ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဇွန် ၁၂ ရက်၊ ထိပ်တန်းသတင်းများ- ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ စတင်ဖွဲ့စည်း
ဆားတောင်စျေးထဲကို Zero ပြောက်ကျားတပ်ဖွဲ့ လက်နက်အပြည့်အစုံနဲ့ သွားခဲ့တဲ့ ရုပ်သံ ထုတ်ပြန်
စစ်ကိုင်းမြို့နယ်ထဲက ဆားတောင်စျေးထဲကို မြင်းခြံ Zero ပြောက်ကျားတပ်ဖွဲ့က လက်နက်အပြည့်အစုံနဲ့ သွားခဲ့တဲ့ ရုပ်သံဖိုင်ကို ဒီကနေ့ ဇွန် ၁၂ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။
Zero ပြောက်ကျားတပ်ဖွဲ့ က အခုလိုလာရောက်ခဲ့တဲ့အကြောင်းကို ဆားတောင် မြို့ခံတစ်ဦးက ဘီဘီစီ ကိုအတည်ပြုပြီး လွန်ခဲ့တဲ့ တစ်ပတ်လောက်က လာခဲ့တာလို့ ပြောပါတယ်။
ရုပ်သံဖိုင်ထဲမှာ မြင်းခြံ Zero ပြောက်ကျားတပ်ဖွဲ့ ခေါင်းဆောင် ကိုသက်ကြီး ကိုပါ တွေ့ရပြီး လက်နက်အပြည့်အစုံနဲ့ ပြောက်ကျားတပ်ဖွဲ့ဝင်တွေက ဝန်းရံထားပါတယ်။
ပြောက်ကျားတပ်ဖွဲ့ဝင်တွေထဲမှာ ပစ္စတိုနဲ့ ရိုင်ဖယ်တွေ သာမကဘဲ ပခုံးထမ်းလောင်ချာကိုပါလွယ်ပြီး လမ်းမပေါ်မှာ လမ်းလျှောက်သွားခဲ့တာကို ရုပ်သံဖိုင်မှာတွေ့ရပါတယ်။
လူစည်ကားတဲ့စျေးမှာ အရင်က ဆန္ဒပြပွဲတွေပြုလုပ်တာမျိုးကိုမြင်ရလေ့ရှိပြီး မြင်းခြံ Zero ပြောက်ကျားတပ်ဖွဲ့ကတော့ စျေးနဲ့ စျေးလမ်းမကိုပါ လက်နက်အပြည့်အစုံ နဲ့ လှည့်လည် လာတာပဲဖြစ်ပါတယ်။
မိုးဗြဲနဲ့ဖယ်ခုံတိုက်ပွဲတွေမှာ ကာကွယ်ရေးတပ်တွေဘက်က နှစ်ရက်အတွင်း ၆ ဦး သေဆုံး
ရှမ်းကယားနယ်စပ်က မိုးဗြဲနဲ့ဖယ်ခုံ မှာ ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေအတွင်း ပြည်သူ့ကာကွယ်ရေးတပ်တွေဘက်က နှစ်ရက်အတွင်း ၆ ဦး သေဆုံးခဲ့တယ်လို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် (MBPDF) ရဲ့ ထုတ်ပြန်ချက်တွေအရသိရပါတယ်။
မိုးဗြဲမြို့ထဲကို အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေ နဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေကြား ဇွန်လ (၁၁) ရက်နေ့က တိုက်ပွဲပြင်းထန်ခဲ့တာဖြစ်ပါတယ်။
စစ်ကောင်စီဘက်က လက်နက်ကြီးတွေ နဲ့ ပစ်ကူပေးခဲ့ပြီး မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF B-03)က တပ်ဖွဲ့ဝင် နှစ်ဦး နဲ့ မြို့ပြတော်လှန်ရေးတပ်ဦး က ရဲဘော် တစ်ဦး သေဆုံးတယ်လို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်က ထုတ်ပြန်ပါတယ်။
