ဇန်နဝါရီ ၁၂ ရက် ထိပ်တန်းသတင်းများ - ကျိုက်ထို စစ်ကောင်စီအင်းဝဘဏ် ပစ်ခတ်တိုက်ခိုက်ခံရ

အင်းဝဘဏ်တစ်ခုအတွင်း ဘဏ်ဝန်ထမ်းများလုပ်ငန်းဆောင်ရွက်နေမှု (ပုံဟောင်း)

ဓာတ်ပုံ ရင်းမြစ်, MRTV

ဓာတ်ပုံ ပုံစာ, အင်းဝဘဏ်တစ်ခုအတွင်း ဘဏ်ဝန်ထမ်းများလုပ်ငန်းဆောင်ရွက်နေမှု (ပုံဟောင်း)
ရေးသားခဲ့သည်။

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့ပေါ် ကျိုက်ထိုကားလမ်းမကြီးဘေး ကံ့ကော်ရပ်ကွက်မှာရှိတဲ့ စစ်ကောင်စီရဲ့ အင်းဝဘဏ်ဟာ ဒီကနေ့ ဇန်နဝါရီ ၁၂ ရက် နေ့လယ်ပိုင်းလောက်က မိုင်းခွဲတိုက်ခိုက်ခံခဲ့ရတယ်လို့ မြို့ခံတစ်ဦးက ဘီဘီစီကိုအတည်ပြုပါတယ်။

“၁၂ နောက်ပိုင်းလောက်က အသံအကျယ်ကြီးကြားလိုက်ရတယ်၊ လူအထိအခိုက်ကတော့ မသိဘူး” လို့ သူကပြောပါတယ်။

ဘယ်အဖွဲ့ကလုပ်ဆောင်သလဲဆိုတာကိုတော့မသိရဘူးလို့ မြို့ခံတချို့ကပြောပါတယ်။

ဒေသအခြေစိုက်မီဒီယာတချို့ကတော့ အိမ်စီးကားနဲ့လူတစ်စုက ဘဏ်ကိုလာပြီး လက်လုပ်မိုင်းအပါအဝင် လက်နက်ငယ်တွေအသုံးပြုတိုက်ခိုက်ခဲ့တာလို့ ဖော်ပြထားကြပါတယ်။

အဲဒီတိုက်ခိုက်မှုကြောင့် စစ်ကောင်စီရဲ့ ဘဏ်လုံခြုံရေးယူပေးနေတဲ့ ပြည်သူ့စစ်အဖွဲ့ဝင် ၁ ဦးသေဆုံးပြီး ဘဏ်ဘေးမှာရှိတဲ့ ရွှေဆိုင်ဝန်ထမ်း ၁ ဦး ထိခိုက်ဒဏ်ရာရှရှိခဲ့တာကြောင့် ကျိုက်ထိုပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ထားတယ်လို့ဆိုပါတယ်။

ပစ်ခတ်မှုပြီးတဲ့နောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ကျိုက်ထိုမြို့ထဲ သွားလာနေတဲ့ ဆိုင်ကယ်တွေကို တားဆီးစစ်ဆေးမေးမြန်းနေတာတွေရှိတယ်လို့ နောက်ထပ်ဒေသခံတစ်ဦးက ပြောပါတယ်။

မိုးမိတ် ကင်းချောင်းရွာမှာ တိုက်ပွဲပြင်းထန် ၊ နမ့်ဆန် ကွမ်ဟယ်ရွာ ဗုံးကြဲတိုက်ခိုက်ခံရ

