ရန်ကုန်မြို့လယ်၊ သိမ်တော်ကြီးအနီးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦး ပစ်ခတ်ခံရ

ရေးသားခဲ့သည်။

ဖြစ်စဥ်မှာနောက်ထပ်နှစ်ဦးလည်း ပစ်ခတ်ခံရလို့သေဆုံးတယ်လို့သတင်းတွေထွက်နေပေမဲ့အတည်မပြုနိုင်သေး

ဒီနေ့ စက်တင်ဘာ ၂၉ ရက် ညနေပိုင်းမှာ ရန်ကုန်မြို့လယ်၊ သိမ်ကြီးစျေးအနီး သိမ်တော်ကြီးမှာ တပ်စွဲထားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးဟာ အရပ်ဝတ်နဲ့ သွားလာချိန် အဲဒီအနီးနားမှာပဲ ပစ်ခတ်ခံရမှုဖြစ်ခဲ့ပါတယ်။

စစ်ကောင်စီနဲ့ဆက်စပ်တဲ့သတင်းတွေကို ဖော်ပြနေတဲ့ တယ်လီဂရန်ချန်နယ်တွေမှာတော့ အဲဒီစစ်ကောင်စီတပ်ဖွဲ့ဝင်ကို ကားနဲ့ရောက်လာတဲ့သေနတ်သမားတစ်ဦးက ပစ်ခတ်တာကြောင့် သေနတ်ဒဏ်ရာတွေနဲ့ ပစ်ခတ်ခံရတဲ့နေရာမှာတင်သေဆုံးခဲ့တယ်လို့ သတင်းတွေမှာဖော်ပြနေပေမဲ့ ဘီဘီစီ အနေနဲ့ သီးခြား အတည်မပြုနိုင်သေးပါဘူး။

 ဒါ့အပြင်ပစ်ခတ်မှုဖြစ်စဥ်အနီးမှာရှိတဲ့ဆိုက္ကားသမားတစ်ဦးနဲ့ဆိုက္ကားမှာလိုက်ပါလာသူတစ်ဦးကို စစ်ကောင်စီတပ်တွေကပစ်ခတ်လို့ သေဆုံးတယ်ဆိုတဲ့သတင်းတွေလည်းထွက်ပေါ်နေပေမဲ့ ဘီဘီစီက ဒါကို သီးခြားအတည်မပြုနိုင်သေးပါဘူး။

လှိုင်မြို့နယ်၊ ဘူတာရုံလမ်းမှတ်တိုင်ကို စစ်ကောင်စီတပ် ဖျက်သိမ်း

ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊ အင်းစိန်လမ်းမပေါ်က ဘူတာရုံလမ်းမှတ်တိုင်ကို စစ်ကောင်စီတပ်က မနေ့ စက်တင်ဘာလ ၂၈ ရက် ညပိုင်းကစလို့ ပိတ်လိုက်တယ်လို့ ဒေသခံတွေက ဘီဘီစီကို ပြောပါတယ်။

မနေ့ စက်တင်ဘာလ ၂၈ ရက် ညနေပိုင်းတုန်းက မြို့နယ်လျှပ်စစ်ရုံးမှာစောင့်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို လက်ပစ်ဗုံးနဲ့ရော၊ သေနတ်နဲ့ပါ တိုက်ခိုက်တဲ့ ဖြစ်စဥ် ထပ်ဖြစ်အပြီးမှာ လျှပ်စစ်ရုံးနားက ဘူတာရုံလမ်းမှတ်တိုင်ကို ပိတ်လိုက်တာဖြစ်ပါတယ်။

‘’တပ်စွဲထားတဲ့မီတာရုံးနဲ့ မှတ်တိုင်က ကပ်လျက်ရှိနေတာပါ။ အစတုန်းက မီတာရုံးနားမှာ သဲအိတ်ကာထားတာလောက်ပဲရှိတယ်။ အခုတစ်ခေါက် အပစ်ခံရတာ လူပါသေတော့ ဘေးနားက ဆိုင်တွေကိုရော သံဆူးကြိုးတွေပါချပြီး မှတ်တိုင်ကို ဖျက်ပစ်လိုက်တာ။ ကားကိုလည်း ရှေ့မှာ တစ်လမ်းစာပဲ ပေးဖြတ်တော့တယ်’’ လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