စစ်ကောင်စီဘက်ကလည်း အယောက် ၂၀ ထက်မနည်း သေဆုံးနိုင်တယ်လို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်က ခန့်မှန်းပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ဖယ်ခုံမြို့နယ်ထဲက ခေါင်းအိမှာလည်း ဇွန်လ ၁၀ ရက် က တိုက်ပွဲဖြစ်ခဲ့ပြီး
အမှတ်(၂) မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် (MOBYE PDF 2) က နှစ်ဦး လက်နက်ကြီးထိမှန် သေဆုံးခဲ့ပါတယ်။
သေဆုံးသွားတဲ့ စနိုက်ဘာ ရဲဘော် နာတားလက် နဲ့ ကျောင်းသားရဲဘော် မောင်ဂျော်နိုင်တို့ကို သင်္ဂြိုဟ်နေတဲ့ ပုံတွေကို အမှတ်(၂) မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်က ထုတ်ပြန်ခဲ့ပါတယ်။
ညောင်ပင်ကြီးကျေးရွာ ရဲစခန်းဝန်းကျင်က ရပ်ကွက်တွေ မီးထပ်ရှို့ခံရပြီး ရွာလမ်းတွေ ဖျက်ဆီးခံရ
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ထဲမှာ စစ်ကြောင်း ၄ ရက်ဆက်တိုက်ထိုးခံနေရတဲ့ ညောင်ပင်ကြီးကျေးရွာမှာ ရဲစခန်းအနီးက ရပ်ကွက်တွေကို ဒီနေ့မနက်မှာ ဆက်မီးရှို့နေတာတွေရှိသလို ရွာလမ်းတွေကိုလည်း ဘူဒိုဇာနဲ့ ဖျက်ဆီးတာတွေရှိနေတယ်လို့ စစ်ဘေးရှောင်တွေကို ကူညီပေးနေတဲ့ အညာပစ်တိုင်းထောင်လေးများအဖွဲ့ကနေ သိရပါတယ်။
ဒီနေ့မနက် ၁၁ နာရီဝန်းကျင်လောက်မှာ ညောင်ပင်ကြီးရဲစခန်းနားက ထန်းတောနဲ့ သိမ်တော်ရပ်ကွက်တွေဘက်က မီးခိုးလုံးတွေထပ်ထွက်လာတာလို့ ပြောပါတယ်။
“ရွာကို စစ်ကောင်စီတွေ ဝင်နေတာ ၄ ရက်ရှိနေတဲ့ချိန်မှာ မီးက နေ့တိုင်းအရှို့ခံနေရတယ်။ မနေ့ကလည်း မုံရွာကနေ ဘူဒိုဇာကြီးတွေဝင်သွားတာတွေ့တယ်။ လမ်းတွေအဖျက်ဆီးခံထားရတာ သိထားပေမဲ့ ဘယ်လမ်းတွေ ဖျက်ခံရလဲဆိုတာတော့ သေချာ မသိရသေးဘူးပေါ့။ ရွာနားကိုလည်း ဘယ်သူမှ ကပ်လို့ မရသေးဘူးလေ”လို့ အညာပစ်တိုင်းထောင်လေးများအဖွဲ့က တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။
ညောင်ပင်ကြီးကျေးရွာမှာ နေအိမ် ၂၀၀ ဝန်းကျင်ကတော့ မီးရှို့ခံရနိုင်တဲ့အခြေအနေရှိတယ်လို့လည်း သူက ဆက်ပြောပါတယ်။