ဗုံးကြဲတိုက်ခိုက်ခံထားရတဲ့မြင်ကွင်း

ဓာတ်ပုံ ရင်းမြစ်, PSLF/TNLA

ဓာတ်ပုံ ပုံစာ, ဗုံးကြဲတိုက်ခိုက်ခံထားရတဲ့မြင်ကွင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့အနီးက ကင်းချောင်းရွာမှာ မနေ့ ဇန်နဝါရီ ၁၁ ရက်ကနေ ဒီကနေ့ဇန်နဝါရီ ၁၂ ရက်အထိ စစ်ကောင်စီတပ်နဲ့ တအာင်းတပ် -TNLA နဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေကြား တိုက်ပွဲပြင်းထန်နေတာကြောင့် စစ်တပ်က ဒီနေ့ မနက်ပိုင်းက လေယာဉ်တွေနဲ့ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ဒေသခံအချို့က ဘီဘီစီကိုပြောပါတယ်။

ကင်းချောင်းရွာက မိုးမိတ်ကနေ မန္တလေးဘက်အထွက် မြို့ပြင်နားမှာရှိတဲ့ ကျေးရွာတစ်ခုဖြစ်ပါတယ်။ ကင်းချောင်းရွာအခြေစိုက် စစ်တပ်စခန်းကို TNLA နဲ့ PDF ပူးပေါင်းတပ်တွေက ဒီနေ့မနက်ပိုင်းလောက်မှာ ထိန်းချုပ်လိုက်တာကြောင့် စစ်တပ်က လေယာဉ်တွေနဲ့ ဗုံးကြဲပစ်ကူပေးနေတာလို့ မြေပြင်အခြေအနေသိရှိတဲ့ဒေသခံတစ်ဦးရဲ့ အပြောအရသိရပါတယ်။

လက်ရှိအချိန်မှာ ကင်းချောင်းရွာအဝင်အထွက်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-PDF တွေက ထိန်းချုပ်ထားပြီး ကင်းချောင်း- မိုးမိတ်လမ်းကို သွားလာလို့ မရဘူးလို့ဆိုပါတယ်။

တစ်ဖက်မှာလည်း နမ့်ဆန်မြို့၊ ကွမ်ဟွယ်ကျေးရွာမှာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ မနေ့ ဇန်နဝါရီ ၁၁ ရက်ညနေပိုင်းမှာ စစ်တပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်သွားတယ်လို့ နမ့်ဆန်ဒေသခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

TNLA ဘက်ကလည်း စစ်တပ်ရဲ့ အဲဒီလို ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကွမ်ဟွယ်ရွာက ပါရမီလက်ဖက်စက်ရုံ ထိမှန်ပျက်စီးခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ကြေညာထားပါတယ်။

ဒါအပြင် နမ္မတူမြို့က မန်လီကျေးရွာကိုလည်း စစ်တပ်က လေကြောင်းအသုံးပြုပြိး တိုက်ခိုက်ခဲ့တာကြောင့် စာသင်ကျောင်နဲ့ အရပ်သားနေအိမ် ၃ လုံးပျက်စီးသွားတယ်လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။ စစ်ကောင်စီဘက်ကတော့ မိုးမိတ်နဲ့ နမ့်ဆန်မြို့တို့က အခြေအနေနဲ့ပတ်သက်လို့ သတင်းထုတ်ပြန်လာတာ မရှိသေးပါဘူး။

''ဝ'' ဒေသ နမ့်တစ် ထဲမှာ စစ်ရှောင်နေတဲ့ အရပ်သားတွေ ပြန်ကြဖို့ UWSA ကြေညာ

ပြီးခဲ့တဲ့ နိုဝင်ဘာက ကိုးကန့်၊လောက်ကိုင်ကဒေသခံတွေ စစ်ဘေးရှောင်ခဲ့ကြပုံ

ဓာတ်ပုံ ရင်းမြစ်, CJ

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

၁၀၂၇ စစ်ဆင်ရေးကြောင့် ကိုးကန့်ဒေသထဲတိုက်ပွဲတွေပြင်းထန်ခဲ့တဲ့အတွက် '' ဝ'' ဒေသ နမ့်တစ်မြို့ထဲ မှာ စစ်ဘေးတိမ်းရှောင်နေကြတဲ့ ကိုးကန့်ထဲကအရပ်သားတွေပြန်ကြဖို့ UWSA ''ဝ'' တပ်ဖွဲ့နဲ့ အုပ်ချုပ်ရေးအဖွဲ့က စာထုတ်ပြန်အသိပေးထားတယ်လို့ နမ့်တစ်ဒေသခံတွေဆီကသိရပါတယ်။