 လှိုင်လျှပ်စစ်ရုံးဟာ ပြီးခဲ့တဲ့သီတင်းပတ်တွေတုန်းကလည်း ဗုံးပစ်တိုက်ခိုက်ခံရတာကြောင့် ထရန်စဖော်မာပုံးတွေ ပျက်စီးကာ မြို့နယ်အတွင်း ရပ်ကွက်တွေမှာ ရက်ပိုင်း လျှပ်စစ်မီး ပြတ်တောက်မှုဖြစ်ခဲ့ပါတယ်။

မန္တလေးမှာ စစ်ခေါင်းဆောင်ရောက်နေချိန် မြို့ပြပြောက်ကျားအဖွဲ့က အချုပ်ကားကို ကြားဖြတ်တိုက်ခိုက်

နိုင်ကျဥ်းနှစ်ဦးကို ကယ်ထုတ်နိုင်တယ်လို့ထုတ်ပြန်

 မန္တလေးတိုင်း၊ အမရပူရမြို့နယ်မှာ ရုံးချိန်းထုတ်လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ အချုပ်ကားကို ဒီနေ့ စက်တင်ဘာ ၂၉ ရက်မနက်ပိုင်းမှာ မြစ်ငယ်တံတားအနီးမှာပဲ မဟာမိတ်မြို့ပြပြောက်ကျားအဖွဲ့တွေက ခြုံခိုတိုက်ခိုက်ပြီး အကျဉ်းသားတချို့ကို ကယ်တင်နိုင်ခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ကြေညာချက်ထုတ်ပြန်ပါတယ်။

 အချုပ်ကား တိုက်ခိုက်ခံရတဲ့ အမရပူရမြို့နယ်ဟာ မန္တလေးမြို့တောင်ဘက်မှာရှိပြီး မနေ့ကတည်းက စစ်ကောင်စီဥက္ကဋ္ဌလာမှာဖြစ်လို့ မြို့တစ်ခုလုံးကို စစ်ကောင်စီ စစ်သား၊ ရဲတပ်သားတွေ လုံခြုံရေးအပြည့်ယူထားချိန် ဖြစ်ပါတယ်။ အဲဒီလိုလုံခြုံရေးတင်းကျပ်ထားတဲ့ကြားကပဲ​အခုလို တိုက်ခိုက်မှုရှိလာခဲ့တာဖြစ်ပါတယ်။

 ကျောက်ဆည်တရားရုံးမှာ နိုင်ငံရေးအကျဉ်းသား ၈ယောက်ကို ရုံးချိန်းထုတ်ပြီး အိုးဘိုအကျဉ်းထောင်ကို ပြန်လာစဉ် ဒီမနက် ၉ နာရီကျော်လောက်မှာ မြစ်ငယ်တံတားအရောက် အချုပ်ကားပေါ် ပါလာတဲ့ ရဲနဲ့ မြို့ပြပြောက်ကျားတွေ ထိတွေ့မှု ဖြစ်ခဲ့ပါတယ်။

 အဲဒီလိုထိတွေ့တိုက်ပွဲဖြစ်ပွားနေချိန်မှာ အချုပ်ကားမှာ ပါလာတဲ့ အကျဉ်းသားတချို့ ထွက်ပြေးစဥ် ပစ်ခတ်ခံရပြီး ၆ ယောက်က ပြန်လည်အဖမ်းခံရကာ နှစ်ဦးက လွတ်မြောက်သွားပါတယ်။

 ပြန်လည်အဖမ်းခံရတဲ့အထဲ တစ်ဦးမှာ ဒဏ်ရာရရှိတာကို တွေ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

 ဒီဖြစ်စဉ်မှာ အချုပ်ကားပေါ်ပါလာတဲ့ ရဲသား ၅ဦးမှာ နှစ်ဦးသေဆုံးတယ်လို့ မြို့ပြပြောက်ကျားအဖွဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

 အဲဒီဖြစ်စဉ်အပြီး မြစ်ငယ်တံတားအနီးနားက နေရပ်တွေကို စစ်ကောင်စီက စစ်ကြောင်းထိုး လိုက်ရှာ စုံစမ်း ပစ်ခတ်တာတွေ ရှိတယ်လို့ ဒေသခံတွေကနေ သိရပါတယ်။

