ဖေဖော်ဝါရီ ၆ ရက် ညနေခင်း နိုင်ငံတကာ ထိပ်တန်းသတင်းများ

Turkey Earthquake

ဓာတ်ပုံ ရင်းမြစ်, Getty Images

ရေးသားခဲ့သည်။

တူရကီမှာ ဒုတိယ ပြင်းအားပြင်း ငလျင် တခု ထပ်လှုပ်

တူရကီ တောင်ပိုင်းနဲ့ ဆီးရီးယားအနောက်မြောက် ဒေသမှာ နောက်ထပ် အင်အား ပြင်း ငလျင် တခု ထပ်လှုပ်သွားပါတယ်။

ဒေသစံတော်ချိန် အာရုဏ် မကျင်းခင်က ပထမ ငလျင် လှုပ်ခဲ့ပြီး အဆောက်အဦ ထောင်ပေါင်းများစွာ ပြိုကျခဲ့ပြီးဦ နောက်နာရီအနည်းငယ် အကြာမှာ အခု ဒုတိယ ငလျင် လှုပ်ခတ်တာပါ။

ငလျင်ဒဏ်ကြောင့် လူအနည်းဆုံး ၁၅၀၀ သေဆုံးခဲ့ရပြီး မြို့တွေ ရွာတွေထဲမှာ ပြိုပျက်ကျနေတဲ့ အိမ်တွေ၊ အဆောက်အဦတွေရဲ့ အပျက်အဆီးပုံတွေအောက်မှာ နောက်ထပ် သေဆုံးသူတွေကို ကယ်ဆယ်ရေး ဝန်ထမ်းတွေ ထပ်တွေ့ နေပါတယ်။

ထောင်နဲ့ချီတဲ့ လူ‌တွေ လည်း ဒဏ်ရာ ရခဲ့ပါတယ်။

တူရကီ သမ္မတ ရာဂျစ် တာရစ် အာဒိုဝန်က ၁၉၃၉ ခုနှစ် နောက်ပိုင်း အကြီးဆုံးသော သဘာဝဘေးကို ကြုံနေရတာလို့ ဆိုပြီး “ငလျင်ကယ်ဆယ်ရေးနဲ့ ပတ်သက်ပြီး အလျင်အမြန် တုံ့ပြန်ဆောင်ရွက်နေပါတယ် ။ စစ်တပ် နဲ့ စည်ပင် အပါအဝင် ဌာနပေါင်းစုံကနေ ကယ်ဆယ်ရေး လုပ်ငန်းပိုင်းတွေကို ဝိုင်းဝန်း ကူညီ ဆောင်ရွက် နေတယ်” လို့ ပြောပါတယ်။

စစ်ပွဲတွေဖြစ်နေတဲ့ ဆီးရီးယားမြောက်ပိုင်းမှာလည်း အသေအပျောက် အများအပြား ဖြစ်ခဲ့ပြီး လက်နက်ကိုင် ဆန့်ကျင်သူတွေ ထိန်းချုပ်ထားရာ ဒေသမှာ လူပေါင်း ၂၀၀ ကျော် သေဆုံးခဲ့တယ်ဆိုတဲ့ သတင်းတွေလည်း ထွက်နေပါတယ်။

အဲဒီဒေသက နယ်စပ် နှစ်ဖက်လုံးက စခန်းတွေမှာ ဆီးရီးယား ဒုက္ခသည်တွေ သန်းနဲ့ချီ ပြီး နေနေကြတာပါ။

ဒုတိယ ငလျင်က ပထမ ငလျင်ထက်အနည်းငယ်သာ ပြင်းအား နည်းပြီး ရစ်ချတာ စကေး ၇.၅ ထိ ရှိကာ တူရကီ ဂါဇီယန် တက် ပြည်နယ်ကို ဗဟိုပြုပြီး လှုပ်ခတ်ခဲ့ ပါတယ်။

ငလျင်ဘေးဒဏ်ခံရသူတွေကို ကူညီဖို့ နိုင်ငံပေါင်း ၅၀ လောက်က ကမ်းလှမ်း ထားတယ် လို့လည်း တူရကီ သမ္မတ အာဒိုဝန်က ပြောပါတယ်။

ဥရောပ သမဂ္ဂ က ရှာဖွေရေး နဲ့ကယ်ဆယ်ရေး အဖွဲ့တွေ တူရကီကို စေလွှတ်ဖို့ လုပ်နေပြီး နယ်သာလန် နဲ့ ရိုမေးနီးယားက ကယ်ဆယ်ရေးအဖွဲ့တွေလည်း တူရကီကို သွားနေကြပါပြီ။

ဆီးရီးယားက သူတို့ကို ကူညီဖို့ ပြောတာမျိုး မရှိသေးဘူးလို့ အီးယူက ပြောပါတယ်။

အိန္ဒိယ၊ အစ္စရေး နဲ့ အမေရိကန်နိုင်ငံတွေလည်း တူရကီကို အကူအညီပေးမယ်ဆိုပြီး ကမ်းလှမ်းထားတဲ့ နိုင်ငံတွေထဲမှာ ပါဝင်ပါတယ်။

