ပင်စင်အသက် တိုးသတ်မှတ်ရေးကို မဲမခွဲဘဲ ရှေ့တိုးလုပ်ဖို့ ပြင်သစ်သမ္မတ ဆုံးဖြတ် - မတ် ၁၆ ရက် ညနေခင်း နိုင်ငံတကာ သတင်းများ

ပြင်သစ်၊ ပင်စင်

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, မဲခွဲဆုံးဖြတ်ရင် ရှုံးမယ်ဆိုတာကို နီးစပ်တဲ့ ဝန်ကြီးတွေနဲ့ ဆွေးနွေးအပြီး သမ္မတ မက်ခရွန်း သိခဲ့
ရေးသားခဲ့သည်။

ပြင်သစ်သမ္မတ မက်ခရွန်းက အငြင်းပွားစရာ ဖြစ်နေတဲ့ ပင်စင်လစာ ပြင်ဆင်ပြောင်းလဲရေး သူ့ရဲ့ အဆိုပြုချက်ကို ပါလီမန်မှာ မဲခွဲဆုံးဖြတ်ဖို့ တင်ပြတာမျိုး မရှိဘဲ အတင်း အတည်ပြုဖို့ ဆုံးဖြတ်လိုက်ပါတယ်။

မဲခွဲဆုံးဖြတ်ရင် ရှုံးနိမ့်ဖို့ ရှိတယ်ဆိုတာကို သူ့နဲ့ နီးစပ်သူတွေ၊ ဝန်ကြီးတွေနဲ့ တက်သုတ်ရိုက် ဆွေးနွေးခဲ့စဉ် သိခဲ့ရအပြီးမှာ သမ္မတ မက်ခရွန်းက ဖွဲ့စည်းပုံအခြေခံဥပဒေထဲ အဲဒီ အငြင်းပွားစရာ ဥပဒေကို ထည့်သွင်းဖို့ ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။

ပင်စင်ယူရမယ့်အရွယ်ကို နောက်ထပ် နှစ်နှစ်တိုးပြီး အသက် ၆၄ နှစ်အထိ သတ်မှတ်ဖို့ အဆိုပြုချက်ကို ဆီးနိတ်လွှတ်တော်က အစောပိုင်းတုန်းက အတည်ပြုခဲ့ပါတယ်။

သမ္မတ မက်ခရွန်းက ဒါဟာ ပင်စင်စနစ် ရှင်သန်နိုင်စွမ်းအတွက် မရှိမဖြစ်လိုအပ်တယ်လို့ ဆိုပြီး ဒီကိစ္စကို သူ့ရဲ့ သမ္မတ ဒုတိယသက်တမ်းမှာ အဓိကအပိုင်းကဏ္ဍအဖြစ် ကြိုးပမ်း ဆောင်ရွက်ခဲ့ပါတယ်။

လက်ယာစွန်း နိုင်ငံရေးသမား မာရီးလာပန်းက အစိုးရအဖွဲ့အတွင်း အယုံအကြည်မရှိကြောင်း မဲခွဲဆုံးဖြတ်ဖို့ အဆိုတစ်ခုကို အတိုက်အခံ ဝန်ကြီးတွေက တင်သွင်းဖို့ ရှိတယ်လို့ ပြောပါတယ်။

ဂျပန်နဲ့ တောင်ကိုရီးယား နှစ်နိုင်ငံအကြား ၁၂ နှစ်တာကာလအတွင်း ပထမဆုံးအကြိမ် ထိပ်သီးဆွေးနွေးပွဲကျင်းပ

ဂျပန်၊ တောင်ကိုရီးယား၊ ထိပ်သီးဆွေးနွေးပွဲ

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ, ဂျပန်ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါနဲ့ တောင်ကိုရီးယား သမ္မတ ယွန်း ဆွတ်ခ် ယိုလ် တို့ လက်ဆွဲနှုတ်ဆက်

ဂျပန်နဲ့ တောင်ကိုရီးယားနိုင်ငံတို့ဟာ နှစ်နိုင်ငံအကြား နှစ်ပေါင်းများစွာ ရန်လိုနေမှုတွေကို အဆုံးသတ်လိုက်ပြီး ဆက်ဆံရေး စာမျက်နှာသစ်တစ်ခုကို ဖွင့်လှစ်လိုက်ပါတယ်။ အာရှဒေသက ဒီမိုကရေစီနိုင်ငံ နှစ်ခု ဖြစ်တဲ့ ဂျပန်နဲ့ တောင်ကိုရီးယားဟာ မြောက်ကိုရီးယားနဲ့ တရုတ်တို့ထံက တစ်နေ့တခြား တိုးလာတဲ့ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။