ဒီလိုအချုပ်ကား တိုက်ခိုက်ခံရပြီး နိုင်ငံရေးအကျဉ်းသား နှစ်ဦးကို ကယ်ထုတ်နိုင်ခဲ့သလို ပြန်လည်အဖမ်းခံရသူတွေရှိလို့ သတင်းထုတ်ပြန်တာကို ချက်ချင်းဆောင်ရွက်ရကြောင်း မြို့ပြပြောက်ကျားမှာ ပါဝင်ဦးဆောင်သူ တစ်ဦးပြောတာက

" ကျန်ခဲ့တဲ့ ခြောက်ယောက်ကို လက်စဖျောက်ပစ်မှာစိုးတဲ့အတွက်ကြောင့်မို့ သတင်းစောစောတင်ပြီး အများပြည်သူသိအောင် လုပ်လိုက်တာပါ။ ဘာလို့ဆို နိုင်ငံရေးသမားတွေ အကုန်လုံးကို လူမသိ သူမသိ လက်စဖျောက်ပစ်တာတွေ များတယ်လေ။ နောက်ပြီး တခြားအဖွဲ့စည်းတွေလည်း ဥပမာအနေနဲ့ ကျွန်တော်တို့ လူတွေ ပြန်ကယ်ထုတ်လို့ ရတယ်ဆိုတာကို ပြတာပါ"လို့ ပြောပါတယ်။

 ဒီဖြစ်စဥ်နဲ့ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့သတင်းထုတ်ပြန်တာမရှိသေးပါဘူး။

စစ်ကောင်စီဥက္ကဋ္ဌနဲ့ မန္တလေးလုပ်ငန်းရှင်တွေ တွေ့ဆုံ

မန္တလေးမြို့ကိုရောက်နေတဲ့ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ဒီနေ့ စက်တင်ဘာလ ၂၉ ရက်မှာ မန္တလေးက စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံခဲ့တယ်လို့ လုပ်ငန်းရှင်တွေဘက်ကနေ သိရပါတယ်။

တွေ့ဆုံသူတွေထဲမှာ ရွှေလုပ်ငန်းရှင်အသင်း၊ မန္တလေးတိုင်းကုန်သည်များနဲ့စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းနဲ့ စက်မှုဇုန်က လုပ်ငန်းရှင်တွေ ပါဝင်တယ်လို့ သိရပါတယ်။

တစ်ဖက်မှာလည်း အဲဒီတွေ့ဆုံပွဲ မတိုင်ခင်တစ်ရက်အလိုကတည်းက မန္တလေးမြို့က လမ်းမကြီးတွေနဲ့ စစ်ကောင်စီဥက္ကဋ္ဌသွားရောက်မယ့်နေရာတွေမှာ မိုင်းရှင်းလင်းရေးနဲ့ လုံခြုံရေးတွေချထားခဲ့သလို အစစ်အဆေး တင်းကျပ်မှုတွေပါ ရှိတာကိုတွေ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီဥက္ကဋ္ဌဟာ မန္တလေးမြို့၊ ၇၈လမ်း၊ ၃၈လမ်းက ရတနာပုံ(အောင်ပြည့်စုံ) ခန်းမဖွင့်ပွဲကိုလည်း မနှစ်တုန်းက တက်ရောက်ဖွင့်လှစ်ခဲ့ပါတယ်။

စစ်ကောင်စီဟာ လုံခြုံရေးကြောင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပါအဝင် ထိပ်ပိုင်းခေါင်းဆောင်တွေရဲ့ခရီးစဥ်တွေကို သိုသိုသိပ်သိပ်ထားလေ့ရှိပါတယ်။

ဒါပေမဲ့ စစ်အာဏာသိမ်း ထောက်ခံသူများအဖွဲ့ကတော့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ အခုတခေါက်မှာလည်း မန္တလေးနန်းတွင်းထဲကို စစ်လေယာဉ်နဲ့ ရောက်လာပြီး ပြင်ဦးလွင်မြို့ စစ်တပ်ဝန်းမှာ တည်းဖို့ရှိတယ်လို့ လူမှုကွန်ရက်မှာရေးသားနေကြတာတွေ့ရပါတယ်။

