စက်တင်ဘာလ ၂၁ ရက် ထိပ်တန်းသတင်းများ - ကော့သောင်းမြို့ က တိုက်ပွဲတွေကြောင့် ဒေသခံရာနဲ့ချီ ထိုင်းဘက်ကိုစစ်ရှောင်

ထိုင်းဘက်ရှောင်တဲ့ ကော့သောင်းဒေသခံတွေ

ဓာတ်ပုံ ရင်းမြစ်, The Tanintharyi Times

ရေးသားခဲ့သည်။

ကော့သောင်းမြို့ မလိဝမ်းကျေးရွာအုပ်စုက ဒေသခံရာနဲ့ချီဟာ ပါချန်မြစ်ကိုဖြတ်ပြီးထိုင်းနိုင်ငံဘက်ခြမ်း ၊ရနောင်းမြို့ကို စစ်ရှောင်နေကြရတယ်လို့ ကူညီကယ်ဆယ်ရေးလုပ်နေသူတွေကပြောပါတယ်။

“ စစ်ရှောင် ၂၀၀ကျော်ရှိလာပါပြီ။ ထိုင်းဘက်ကစစ်သားတွေနဲ့ ထိုင်းကူညီကယ်ဆယ်ရေးအဖွဲ့တွေက စစ်ရှောင်တွေကိုကူညီပေးနေပါတယ် ။ အကုန်လုံးက ဒီအတိုင်းထွက်ပြေးလာကြတော့လိုအပ်တာတွေရှိနေကြတယ် ” လို့ စစ်ရှောင်တွေကို ကူညီပေးနေသူတစ်ဦးက ပြောပါတယ်။

လက်ရှိမှာစစ်ရှောင်တွေဟာ ရနောင်းမြို့ ဆိပ်ခံတံတားပေါ်မှာထားထားပြီး ထိုင်းစစ်တပ်ကဦးဆောင်ပြီး နေရာထိုင်ခင်းတွေပြင်ဆင်ပေးနေတယ်လို့ ဆိုပါတယ်။

အခုရက်ပိုင်းအတွင်း ကော့သောင်းမြို့နယ်ထဲက မလိဝမ်းကျေးရွာအုပ်စုထဲမှာ ဒေသကာကွယ်ရေးတပ်တွေနဲ့ စစ်တပ်ကြားဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေကြောင့်ဒေသခံတွေထွက်ပြေးကြတာဖြစ်ပါတယ်။

လက်ရှိမှာ စစ်ကောင်စီတပ်စစ်ကြောင်းက မလိဝမ်းချောင်းကနေတဆင့် ပါချန်မြစ်ကြောတလျှောက် ကုန်းလမ်းရော ရေလမ်းကိုပါ အသုံးပြုပြီး စစ်ကြောင်းထိုးတာတွေရှိတယ်လို့ ဒေသခံအချို့ကပြောပါတယ်။

အခုလပထမပတ်အတွင်းမှာလည်း ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့က ကျေးရွာနှစ်ရွာကို စစ်ကောင်စီတပ်ကတပ်စွဲထားပြီး စစ်ကြောင်းထိုးတာတွေရှိတယ်လို့သိရပါတယ်။ ဒါ့ကြောင့် မနေ့ကစပြီးစစ်ရှောင်ကြတဲ့အထဲ ခမောက်ကြီးကျေးရွာက ဒေသခံတွေလည်းပါတယ်လို့ သိရပါတယ်။

အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး နဲ့ NUG တွေ့ဆုံ

လက်ထောက်နိုင်ငံခြားရေးဝန်ကြီးနဲ့ NUG နိုင်ငံခြားရေးဝန်ကြီး

ဓာတ်ပုံ ရင်းမြစ်, US/ASIA HUB

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ၊ အရှေ့အာရှနှင့် ပစိဖိတ်ရေးရာဗျူရိုရဲ့ လက်ထောက်နိုင်ငံခြားရေ းဝန်ကြီး ဒယ်နီရယ်ခရစ်တန်ဘရစ် နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်နဲ့ အဖွဲ့ တို့ဟာ အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့မှာတွေ့ဆုံကြတယ်လို့ အရှေ့အာရှနှင့်ပစိဖိတ်ရေးရာဗျူရိုကဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

မြန်မာစစ်တပ်က ရက်စက်စွာကျူးလွန်တဲ့လုပ်ရပ်တွေနဲ့ ပတ်သက်ပြီး တာဝန်ခံမှုရှိစေဖို့ အမေရိကန်က အရေးယူဆောင်ရွက်တာတွေကိုဆက်လက်လုပ်ဆောင်မယ်လို့ ကတိပြုဆွေးနွေးခဲ့တဲ့အကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ၊လူ့အခွင့်ရေးဝန်ကြီးဌာနက ဒုတိယဝန်ကြီးဦးအောင်ကျော်မိုးကလည်း သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာရေးသားထားပါတယ်။

NUG ဘက်က နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်နဲ့ အတူ ဆက်သွယ်ရေးဝန်ကြီး ဦးထင်လင်းအောင်၊ ဒုတိယဝန်ကြီး ဦးမိုးဇော်ဦး၊ ဒုတိယဝန်ကြီးဦးအောင်ကျော်မိုး ၊ ကုလသမဂ္ဂရဲ့ မြန်မာသံအမတ်ကြီး ဦး‌ကျော်မိုးထွန်းတို့ပါဝင်ပြီး ၇၈ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံမှာ တွေ့ဆုံကြတာလို့ သိရပါတယ်။

ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းရဲ့ စီးပွားရေးရာထူးတွေ ဗိုလ်ချုပ်ကြီး မြထွန်းဦး လွှဲပြောင်းယူ

ဗိုလ်ချုပ်ကြီး မြထွန်းဦး

ဓာတ်ပုံ ရင်းမြစ်, cincds

ဓာတ်ပုံ ပုံစာ, ဗိုလ်ချုပ်ကြီး မြထွန်းဦး
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

အဂတိစွဲချက်တွေနဲ့ စစ်ဆေးခံနေရတဲ့ စစ်ကောင်စီဝင် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းရဲ့ စီးပွားရေးရာထူးတွေဖြစ်တဲ့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ နဲ့ နိုင်ငံခြားငွေ ကြီးကြပ်ရေးကော်မတီ (FESC) ဥက္ကဋ္ဌ ရာထူးတွေကို ဗိုလ်ချုပ်ကြီး မြထွန်းဦးက လွှဲပြောင်းယူလိုက်တယ် လို့ စီးပွားရေးအသိုင်းအဝိုင်းကနေ သိရပါတယ်။

ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းဟာ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ နေရာကို စစ်တပ်က အာဏာသိမ်းပြီး ကတည်းက ခန့်အပ်ခံရတာဖြစ်ပြီး နိုင်ငံခြားသုံးငွေ ကြီးကြပ်ရေးကော်မတီ (FESC) ဥက္ကဋ္ဌ ရာထူးကို တော့ မနှစ်ခန့်အပ်ခံရတာဖြစ်ပါတယ်။

(FESC) ဟာ တနိုင်ငံလုံးရဲ့ နိုင်ငံခြားသုံးငွေတွေကို ထိန်းချုပ်ကြီးကြပ်ရတဲ့ အရေးအကြီးဆုံးကော်မတီ ဖြစ်ပြီး စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ အကြံပေးပုဂ္ဂိုလ် ဒုတိယဗိုလ်ချုပ်ကြီး ညိုစော၊ စစ်ကောင်စီရဲ့ စီးပွားရေးဆိုင်ရာဝန်ကြီးတွေဖြစ်တဲ့ ဦးဝင်းရှိန်၊ ဦးအောင်နိုင်ဦး ၊ ဒေါက်တာကံဇော် နဲ့ ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေတို့လည်း ကော်မတီထဲ မှာ ပါဝင်ကြပါတယ်။

ဒါ့အပြင် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း ရဲ့ နောက်ထပ်ရာထူးတစ်ခုဖြစ်တဲ့ ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး ဗဟိုကော်မတီဥက္ကဋ္ဌ နေရာကိုပါ ဗိုလ်ချုပ်ကြီး မြထွန်းဦးက လွှဲပြောင်းယူလိုက်တယ် လို့ စီးပွားရေးလုပ်ငန်းရှင်တွေက ပြောပါတယ်။

ဒီရာထူး(၃)နေရာဟာ မြန်မာ့စီးပွားရေးအတွက် အရေးကြီးတဲ့ ရာထူးတွေဖြစ်ပြီး ဗဟိုဘဏ်ဥက္ကဋ္ဌ နဲ့ တခြား စီးပွားရေးဆိုင်ရာဝန်ကြီးတွေရဲ့ အထက်မှာ ကော်မတီ ဥက္ကဋ္ဌ ရှိနေပါတယ်။

ဗိုလ်ချုပ်ကြီး မြထွန်းဦး ဟာ စစ်ကောင်စီအစိုးရအဖွဲ့မှာ ဒုတိယဝန်ကြီးချုပ်နဲ့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး တာဝန်ယူထားသူဖြစ်ပါတယ်။

သူဟာ စစ်တက္ကသိုလ်အပတ်စဉ် (၂၅) ဆင်း တစ်ဦးဖြစ်ပြီး ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ)၊ စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ် နဲ့ ကာကွယ်ရေးဝန်ကြီး တာဝန်တွေထမ်းဆောင်ခဲ့ဖူးသူ ဖြစ်ပါတယ်။