မိုရေးစစ်ရှောင် - လက်နက်ကြီးဒဏ်နဲ့ ထောင်ဘူးဝကြားက လွန်ဆွဲပွဲ

မဏိပူရ်ပြည်နယ်က မြန်မာစစ်ရှောင်တွေမြင်ကွင်း

ဓာတ်ပုံ ရင်းမြစ်, Salai Dokhar

ရေးသားခဲ့သည်။

မြန်မာနယ်စပ်အနီးမှာရှိတဲ့ အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်၊ မိုရေးမြို့မှာခိုလှုံနေတဲ့ မြန်မာစစ်ရှောင်အနည်းဆုံး ၈၃ယောက်ကို အိန္ဒိယအာဏာပိုင်တွေဘက်က ဇန်နဝါရီ ၂၆ရက်ကစပြီး ၃၁ ရက်အတွင်း ဖမ်းဆီးခဲ့ပါတယ်။ ဒီရက်ပိုင်းအတွင်း မိုရေးမြို့ကို ပိတ်ဆို့စစ်ဆေးမယ်ဆိုတဲ့ သတင်းတွေလည်း မြန်မာစစ်ရှောင်တွေကြား ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်လာပါတယ်။

ဒီဖြစ်စဉ်တွေဟာ လန်းကျမ်းရွာနဲ့ ဆာလ်ဘွန်ရွာနှစ်ရွာက ရွာသူကြီးတွေကြား မြေယာကိစ္စအငြင်းပွားရာကနေ စတင်လာခဲ့တာလို့ ပြောဆိုမှုတွေရှိနေပါတယ်။

“၂၆ရက်‌နေ့ ညသန်းခေါင်လောက်မှာ ရွာကိုလာကြည့်တယ်၊ ၂၇ရက် မနက်အစောပိုင်း အိပ်နေတုန်းမှာ အိမ်ပေါ်တက်လာပြီး အိမ်ရှိယောကျ်ားတွေထွက်လာဖို့ပြောတာ” လို့ အိန္ဒိယအထူးကွန်မန်ဒိုတွေ မေးမြန်းတာကြုံခဲ့ရတဲ့ လန်းကျမ်းရွာရောက် မြန်မာစစ်ရှောင်အမျိုးသမီး မမြတ်နိုး (အမည်လွှဲ) က ပြောပါတယ်။

“တရွာလုံးက ယောကျ်ားလေးတွေကို ဘောလုံးကွင်းထဲခေါ်ပြီးစစ်တယ်၊ အိန္ဒိယနိုင်ငံသားဆိုလည်း နိုင်ငံသားကတ် ပြရတယ်၊ စစ်‌ရှောင်တွေကျ အထောက်အထားမဲ့တယ်ဆိုပြီးဖမ်းတာ။”

မြန်မာစစ်ရှောင် အစုလိုက် ဖမ်းဆီးခံလိုက်ရတဲ့ ဇန်နဝါရီ ၂၇ ရက်ဖြစ်စဉ်ကို တမူးမြို့ကနေ မိုရေးဘက် စစ်ရှောင်လာတဲ့ သူက ဆက်ပြောပြပါတယ်။

လန်းကျမ်းရွာရောက် မြန်မာစစ်ရှောင်တွေဟာ ရွာသူကြီးကစီမံပေးတဲ့ မြေလွတ်တွေထဲ သင့်တော်သလို အိမ်ဆောက်နေထိုင်ကြတာဖြစ်ပါတယ်။

အဲ့ဒီနေ့မနက်အစောပိုင်းဖမ်းဆီးခံလိုက်ရတဲ့ မြန်မာစစ်ရှောင်တွေထဲက အသက်မပြည့်သေးသူ ၉ ဦးကို ကလေးအကျဉ်းထောင် (Khongjom) ကို ပို့ထားသလို ကျန်တဲ့သူတွေကို အင်ဖာမြို့က ဆာဂျီဝ (Sajiwa) အကျဉ်းထောင်ကို ပို့ထားတယ်လို့ အိန္ဒိယဘက်ကလာတဲ့သတင်းတွေကနေ သိရပါတယ်။