မြန်မာစစ်တပ်အပေါ် လက်နက်ရောင်းချမှုပိတ်ပင်ရေး တိုးလုပ်ဖို့ အမေရိကန်စဥ်းစားနေ

မြန်မာစစ်တပ်အပေါ် လက်နက်ရောင်းချမှု ပိတ်ပင်ကန့်သတ်ရေး တိုးလုပ်ဖို့ စဥ်းစားနေတယ်ဆိုပြီး အမေရိကန်ဘက်က ပြောလာပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနလက်အောက်က အရေးယူပိတ်ဆို့မှုဆိုင်ရာ ညှိနှိုင်းရေးဌာနအကြီးအကဲ ဂျိမ်းစ် အိုဘရိုင်ယန် မနေ့ စက်တင်ဘာလ ၂၈ ရက်တုန်းက ပြုလုပ်တဲ့ အမေရိကန်ကွန်ဂရက်စ်လွှတ်တော် ကြားနာပွဲမှာ ထုတ်ပြောလိုက်တာဖြစ်ပါတယ်။

မြန်မာစစ်တပ်အပေါ် လက်နက်ရောင်းချတာ ပိတ်ပင်တားမြစ်ဖို့ လူ့အခွင့်အရေးအဖွဲ့တွေတွေက ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာကို တောင်းဆိုနေချိန်မှာ အမေရိကန်ပြည်ထောင်စုဘက်က စဥ်းစားချက် ထွက်ပေါ်လာတာဖြစ်ပါတယ်။

လက်ရှိမှာ အမေရိကန်ပြည်ထောင်စုဟာ မြန်မာအပေါ် အရေးယူပိတ်ဆို့တာတွေကို ၁၉၉၀ ပြည့်နှစ်တွေကတည်းက ချမှတ်ခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့နှစ်၊ မတ်လမှာတော့ လက်နက်တင်ပို့မှုထိန်းချုပ်ရေးအက်ဥပဒေအရ မြန်မာကို ကာကွယ်ရေးဆိုင်ရာပစ္စည်းတွေနဲ့ ဝန်ဆောင်မှုပေးတာတွေကို တင်ပို/လွှဲပြောင်းတဲ့ လိုင်စင်အားလုံးကို ဆိုင်းငံ့ထားပါတယ်။

မြန်မာကို လက်နက်၊ ခဲယမ်းနဲ့ စစ်ဘက်ဆိုင်ရာပစ္စည်းတွေရောင်းချတာနဲ့ နည်းပညာဆိုင်ရာထောက်ပံ့တာတွေကို ဆက်ပြီး ဟန့်တားသွားမယ်လို့ စက်မှု ထိပ်သီး ၇ နိုင်ငံ(G7) ခေါင်းဆောင်တွေက ပြီးခဲ့တဲ့ မေလတုန်းက သဘောတူညီထားပါတယ်။

မစ္စတာရှောင်တာနယ် ပြန်လွတ်ရေး သြစတြေးလျကြိုးပမ်းမယ်

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ဒီနေ့မှာ ထောင်ဒဏ် ၃ နှစ်ချမှတ်ခံလိုက်ရတဲ့ စီးပွားရေးပညာရှင် မစ္စတာ ရှောင်တာနယ် ပြန်လည်လွတ်မြောက်ရေး လုပ်ဆောင်မယ်လို့ သြစတြေးလျ နိုင်ငံဘက်က ပြောလာပါတယ်။

အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ သူ့ရဲ့စီးပွားရေးအကြံပေး မစ္စတာရှောင်တာနယ်၊ နောက် စီမံဘဏ္ဍာဝန်ကြီးဟောင်းတွေဖြစ်ကြတဲ့ ဦးစိုးဝင်းနဲ့ ဦးကျော်ဝင်း ဒုတိယဝန်ကြီးဟောင်း ဦးဆက်အောင်တို့ဟာ နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေ ပုဒ်မ ၃ (၁) ဂ နဲ့ ထောင်သုံးနှစ်စီချမှတ်ခံလိုက်ရတာဖြစ်ပါတယ်။

