ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
စက်တင်ဘာ ၁၉ ရက် ထိပ်တန်းသတင်းများ - ပုလော ၊ မြဒေါင်ရွာတိုက်ပွဲမှာ PDF ၇ ဦး နဲ့ စစ်ရှောင်အချို့သေဆုံး
တနင်္သာရီတိုင်း ၊ ပုလောမြို့နယ် မြဒေါင်ရွာမှာ စက်တင်ဘာ ၁၈ ရက်က စစ်ကောင်စီ နဲ့ ဖြစ်ခဲ့တဲ့တိုက်ပွဲမှာ ကာကွယ်ရေးတပ်ဖွဲ့ဝင် ၇ ဦး နဲ့ စစ်ရှောင်ဒေသခံ ၄ ဦးထက်မနည်းသေဆုံးခဲ့တယ်လို့ ပုလောမြို့နယ်အခြေစိုက်ကာကွယ်ရေးတပ်တွေနဲ့ နီးစပ်သူတွေဆီကသိရပါတယ်။
စစ်ကောင်စီတပ် နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ နှစ်ဖက်စလုံးမှာ ထိခိုက်ကျဆုံးတာတွေရှိတယ်လို့ ဒေသခံအချို့က ပြောပါတယ်။
'' တိုက်ပွဲဖြစ်တဲ့အချိန် ရေတက်လာတော့ ရေတပ်သင်္ဘောကလည်း စစ်ကူဝင်လာတော့ အားလုံးကြားညပ်ကုန်တာပါ။ စကစဘက်က ဝါဒဖြန့်နေသလို ၁၄ ယောက်လုံး ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆိုတာအတည်ပြုလို့မရပါဘူ။ ပျောက်တဲ့သူပျောက်နေပါတယ်။ အဆက်သွယ်ရတာတွေလည်းရှိပါတယ်။ သေဆုံးတဲ့အထဲ အရပ်သားတွေပါနေတာပါ '' လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်နဲ့ နီးစပ်သူတစ်ဦးကပြောပြပါတယ်။
စစ်ကောင်စီသတင်းတွေ ဝါဒဖြန့်တဲ့တယ်လီဂရမ်ချန်နယ်တွေမှာတော့ ပြည်သူ့ကာကွယ်ရေးတပ်ဘက်က ရဲဘော် ၁၄ ဦးသေဆုံးပြီး သေနတ် ၇ လက်သိမ်းဆည်းရမိတယ်လို့ဓာတ်ပုံအချို့နဲ့ ဖြန့်ဝေနေတာတွေကိုတွေ့ရပါတယ်။
တယ်လီဂရမ်မှာပျံ့နှံ့ နေတဲ့ဓာတ်ပုံတွေထဲမှာတော့ ကာကွယ်ရေးတပ်ဖွဲ့ဝင်လို့ ယူဆရတဲ့ ၇ ဦးရဲ့ ရုပ်အလောင်းတွေနဲ့ သေနတ်တွေကို တွေ့ရပါတယ်။
ပုလောမြို့နယ်ထဲက လက္ကူး၊ ပြင်းဖြူရပ်ကွက်နဲ့ မဒေါင်တဝိုက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဟာ စက်တင်ဘာ ၁၈ ရက် မနက်ပိုင်းက မြဒေါင်ရွာထဲကို ရောက်လာပြီး အရပ်သားတွေရဲ့နေအိမ်တွေကို စတင်မီးရှို့ခဲ့တာကနေတိုက်ပွဲဖြစ်ခဲ့တာလို့ဒေသခံတွေကပြောပါတယ်။
