ဒီဇင်ဘာလ ၁၂ ရက် ထိပ်တန်းသတင်းများ - ခမ်းပတ်မှာ စစ်တပ်နဲ့ PDF ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်နေ

ဓာတ်ပုံ ရင်းမြစ်, NUG MOD
အမျိုးသားညီညွတ်ရေးအစိုးရ - NUG ရဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေ ပြီးခဲ့တဲ့ နိုဝင်ဘာ ၇ ရက်က ထိန်းချုပ်ထားခဲ့တဲ့ စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်ခွဲဖြစ်တဲ့ ခမ်းပတ်မြို့မှာ စစ်တပ်နဲ့ PDF ပူးပေါင်းတပ်တို့ ဒီဇင်ဘာ ၁၁ ရက်နေ့ကစပြီး ထိတွေ့တိုက်ပွဲ ဖြစ်ပွားနေတယ်လို့ တမူးပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက ဘီဘီစီကို အတည်ပြုပြောဆိုပါတယ်။
ခမ်းပတ်မြို့ပေါ်ကိုတော့ PDF တွေက ထိန်းချုပ်ထားနိုင်ပြီး ခမ်းပတ်မြို့ပြင် စစ်ကောင်စီတပ်စခန်းကုန်း အနောက်ဘက်က ဘုရားကျောင်းဝင်းထဲမှာတော့ စစ်တပ်က တပ်စွဲထားပြီး အဲဒီကနေ လက်နက်ကြီးတွေနဲ့ မြို့ပေါ်ကို ဆက်တိုက်ပစ်နေတယ်လို့ သူက ပြောပါတယ်။
လက်ရှိမှာ ဘုရားကျောင်းဝင်းထဲမှာ ရှိနေတဲ့စစ်တပ်ကို PDF တပ်တွေက ပြန်တိုက်ဖို့ ပြင်နေလို့ စစ်တပ်ကို ပြန်ဝိုင်းထားတဲ့ အခြေအနေလို့ဆိုပါတယ်။
“အခုက စစ်တပ်က ဘုရားကျောင်းဝင်းထဲမှာ တပ်စွဲထားတာ သူတို့ကို PDF တပ်တွေက ဝိုင်းထားသလိုမျိုးဖြစ်နေတာ၊ သူတို့လည်း ပြေးလို့မရတာကြောင့် လက်နက်ကြီးတွေနဲ့ ထုနေတာ” လို့ ပြောပါတယ်။
ခမ်းပတ်မြို့ဒေသခံတော်တော်များများကတော့ စစ်တပ်က လက်နက်ကြီးတွေနဲ့ မြို့ပေါ်ကို ပစ်ခတ်နေတာကြောင့် အနီးနားက ရွာတွေဆီ ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ မြေပြင်အခြေအနေသိရှိသူတွေက ဘီဘီစီကိုပြောပါတယ်။
စစ်ကောင်စီဘက်ကတော့ ခမ်းပတ်မှာ လုံခြုံရေးဆောင်ရွက်နေပြီး ထိတွေ့တိုက်ပွဲရှိသလို ရန်သူ့ဘက်က အလောင်းလက်နက်တွေ ရရှိတယ်လို့ ဒီဇင်ဘာ ၆ရက်နေ့မှာပြောထားပြီးနောက် ဆက်ပြီးထုတ်ပြန်ပြောဆိုတာမရှိသေးပါဘူး။
စစ်ကောင်စီရဲ့ တယ်လီဂရမ်ချန်နယ်လ်မှာတော့ PDF ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်ထားတဲ့ ခမ်းပတ်မြို့ကို စစ်တပ်က ဒီဇင်ဘာလ ၁၁ ရက်နေ့မှာ အပြည့်အဝပြန်လည်ထိန်းချုပ်နိုင်ပြီလို့ ဖော်ပြထားပါတယ်။
NUG ရဲ့ ပုလဲမြို့နယ်တရားရုံး လေကြောင်းတိုက်ခိုက်ခံရလို့ ငါးဦးထက်မနည်းသေဆုံး

ဓာတ်ပုံ ရင်းမြစ်, CJ