သြစတြေးလျနိုင်ငံခြားရေးဝန်ကြီး ပန်နီဝမ်ကတော့ ‘‘ သြစတြေးလျနိုင်ငံဟာ ပြီးခဲ့တဲ့ ၁၉ လကျော် အတွင်း မြန်မာစစ်တပ်ရဲ့ တရားမဲ့ ဖမ်းဆီးခံထားရတဲ့ ပါမောက္ခတာနယ်အပေါ် စွပ်စွဲတဲ့စ်မှုတွေကို အမြဲ ငြင်းဆိုသလို ပါမောက္ခပြန်လွတ်မြောက်ပြီး သြစတြေးလျကို ပြန်နိုင်ဖို့ ဆက်လုပ်သွားမယ်’’လို့ ပြောထားပါတယ်။

မစ္စတာ ရှောင်တာနယ်ဟာ လူဝင်မှုကြီးကြပ်ရေးဥပဒေဖောက်ဖျက်မှုနဲ့ နောက်ထပ် ထောင် ၃ နှစ်ချမှတ်ခံခဲ့ရပေမဲ့ အမှု ၂ ခုအတွက် ထောင်ဒဏ်ကို တစ်ပေါင်းတည်း ကျခံဖို့ တရားရုံးက ဆုံးဖြတ်ခဲ့တယ်လို့လည်း သိရပါတယ်။

မစ္စတာ ရှောင်တာနယ်ရဲ့ ဇနီးကလည်း ခင်ပွန်းဖြစ်သူအပေါ် ထောင်ဒဏ်ချမှတ်ခံရတဲ့သတင်းအတွက် ရင်နာရသလို ပါမောက္ခတာနယ်ဟာ ပြီးခဲ့တဲ့ ဆယ်စုနှစ် ၂ ခုကျော်အတွင်း မြန်မာ့အရေး ထောက်ခံအားပေးခဲ့တာ၊  မြန်မာ့စီးပွားရေးအတွက် မနားမနေ အားထုတ်ခဲ့သူဖြစ်တာကြောင့် အသက်အရွယ်၊ ထိန်းသိမ်းခံခဲ့ရတဲ့ကာလ၊ နောက် မြန်မာပြည်အတွက် သူ့အားထုတ်မှုတွေကို ထောက်ဆပြီး နေရပ်နိုင်ငံကို အမြန်ဆုံးပြန်ပို့ပေးဖို့ တောင်းဆိုထားပါတယ်။

ပြည်တွင်းမှာ စစ်အောဏာသိမ်းမှုဖြစ်ပြီးတဲ့နောက် အင်းစိန်ထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံရတဲ့ မစ္စတာ ရှောင်တာနယ်ဟာ ထိန်းသိမ်းခံရပြီး ၆ လခန့်အကြာမှာ နိုင်ငံတော်လျှို့ဝှက်ချက်အက်အမှုအတွက် နေပြည်တော် အချုပ်ထောင်ကို လွှဲပြောင်းခံခဲ့ရတာဖြစ်ပါတယ်။

ဘုရားသုံးဆူမြို့အနီး ‌စစ်ကောင်စီတပ် စခန်း တိုက်ခိုက်ခံရပြီးနောက် မြို့တွင်း လူသွားလူလာ နည်းပါးနေ

မြန်မာ-ထိုင်းနယ်စပ်၊ ဘုရားသုံးဆူမြို့အနီး ချောင်းဆုံရွာမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းကို ကရင်အမျိုးသား အစည်းအရုံး-ကေအဲန်ယူရဲ့ KNLA တပ်ဖွဲ့ဝင်တွေနဲ့ ပီဒီအက်ဖ် ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်မှုဖြစ်အပြီး မှာ ဘုရားသုံးသူမြို့အတွင်း လူသွားလူလာနည်းပါးနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ဘုရားသုံးဆူမြို့က ဘုရားတောင်စစ်တပ်စခန်းကုန်းကို ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်ချိန် စစ်ကောင်စီတပ်ဘက်က ဗိုလ်မှူးအဆင့်ရှိသူတစ်ဦးအပါအဝင် ၁၃ ဦး သေဆုံးပြီး နောက်ထပ် ၁၇ ဦးဟာ စခန်းကိုစွန့်ခွာထွက်ပြေးသွားတယ်လို့ ပူးပေါင်းတပ်ဖွဲ့တွေဘက်က သတင်းထုတ်ပြန်ပါတယ်။

