောင်စီဘက်ကတော့ ရခိုင်ပြည်နယ်က တိုက်ပွဲတွေနဲ့ပတ်သက်လို့ တစ်စုံတစ်ရာသတင်းထုတ်ပြန်လာတာ မရှိ‌သေးပါဘူး။