အဲဒီစာထဲဖော်ပြချက်အရ ကိုးကန့်ဒေသမှာစစ်ပွဲပြီးဆုံးသွားပြီဖြစ်လို့ ကိုးကန့်ကအရပ်သားတွေ စိတ်ချလက်ချပြန်နိုင်ပြီဆိုတာနဲ့ နမ့်တစ်မြို့ အနေနဲ့ ဇန်နဝါရီ ၁၂ ရက်နောက်ပိုင်း မှာ စစ်ဘေးရှောင်တွေကို ဆက်ပြီးလက်ခံတော့မှာမဟုတ်ဘူးလို့ ပြောကြားထားပါတယ်။

'' နမ့်တစ်ထဲစစ်ရှောင်နေတဲ့ လောက်ကိုင်က အရပ်သားတွေ မနေ့ကစပြီး လောက်ကိုင်ကိုပြန်နေကြပြီ။ဒီနေ့ဆို ချင်းရွှေဟော်မှာတောင် ကားတန်းရှည်ကြီးဖြစ်နေတယ်'' လို့ ‌နမ့်တစ်မြို့အခြေအနေသိရှိသူတစ်ဦးကပြောပါတယ်။

"ဝ"ပြည်သွေးစည်းညီညွတ်ရေးပါတီ ဗဟိုကော်မတီအနေနဲ့ တိုက်ပွဲပြင်းထန်ခဲ့တဲ့ကာလအတွင်း စစ်ဘေးရှောင်ပြည်သူတွေကို စားသောက်စရာ၊ နေစရာ၊ လိုအပ်တဲ့ဆေးဝါး‌တွေနဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေလုပ်ပေးခဲ့တယ်လို့ ပြောထားပါတယ်။

တရုတ်ကမကလုပ်ပေးမှုနဲ့ စစ်တပ်နဲ့ မြောက်ပိုင်းညီနောင် ၃ ဖွဲ့ကြား အပစ်ရပ်သဘောတူညီချက်ရရှိခဲ့တဲ့ တတိယအကြိမ် ကူမင်းဆွေးနွေးပွဲဟာ မနေ့ ဇန်နဝါရီ ၁၁ ရက်ညပိုင်းမှာ ပြီးစီးခဲ့ပါတယ်။

ရှမ်းမြောက်ဒေသမှာ အပစ်ရပ်သဘောတူညီချက်ရရှိခဲ့တဲ့နောက် ဒီကနေ့ မှာတော့ ''ဝ'' တပ်ဖွဲ့ဘက်က အခုစာကိုထုတ်ပြန်လာသလို ရှမ်းမြောက်မှာ ဒီကနေ့ ဇန်နဝါရီ ၁၂ ရက်မှာ တိုက်ပွဲတွေငြိမ်နေတယ်လို့ ပြောဆိုမှုတွေရှိနေပါတယ်။

စစ်ကိုင်း၊ ဘုတလင်နဲ့ ကန့်ဘလူတဝိုက်က ရွာတွေမီးရှို့ခံနေရ

အရပ်သားနေအိမ် မီးလောင်ကျွမ်းနေတဲ့မြင်ကွင်း

ဓာတ်ပုံ ရင်းမြစ်, ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့

ဓာတ်ပုံ ပုံစာ, အရပ်သားနေအိမ် မီးလောင်ကျွမ်းနေတဲ့မြင်ကွင်း

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့မှာ ရှိတဲ့ ကြက်ရိုးကုန်းရွာကို စစ်ကောင်စီစစ်ကြောင်းဝင်ရောက်ပြီး ဒီကနေ့ ဇန်နဝါရီ ၁၂ ရက် မနက်ပိုင်းကစပြီး ရွာထဲကနေအိမ်တွေကိုမီးရှို့ခဲ့ တယ်လို့ ဒေသခံအချို့က ဘီဘီစီကို အတည်ပြုပြောဆိုပါတယ်။