‘’ရွာတွေဘက်က စျေးဝယ်လာတဲ့သူတွေ တက်လာသူတွေ မရှိသလောက်ဖြစ်သွားတယ်။ နှစ်နိုင်ငံနယ်စပ်ကို ဖြတ်တဲ့ ကျောင်းဂိတ်ဆိုတဲ့နေရာမှာလည်း ခါတိုင်းစောင့်နေကနယ်ခြားစောင့်တပ်(BGF)တွေ စောင့်နေတာ မတွေ့ရတော့ဘူး။ နယ်စပ်ရုံးရှိတဲ့ ချက်ပွိုင့်နားအထိ ကားတွေအသွားမခံတော့ဘူး။ လမ်းကြားတွေထဲကို ဆိုင်ကယ်နဲ့ဖြတ်ပြီး နယ်စပ်ခြံစည်းရိုးကြားထဲကနေ ပစ္စည်းအပေးအယူလုပ်တာမျိုးတော့ရသေးတယ်’’ လို့ မြို့ခံလူငယ်တစ်ဦးက ပြောပါတယ်။

ဒီနေ့မှာလည်း စစ်ကောင်စီတပ်ဖွဲ့တွေဟာ အရပ်သားတွေလို ဝတ်ဆင်ပြီး ကားတွေနဲ့ လှည့်လည်ကင်းပတ် နေတာကိုတွေ့ရတယ်လို့လည်း မြို့ခံတွေက ပြောပါတယ်။

 ဒေါ်အောင်ဆန်းစုကြည်နဲ့ စီးပွားရေးအကြံပေး မစ္စတာရှောင်တာနယ်လ်တို့ကို စစ်ကောင်စီ ထောင်သုံးနှစ်စီချ

ဒေါ်အောင်ဆန်းစုကြည် စုစုပါင်း အမှု ၁၂ နှစ်နဲ့ ထောင် စုစုပေါင်း ၂၃ နှစ်အထိရှိလာ

 

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ့ရဲ့စီးပွားရေးအကြံပေး မစ္စတာရှောင်တာနယ်တို့ကို နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေ ပုဒ်မ ၃ (၁) ဂ နဲ့ ထောင်သုံးနှစ်စီချမှတ်လိုက်ပါတယ်။

၄င်းတို့နှစ်ဦးနဲ့အတူ တရားစွဲဆိုခံထားရတဲ့ စီမံဘဏ္ဍာဝန်ကြီးဟောင်း ဦးစိုးဝင်း၊ ဦးကျော်ဝင်းနဲ့ ဒုဝန်ကြီးဟောင်း ဦးဆက်အောင်တို့သုံးဦးလည်း ဒီပုဒ်မနဲ့ ထောင်ဒဏ်သုံးနှစ်စီချမှတ်ခံရတယ်လို့တရားရုံးနဲ့နီးစပ်တဲ့အသိုင်းအဝိုင်းထံက သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကတော့ ဒီအမိန့်အပေါ်မှာတစ်စုံတစ်ရာမှတ်ချက်ပြုပြောကြားတာမရှိကြောင်းနဲ့ ရုံးချိန်းပြီးပြီးချင်းမှာပဲ နေပြည်တော်အချုပ်ထောင်တွင်းပြန်လည်ထွက်ခွာသွားတယ်လို့သိရပါတယ်။

မစ္စတာရှောင်တာနယ်ကတော့ လူဝင်မှုကြီးကြပ်ရေးဥပဒေဖောက်ဖျက်မှုနဲ့ နောက်ထပ်အမှုတစ်ခုကို အဲဒီ နေပြည်တော်အထူးတရားရုံးမှာဆက်လက်ရင်ဆိုင်နေရပြီး ဒီနေ့မကြာခင်မှာပဲ အပြီးသတ်အမိန့်ချမှတ်ဖို့ရှိနေတယ်လို့သိရပါတယ်။

ဒီအမှုကို စတင်စွဲဆိုစဥ်က ဖမ်းဆီးခံခဲ့ရပြီးကျန်းမာရေးအခြေအနေအရ အာမခံလျှောက်ထားခဲ့တာကြောင့် အမှုကိုပြင်ပကနေရင်ဆိုင်ခဲ့ရတဲ့ စီမံဘဏ္ဍာဝန်ကြီး ဦးစိုးဝင်းဟာလည်း အခုတော့ထောင်သုံးနှစ်ချမှတ်ခံရတဲ့အတွက် အကျဥ်းထောင်တွင်းပြောင်းရွှေ့ရဖို့ရှိပါတယ်။