'' ၁၇ ရက်နေ့ကစဖြစ်တာပါ။ ပုလော PDF နဲ့ စစ်ကောင်စီ ၂၈၅ တပ်ရင်း တို့ ပြင်းဖြူကျေးရွာမှာတိုက်ပွဲဖြစ်တာ။ အဲဒီကနေ ဆက်ဖြစ်တာပေါ့။ ဒီကနေ့တော့ စစ်ကောင်စီတပ်တွေ မြဒေါင်မှာမရှိတော့ဘူး။ အိမ်သုံးလုံး နဲ့ စျေးဆိုင် တွေကို မီးရှို့တယ်။ လူသတ်သွားတာက မိသားစု ၄ ဦးသေသွားပါတယ် '' လို့ ပုလောဒေသခံတစ်ယောက်ကပြောပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်တွေဘက်ကတော့ သေဆုံးမှု နဲ့ နယ်မြေအခြေအနေကို အတည်ပြုထုတ်ပြန်တာမရှိသေးပါဘူး။ လက်ရှိမှာ နယ်မြေအခြေအနေမတည်ငြိမ်သေးသလို စစ်ရေးတင်းမာတာတွေဆက်ရှိနေပြီး ဒေသခံတွေလည်း ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။
ပုလောမြို့နယ်က လက္ကူးကျေးရွာတဝိုက်ကို အခုလ ၁၅ ရက်ကတည်းက စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဟာ လက္ကူးရွာ၊ ပြင်းဖြူရွာနဲ့ မြဒေါင်ရွာတွေက နေအိမ် အနည်းဆုံး ၁၅ လုံးလောက်ကို မီးရှို့ဖျက်ဆီးခဲ့သလို စစ်ကောင်စီရဲ့လက်နက်ကြီးပစ်ခတ်မှုအပါအဝင် ပစ်ခတ်သတ်ဖြတ်တာတွေကြောင့် အမျိုးသမီးနှစ်ဦး အပါအဝင် ဒေသခံ ၅ ဦး သေဆုံးခဲ့တယ်လို့ ဒေသတွင်း တနင်္သာရီတိုင်းမ် သတင်းက ဖော်ပြထားပါတယ်။
မယ်စဲ့မြို့ကနေ ဖမ်းထားတဲ့ စစ်ကောင်စီ မိသားစုဝင်တွေကို PDF ပြန်လွှတ်
ကယား (ကရင်နီ) ပြည်နယ်အပိုင် ထိုင်း - မြန်မာနယ်စပ်မြို့ဖြစ်တဲ့ မယ်စဲ့ ကနေ ဖမ်းဆီးထိန်းသိမ်းထားတဲ့ စစ်ကောင်စီ စစ်သားနဲ့ ရဲတပ်ဖွဲ့ဝင်တွေရဲ့ မိသားစုဝင် ၉ ဦးကို စက်တင်ဘာ ၁၈ ရက်နေ့မှာ ပြန်လွှတ်ပေးလိုက်ပြီလို့ ဒီးမော့ဆို ပြည်သူ့ကာကွယ်ရေးအဖွဲ့ (DMO - Local PDF) က ထုတ်ပြောလာပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၁၆ ရက်နေ့တုန်းက မယ်စဲ့မြို့နယ်အတွင်း ကင်းလှည့်နေချိန် မယ်စဲ့ရဲစခန်းကနေ ထွက်ပြေးလာတဲ့ အမျိုးသမီးနဲ့ ကလေးသူငယ်တွေအပါ စစ်ကောင်စီမိသားစုဝင် ၉ ဦးကို တွေ့ရတာကြောင့် ထိန်းသိမ်းထားခဲ့ပြီး သူတို့ရဲ့ အမျိုးသားတွေ CDM ပါဝင်လာဖို့ ကူညီပေးခဲ့တယ်လို့ ပြောပါတယ်။
"CDM ပြုလုပ်ကြဖို့ ကျွန်တော်တို့ဘက်ကစာရေးပေးတယ်၊ သူတို့အမျိုးသမီးတွေက ရဲစခန်းကို သွားပို့ကြတယ်။ နှစ်ကြိမ်စာသွားပို့တယ်၊ ထွက်အတွေ့မခံဘူး။ ကျွန်တော်တို့က သူတို့ကို လမ်းတဝက်အထိပဲလိုက်ပို့ပေးတာပါ၊ စာလက်မခံတော့ သူတို့သဘောဆန္ဒအတိုင်း ကျွန်တော်တို့ဆီ ပြန်လာတာ" လို့ DMO - Local PDF ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