ဇန်နဝါရီ ၂၉ရက်၊ အင်ဖာမြို့တွင်းမြင်ကွင်း

ဓာတ်ပုံ ရင်းမြစ်, CJ

ဖမ်းဆီးခံရတာ ခြောက်ရက်ကြာမြင့်လာပြီဖြစ်ပေမဲ့ အဲ့ဒီလူအယောက် ၈၀ရဲ့ နောက်ဆက်တွဲသတင်းကို မကြားသိရသလို အာဏာသိမ်းစစ်ကောင်စီလက်ထဲ ပြန်အပ်တော့မယ်ဆိုတဲ့ သတင်းတွေကြောင့် လည်း တာဝန်ရှိသူတွေက လွှဲပြောင်းတာမလုပ်ဖို့ တောင်းဆိုထားတယ်လို့ မြန်မာစစ်ရှောင်တွေက ဆိုပါတယ်။

“မနေ့ကဆို စစ်ကောင်စီဘက်က လေယာဉ်လာတယ်၊ မဏိပူရ်အစိုးရနဲ့ တွေ့မယ်ကြားတယ်။ ပြီးတော့ ပြန်လွှဲပေးမယ်ဆိုတော့ အကုန်စိတ်ပူပြီး တငိုငိုနဲ့ မပို့ဖို့စုပြောထားကြတယ်” လို့ မမြတ်နိုးက သူတို့လန်းကျမ်းရွာအခြေအနေကိုပြောပြပါတယ်။ အသက် ၂၀ ဝန်းကျင် အရွယ်ရှိတဲ့ သူရဲ့တူနှစ်ဦးလည်း ထိန်းသိမ်းခံထားရတယ်လို့ ပြောပါတယ်။

ဘီဘီစီက ဆက်သွယ်မေးမြန်းကြည့်ချက်အရလည်း စစ်ကိုင်းတိုင်း မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) တိုင်းမှူး ဗိုလ်ချုပ်သန်းထိုက် ဦးဆောင်တဲ့အဖွဲ့ဟာ မဏိပူရ်ပြည်နယ်၊ အင်ဖာမြို့ကို ရောက်ရှိနေပြီး ဖေဖော်ဝါရီ ၃ ရက်နေ့အထိ တွေ့ဆုံဖို့ရှိနေတယ်လို့ နီးစပ်သူတွေကပြောကြပြီး စစ်ရှောင်အရေးထည့်သွင်းဆွေးနွေးတာရှိ၊မရှိကို မသိရသေးပါဘူး။

စစ်ကောင်စီဘက်ကတော့ ဒီဆွေးနွေးပွဲနဲ့ပတ်သက်လို့ တရားဝင်မထုတ်ပြန်သေးသလို ဘီဘီစီဘက်ကလည်း သတင်းထုတ်ပြန်ရေးအဖွဲ့ဘက်ကို မေးမြန်းဖို့ကြိုးစားနေပါတယ်။

မဏိပူရ်ပြည်နယ်ဝန်ကြီး‌ချုပ်ရဲ့ ဖေ့ဘုတ်စ်စာမျက်နှာဖော်ပြခဲ့တဲ့ ဓာတ်ပုံ

ဓာတ်ပုံ ရင်းမြစ်, N.Biren Singh

အိန္ဒိယရောက် မြန်မာစစ်ရှောင် ခြောက်သောင်းဝန်းကျင်အတွက် စိန်ခေါ်မှုတွေဖြစ်လာ

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

အာဏာသိမ်းမှုကြောင့် နေရပ်စွန့်ခွာထွက်ပြေးသူ ခြောက်သောင်းဝန်းကျင်ဟာ အိန္ဒိယနိုင်ငံထဲက မီဇိုရမ်၊ မဏိပူရ်၊ နာဂဒေသအပါအဝင် ပြည်နယ်ခြောက်ခုထက်မနည်း ဒေသတွေမှာ ခိုလှုံနေထိုင်နေကြပါတယ်။