ဦးကျော်ဝင်းနဲ့ ဦးဆက်အောင်တို့ကတော့ နေပြည်တော်အချုပ်ထောင်တွင်းကနေ ဖမ်းဆီးခံထားရတဲ့အခြေအနေနဲ့  အမှုကိုရင်ဆိုင်နေရပေမဲ့ အမိန့်ချလိုက်ပြီဖြစ်တာကြောင့် အချုပ်ထောင်တွင်းမဟုတ်ဘဲ​တခြားထောင်တစ်ခုခုကို ပို့ဆောင်ခံရဖို့ရှိနေတယ်လို့ သိရပါတယ်။

ဒီနေ့ချမှတ်ခံရတဲ့အမှုနဲ့ပါဆိုရင်ဒေါ်အောင်ဆန်းစုကြည်ဟာ စုစုပေါင်း အမှု ၁၂ မှုနဲ့ထောင်ဒဏ် ၂၃ နှစ်ထိ ရှိလာပါပြီ။ အာဏာသိမ်းတဲ့နေ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မနက်တည်းက ဖမ်းဆီးခံထားရတဲ့ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက ပို့ကုန်သွင်းကုန်ဥပဒေ၊ ဆက်သွယ်ရေးဥပဒေ၊ ဆူပူလှုံ့ဆော်မှု ပုဒ်မ ၅၀၅ (ခ)၊ ကိုဗစ်စည်းကမ်းဖောက်ဖျက်မှု ၂ မှု၊ အဂတိမှု ၅၊ ရွေးကောက်ပွဲကော်မရှင်အပေါ် မလျော်သြဇာအသုံးပြုမှုပုဒ်မ ၁၃၀ (က) နဲ့ အခု နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေပုဒ်မ နဲ့ ဆိုရင် စစ်ကောင်စီက အမှု ပေါင်း ၁၂ မှုနဲ့ ထောင် ၂၃ နှစ်ချမှတ်ထားတာဖြစ်ပါတယ်။

ထပ်မံရင်ဆိုင်ဖို့ကျန်ရှိနေတဲ့အမှု ၇ မှုကျန်သေးပြီးစီးပွားရေးလုပ်ငန်းရှင်ဦးမောင်ဝိတ်ထံက ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအတွက် အမေရိကန်ဒေါ်လာ ငါးသိန်းခွဲကိုလက်ခံခဲ့မှုနဲ့ပတ်သက်ပြီး စစ်ကောင်စီက အဂတိမှုနှစ်မှုနဲ့တရားစွဲထားသလို ရဟတ်ယာဥ်ဝယ်ယူငှားရမ်းမှုပြင်ဆင်ထိန်းသိမ်းတာနဲ့ပတ်သက်လို့ အဂတိမှု ငါးမှု လည်းကျန်ရှိနေပါသေးတယ်။

စစ်တပ်ဗုံးကြဲမှုအတွင်း AAအကျဥ်းထောင်တွေက စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ သေဆုံး

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ လက်ပံတောင်ကြောပေါ်ကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှုအတွင်း ရက္ခိုင့်တပ်တော်(AA)ရဲ့ အကျဥ်းစခန်း ၂ ခုထိမှန်ခဲ့တာကြောင့် အဲဒီထောင်တွေမှာရှိတဲ့ စစ်ကောင်စီတပ်သား၊ နယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေနဲ့ တခြားအကျဥ်းသားအချို့ သေဆုံး ဒဏ်ရာရခဲ့တယ်လို့ အေအေဘက်က သတင်းထုတ်ပြန်ပါတယ်။

ဒဏ်ရာရတဲ့ နယ်ခြားစောင့်ရဲအချို့နဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ကို ဆေးကုသပေးပေမဲ့ ဆေးဝါး အခက်အခဲကြောင့် အချို့သေဆုံးပြီး အချို့မှာ ဂျက်တိုက်လေယာဥ်ကကြဲချတဲ့ ဗုံးထိမှန် ပြင်းဒဏ်ရာတွေ ရထားတယ်လို့လည်း အေအေဘက်က ပြောပါတယ်။