“ဒီမနက်ကပဲ ရှို့နေတာ ရွာသားတွေတော့ ထွက်ပြေးကုန်ကြပြီ” လို့ ဒေသခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

ကြက်ရိုးကုန်းရွာက ဘုတလင်မြို့ကနေ ၈ မိုင်ဝန်းကျင်လောက်သာ ကွာဝေးပြီး အိမ်ခြေ ၁၂၀ ကျော်ဝန်းကျင်ရှိပါတယ်။

စစ်တပ်က ရွာကို မီးဝင်ရှို့ပြီးနောက် ဘုတလင်မြို့ပေါ်အပြန်လမ်းမှာ ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ထိပ်တိုက်တွေ့ပြီး တိုက်ပွဲဖြစ်နေတယ်လို့ သိရပါတယ်။ စစ်တပ်က ရွာထဲကို ဝင်လာတဲ့ အချိန်ကစပြီး ရွာသားတွေ ဘေးလွတ်ရာ ထွက်ပြေးနေတာကြောင့် အပျက်အစီး အဆုံးအရှုံးကိုတော့ အခုအချိန်ထိ မသိရသေးဘူးလို့ဆိုပါတယ်။

မနေ့ ဇန်နဝါရီ ၁၁ ရက်မှာလည်း ဘုတလင်ကနေ မုံရွာဘက်အထွက် မြို့ပြင်နားမှာ စစ်တပ်နဲ့ ကာကွယ်ရေးတပ်တွေကြား ထိတွေ့တိုက်ပွဲဖြစ်ထားတယ်လို့ မြေပြင်အခြေအနေသိရှိတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဘုတလင်မြို့ပေါ်မှာတော့ တိုက်ပွဲဖြစ်ပွားတာ မရှိသေးပေမယ့် သေနတ်ပစ်သံတွေကတော့ နေ့တိုင်းလိုလို ကြားနေရတယ်လို့ ဘုတလင်မြို့ခံတစ်ဦးရဲ့ အပြောအရသိရပါတယ်။

တစ်ဖက်မှာလည်း ကန့်ဘလူမြို့အနီးက ကိုးမြို့ရွာနဲ့ တောင့်တည်းကုန်းရွာတွေကို စစ်တပ်က မနေ့ ဇန်နဝါရီ ၁၁ ရက်မှာ မီးရှို့သွားတာကြောင့် အရပ်သားနေအိမ် ၃၀ ထက်မနည်း ပျက်စီးသွားတယ်လို့ ဒေသခံတွေက ဘီဘီစီကိုပြောပါတယ်။

ကန့်ဘလူမြို့၊ တင်ငုတ်ကြီးကျေးရွာအခြေစိုက် စစ်ကောင်စီတပ်နဲ့ အရပ်အခေါ်- ပျူစောထီးတို့ ပူးပေါင်းထားတဲ့ တပ်စခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေက မနေ့ ဇန်နဝါရီ ၁၁ ရက်မှာ တိုက်ခိုက်သိမ်းပိုက်ခဲ့တာကြောင့် စစ်တပ်က အနီးနားက ရွာတွေကိုမီးရှို့သွားတာလို့ ဒေသခံရဲ့အပြောအရ သိရပါတယ်။

အမျိုးသား ညီညွတ်ရေးအစိုးရ-NUG ကတော့ တင်ငုတ်ကြီးကျေးရွာက စစ်ကောင်စီတပ်စခန်းကို ကန့်ဘလူပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေက သိမ်းပိုက်ခဲ့ပြီး စစ်လက်နက်ပစ္စည်းတွေ ရရှိခဲ့တယ်လို့ မနေ့က ထုတ်ပြန်ကြေညာထားပါတယ်။