နေတိုး (NATO) ကလည်း တူရကီကို ကူညီဖို့ ပြင်ဆင်နေပါတယ်။

ရုရှား သမ္မတ ဗလာဒီမီယာ ပူတင်က တူရကီကို ရော၊ ဆီးရီးယား ကိုပါ ကူညီမယ်လို့ ကမ်းလှမ်းထားပါတယ်။

တရုတ်ဘောလုံးပျံ နောက်ဆက်တွဲ သတင်း

China Ballon

ဓာတ်ပုံ ရင်းမြစ်, Reuters

လက်တင်အမေရိကတိုက်ပေါ်မှာ ပျံဝဲခဲ့တဲ့ ဘောလုံးကြီးဟာ သူတို့ ဆီက ဆိုတာကို တရုတ်အစိုးရက ဝန်ခံလိုက်ပါတယ်။

ဒီဘောလုံးပျံဟာ အရပ်ဘက်သုံးအတွက်သာဖြစ်ပြီး လေနဲ့မျောပါကာ လမ်းကြောင်း ပြောင်းသွားခဲ့တာလို့ အစိုးရ ပြောခွင့်ရ ပုဂ္ဂိုလ် အမျိုးသမီး တယောက်က ပြောပါ တယ်။

သူတို့ပိုင်နက်မှာ ဘောလုံးပျံတလုံးကို တွေ့ရတဲ့အတွက် အမေရိကန်က သူတို့ လေတပ်ကနေ ပစ်ချလိုက်တယ်လို့ စနေနေ့က ပြောပါတယ်။

ပင်လယ်ထဲမှာ ပျက်ကျသွားတဲ့ အပျက်အဆီးတွေကို အမေရိကန် ရေတပ် ရေငုပ်သမားတွေက လိုက်ရှာနေကြပါတယ်။

ဒီဘောလုံးကို တရုတ်တွေက ရာသီဥတု တိုင်းတာ စောင့်ကြည့်တာလို့ ပြောပြီး အမေရိကန် ကတော့ သူလျှိုလုပ်တဲ့ ဘောလုံးလို့ ဆိုပါတယ်။

ဒီအရေးကြောင့် ဝါရှင်တန် နဲ့ ဘေဂျင်း အကြား သံတမန်ရေး အဆင်မပြေတာတွေ ဖြစ်နေပါတယ်။

သြစတြေးလျ ဌာနေ တိုင်းရင်းသားဒေသတွေမှာ အရက်ပိတ်ပင်ဖို့ လုပ်နေ

Australia parliament

ဓာတ်ပုံ ရင်းမြစ်, Getty Images

သြစတြေးလျ အလယ်ပိုင်းက ဌာနေတိုင်းရင်းသားတွေနေထိုင်ရာ ဒေသမှာ အရက် ပိတ်ပင်တဲ့ တားမြစ်ချက်ကို ပြန်လည်ထုတ်ပြန်ဖို့ ပြင်ဆင်နေပါတယ်။

ဒီတားမြစ်ချက်ကို အရင်ကလည်း လုပ်ခဲ့ဖူးပြီး ဒီတားမြစ်ချက်ဟာ လူမျိုးရေး ခွဲခြား တာဖြစ်သလို ထိရောက်မှုလည်း မရှိတဲ့အတွက် အငြင်းပွားစရာ တားမြစ်ချက် ဖြစ်ခဲ့ တာပါ။

ရပ်ရွာအသိုင်းအဝိုင်းအတွင်း ရာဇဝတ်မှုနဲ့ အကြမ်းဖက် ရန်ဖြစ် တိုက်ခိုက်ကြ တာတွေ တိုးပွားလာတဲ့အတွက် ဒီဥပဒေကို လာမယ့် သီတင်းပတ်ကျရင် ပါလီမန်မှာ အတည်ပြုနိုင်အောင်လုပ်မယ်လို့ မြောက်ပိုင်းနယ်‌မြေ ဝန်ကြီးချုပ်က သတင်း ထောက် တွေကို ပြောပါတယ်။

ဒီအရက် ပိတ်ပင်ချက် ဥပဒေမှာ ဒေသခံအသိုင်းအဝိုင်း ၆၀ ရာခိုင်နှုန်းက ပြန် ရုတ်သိမ်းဖို့ မဲပေးမှသာ ပြန်လည် ပယ်ဖျက်မယ်ဆိုတဲ့ အချက်လည်းပါဝင်ပါတယ်။

သြစတြေးလျ ဝန်ကြီးချုပ် အန်တိုနီ အယ်လ်ဘန်နီကလည်း ဌာနေတိုင်းရင်းသား အသိုင်းအဝန်းမှာ မျိုးဆက်လိုက် ချီနေတဲ့ ဒီပြဿနာ ရှိနေတာကြောင့် အခုလို တားမြစ်ချက်နဲ့မှသာ ဖြေရှင်းနိုင်လိမ့်မယ်လို့ ပြောပါတယ်။