ဒီပြင်းထန်လူနာတွေကို အမြန်ဆုံးလာယူဖို့ မိခင်အဖွဲ့အစည်းက တာဝန်ရှိသူတွေကို အကြောင်းကြားထားပေမဲ့ ၅ ရက်ကြာတဲ့အထိ လာရောက်ခေါ်ဆောင်တာမရှိသေးတာကြောင့် နောက်ထပ် ၁ ဦး ထပ်မံသေဆုံးသွားတယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင်  ရခိုင်ပြည်နယ်ထဲနဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်ထဲမှာ အခုလအတွင်း ပြင်းထန်လာတဲ့ တိုက်ပွဲတွေကြောင့် စစ်ကောင်စီတပ်ဘက်က အကျအဆုံးများတာ၊ စခန်းစွန့်ခွာရတာတွေကြောင့် တာဝန်ဆက်ထမ်းလိုခြင်းမရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ အဲဒီစစ်မြေပြင်မှာ များလာပြီး အခုလို ဘက်ပြောင်းခိုလှုံလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅၀ ကျော်ရှိပြီလို့လည်း အေအေဘက်က သတင်းထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီဘက်ကတော့ မောင်တောမြို့နယ်ထဲက နယ်စပ်စခန်းအမှတ် ၄၀ ကို အေအေက တိုက်ခိုက်ပြီးနောက် နောက်ဆက်တွဲ တိုက်ပွဲတွေဖြစ်ချိန် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို လက်နက်ကြီးကျည်ကျရောက်ခဲ့တာဟာ အေအေလက်ချက်လို့ အစောပိုင်းမှာ သတင်းထုတ်ပြန်ထားပေမဲ့ တပ်ဖွဲ့ဝင်အကျအဆုံးနဲ့ ရခိုင်ပြည်နယ်ထဲက စစ်ရေးအခြေအနေတွေနဲ့ ပတ်သက်ပြီး တစုံတရာ သတင်းထုတ်ပြန်တာမရှိသေးပါဘူး။

ကနေဒါနိုင်ငံရောက် အလှမယ် ဟန်လေးနဲ့ ဘီဘီစီ ဆက်သွယ်မေးမြန်းချက်

မြန်မာအလှမယ်ဟန်လေးဟာ စစ်အာဏာသိမ်းမှုကို နိုင်ငံတကာစင်မြင့်မှာ ပွင့်ပွင့်လင်းလင်းထုတ်ပြောခဲ့တာကြောင့် နိုင်ငံတော်အကြည်အညိုပျက်စေမှု ပုဒ်မ ၁၂၄ (က)နဲ့ စစ်ကောင်စီက ဝရမ်းထုတ်ခံထားရသူဖြစ်ပါတယ်။

သူဟာ စက်တင်ဘာ ၂၁ ရက်မှာ ထိုင်းနိုင်ငံဘန်ကောက်က သုဝဏ္ဏဘူမိလေဆိပ်မှာအင်တာပိုလ်ရဲ့အလိုရှိစာရင်းထဲပါဝင်နေတယ်ဆိုပြီးဖမ်းဆီးထိန်းသိမ်းခံခဲ့ရပါတယ်။

ထိုင်းလေဆိပ်ထဲမှာ ပတ်စ်ပို့မှားယွင်းသုံးစွဲတယ်ဆိုပြီး ခြောက်ရက်ကြာနေထိုင်ခဲ့ပြီးတဲ့နောက် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး UNHCR အကူအညီနဲ့ အခုတော့ကနေဒါနိုင်ငံမှာ အခြေချနေထိုင်ခွင့်ရရှိခဲ့ပါပြီ။

ဟန်လေးကတော့ ''ကျွန်မ ကနေဒါမှာ ဘဝကို တစ်ကနေပြန်စရပေမဲ့ မြန်မာနိုင်ငံအတွက် အမြဲ Speak Out လုပ်နေပါမယ်''လို့ ပြောပါတယ်။

ကနေဒါနိုင်ငံ၊ ချားလော့မြို့ရောက် အလှမယ်ဟန်လေးကို ဘီဘီစီက ဆက်သွယ်မေးမြန်းချက်အပြည့်အစုံကို ဒီလင့်ခ်မှာ ဝင်ရောက်ဖတ်ရှုနိုင်ပါပြီ။