စစ်ကောင်စီတပ်တွေ ဖမ်းဆီးထားတဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင် ကိုဗန်ကျီရဲ့ ရုပ်အလောင်းကို ချင်းတွင်းမြစ်ကမ်း သဲသောင်ပေါ်မှာ မနေ့က ပြန်တွေ့ခဲ့ပြီး ရိုက်နှက်ထားတဲ့ဒဏ်ရာ၊ အရည်ခွံဆုတ်ခွာထားတဲ့ဒဏ်ရာ၊ ဓားဒဏ်ရာတွေနဲ့ ပြည့်နေတယ်လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းက ညောင်ပင်ကြီးကျေးရွာရဲစခန်းကို ဒေသကာကွယ်ရေးတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့နောက် စစ်ကောင်စီတပ်က လေကြောင်းကနေ လာရောက်ပစ်ခတ်ခဲ့သလို ကျေးရွာတွေထဲ စစ်ကြောင်းဝင် တပ်စွဲပြီး မီးရှို့နေလို့ ညောင်ပင်ကြီးကျေးရွာအုပ်စုထဲက ရွာ ပေါင်း ၈ ရွာထက်မနည်းက ဒေသခံ သုံးထောင်ကနေ လေးထောင်ကြား ထွက်ပြေးတိမ်းရှောင်နေရပြီး ရိက္ခာနဲ့ဆေးဝါးတွေ လိုအပ်နေတယ်လို့ အကူညီပေးရေးအဖွဲ့တွေက ပြောကြပါတယ်။
သရုပ်ဆောင်မေပန်းချီ အလုပ်ကြမ်းနဲ့ထောင်ဒဏ် ၃ နှစ်ချမှတ်ခံရ
သရုပ်ဆောင် မေပန်းချီ ကို ပြီးခဲ့တဲ့ ရက်က အင်းစိန်ထောင်တွင်း စစ်ခုံရုံးကနေ အလုပ်ကြမ်း နဲ့ထောင်ဒဏ် ၃ နှစ် ချမှတ်လိုက်တယ်လို့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
'' သူကမြောက်ဒဂုံရဲစခန်းကနေ တရားစွဲတင်တယ်။ ထောင်တွင်း စစ်ခုံရုံးကနေ အမိန့်ချလိုက်တော့ အမှုစစ်တာ အရမ်းမြန်တယ် '' လို့ အမှုအကြောင်းသိရှိသူက ပြောပြပါတယ်။
ပုဒ်မ ၅၀၅-က နဲ့ အမှုဖွင့်ခံခဲ့ရတဲ့ မေပန်းချီဟာ ကန့်ဘလူ ပဇီကြီးရွာ လေကြောင်းတိုက်ခိုက်ခံရတဲ့ ကိစ္စနဲ့ပတ်သက်ပြီး သူ့ရဲ့လူမှုကွန်ရက်မှာ အနက်ရောင်ပရိုဖိုင် ပြောင်းခဲ့တာကြောင့် ဖမ်းဆီးတရားစွဲဆိုခံခဲ့ရတာလို့ နီးစပ်သူတချို့က ပြောပါတယ်။
မေပန်းချီနဲ့အတူ အဲဒီရက်အတွင်း ဖမ်းဆီးခံခဲ့ရတဲ့ သတင်းစာဆရာဦးကျော်မင်းဆွေ၊ သရုပ်ဆောင်မြတ်သူသူ၊ တေးသံရှင် ရွှေရည်သိန်းတန် နဲ့ မေလသံစဥ်တို့ကိုတော့ အရပ်ဘက် တရားရုံးက စစ်ဆေးတာဖြစ်လို့ စစ်ဆေးနေတုန်းလို့သိရပါတယ်။
ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ စတင်ဖွဲ့စည်း
ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီကို စတင်ဖွဲ့စည်းလိုက်ပြီး စုပေါင်းခေါင်းဆောင်မှု နဲ့ အုပ်ချုပ်ရေးဖော်ဆောင်သွားမယ်လို့ ဒီကနေ့ ဇွန်လ ၁၂ ရက်မှာ ကြေညာပါတယ်။
ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (KNPP)က ခူးဦးရယ် က ကြားကာလအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဖြစ်လာပြီး ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) က ခွန်းဘီးထူး က ဒုတိယ ဥက္ကဋ္ဌ ဖြစ်ပါတယ်။
ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ KARENNI STATE INTERIM EXECUTIVE COUNCIL(IEC) ကို ကောင်စီအဖွဲ့ဝင် ၆ ဦးနဲ့ ကနဦး ဖွဲ့စည်းမှာဖြစ်ပြီး ပြည်နယ်ရေးရာဌာနတွေကို အနည်းဆုံး ၁၂ ခု အထိ ဖွဲ့စည်းသွားမယ်လို့ မျှော်မှန်းထားပါတယ်။
ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) အနေနဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)၊ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)တို့နဲ့ အတူလက်တွဲသွားမှာဖြစ်ပြီး ပြည်တွင်း၊ပြည်ပအင်အားစုတွေနဲ့ ချိတ်ဆက်ဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ပါတယ်။
ကရင်နီပြည်ဟာ တခြားဖက်ဒရယ်ယူနစ်တွေနဲ့လက်တွဲပြီး ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးကြိုးပမ်းအားထုတ်နေတဲ့ အင်အားစုအားလုံးနဲ့ပူးပေါင်းပြီး ပျက်စီးယိုယွင်းနေတဲ့ တိုင်းပြည်အခြေအနေကို အပြောင်းအလဲဖြစ်အောင် လုပ်သွားမယ်လို့ ထုတ်ပြန်ပါတယ်။
ကြားကာလအုပ်ချုပ်ရေးကောင်စီ က ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေရော တရားဥပဒေစိုးမိုးရေးကိုပါဖော်ဆောင်သွားမယ်လို့ ကြေညာပြီး CDM တွေ နဲ့ တတ်သိပညာရှင်တွေကိုပါ ဖိတ်ခေါ်လိုက်ပါတယ်။
၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် ပေါ်ပေါက်လာတဲ့ ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ ရဲ့ နိုင်ငံရေးဦးဆောင်မှု နဲ့ မူဝါဒလမ်းညွှန်ချက်တွေအတိုင်း ကြားကာလအုပ်ချုပ်ရေးကောင်စီ ဇွန်လ ၆ ရက်မှာ ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။
ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ ကရင်နီပြည်အစိုးရသစ်ပေါ်ပေါက်လာတဲ့အချိန်မှာ ကြားကာလအုပ်ချုပ်ရေးကောင်စီကို ရုပ်သိမ်းမယ်လို့ ထုတ်ပြန်ပါတယ်။
ဖမ်းဆီးခံရတဲ့ ပ.အ.ဖ အဖွဲ့ဝင် ကိုဗန်ကျီကို ညှဉ်းပန်းခံရတဲ့ ဒဏ်ရာတွေ၊ ဓားဒဏ်ရာတွေနဲ့ သေဆုံးလျက်ပြန်တွေ့
စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် ညောင်ပင်ကြီးကျေးရွာထဲ စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးတာခံလိုက်ရတဲ့ ဆားလင်ကြီးမြို့နယ်၊ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင် ကိုဗန့်ကျီ ရဲ့ ရုပ်အလောင်းကို မနေ့ ဇွန် ၁၁ ရက်က ညောင်ပင်ကြီးကျေးရွာ သစ်ကွင်းမှာ ပြန်တွေ့ရတယ်လို့ ဒေသခံတွေကပြောပါတယ်။
ကိုဗန်ကျီရုပ်အလောင်းကို ပြန်တွေ့ချိန်မှာ လက်ထိပ်ခတ်ထားသလို လက်ပြန်ကြိုးလည်းတုပ်ထားပြီး ညိုမဲစွဲနေတဲ့ ဒဏ်ရာတွေနဲ့ အတူ ဝမ်းဗိုက်ကို ဓားနဲ့ ထိုးထားတဲ့ ဒဏ်ရာတွေ၊ ရင်ဘတ်မှာ ဓားနဲ့ထိုးထားနဲ့ ဒဏ်ရာတွေ အပါအဝင် ခြေထောက် မှာရိုက်နှက်ခံထားရတဲ့ဒဏ်ရာတွေနဲ့ သေဆုံးလျက် ပြန်တွေ့ရတယ်လို့ မျက်မြင်ဒေသခံတဦးက ပြောပြပါတယ်။
'' သူ့ကို ဖမ်းသွားတာ မေလ ၃၁ ရက်က အခု အလောင်းပြန်တွေ့ရတာက မနေ့ကမှဆိုတော့ ရွာကိုလာတဲ့ တချို့တဝက်က မုံရွာဘက်ပြန်ကြတယ်ကြားတယ်။ ပြန်သွားတဲ့တဝက်က သတ်ခဲ့တာထင်တယ်'' လို့ ဆိုပါတယ်။
မနေ့က ကိုဗန်ကျီရုပ်အလောင်း အနီးမှာ မိုင်းတွေလည်းထောင်ထားခဲ့လို့ အလောင်း သွားသယ်တဲ့ ဒေသကာကွယ်ရေးအဖွဲ့ဝင် တဦးလည်း မိုင်းနင်းမိလို့ ခြေထောက်တဖက်ပြတ်ခဲ့တယ်လို့ ညောင်ပင်ကြီးရွာမှာကယ်ဆယ်ရေးလုပ်ပေးနေတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
လက်ရှိမှာတော့ ညောင်ပင်ကြီးကျေးရွာအုပ်စုထဲ စစ်ကောင်စီတပ်တွေ ဒီကနေ့ အထိ တပ်စွဲထားလို့ ဒေသခံ ၄၀၀၀ နီးပါးထွက်ပြေးနေရပြီး နေအိမ်တွေမီးရှို့ခံထားရတယ်လို့ သိရပါတယ်။
တိုက်ပွဲမှာဒဏ်ရာရခဲ့တဲ့ စစ်သားတွေကို ငပလီ နဲ့ ချောင်းသာကို အပန်းဖြေခရီးပို့
တိုက်ပွဲတွေမှာ ထိခိုက်ဒဏ်ရာရလို့ ဆေးကုသမှုခံယူပြီးတဲ့ အရာရှိ၊ စစ်သည်တွေကို အနားယူ အပန်းဖြေခရီးစဉ်အဖြစ် ချောင်းသာကမ်းခြေ နဲ့ ငပလီကမ်းခြေတွေကို ဇွန်လ ၁၁ ရက်မှာ ပို့ဆောင်ပေးခဲ့တယ်ဆိုပြီး စစ်ကောင်စီ ရဲ့ သတင်းဖော်ပြချက်အရ တွေ့ရပါတယ်။
ဧရာဝတီတိုင်းဒေသကြီး၊ ချောင်းသာကမ်းခြေကို ရောက်လာတဲ့ အရာရှိ၊ စစ်သည်တွေကို အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကြည်ခိုင်က ကြိုဆိုပြီး ရခိုင်ပြည်နယ်၊ ငပလီကမ်းခြေသို့ ရောက်ရှိလာတဲ့ အရာရှိ၊ စစ်သည်တွေကိုတော့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဦး က ကြိုဆိုတယ်လို့ ဖော်ပြပါတယ်။
၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးတဲ့နောက် ပြည်တွင်းမှာ စစ်မျက်နှာပြင်များစွာနဲ့ ရင်ဆိုင်နေရတဲ့ စစ်ကောင်စီအနေနဲ့ ဒဏ်ရာရသူတွေကို ပထမဆုံးအနေနဲ့ အခုလိုပို့ဆောင်တာလည်း ဖြစ်ပါတယ်။
စစ်ရေးအကဲခတ်တွေကတော့ စစ်ကောင်စီအနေနဲ့ တပ်တွင်းစည်းရုံးရေးအရ အခုလိုပို့ဆောင်တာဖြစ်ပေမယ့် တိုက်ပွဲကာလအတွင်းမှာ အခုလိုပို့ဆောင်တာကတော့ ဖြစ်တောင့်ဖြစ်ခဲ ကိစ္စလို့ သုံးသပ်ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရကတော့ သူတို့ရဲ့တိုက်ခိုက်မှုကြောင့် စစ်ကောင်စီ တပ်သား တစ်သောင်းတစ်ထောင်ကျော် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ မေလကုန်ကထုတ်ပြန်တဲ့ ‘’ပြည်သူ့ကာကွယ်ရေးကဏ္ဍ အခြေပြ’’ စာတမ်း မှာ ထည့်သွင်းဖော်ပြခဲ့ပါတယ်။
စစ်ကောင်စီတပ်တွေရဲ့တိုက်ခိုက်မှုကြောင့် တစ်ရက်ထဲ ပြည်သူ လေးဦး သေဆုံးခဲ့တယ်လို့ KNU ထုတ်ပြန်
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေ ထဲက မူး(မုန်း) နဲ့ လယ်ဒို(ကျောက်ကြီး) မှာ စစ်ကောင်စီတပ်တွေရဲ့ တိုက်ခိုက်မှုကြောင့် တစ်ရက်ထဲ ပြည်သူ လေးဦး သေဆုံးခဲ့တယ်လို့ KNU က ဇွန်လ ၁၁ ရက်က ထုတ်ပြန်ပါတယ်။
တပ်မဟာ (၃) နယ်မြေထဲက ကျောက်ကြီးမြို့နယ်ထဲမှာပါတဲ့ အဲဒီဒေသမှာ စစ်ကောင်စီတပ်က ပစ်တဲ့ လက်နက်ကြီး ထိမှန်ပြီး ဒေသခံ အမျိုးသားနှစ်ဦးသေဆုံးခဲ့သလို နေအိမ် (၃) လုံးလည်း ပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။
ဒါ့အပြင် ဝါးပင်စုကျေးရွာမှာ အိမ်နှစ်လုံး မီးရှို့ခံခဲ့ရပြီး ဒေသခံအမျိုးသား တစ်ဦး နဲ့ အမျိုးသမီးတစ်ဦး ပစ်သတ်ခံခဲ့ရတယ်လို့ ထုတ်ပြန်ထားပါတယ်။
အလောင်းတွေကို ရှာမတွေ့ခဲ့ပေမယ့် စစ်တောင်းမြစ်အတွင်းမှာ အလောင်းနှစ်လောင်းမျောပါလာတာတွေ့ရတယ်လို့ ဒေသခံတွေရဲ့ ပြောကြားချက်တွေကို ကိုးကားပြီး KNU ကထုတ်ပြန်ပါတယ်။
တပ်မဟာ (၆) နယ်မြေထဲမှာလည်း ဇွန်လ ၇ ရက် က စစ်ကောင်စီကပစ်လိုက်တဲ့ လက်နက်ကြီးထိမှန်လို့ အရပ်သူ အမျိုးသမီးတစ်ဦးသေဆုံးခဲ့ပါသေးတယ်။
တနင်္သာရီ၊ သရက်ချောင်း က ကျေးရွာတွေမှာစစ်ကြောင်းထိုး၊ ပစ်ခတ်ခံရလို့ သေဆုံးသူရှိ