လက်ရှိမှာတော့ မီးရှို့ခံရတဲ့ ကိုးမြို့ရွာနဲ့ တောင့်တည်းကုန်းရွာက ဒေသခံတွေအပါအဝင် အနီးနားကျေးရွာ ၉ ခုက ဒေသခံ ၉,၀၀၀ ထက်မနည်း ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသတွင်းမီဒီယာတွေမှာ ဖော်ပြထားကြပါတယ်။

စစ်ကောင်စီဘက်ကတော့ စစ်ကိုင်းတိုင်းက အခြေအနေတွေနဲ့ ပတ်သက်လို့ သတင်းထုတ်ပြန်လာတာမရှိသေးပါဘူး။

လားရှိုးမြို့ တဝိုက်မှာ တိုက်ပွဲပြင်းထန်နေ

ဖျက်ဆီးခံလိုက်ရတဲ့ နားကွန်တံတား

ဓာတ်ပုံ ရင်းမြစ်, ပေးပို့

ဓာတ်ပုံ ပုံစာ, ဇန်နဝါရီ ၁၁ ရက်ညပိုင်းက ဖျက်ဆီးခံထားရတဲ့ နားကွန်တံတား

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ်ထဲက တာပုံရွာဘက်မှာ စစ်ကောင်စီတပ်နဲ့ တအာင်းတပ်-TNLA တို့ မနေ့ ဇန်နဝါရီ ၁၁ ရက်နေ့ကစပြီး ဒီကနေ့အထိ တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံအချို့က ဘီဘီစီကိုပြောပါတယ်။

တိုက်ပွဲအတွင်း စစ်​ကောင်စီတပ်ရဲ့ ဆင်တောင်တပ်စခန်းဘက်ကနေ တာပုံရွာမှာ တပ်စွဲထားတဲ့ ၆၈ တပ်ဘက်ကို ဟောင်ဝှစ်ဇာလက်နက်ကြီးတွေနဲ့ ဒီမနက်အထိ ပစ်ကူပေးနေတယ်လို့ မြေပြင်အခြေအနေသိရှိတဲ့ဒေသခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

“၆၈ တပ်ဘက်ကို ဆင်တောင်ဘက်ကနေ ပစ်ကူပေးနေတာ၊ အသံတွေ အရမ်းကျယ်ပြီး ခပ်စိပ်စိပ်ပစ်နေတာ” လို့ သူကဆိုပါတယ်။

လားရှိုးမြို့ပေါ်မှာတော့ ဒီကနေ့ ဇန်နဝါရီ ၁၂ ရက်မနက်ပိုင်းမှာပစ်ခတ်သံတွေမကြားရဘဲ မနေ့ညပိုင်း ၉ နာရီအထိကတော့ ပစ်ခတ်သံတွေရှိခဲ့တယ်လို့မြို့ခံတချို့ကပြောပါတယ်။

မြောက်ပိုင်းညီနောင်သုံးဖွဲ့ကတော့ မနေ့ ဇန်နဝါရီ ၁၁ ရက်မှာ လားရှိုးမြို့နယ်ထဲက ပန်ခေါ်၊ ပန်ဖတ်၊ ကောင်ဖြူကျေးရွာ၊ ပန်နားကျေးရွာ၊ ပန်ဟုံကျေးရွာနှင့် ကုန်းဆာကျေးရွာတွေဘက်ကို စစ်ကောင်စီဘက်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ကြေညာထားပါတယ်။

တစ်ချိန်တည်းမှာပဲ လားရှိုး-နမ္မတူသွားလာလို့ရတဲ့ နားကွန်တံတားလည်း မနေ့ညက ဖျက်ဆီးခံလိုက်ရတယ်လို့ နမ္မတူကနေ လာတဲ့ ဒေသခံတစ်ဦးကပြောပါတယ်။

“အီနိုင်းတံတားမရှိတော့ ဒီနတ်ကွန်တံတားကိုပဲ အားကိုးနေရတာ။ အခုတံတားက ကျိုးနေတော့ ဖောင်စီးပြီးကူးနေရတယ်” လို့ ဒေသခံရဲ့အပြောအရ သိရပါတယ်။