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ မင်းတိုင်ပင်ရွာမှာရှိတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ မြို့နယ်တရားရုံးကို ဒီကနေ့ ဒီဇင်ဘာ ၁၂ ရက် နေ့လယ်ပိုင်းမှာ စစ်ကောင်စီက လေကြောင်းနဲ့ ဗုံးကြဲခဲ့တာကြောင့် တရားရုံးတာဝန်ခံအပါအဝင် ငါးဦးသေဆုံးပြီး တစ်ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
မြို့နယ်တရားရုံးတာဝန်ခံ ဦးပေါ်ပြည့်အောင်နဲ့ ဇနီး၊ ပြည်သူ့လုံခြုံရေးအဖွဲ့ဝင် တစ်ဦးတို့ နေရာမှာတင်သေဆုံးခဲ့ပြီး တရားရုံးမှာ ဧည့်လာတွေ့တဲ့ မိသားစုထဲက အမျိုးသမီးနဲ့ တစ်နှစ်အရွယ်ကလေးငယ်တစ်ဦးတို့ ဒဏ်ရာပြင်းထန်ကာ သေဆုံးခဲ့ကြတယ်လို့ ဆိုပါတယ်။
ဒါအပြင် ဧည့်လာတွေ့တဲ့မိသားစုထဲက အမျိုးသားဖြစ်သူကတော့ ထိခိုက်ဒဏ်ရာရထားတာကြောင့် ဆေးကုသပေးနေတယ်လို့ ပုလဲမြို့နယ်အုပ်ချုပ်ရေးအဖွဲ့က ပြောပါတယ်။
"NUG အစိုးရအနေနဲ့ မြို့နယ်ရုံးအထိုင်နေဖို့က အဆင်မပြေတော့ဘူး။ မိုဘိုင်းလ်ပုံစံနဲ့ ရုံးဖွင့်ကြဖို့လိုအပ်ပါတယ်" လို့ ပုလဲမြို့နယ်အုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင် ဦးဇော်ထက်က ပြောပါတယ်။
အခုလေကြောင်းအတိုက်ခံရတဲ့ မင်းတိုင်ပင်ရွာနဲ့ လေးမိုင်ဝန်းကျင်အကွာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေစစ်ကြောင်းထိုးသွားလာတာရှိနေတယ်လို့ သူက ဆက်ပြောပါတယ်။
စစ်ကောင်စီဘက်ကသတင်းတွေကိုဖော်ပြတဲ့ တယ်လီဂရန်ချန်နယ်တွေမှာလည်း မင်းတိုင်ပင်ရွာကို လေကြောင်းတိုက်ခိုက်ခဲ့ကြောင်း ရေးသားထားပြီး NUG ဌာနချုပ်ရှိနေတာကြောင့် တိုက်ခိုက်ခဲ့တာလို့ ဖော်ပြထားကြပါတယ်။
ဒီလို ပုလဲမြို့နယ်မှာရှိတဲ့ NUG ရုံးကို စစ်ကောင်စီလေကြောင်းတိုက်ခိုက်တာ ဒုတိယအကြိမ်ဖြစ်ပြီး ၂၀၂၂ ခုနှစ်ကုန်ပိုင်းတုန်းက ပုလဲမြို့နယ်အုပ်ချုပ်ရေးအဖွဲ့ရုံးခန်းလေကြောင်းတိုက်ခိုက်ခံခဲ့ရပါသေးတယ်။
နမ့်ဆန် မှာ စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေလုပ်နေ

ဓာတ်ပုံ ရင်းမြစ်, Shwe Phee Myay News Agency
ရှမ်းမြောက်ပိုင်း ၊နမ့်ဆန်မြို့ မှာ တအာင်းတပ် (TNLA) က မြို့မရဲစခန်းနဲ့ ကဒိုင်းဖူးတောင် စစ်တပ်စခန်းကို သိမ်းပိုက်လိုက်တဲ့နောက် နမ့်ဆန်မြို့ကို စစ်ကောင်စီဘက်က လေကြောင်းနဲ့ တိုက်ခိုက်တာနဲ့ မန်တုံမြို့အခြေစိုက် ခလရ ၁၃၀ တပ်စခန်းကနေ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေဆက်တိုက်လုပ်နေတယ်လို့ ဒေသခံတချို့ကပြောပါတယ်။
