ဂါဇာနဲ့နယ်စပ်ကို ထိန်းချုပ်နိုင်ပြီလို့ အစ္စရေးပြော

ဓာတ်ပုံ ရင်းမြစ်, Reuters
အစ္စရေးနိုင်ငံတောင်ပိုင်းနဲ့ ဂါဇာနယ်စပ်ကို ပါလက်စတိုင်း လက်နက်ကိုင်အဖွဲ့ ဟားမတ်စ်က စနေနေ့မှာ ရုတ်တရက်တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့အပြီး ဂါဇာနဲ့နယ်စပ်ကို ထိန်းချုပ်နိုင်ပြီလို့ အစ္စရေးဘက်က ပြောလာပါတယ်။
အစ္စရေးလေတပ်ကတော့ ဂါဇာကမ်းမြောင်မှာ ညလုံးပေါက် လေကြောင်းတိုက်ခိုက်မှု အကြိမ် ၂၀၀ လုပ်ထားတယ်လို့ ပြောပါတယ်။
သတိပေးချက်ထုတ်ပြန်တာမျိုးမလုပ်ဘဲ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်လုပ်နေမယ်ဆိုရင် ဖမ်းဆီးထားတဲ့ ဓားစာခံတွေကို သတ်မယ်လို့ဆိုပြီး ဟားမတ်စ်အဖွဲ့ဘက်က တနင်္လာနေ့ညနေပိုင်းတုန်းက ပြောထားပါတယ်။
အစ္စရေးစစ်တပ်ဘက်ကတော့ ဂါဇာထဲက လူတွေ နယ်စပ်ဖြတ်ထွက်မယ်ဆိုရင် အီဂျစ်ဘက်က ထိန်းချုပ်ထားတဲ့ နယ်စပ်ဖြတ်ကျော်အပေါက်ကနေ ထွက်ခွာဖို့ အစောပိုင်းမှာ အကြံပြုခဲ့ပေမဲ့ နောက်ပိုင်းမှာ အဲဒီနယ်စပ်ပေါက်ကို ပိတ်လိုက်ပြီလို ကြေညာခဲ့ပါတယ်။
ကုလသမဂ္ဂကလေးသူငယ်များရန်ပုံငွေအဖွဲ့(UNICEF) ကတော့ အစ္စရေးက ဂါဇာကို ရေဖြတ်၊ မီးဖြတ်၊ လောင်စာဖြတ်ထားတာကြောင့် ဂါဇာကို အဝင်အထွက် လူသားချင်းစာနာမှု ကူညီရေးလမ်းကြောင်းဖွင့်ပေးဖို့ တောင်းဆိုနေပါတယ်။
စနေနေ့မနက်ပိုင်း တိုက်ခိုက်မှုတွေဖြစ်ပြီးကတည်းကဆိုရင် လက်နက်ကိုင် ၁,၅၀၀ နီးပါးရဲ့အလောင်းတွေကို တွေ့ထားပြီးဖြစ်တယ်လို့ အစ္စရေးဘက်က ပြောထားပါတယ်။
ဂါဇာမှာ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်ရှိနေ
ဂါဇာကမ်းမြောင်မှာ ဟားမတ်စ်ရဲ့ ပစ်မှတ်တွေရဲ့နေရာတွေကို ဒီနေ့မှာလည်း ဆက်ပြီး လေကြောင်းတိုက်ခိုက်တာပြုလုပ်နေပါတယ်။
မနေ့ညတစ်ညလုံးမှာလည်း ဂါဇာမှာ ပစ်မှတ်ပေါင်း ၂၀၀ ကို တိုက်ခိုက်ခဲ့တယ်လို့ အစ္စရေးလေတပ်က ပြောပါတယ်။
ဂါဇာနဲ့ နယ်စပ်ကို တပ်ရင်း ၃၅ ရင်းအထိ ပို့ထား