လားရှိုး-နမ္မတူ အဓိက ဆက်သွယ်ထားတဲ့ အီနိုင်းတံတားဟာလည်း ပြီးခဲ့တဲ့ ဇန်နဝါရီ ၂ ရက်နေ့က ဖျက်ဆီးခံထားရတာဖြစ်ပါတယ်။

လားရှိုးမြို့ပေါ်က ဒေသခံအများစုကတော့ မြို့ပေါ်မှာ တိုက်ပွဲဖြစ်လာပြီး စစ်တပ်ဘက်က လေကြောင်းတိုက်ခိုက်မှုတွေ လုပ်လာမှာကို စိုးရိမ်တာကြောင့် ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ သိရပါတယ်။

တပ်မိသားစုဝင်အများစုနဲ့ တပ်နဲ့ နီးတဲ့ရပ်ကွက်မှာ နေထိုင်တဲ့ဒေသခံအချို့ကတော့ ဇန်နဝါရီ ၅ ရက်နေ့ကတည်းက မြို့ကိုစွန့်ခွာပြီး တိမ်းရှောင်နေကြတာဖြစ်ပါတယ်။

စစ်ကောင်စီဘက်ကတော့ လားရှိုးဘက်က တိုက်ပွဲနဲ့ပတ်သက်လို့ သတင်းထုတ်ပြန်လာတာ မရှိသေးပါဘူး။

သိမ်းပိုက်ထားတဲ့မြို့တွေကို တရားမျှတမှုရှိတဲ့ ဥပဒေရေးဆွဲပြဌာန်းပြီးအုပ်ချုပ်မယ်လို့ TNLAဥက္ကဋ္ဌ ပြော

တအာင်းတပ်(PSLF/TNLA) ရဲ့ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး တားအိုက်ဘုန်း

ဓာတ်ပုံ ရင်းမြစ်, SPM

၁၀၂၇ စစ်ဆင်ရေးအတွင်း တိုက်ခိုက်သိမ်းပိုက်ထားတဲ့ မြို့တွေကို တရားမျှတမှုရှိတဲ့ ဥပဒေရေးဆွဲပြဌာန်းပြီးအုပ်ချုပ်မယ်လို့ တအာင်းတပ်(PSLF/TNLA) ရဲ့ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး တားအိုက်ဘုန်းက ပြောပါတယ်။

ဒီကနေ့ ဇန်နဝါရီ ၁၂ ရက်မှာ ကျရောက်တဲ့ ၆၁ နှစ်မြောက်တအာင်းတော်လှန်ရေးနေ့ မိန့်ခွန်းမှာ တားအိုက်ဘုန်းက ထည့်ပြောတာဖြစ်ပါတယ်။

တားအိုက်ဘုန်းရဲ့ မိန့်ခွန်းထဲမှာ " ဒေသခံ တိုင်းရင်းသားလူမျိုး မခွဲခြားဘဲ မှန်ကန်မျှတတဲ့ တရားဥပဒေစနစ်အပေါ် အခြေခံပြီး တရားမျှတမှုရှိတဲ့ ဥပဒေရေးဆွဲ ပြဌာန်းပြီးတော့ လုံခြုံရေးနဲ့ အုပ်ချုပ်ရေး ယန္တရားအသစ် စတင်လည်ပတ်နိုင်အောင် လက်တွေ့ပူးပေါင်းဖော်ဆောင်သွားမှာဖြစ်တယ်" လို့ ပြောထားပါတယ်။

လက်ရှိမှာ TNLA ဟာ နမ့်ဆန်၊ မန်တုံ၊ နမ္မတူ၊ မိုင်းငေါ့၊ မိုင်းလုံ၊ နမ့်ခမ်းနဲ့ ကွတ်ခိုင်စတဲ့ ၇ မြို့ကိုသိမ်းပိုက်ထားတာဖြစ်ပါတယ်။