မနေ့ဒီဇင်ဘာ ၁၁ ရက်က တိုက်ပွဲ ပြင်းထန်နေချိန် စစ်တပ်က လေကြောင်းနဲ့ ၁၀ ကြိမ်ထက်မနည်း ဗုံးလာကြဲလို့ နေအိမ်တွေ ပျက်စီးခဲ့တယ်လို့ပြောသလို ဒီကနေ့ ဒီဇင်ဘာ ၁၂ ရက်အထိ လေကြောင်းပစ်ခတ်မှုတွေရှိတယ်လို့ဆိုပါတယ်။
မြို့မရဲစခန်းကို လက်လွှတ်ရပြီးတဲ့နောက် ကျန်ရှိနေသေးတဲ့ နမ့်ဆန်ဆေးရုံရှေ့က ပင်မစစ်တပ်စခန်းကုန်းကို ကာကွယ်ဖို့အတွက် နမ့်ဆန်မြို့ပေါ်အပြင် အနီးနားက ရွာတွေထဲမှာ တပ်စွဲထားတဲ့ TNLA တပ်ဖွဲ့ဝင်တွေကို ပစ်ခတ်နေတာလို့ နမ့်ဆန်ဘက်ကနေ စစ်ရှောင်လာသူတစ်ဦးက ဘီဘီစီကိုပြောပါတယ်။
လက်ရှိမှာ လက်နက်ကြီးထိတာနဲ့ လေယာဥ်ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံတစ်ချို့သေဆုံးပြီး ထိခိုက်ဒဏ်ရာရတဲ့သူတွေလည်းရှိသလို အရပ်သားနေအိမ်တွေ ပျက်စီးသွားတယ်လို့ ဒေသတွင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။
“ဒီနေ့ မနက်ပဲရှောင်လာတာ။ ပင်မစခန်းကုန်းမကျအောင် ကုန်းပေါ်ကနေ တောက်လျှောက်ပစ်နေတာ။ မြို့ပေါ်ရဲ့ သုံးပုံတစ်ပုံလောက်ကိုပဲ စစ်တပ်က ထိန်းချုပ်ထားနိုင်တာ။ ကျန်တဲ့နေရာတွေနဲ့ အနီးနားက ရွာတွေက TNLA ပဲ ထိန်းချုပ်ထားတာလို့” သူက ပြောခဲ့တာဖြစ်ပါတယ်။
စစ်ကောင်စီတပ်ကတော့ နမ့်ဆန်မြို့က တိုက်ပွဲနဲ့ပတ်သက်လို့ တစ်စုံတစ်ရာထုတ်ပြန်လာတာ မရှိသေးဘဲ TNLA ဘက်ကတော့ မြို့မရဲစခန်းကို မနေ့ ဒီဇင်ဘာ ၁၁ ရက်မနက်ပိုင်းက တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး လက်နက်ခဲယမ်းနဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေ ရရှိခဲ့တယ်လို့ ဒီကနေ့မှာ ဓာတ်ပုံတွေနဲ့တကွ သတင်းထုတ်ပြန်ထားပါတယ်။
သဖန်းဆိပ်ဆည်အနောက်ဘက်က ရွာတွေလေကြောင်းတိုက်ခိုက်ခံရ

ဓာတ်ပုံ ရင်းမြစ်, AFP
စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်ထဲက သဖန်းဆိပ်ဆည်အနောက်ဘက်မှာရှိတဲ့ လိပ်ဆင်းတောင်၊ သရက်ပင်၊ အင်းလှနဲ့ အေးချမ်းသာစတဲ့ကျေးရွာတကြောကို မနေ့ညကစလို့ ဒီကနေ့မနက်အထိ စစ်ကောင်စီတပ်က အကြိမ်ကြိမ်လေကြောင်းတိုက်ခိုက်နေတယ်လို့ မြေပြင်မှာရှိနေသူတွေဆီက သိရပါတယ်။
‘’မနေ့ည ၁၂ နာရီထိုးခါနီးမှာ တကြိမ်၊ ဒီမနက် ၇ နာရီဝန်းကျင်မှာတကြိမ် နဲ့ အခုမနက် ၁၂ နာရီကျော်မှာ အင်းလှရွာကိုပစ်နေပါတယ်" လို့ ဒေသခံတစ်ဦးက ဘီဘီစီကို ပြောပါတယ်။