အခုလို ပြည်နယ်အစိုးရရဲ့ အထူးကွန်မန်ဒိုအဖွဲ့က လာရောက်ဖမ်းဆီးတာကြုံနေရတဲ့ မဏိပူရ် ပြည်နယ်မှာတော့ စစ်ရှောင် တစ်သောင်းဝန်းကျင် ရှိနေပြီး ၃‌ထောင်ကျော်ဟာ မိုရေးမြို့မှာခိုလှုံနေကြ တာဖြစ်ပါတယ်။

ဒီစစ်ရှောင်တွေဟာ ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်းဘက်ကဒေသခံတွေဖြစ်ပြီး လူမျိုးအစုံ အခြေအနေမျိုးစုံနဲ့ လာရောက်တိမ်းရှောင်သူတွေပါဝင်နေပါတယ်။

“မီဇိုရမ်က ဖယ်ဒရယ်အရ ကိုယ်ပိုင်အုပ်ချုပ်ခွင့်အရ သူတို့မူဘောင်အတိုင်းကူညီပေးတယ်၊ မဏိပူရ်ကတော့ အိန္ဒိယဗဟိုအစိုးရရဲ့ ဩဇာအောက်မှာရှိတယ်။”

“ဗဟိုအစိုးရက ဒါတွေလက်မခံဘူးဆိုတော့ ဒီအတိုင်းဆက်သွားရင် တော်လှန်ရေးအင်အားစုတွေအတွက်ရော စစ်ရှောင်တွေအတွက်ပါ စိန်ခေါ်မှုရှိတယ်” လို့ အိန္ဒိယ- မြန်မာဆက်ဆံရေး စောင့်ကြည့်ရေးအဖွဲ့ဖြစ်တဲ့  India for Myanmar က ဆလိုင်းဒိုခါရ်က ပြောပါတယ်။

အာဏာသိမ်းထားတဲ့ မြန်မာ့အရေးနဲ့ပတ်သက်ပြီး အိန္ဒိယရဲ့ ရပ်တည်ချက်ဟာ စစ်ကောင်စီနဲ့ နီးနီးကပ်ကပ်ရှိ နေတာကြောင့်‌ဝေဖန်မှုတွေလည်း ရှိနေတာပါ။

မဏိပူရ်ပြည်နယ်ဝန်ကြီးချုပ် Mr. N.Biren Singh ကလည်း အိမ်နီးချင်းမြန်မာနိုင်ငံက စစ်ရှောင်တွေအနေနဲ့ အိန္ဒိယဘက်ကိုစစ်ရှောင်လာပြီဆိုရင် အာဏာပိုင်တွေကို တရားဝင်အသိပေးဖို့၊ အဲ့ဒီလိုအသိမပေးပါက တရားမဝင်ရွှေ့ပြောင်းသူတွေအနေနဲ့ ဥပဒေအရအကျိုးဆက်တွေရှိလာနိုင်မယ်လို့ သူ့ရဲ့ ဖေ့စ်ဘွတ်ခ် စာမျက်နှာမှာ ဇန်နဝါရီ ၂၇ရက်နေ့က ရေးသားခဲ့ပါတယ်။

မဏိပူရ

ဓာတ်ပုံ ရင်းမြစ်, Salai Dokha

အရပ်ဘက်အဖွဲ့အစည်းတွေရဲ့စာရင်းအရလည်း အခုမိုရေးဖြစ်စဉ်အပါအဝင် မဏိပူရ်ပြည်နယ်တွင်း ဖမ်းဆီးခံထားရတဲ့ မြန်မာပြည်သား အ‌ယောက် ၁၆၀ ရှိပြီး အဲ့ဒီထဲက တချို့ဟာ ပြစ်ဒဏ်ချမှတ်ခံထားရပါတယ်။

“နိုင်ငံခြားသားဥပဒေနဲ့ အရေးယူခံရတာပါ။ ဖမ်းဆီးထားတဲ့ လေးသုတ်မှာ ပထမ၊ ဒုတိယအသုတ်က အဖမ်းခံရသူတွေက ထောင် ၆ လကျခံရတာတွေ ကျခံထားပြီးပြီ။”