တိုကျိုမြို့မှာ သမိုင်းဝင် အစည်းအဝေး ကျင်းပခဲ့အပြီး ဂျပန်ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါနဲ့ တောင်ကိုရီးယား သမ္မတ ယွန်း ဆွတ်ခ် ယိုလ် တို့က နှစ်နိုင်ငံအကြား ကုန်သွယ်ရေး၊ လုံခြုံရေးနဲ့ ယဉ်ကျေးမှု ဖလှယ်ရေး သဘောတူချက်တွေကို ထုတ်ဖော်ကြေညာခဲ့ပါတယ်။

မစ္စတာ ယွန်းက သူတို့နှစ်နိုင်ငံဟာ သဘာဝအလျောက် မိတ်ဖက်နိုင်ငံတွေ ဖြစ်တယ်လို့ ပြောသွားခဲ့သလို မစ္စတာ ကီရှီဒါ ကလည်း နှစ်နိုင်ငံ ဆက်ဆံရေး ပြန်လည်တည်ဆောက်ဖို့ကို အမြန်ဆုံးလုပ်ဖို့ လိုအပ်ကြောင်းနဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ရှေ့ဆက် မှန်မှန် လုပ်သွားဖို့ ရှိကြောင်း ပြောသွားပါတယ်။

ကိုလိုနီခေတ်က အဓမ္မ အလုပ်စေခိုင်းခံခဲ့ရသူ တောင်ကိုရီးယားလူမျိုးတွေကို ဂျပန်ကုမ္ပဏီတွေကိုယ်စား လျော်ကြေးငွေ ပေးဖို့ တောင်ကိုရီးယားအစိုးရရဲ့ အငြင်းပွားစရာ ဆုံးဖြတ်ချက်က အခုနှစ်နိုင်ငံဆက်ဆံရေး ပြန်လည်တည်ဆောက်ဖို့အတွက် အရေးပါတဲ့ အဓိကအချက် ဖြစ်ခဲ့တာလို့ သူက ပြောပါတယ်။

အင်ဒိုနီးရှား ဘောလုံးကွင်း လူအချင်းချင်း တိုးဝှေ့ပိမိ သေဆုံးမှု ရဲနှစ်ဦးကို တရားသေလွှတ်

အင်ဒိုနီးရှား၊ ဘောလုံးကွင်း လူပိမိသေဆုံးမှု

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ, ဘောလုံးကွင်းအတွင်း လူပိမိသေဆုံးမှုနဲ့ ဘောလုံးကလပ်တာဝန်ရှိသူ နှစ်ဦး ထောင်ဒဏ် ချခံခဲ့ရ

အင်ဒိုနီးရှားမှာ ပြီးခဲ့နှစ်က လူ ၁၃၅ ဦး သေဆုံးခဲ့ရတဲ့ ဘောလုံးကွင်းတွင်း လူအချင်းချင်းတိုးဝှေ့ပိမိမှုနဲ့ ပတ်သက်လို့ တာဝန်ပေါ့ဆမှုနဲ့ တရားစွဲခံထားရသူ ရဲအရာရှိနှစ်ဦးကို တရားရုံးက တရားသေလွှတ်ပေးလိုက်ပါတယ်။

အဲဒီဘောလုံးကွင်းဖြစ်ရပ်နဲ့ ရဲအရာရှိနှစ်ဦးရဲ့ လုပ်ရပ်အကြား တိုက်ရိုက် ဆက်နွှယ်မှုမရှိကြောင်း စုံစမ်းတွေ့ရှိခဲ့တယ်လို့ တရားသူကြီးတွေက ပြောပါတယ်။

အစောပိုင်းတုန်းက ရဲတပ်ဖွဲ့ တပ်မှူးတစ်ဦးကို ရာဇဝတ်ကြောင်း ဆိုင်ရာ တာဝန်ပေါ့ဆမှုနဲ့ ပြစ်မှုထင်ရှားကြောင်း ဆုံးဖြတ်ခဲ့ပြီး ထောင်ဒဏ် တစ်နှစ်ခွဲ ချမှတ်ခဲ့ပါတယ်။ ဒါဟာ အမှုလိုက်ရှေ့နေတွေ တောင်းဆိုနေတဲ့ ထောင်ဒဏ်သက်တမ်းရဲ့ တစ်ဝက်သာ ဖြစ်ပါတယ်။

မလန်းမြို့က ဘောလုံးပွဲတစ်ခုအတွင်း ဘောလုံးကွင်းထဲ ပရိသတ်တွေ ဝင်ရောက်လာတဲ့အတွက် ရဲက မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခတ် လူစုခွဲခဲ့ရာကနေ အခုလို လူအချင်းချင်း ပိမိ သေဆုံးခဲ့ရတာဆိုပြီး ရဲတွေကို ပြစ်တင်ခဲ့ကြတာပါ။

ဒီကနေ့ တရားရုံးရဲ့ အဆုံးအဖြတ်ကြောင့် ၂ လကြာ ကြားနာစစ်ဆေးမှု အဆုံးသတ်ခဲ့ပြီ ဖြစ်ပါတယ်။