ဓာတ်ပုံ ရင်းမြစ်, Getty Images
အစ္စရေးစစ်တပ်ဟာ ဂါဇာနဲ့နယ်စပ်မှာ တပ်ရင်း ၃၅ ရင်းအထိ ဖြန့်ကြက်ချထားပြီး ‘’အနာဂတ် စစ်ဆင်ရေးတွေအတွက် အခြေခံအဆောက်အအုံတွေ ဆောက်နေပြီ’’ လို့ အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ IDF ပြောခွင့်ရသူ ရစ်ချက် ဟတ်ချ် ကပြောပါတယ်။
စစ်တပ်တစ်ခုရဲ့ ဖွဲ့စည်းပုံအပြည့်အရဆိုရင် တပ်ရင်းတစ်ရင်းကို တပ်သား ရာချီနဲ့ ဖွဲ့စည်းတာဖြစ်ပါတယ်။
အစ္စရေးဟာ စနေနေ့တုန်းက တိုက်ခိုက်မှုတွေကို တုံ့ပြန်တဲ့အနေနဲ့ ဂါဇာမှာ မြေပြင်စစ်ဆင်ရေးကြီးတစ်ခု ပြုလုပ်နိုင်ခြေရှိနေပါတယ်။
ပြီးခဲ့တဲ့ညတုန်းကတော့ အစ္စရေး ဝန်ကြီးချုပ် ဘန်ဂျမန် နေတန်ညာဟုကတော့ ဂါဇာကို လေကြောင်းတိုက်ခိုက်မှုဟာ ‘‘အခုမှ အစပဲရှိပါသေးတယ်’’ လို့ ပြောထားပါတယ်။
ဟာမတ်စ် တိုက်ခိုက်မှုမှာသေဆုံးတဲ့ ထိုင်းနိုင်ငံသား ၁၈ ဦးအထိရှိလာ

ဓာတ်ပုံ ရင်းမြစ်, Reuters
အစ္စရေးမှာ ဟားမတ်စ်အဖွဲ့ရဲ့ ရုတ်တရက်တိုက်ခိုက်မှုတွေအတွင်း သေဆုံးတဲ့ ထိုင်းနိုင်သား နောက်ထပ် ၈ ဦးထပ်ရှိလာတာကြောင့် အခုဆို အစ္စရေးမှာ သေဆုံးတဲ့ထိုင်းနိုင်ငံသား ၁၈ ဦးအထိရှိလာတယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ဒီနေ့မှာ ပြောပါတယ်။
မနေ့က ထိုင်း ၁၂ ဦးအထိသေဆုံးပြီး နောက်ထပ် ၁၁ ဦးကို ဟားမတ်စ်အဖွဲ့က ပြန်ပေးဆွဲထားတယ်လို့ နိုင်ငံခြားရေးဘက်က ထုတ်ပြန်ခဲ့တာပါ။
ဓားစာခံအဖြစ် ဖမ်းဆီးခံထားရတဲ့ထိုင်းနိုင်ငံသားတွေ ပြန်လွတ်လာရေး အကူအညီပေးဖို့ အစ္စရေးကို တောင်းဆိုထားတယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူက ပြောပါတယ်။
အစ္စရေးစိုက်ပျိုးရေးနယ်ပယ်မှာလုပ်နေတဲ့ ထိုင်းနိုင်ငံသား သုံးသောင်းနီးပါးရှိပြီး အဲဒီထဲက ငါးထောင်ခန်ဟာ ဟားမတ်စ်တွေ ဝင်တိုက်နဲ့ ဂါဇာနဲ့နယ်စပ် အစ္စရေးဘက်ခြမ်းမှာ အလုပ်လုပ်ကိုင်နေတာဖြစ်ပါတယ်။