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်ထဲက ကျေးရွာတွေကို အင်အား ၁၀၀ ကျော်ရှိတဲ့ စစ်ကြောင်းတွေ ၅ ရက်ဆက်တိုက် စစ်ကြောင်းထိုးနေသလို၊ ဒေသခံကာကွယ်ရေးအဖွဲ့တွေနဲ့ တိုက်ပွဲတွေ လည်းဖြစ်နေတယ်လို့ အဲဒီဘက်ကဒေသခံတွေကပြောကြပါတယ်။
ဇွန်လ ၁၁ ရက်နေ့မှာတော့ ကနက်သီရိနဲ့ ရငဲရွာတွေကို စစ်ကြောင်းတွေထိုးနေသလို၊ ဇွန်လ ၁၂ ရက် ဒီနေ့မှာ လည်း စစ်တပ်က အဲဒီပတ်ဝန်းကျင်မှာဆက်ရှိနေသေးတယ်လို့ သိရပါတယ်။
ရငဲရွာထဲက လူငယ်တစ်ဦးလည်း စစ်တပ်က ပစ်ခတ်ခဲ့လို့ သေဆုံးခဲ့တယ်လို့ ဒေသခံတွေကပြောပြကြပါ တယ်။
ဇွန်လ ၈ ရက်နေ့ ညနေကတည်းက သရက်ချောင်းမြို့နယ်ထဲက ကနက်သီရိ၊ ကျွဲမင်းကုန်း၊ ကျောက်ခ မောက်၊ ရငဲ၊ ကမြိုင်၊ ဝဲရစ် စတဲ့ကျေးရွာတွေဘက်ကို စစ်ကြောင်းတွေ စတင်ဝင်ရောက်လာတာလို့ ဒေသခံတွေက ဘီဘီစီကိုပြောပါတယ်။
အဲဒီလိုမဝင်ရောက်ခင်ကတော့ ဇွန်လ ၈ ရက် မနက်ပိုင်းမှာတော့ စစ်တပ်နဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေအကြား မှာ တိုက်ပွဲတွေဖြစ်ခဲ့တာမျိုးရှိခဲ့တယ်လို့လည်း ဒေသခံတွေထံကသိရပါတယ်။
ဇွန်လ ၉ ရက်နေ့မှာတော့ ကနက်သီရိအပါအဝင် ကျေးရွာအချို့က ဒေသခံ ၄၀ ကျော်ကို စစ်တပ်ကဖမ်းဆီး စစ်ဆေးတာတွေလုပ်ခဲ့ပြီး၊ နောက်ရက်တွေမှာ ပြန်လွတ်လာသူ အချို့ရှိပေမယ့်၊ ဆက်လက်ဖမ်းဆီးခံထားရ သူတွေလည်းရှိနေသးတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီလိုဖမ်းဆီးမှုတွေနဲ့ ပစ်ခတ် တိုက်ခိုက်မှုတွေကြောင့် ကျေးရွာ ၆ ရွာက ပြည်သူအနည်းဆုံး ၁ သောင်းလောက်က ဘေးလွတ်ရာကို ရွှေ့ပြောင်းနေထိုင်ခဲ့ကြရပါတယ်။
အဲဒီနောက် ဇွန်လ ၁၀ ရက်နေ့ကစလို့ အင်အား ၁၀၀ လောက်ရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေက သရက်ချောင်း မြို့ နယ်ထဲကို ထပ်မံအင်အားဖြည့်ဝင်ရောက်လာပြီး ကနက်သီရီ၊ ကမြိုင်အစရှိတဲ့ ရွာတွေနားမှာ တိုက်ပွဲတွေ ထပ်မံဖြစ်ခဲ့ကြပါတယ်။
ဇွန်လ ၈ ရက်ကနေ စလို့ ဇွန်လ ၁၁ ရက်အတွင်းဖြစ်နေတဲ့တိုက်ပွဲတွေအတွင်း ဒေသခံတွေထွက်ပြေးရသလို၊ ကနက်သီရိရွာ၊ ရငဲရွာအတွင်းက နေအိမ်အချို့လည်း မီးရှို့ခံခဲ့ရ တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
အဲဒီအင်အားဖြည့်ဝင်ရောက်လာတဲ့ စစ်တပ်က ဇွန်လ ၁၁ ရက်ကနေ ဒီကနေ့ ဇွန်လ ၁၂ ရက်နေ့အထိ ရွာတွေ အတွင်းကို ဆက်လက် စစ်ကြောင်းထိုးနေတယ်လို့ ဒေသခံတွေက ဘီဘီစီကိုပြောပါတယ်။