“ဆိုတော့ အိန္ဒိယဘက်မှာကလည်း ဒီလိုပြစ်ဒဏ်ပြီးသွားသူတွေကို ဘယ်ထားရမလဲ၊ နေရပ်ပြန်ပို့ဖို့ကလည်း ဒီမိုကရေစီနိုင်ငံအနေနဲ့ မဖြစ်သင့်ဘူး။ Detention Centre လိုမျိုး ထိန်းသိမ်းရေးစခန်းတွေထားမလား ဆက်ထိန်းရမယ့်နေရာ လိုလာပြီလေ” လို့ အိန္ဒိယနိုင်ငံဥပဒေအကြောင်း နားလည်သူ မဏိပူရ်ပြည်နယ်နေ ဒေသခံတစ်ဦးက ရှင်းပြပါတယ်။

တဖက်မှာလည်း စစ်ရေးပဋိပက္ခကြောင့်နေရပ်စွန့်လာသူတွေကို ဖမ်းဆီးပြီး စစ်ကောင်စီထံပြန်အပ်တာဟာ ဒီမိုကရေစီစံနှုန်းနဲ့ သွေဖယ်နေတဲ့အပြင် ရာဇဝတ်ကျူးလွန်မှုဖြစ်တယ်လို့လည်း မြန်မာ့ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူတွေက ထောက်ပြပါတယ်။

မိုရေးမြို့ကို စစ်ရှောင်လာကြတဲ့ မြန်မာစစ်ရှောင်တွေကတော့ ပြည်တွင်းပြန်ဝင်ဖို့ထက် တောတွေထဲ ပြောင်းရွှေ့နေကြရသလို မပြောင်းမရွှေ့ဖို့ရင်ဆိုင်ဖို့ စိတ်ပိုင်းဖြတ်ထားသူတွေလည်း ရှိနေပါတယ်။

“တမူးဘက်ကို ပြန်ကူးသူတွေလည်းရှိပါတယ်၊ ရွာက သုံးပုံနှစ်ပုံကပြေးကြပြီ။ အများစုကလည်း တောတွေထဲနေရတယ်၊ နေ့နေ့ညညအပြင်လည်းမထွက်ရဲဘူး။ ကျွန်မတို့မိသားစုကတော့ ဒီမှာပဲ ဆက်နေမယ်” လို့ လန်းကျမ်းရွာကို ရောက်နေတဲ့ မမြတ်နိုးက ပြောပါတယ်။

ဇန်နဝါရီ ၃၁ရက်မနက်အစောပိုင်းမှာ မြန်မာစစ်ရှောင်လေးဦးကို ထပ်ဖမ်းဆီးခံတယ်လို့ပြော

ဓာတ်ပုံ ရင်းမြစ်, N.Biren Singh

ဘာကြောင့် နေရပ်မပြန်ကြတာလဲ

“တမူးမြို့ပြင်ဘက်ကို လက်နက်ကြီးကျတာလေ။ ကျွန်မအိမ်ဆို ရေစက်ရော အိမ်သာပါပြိုသွားတာ။ အိမ်ရှေ့အိမ်ဆိုလည်းအိမ်ခေါင်မိုးပေါ်ကျတာ။ လူရှိရင် တအိမ်လုံးသေမှာ။”

အာဏာသိမ်းပြီးလပိုင်းအတွင်း အိန္ဒိယ-မြန်မာနယ်စပ်ဖြစ်တဲ့ စစ်ကိုင်းတိုင်း၊ တမူးမြို့တဝိုက်ကြုံတွေ့ခဲ့ရတဲ့ မြင်ကွင်းတွေကို မမြတ်နိုးက ခပ်တိုတိုပြန်ပြောပြပါတယ်။

“ဖြစ်ခဲ့တာတွေက အများကြီးပဲလေ။ စ ပြေးတော့ အငယ်လေးက မူကြိုပဲရှိတာ။ မရယ်နဲ့ဆို ပိုရယ်၊ မငိုနဲ့ဆို ပိုငိုတယ် ဘယ်လိုအသံမထွက်‌အောင်နေလို့မရတော့ တဖက်မိုရေးဘက်ပဲပြေးခဲ့ရတာ” လို့ တိတ်တဆိတ် ပုန်းအောင်းနေလို့မရတဲ့အတွက် စစ်ရှောင်ခဲ့ရတဲ့ အကြောင်းအရင်းကို ပြောပါတယ်။