အစ္စရေး၊ ဟားမတ်စ်နဲ့ ဂါဇာ...စတဲ့ သိသင့်တဲ့အခြေခံအချက် ရှင်းပြချက်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ဟားမတ်စ် ဟာ ဂါဇာကမ်းမြောင်မှာ လှုပ်ရှားနေတဲ့ ပါလက်စတိုင်း လက်နက်ကိုင် စစ်သွေးကြွအဖွဲ့တစ်ဖွဲ့ဖြစ်ပါတယ်။ ဒီအဖွဲ့ဟာ အစ္စရေးပြိုပျက်ရေးကို ဦးတည်ပြီး အဲဒီနေရာမှာ အစ္စလာမ္မစ်နိုင်ငံတော် တစ်ခုကို ထူထောင်လိုတဲ့အဖွဲ့လည်းဖြစ်ပါတယ်။
ဟားမတ်စ်အဖွဲ့ကို တစ်ဖွဲ့လုံးအနေနဲ့၊ တချို့နေရာတွေမှာ ဟားမတ်စ်ရဲ့လက်နက်ကိုင်တပ်ဖွဲ့ကို အစ္စရေး၊ အမေရိကန်၊ ဥရောပသမဂ္ဂနဲ့ ဗြိတိန်တို့အပြင် အခြားကမ္ဘာ့အင်အားကြီးနိုင်ငံအချို့က အကြမ်းဖက်အဖွဲ့တစ်ခုအဖြစ် သတ်မှတ်ထားပါတယ်။
ဟားမတ်စ်ကို အီရန်နိုင်ငံက ကျောထောက်နောက်ခံပေးထားပြီး ငွေကြေး၊ လက်နက်နဲ့ သင်တန်းပေးပါတယ်။
ဂါဇာကမ်းမြောင်ဒေသကတော့ ၄၁ ကီလိုမီတာ(၂၁ မိုင်)ရှည်ပြီး ၁၀ ကီလိုမီတာ ကျယ်တဲ့ အစ္စရေး၊ အီဂျစ်နဲ့ မြေထဲပင်လယ်ပါတဲ့ နယ်မြေကို ခေါ်တာဖြစ်ပါတယ်။
အဲဒီနယ်မြေထဲ လူပေါင်း ၂.၃ သန်းအထိ နေထိုင်ပြီး ကမ္ဘာမှာ လူဦးရေအထူမှုအမြင့်ဆုံးနေရာတွေထဲက တစ်ခုဖြစ်ပါတယ်။
အစ္စရေးဟာ ဂါဇာနဲ့ သူ့ရဲ့ ကမ်းခြေက လေပိုင်နက်ကို ထိန်းချုပ်ထားပြီး နယ်စပ်ဖြတ်ကျော်နေရာတွေမှာ လူဝင်ခွင့်နဲ့ ပစ္စည်းသယ်ယူခွင့်ကိုလည်း ထိန်းချုပ်ပါတယ်။ စနေနေ့တိုက်ခိုက်မှုဖြစ်ပြီးကတည်းက ဂါဇာကို ထိန်းလိုက်ပြီလို့ ကြေညာခဲ့ပြီး အစ္စရေးဘက်ကနေ လျှပ်စစ်၊ လောင်စာနဲ့ ရေကို ဖြတ်ထားပါတယ်။
အလားတူပဲ အီဂျစ်ဘက်ကလည်း ဂါဇာနဲ့နယ်စပ်မှာ ဘယ်သူ ဝင်ထွက်ခွင့်ရှိတယ်ဆိုတာကို ထိန်းချုပ်ပါတယ်။ အစောပိုင်းမှာ သတင်းဖော်ပြခဲ့တဲ့အတိုင်း အဲဒီနယ်စပ်တစ်ခုတည်းကို ဖြတ်သန်းခွင့် ဗီဇာရဖို့ဆိုရင် စောင့်ဆိုင်းရလေ့ရှိပါတယ်။
(၃ ရက်ထဲဝင်လာတဲ့ အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခ နောက်ဆုံးရသတင်းတွေကို ဖြည့်စွက်ဖော်ပြပေးနေလို့ Refresh လုပ်ပြီး ဖတ်ရှုနိုင်ပါတယ်)