ပြည်သူ့ကာကွယ်ရေးအဖွဲ့ဘက်က အပြောအရတော့ ဖမ်းဆီးထားသူတွေရဲ့ အမျိုးသားတွေဟာ မယ်စဲ့တိုက်ပွဲတွေမှာ သေဆုံးသွားခဲ့ပြီလို့ သိရပြီး ပြန်လွှတ်ပေးရာမှာလည်း ကာယကံရှင်တွေရဲ့ သဘောဆန္ဒအတိုင်း ဆောင်ရွက်ပေးခဲ့တာလို့ ဆိုပါတယ်။
မယ်စဲ့မြို့မှာ ဇွန်လ ၁၃ ရက်နေ့ မနက်မှာ တိုက်ပွဲတွေစတင်ခဲ့ပြီး စစ်ကောင်စီတပ်တွေ ထိုင်ထားတဲ့ BP (Border Post) ၁၄ စခန်း၊ BP ၁၅ (မယ်လနွယ်စခန်း)၊ တောင်လှ စခန်း၊ မယ်စဲ့မြို့မ ရဲစခန်းနဲ့ မယ်စဲ့ ဗျူဟာ ကုန်းတွေကို တော်လှန်ရေးအင်အားစုတွေဘက်က တပြိုက်နက်တည်း တိုက်ခိုက် ခဲ့ကြတာဖြစ်ပါတယ်။
အစောပိုင်းကာလတုန်းက မယ်စဲ့မြို့နယ်အတွင်း စစ်ကောင်စီတပ်တွေ ထိန်းချုပ်ထားနိုင်တဲ့ စစ်စခန်းက သူတို့အဆို ဗျူဟာကုန်း တခုပဲ ရှိတော့တယ်လို့ သိထားရပြီး စစ်ကောင်စီဘက်ကလည်း မယ်စဲ့မှာ နယ်မြေစိုးမိုးမှုပြန်ရနိုင်ဖို့ စစ်ကြောင်းတွေနဲ့ ထိုးစစ်ပြန်ဆင်လာကာ စစ်ရေးတင်းမာနေဆဲလို့ မြေပြင်အခြေအနေသိရှိသူဆီက သိရပါတယ်။
တရုတ်အထူးကိုယ်စားလှယ် နေပြည်တော် ရောက်နေ
ကုလ နဲ့ အာဆီယံမှာ ပိုနီးကပ်စွာ ပူးပေါင်းဖို့ တရုတ် နဲ့ စစ်ကောင်စီ ဆွေးနွေး
နေပြည်တော်ရောက်နေတဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာတိန့်ရှီးကျွင်း က စစ်ကောင်စီဝန်ကြီး နှစ်ဦးနဲ့တွေ့ဆုံထားပြီး
ကုလသမဂ္ဂနဲ့ အာဆီယံမှာ ပိုပြီးနီးကပ်စွာဆောင်ရွက်နိုင်ဖို့ ဆွေးနွေးကြတယ်လို့ သိရပါတယ်။
စစ်ကောင်စီရဲ့ထုတ်ပြန်ချက်အရ အထူးကိုယ်စားလှယ် မစ္စတာတိန့်ရှီးကျွင်း ကို နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေ၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီး ဦးကိုကိုလှိုင် တို့က သီးခြားစီ တွေ့ဆုံခဲ့ကြတယ်လို့ဆိုပါတယ်။
ဒေသတွင်းနဲ့နိုင်ငံတကာမျက်နှာစာ အထူးသဖြင့် အာဆီယံ နဲ့ ကုလသမဂ္ဂမှာ ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားဖို့ကိစ္စတွေအပေါ် နိုင်ငံခြားရေးဝန်ကြီး နဲ့ တရုတ်အထူးကိုယ်စားလှယ် တို့ ဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ပါတယ်။
အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့မှာ ကုလသမဂ္ဂအထွေထွေညီလာခံကျင်းပနေချိန်မှာ တရုတ်အထူးသံ ရောက်လာတာဖြစ်ပြီး တဖက်မှာလည်း ကုလသမဂ္ဂမှာ နိုင်ငံကိုယ်စားပြုသူတွေကိုရွေးချယ်တဲ့ ကုလ အရည်အချင်းစစ်ကော်မတီကို ညီလာခံကနေ ရွေးချယ်ဖို့ရှိနေပါတယ်။
စစ်ကောင်စီရဲ့ သတင်းထုတ်ပြန်ချက်မှာတော့ မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းအားထုတ်မှုတွေမှာ တရုတ်နိုင်ငံက အပြုသဘော ဆက်လက်ကူညီဆောင်ရွက်ပေးသွားမယ့် ကိစ္စတွေကို ဆွေးနွေးခဲ့ကြတယ် လို့ဖော်ပြပါတယ်။
မြန်မာ - တရုတ် နယ်စပ်ဒေသတစ်လျှောက် ငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေးကို ပိုမိုမြှင့်တင်ဖို့ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားဖို့ကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ဆိုပါတယ်။
ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီး ဦးကိုကိုလှိုင် နဲ့ တရုတ်အထူးကိုယ်စားလှယ် တို့ တွေ့ဆုံတဲ့အခါမှာတော့ ရခိုင်ပြည်နယ်ကနေ နေရပ်စွန့်ခွာသွားတဲ့ ရိုဟင်ဂျာ တွေကို ပြန်လည်နေရာချထားရေးကိုပါ ဆွေးနွေးခဲ့ကြပါတယ်။
တရုတ် အထူးကိုယ်စားလှယ်ရဲ့ အခုခရီးစဥ်ဟာ နေပြည်တော်ကို လေးကြိမ်မြောက်ဖြစ်ပြီး ပြီးခဲ့တဲ့ ဇူလိုင် နောက်ဆုံးပတ်ကမှ ရောက်လာခဲ့သေးတာဖြစ်ပါတယ်။
တရုတ်အစိုးရနဲ့ နီးကပ်တဲ့ ဆက်ဆံရေးရှိတဲ့ အကဲခတ်တစ်ဦးကတော့ ပြီးခဲ့တဲ့ သုံးကြိမ်မြောက် တိန့်ရှီကျွင်းရဲ့ ဇူလိုင် ခရီးစဥ်ဟာ တရုတ် - မြန်မာ နယ်စပ်မှာ အခြေစိုက်နေတဲ့ အွန်လိုင်းလောင်းကစားနဲ့ ငွေကြေးလိမ်လည်ဂိုဏ်းတွေကို ဖြေရှင်းဖို့ ၊ နယ်စပ်က တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ပတ်သက်တဲ့ကိစ္စတွေကို အဓိကဆွေးနွေးဖို့ နဲ့ ပြီးခဲ့တဲ့ ခရီးစဥ်တွေကဆွေးနွေးချက်တွေကို ပြန်သုံးသပ်ဖို့အဓိကလို့ ပြောခဲ့တာပါ။
အဲဒီနောက်ပိုင်းမှာ စစ်ကောင်စီဘက်ကရော တရုတ်နယ်စပ်က ဝ ပြည်နယ်ထဲမှာပါ အွန်လိုင်းလောင်းကစားနဲ့ ငွေကြေးလိမ်လည်သူတွေကိုဖမ်းဆီးပြီး တရုတ်နိုင်ငံဘက်ကို လွှဲပြောင်းပေးခဲ့ကြပါတယ်။
ဝ ပြည်သွေးစည်းညွတ်ရေးတပ်မတော် ဘက်ကတော့ တရုတ်ရဲဘက်ကို အွန်လိုင်းလောင်းကစားနဲ့ ငွေကြေးလိမ်လည်သူ တရုတ်လူမျိုး တစ်ထောင်ကျော်အထိ အများဆုံး လွှဲပေးခဲ့တာဖြစ်ပါတယ်။