ဒေသခံတွေရဲ့အပြောအရ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ အခုလိုတိုက်ခိုက်တာလို့ ပြောဆိုကြပြီး တိုက်ခိုက်မှုကြောင့် ကားနဲ့အိမ်အချို့ထိခိုက်ပျက်စီးတာရှိတယ်လို့ သိရပါတယ်။ဒီလိုတိုက်ခိုက်ခံရတဲ့ကျေးရွာတွေက ဒေသခံတွေကို ရွှေ့ပြောင်းနိုင်ဖို့ ကြိုးစားနေတယ်လို့လည်း မြေပြင်မှာရှိနေသူတွေက ပြောကြပါတယ်။
စစ်ကောင်စီဘက်ကတော့ ကျွန်းလှလေကြောင်းတိုက်ခိုက်မှုနဲ့ပတ်သက်လို့ ဒီကနေ့ နေ့လယ်ပိုင်းအထိ တစုံတရာသတင်းထုတ်ပြန်တာမျိုးမတွေ့ရပါသေးပေမဲ့ စစ်ကောင်စီနဲ့နီးစပ်တဲ့တယ်လီဂရန်ချန်နယ်တွေမှာတော့ အင်းလှရွာမှာရှိတဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ PDF စခန်းကို စစ်ကောင်စီတပ်တွေက တိုက်ခိုက်နေတာလို့ ဖော်ပြပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလတုန်းကလည်း ကျွန်းလှမြို့က ကျေးရွာတစ်ရွာကို Mi 35 နဲ့လေကြောင်းတိုက်ခိုက်မှု တစ်ကြိမ်ရှိခဲ့ကြောင်း ဒေသအခြေစိုက်လေ့လာစောင့်ကြည့်ရေးအဖွဲ့ဖြစ်တဲ့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ရဲ့ စာရင်းအရ သိရပါတယ်။
မူဆယ် (၁၀၅) မိုင်မှာ စစ်တပ်နဲ့ မြောက်ပိုင်းမဟာမိတ်တပ်တို့ တိုက်ပွဲပြင်းထန်နေ

ဓာတ်ပုံ ရင်းမြစ်, CJ
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့က ၁၀၅ မိုင် ကုန်သွယ်ရေးစခန်းမှာ စစ်တပ်နဲ့ ကိုးကန့်တပ် (MNDAA) ဦးဆောင်တဲ့ မြောက်ပိုင်းမဟာမိတ်တပ်တို့ ဒီနေ့မနက်မှာ တိုက်ပွဲဖြစ်ပွားနေပြီး တိုက်ပွဲအတွင်း စစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲတဲ့အထိ ပြင်းထန်နေတယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်က လေကြောင်း တိုက်ခိုက်မှုကြောင့် ၁၀၅ မိုင်အောက်ဘက် မန့်မော်ရွာထဲက ပရဟိတကျန်းမာရေးဝန်ထမ်းတစ်ဦး ဗုံးထိမှန်ပြီးသေဆုံးခဲ့တယ်လို့ ကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးက ဘီဘီစီကိုပြောပါတယ်။
“ဇနီးမောင်နှံ နှစ်ယောက်ရဲ့ အိမ်ပေါ်ကို လေယာဉ်ကနေပစ်လိုက်တဲ့ ဗုံးကျပြီး ပေါက်ကွဲတာပါ။ သူတို့က ၁၀၅ မိုင်အောက်ဘက်က မန့်မော်ရွာထဲမှာနေတာ။ နှစ်ယောက်လုံးက ပရဟိတကျန်းမာရေးဝန်ထမ်းတွေလို့ သိရတယ်။ အမျိုးသားဖြစ်သူကတော့ မနေ့က ဆုံးသွားပြီ” လို့ ကူညီကယ်ဆယ်ရေးလုပ်ခဲ့သူတစ်ဦးက ဘီဘီစီကို ပြောပါတယ်။