၂၀၂၁ ခုနှစ်၊ မတ်လကစပြီး မိုရေးဘက်ကို ရှောင်တိမ်းလာခဲ့ရင်း ပထမခြောက်လမှာ စစ်ရှောင်အကူအညီရခဲ့ ပေမဲ့ ပြီးခဲ့တဲ့နှစ်တစ်နှစ်လုံးမှာတော့ အငှားကယ်ရီလိုက်ရင် းအသက်မွေးခဲ့ကြတယ်လို့ သူက ဆိုပါတယ်။

“၂၀၂၃ နှစ်စကစပြီး အကုန်ကျပ်တည်းသွားတာပါပဲ။ အခုလည်းအဖမ်းခံနေရပြီလေ။”

မိုရေးမြို့တမြို့လုံးကို ပိတ်ဆို့ထားပြီဖြစ်ပြီး အိန္ဒိယအာဏာပိုင်တွေဘက်က ဆက်တိုက်ဖမ်းဆီးမှုတွေ ရှိလာတဲ့အကြောင်း ဆက်ပြောပြပါတယ်။

အိန္ဒိယနိုင်ငံဘက်မှာ ဖိအားတွေ ပိုတိုးလာတဲ့အခြေအနေကြောင့် မြန်မာပြည်တွင်းမှာ ပြန်အခြေချနေဖို့ကလည်း စစ်ရှောင်တွေ အတွက် မလွယ်ကူပါဘူး။

“အိမ်က တောတောင်ဖြစ်နေပြီး ချုံလည်းမရှင်းနိုင်ဘူးလေ။ အခုမှ အိမ်ပြန်လာနေရင် ဘာလို့လာနေတာလဲ ဆိုတဲ့ မေးခွန်းတွေလာမယ်။ တမူးက ပျူစောထီး သိပ်အားကောင်းတာ” လို့ မမြတ်နိုးက သူ့ ရွေးချယ်မှုအကြောင်း ရှင်းပြပါတယ်။ သူပြောတဲ့ ပျူစောထီးဆိုတာ စစ်ကောင်စီကို လိုလားတဲ့ အဖွဲ့ဖြစ်ပါတယ်။​

အခုလိုအိန္ဒိယဘက်မှာ စစ်ရှောင်တွေအဖမ်းခံနေရချိန်မှာပဲ ဇန်နဝါရီ ၃၀၊ ၃၁ရက်တွေမှာ စစ်ကောင်စီနဲ့ ပြည်သူ့စစ် ပူးပေါင်းအဖွဲ့တွေက တမူးပြည်သူ့ကာကွယ်ရေးအဖွဲ့တွေရှိနိုင်မယ့်နေရာတွေဘက်ကို လက်နက်ကြီးနဲ့ ဆက်တိုက်ပစ်ခတ်ပြီး စစ်ကြောင်းထိုးနေတယ်လို့ ကာကွယ်ရေးအဖွဲ့တွေကနေ သိရပါတယ်။

“တိုက်ပွဲကလည်းမငြိမ်နေဘူး၊ စီးပွားရေးလည်းလုပ်ကိုင်မရပေမဲ့ မိုရေးဘက်နေတာက နေရပ်ပြန်တာထက် ပိုအဆင်ပြေတယ်။”

“မိုရေးက ရေရှားလို့ ရေမချိုးရရင်တောင် အသက်တော့မသေနိုင်ဘူးလေ” လို့ နေရပ်မပြန်နိုင်တဲ့အကြောင်း တွေကို ကူကီးလူမျိုးလည်းဖြစ်တဲ့ မမြတ်နိုးတစ်ယောက် ခပ်လေးလေးပြောရင်း တိတ်ဆိတ်သွားခဲ့ပါတယ်။

အကြောက်တရားကိုထိန်းချုပ်ရင်း တမိသားစုလုံး စုဆောင်းထားတဲ့‌ငွေကြေးနဲ့ ဆက်ရှင်သန်နေသလို အိန္ဒိယအာဏာပိုင်တွေဘက်က ဖမ်းဆီးလာခဲ့ရင်လည်း အတူအဖမ်းခံတော့မယ်လို့ ပြောပါတယ်။