ဒါအပြင် သိမ်းပိုက်ထားတဲ့ မြို့တွေထဲမှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားတဲ့ ဒေသခံလူထုတွေရဲ့ အိုးအိမ်တွေကို ပြန်လည်ထူထောင်နိုင်ဖို့ ဦးစားပေးအဆင့်အနေနဲ့ ဆောင်ရွက်သွားမယ်လို့ ဆိုပြီး ပြည်ပရောက်တအားင်းလူငယ်တွေက ပြန်လည်ထူထောင်ရေးမှာပါဝင်ကြဖို့ဆိုပြီး တိုက်တွန်းပြောထားပါတယ်။

၂၀၂၄ ခုနှစ်မှာ စစ်ရေးအရှိန်ပိုပြင်းထန်လာနိုင်လို့ လူထုအနေနဲ့ ရိက္ခာတွေကိုအလေအလွင့်မရှိစနစ် တကျသုံးစွဲကြဖို့ဆိုပြီး ဖျက်အားပြင်းလက်နက်တွေ တပ်ဆင်ပြီး လေကြောင်းတိုက်ခိုက်မှုပိုလုပ်လာနိုင်တာကြောင့် ဒေသခံလူထုတွေ စစ်ရေးသတိရှိကြဖို့ကိုလည်း ထည့်ပြောထားပါတယ်။

ဒီကနေ့ ကျရောက်တဲ့ ၆၁ နှစ်မြောက် တအာင်းတော်လှန်ရေးနေ့ကို သဝဏ်လွှာပေးပို့ပြီး တစ်ဖွဲ့ရဲ့ အခက်ခဲဟာ အားလုံးရဲ့အခက်ခဲဖြစ်ပြီး တစ်ဖွဲ့ရဲ့အောင်မြင်မှုဟာ အားလုံးရဲ့အောင်မြင်မှုဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

စစ်တပ်နဲ့ ညီနောင် ၃ဖွဲ့ကြား ယာယီအပစ်ရပ်ဖို့ သဘောတူ

တအာင်းတပ် - TNLA  တပ်ဖွဲ့ဝင်တွေ

ဓာတ်ပုံ ရင်းမြစ်, Shwe Phee Myay

တရုတ်ကမကထလုပ်မှုနဲ့ ၃ ကြိမ်မြောက် ၃ ရက်ကြာဆွေးနွေးခဲ့တဲ့ ကူမင်းဆွေးနွေးပွဲမှာ ရှမ်းမြောက်ဒေသမှာ ယာယီအပစ်ရပ်ဖို့ သဘောတူခဲ့တယ်လို့ ဆွေးနွေးပွဲအကြောင်းသိရှိသူက‌ ဘီဘီစီကိုပြောပါတယ်။

ဇန်နဝါရီ ၉ ရက်ကနေ ၁၁ ရက်အထိ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ် ကူမင်းမှာ ၃ ရက်ကြာဆွေးနွေးခဲ့တဲ့ စစ်ကောင်စီနဲ့ မြောက်ပိုင်းမဟာမိတ် ညီနောင် ၃ ဖွဲ့ကြား ဆွေးနွေးပွဲဟာ အကျေအလည်ပြောဆိုရမှုတွေရှိခဲ့ပြီး နောက်ဆုံးရက်မှာတော့ ရှမ်းပြည်မြောက်ပိုင်းမှာ အပစ်ရပ်ဖို့ ဆွေးနွေးနိုင်ခဲ့တာလို့ဆိုပါတယ်။

ဒီတစ်ခေါက်မှာလည်း စစ်ကောင်စီရဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ - NMSC က ဒုတိယဗိုလ်ချုပ်ကြီးမင်းနိုင် ဦးဆောင်တာလို့ဆိုပြီး မြောက်ပိုင်းမဟာမိတ်တပ် ၃ ဖွဲ့ဖြစ်တဲ့ ကိုးကန့်တပ် - MNDAA ၊ တအာင်းတပ် - TNLA နဲ့ ရက္ခိုင့်တပ်တော် AA တို့တက်ရောက်တယ်လို့ပြောပါတယ်။