၁၀၅ မိုင်အနီးက မန့်မော်ရွာထဲမှာ ကိုးကန့်တပ်တွေက တပ်စွဲထားတာကြောင့် (၁၀၅) မိုင် ဗျူဟာကုန်းက စစ်တပ်စခန်းနဲ့ မူဆယ်မြို့ပေါ်မှာ ရှိတဲ့ စစ်တပ်စခန်းကနေ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေရှိသလို တိုက်လေယာဉ်နဲ့ ဗုံးကြဲတာတွေကြောင့် ပြီးခဲ့တဲ့ သီတင်းတစ်ပတ်ကျော်အတွင်းမှာ ဒေသခံ ၁၀ ဦးထက်မနည်းသေဆုံးနေပြီလို့ မြေပြင်အခြေသိရှိသူတွေက ဘီဘီစီကိုပြောပါတယ်။
နှစ်ဖက်တိုက်ပွဲအတွင်း ပစ်ခတ်မှုတွေကြောင့် (၁၀၅) မိုင်က ဒေသခံတွေပိတ်မိနေပြီး မူဆယ်မြို့ကနေ ကယ်ဆယ်ဖို့လာတဲ့ ကြက်ခြေနီကားနဲ့ လူမှုကူညီရေးကားတွေကိုလည်း ပစ်ခတ်ခံရတာတွေရှိတာကြောင့် ပိတ်မိနေတဲ့ ဒေသခံတွေကို ကယ်လို့မရဖြစ်နေတယ်လို့ ကယ်ဆယ်ရေးအဖွဲ့ဝင်တွေရဲ့ အပြောအရ သိရပါတယ်။
တစ်ချိန်တည်းမှာပဲ မူဆယ်မြို့နဲ့ (၁၀၅) မိုင်ကြား လားရှိုး-မူဆယ်လမ်းမကြီးပေါ်က နမ့်ခွမ်ကျေးရွာနဲ့ ကျင်စန်းကျော့တစ်လျှောက်မှာ စစ်တပ်နဲ့ ကိုးကန့်တပ်တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားနေတယ်လို့ ဒေသခံတွေက ဘီဘီစီကိုပြောပါတယ်။
မူဆယ်ကနေ နမ့်ခွမ်အထိကို စစ်တပ်က ထိန်းချုပ်ထားတာဖြစ်ပြီး နမ့်ခွမ်-အထက် တုံခမ်း- ကျင်စန်းကျော့တစ်လျှောက်ကို ကိုးကန့်တပ်တွေက ထိန်းချုပ်ထားတာလို့ စစ်ရေးအခြေအနေသိရှိသူတစ်ဦးရဲ့ အပြောအရသိရပါတယ်။
စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ မူဆယ် (၁၀၅) မိုင် ကားဝင်းကို မြောက်ပိုင်းမဟာမိတ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေက တိုက်ခိုက်ခဲ့တာကြောင့် ဒေသခံတွေပိုင်ဆိုင်တဲ့ မော်တော်ယာဉ်တွေ မီးလောင်ပျက်စီးခဲ့တယ်လို့ ဒီဇင်ဘာ ၁၀ ရက်နေ့ သတင်းထုတ်ပြန်ချိန်မှာ ပြောထားပါတယ်။
စစ်ကောင်စီတပ်သားတွေ ဘက်ပြောင်းရေးအစီအမံ ကရင်နီ IEC ထုတ်ပြန်

ဓာတ်ပုံ ရင်းမြစ်, KNDF
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအနေနဲ့ စစ်ခေါင်းဆောင်တွေရဲ့ အမိန့်ကိုနာခံရာကနေ ပြည်သူ့အစိုးရရဲ့ အုပ်ချုပ်မှုအောက်ကို နည်းမျိုးစုံနဲ့ ဘက်ပြောင်းပါဝင်နိုင်ဖို့ ဘက်ပြောင်းရေးအစီအမံကို ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC)က ထုတ်ပြန်လာပါတယ်။