'' ဆွေးနွေးပွဲက ညက(ဇန်နဝါရီ ၁၁ ရက်) မြန်မာချိန် ၉ နာရီလောက်မှပြီးပါတယ်။ အပစ်ရပ်ဖို့ဆွေးနွေးခဲ့တယ်။ အဓိကကတော့ ရှမ်းမြောက်အတွက်ပါ။ နှစ်ဖက်လုံးကလိုက်နာရင်တော့ ခိုင်မာမှာပေါ့'' လို့ ဆွေးနွေးပွဲအကြောင်းသိရှိသူကပြောပါတယ်။

တတိယအကြိမ်ဆွေးနွေးပွဲဟာ ဒုတိယအကြိမ်ဆွေးနွေးပွဲမှာ မပြတ်ခဲ့တဲ့ နယ်မြေပိုင်းဖြတ်မှုနဲ့ နယ်စပ်ကုန်သွယ်ရေးပြန်ဖွင့်ဖို့ဆိုတဲ့ အပေါ် အခြေခံဆွေးနွေးသလို တအာင်းတပ် - TNLA ရဲ့ နယ်မြေထိန်းချုပ်ထားနိုင်မှုနဲ့ စစ်ရေးအခြေအနေပေါ်မှာ အဓိကဆွေးနွေးစရာဖြစ်ခဲ့တယ်လို့ဆိုပါတယ်။

ဒါပေမဲ့ စစ်တပ်နဲ့ ညီနောင် ၃ ဖွဲ့ကြားက လိုလားချက်နဲ့ တောင်းဆိုချက်တွေကိုတော့ တိတိကျကျသိရတာမရှိသေးပါဘူး။

ဒါအပြင် ရှမ်းမြောက်ဒေသအပစ်ရပ်လို့ဆိုတာကြောင့် ရက္ခိုင့်တပ်တော် အေအေ ဦးဆောင်တဲ့ ညီနောင် ၃ ဖွဲ့ရဲ့ ရခိုင်ပြည်နယ်တွင်း ‌တိုက်ပွဲတွေနဲ့ပတ်သက်လို့ကတော့ တိတိကျကျသိရတာ မရှိသေးပါဘူး။

မနေ့က အပစ်ရပ်သဘောတူညီချက်ရခဲ့တယ်ဆိုတာကို ပတ်သက်လို့ TNLA နဲ့ နီးစပ်သူတစ်ဦးကလည်း အတည်ပြုပါတယ်။ ဒါပေမဲ့ အသေးစိတ်ဆွေးနွေးချက်တွေကို နှစ်ဖက်လုံးကို ဘီဘီစီကဆက်ပြီးမေးမြန်းနေပါတယ်။

မနေ့ညနေပိုင်း ကူမင်းဆွေးနွေးပွဲ‌နောက်ဆုံးရက်မှာ နှစ်ဖက်ကြားဆွေးနွေးမှုတွေ အတွက် ကြိတ်ကြိတ်နယ်နယ်ပြောဆိုကြတဲ့ အခြေအနေမှာပဲ အ‌ရှေ့မြောက်တိုင်းစစ်ဌာနချုပ်- ရမခ ရှိရာ လားရှိုးမြို့မှာ ပစ်ခတ်မှုတွေပြင်းထန်ခဲ့ပါတယ်။

'' မနေ့ကလားရှိုးမှာ ညနေပိုင်း‌လောက်စပြီးအပစ်အခတ်ပြင်းထန်တာ၊ ည ၈ နာရီခွဲကျမှ ရပ်သွားတယ်။ အခုမနက်တော့ ပုံမှန်ပြန်ဖြစ်နေတယ်'' လို့ ရှမ်းမြောက်မှာ တစ်ခုတည်းကွက်ကျန်နေတဲ့ လားရှိုးမြို့ အခြေအနေကို စောင့်ကြည့်နေတဲ့ ‌စစ်ရေးအခြေအနေစောင့်ကြည့်သူတစ်ဦးကပြောပါတယ်။