‘’ဒီအစီအစဉ်မှာအပိုင်းလေးပိုင်းပါဝင်နေတယ်။ ဒီနေ့ဒီအချိန်မှာ ဘက်ပြောင်းဖို့မရှိဘူးဆိုရင် ပြည်သူ့ဘက်တော်သားတွေရဲ့ ချေမှုန်းတာတွေခံရမှာဖြစ်ပြီး ဖမ်းဆီးထောင်ချတာတွေ ဆက်တိုက်လုပ်သွားဖို့ရှိပါတယ်’’လို့ IEC ဒုတိယဥက္ကဋ္ဌလည်းဖြစ်၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)ဥက္ကဋ္ဌလည်းဖြစ်တဲ့ ခွန်းဘီထူးက ရုပ်သံဖိုင်ကတဆင့်ပြောပါတယ်။
အခုအစီအမံအရ ဘက်ပြောင်းတဲ့တပ်မတော်သားတွေရဲ့ ရာထူး၊ ဂုဏ်သိက္ခာနဲ့ လုံခြုံရေးကို အာမခံပေးမယ့်အပြင် အနာဂတ်မှာနိုင်ငံ့ကာကွယ်ရေးတာဝန်တွေကို ပြန်ထမ်းဆောင်ချင်ရင်လည်း ထမ်းဆောင်ခွင့်ပြုမယ့်အကြောင်း ဖော်ပြထားပါတယ်။
ရှေ့တန်းမှာရောက်ရှိနေတဲ့ တပ်ဖွဲ့ဝင်တွေအနေနဲ့ အလျင်အမြန်လက်နက်ချအညံ့ခံရင် နိုင်ငံတကာလူသားချင်းစာနာမှုဥပဒေအရ အသက်ရှင်ခွင့်၊ မိသားစုနဲ့ဆက်သွယ်ခွင့်အပြင် အနိမ့်ဆုံးပြစ်ဒဏ်ခံယူပြီးရင်လည်း လူမှုဘဝကို လွတ်လွတ်လပ်လပ်ထူထောင်ခွင့်ပြုမယ်လို့ ဆိုပါတယ်။
IEC ရဲ့ ဘက်ပြောင်းရေးအစီအမံဟာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ ပြည်သူ့ရင်ခွင်ခိုလှုံရေးအစီအစဉ်နဲ့လည်းဆက်စပ်တယ်လို့ ထုတ်ပြောထားပြီး ပြည်သူ့ရင်ခွင်ရဲ့ ၂၀၂၂ ခုနှစ်စာရင်းအရ တပ်နဲ့ ရဲစွန့်ခွာလာသူ ၂၂၀၀ ကျော်ရှိပါတယ်။
ဒီအစီအမံမှာဘက်ပြောင်းမယ့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအတွက် ဆက်သွယ်ချိတ်ဆက်ရမယ့်လမ်းကြောင်းတွေကိုလည်း ထည့်သွင်းပြောထားပြီး စစ်တပ်အရာရှိဟောင်း ဦးနေမျိုးဇင်လည်း ညွှန်ကြားရေးမှူးအဖြစ် ‘ဘက်ပြောင်းရေးအစီအမံစီမံကြီးကြပ်ရေး လုပ်ငန်းကော်မတီ’’ မှာ ပါဝင်လာပါတယ်။
ကွတ်ခိုင် စစ်တပ်စခန်းတိုက်ပွဲမှာ စစ်ကောင်စီအဖွဲ့ဝင် ၇ ဦးကိုဖမ်းမိတယ်လို့ TNLA ပြော

ဓာတ်ပုံ ရင်းမြစ်, TNLA
လားရှိုးမြို့အဝင်ကိုလည်း စစ်တပ်က ပိတ်ထား
ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့အစွန်ဘက်က မြို့သစ်ရပ်ကွက်မှာရှိတဲ့ စစ်တပ်နဲ့ ပြည်သူ့စစ် ပူးပေါင်းထားတဲ့ တပ်စခန်းကို တအာင်းတပ်(TNLA)က ဒီဇင်ဘာလ ၁၀ ရက်ညပိုင်းမှာ သိမ်းပိုက်ခဲ့တယ်လို့ တအာင်းတပ်ပြောခွင့်ရ ဒုဗိုလ်မှူးကြီး တားအိုက်ကျော်က ဘီဘီစီကို အတည်ပြုပါတယ်။
အဲဒီတိုက်ပွဲမှာ စစ်တပ်နဲ့ ပြည်သူ့စစ် အဖွဲ့ဝင် ၇ ဦး ဖမ်းဆီးရမိပြီး လက်နက်ခဲယမ်းနဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေ ရရှိခဲ့တယ်လို့ TNLA ဘက်က ဓာတ်ပုံတွေနဲ့တကွ ဒီဇင်ဘာလ ၁၁ ရက်မှာ ထုတ်ပြန်ထားပါတယ်။
ဖမ်းဆီးရမိထားတဲ့ ၇ ယောက်ကို စစ်သုံ့ပန်းဉပဒေနဲ့အညီ ထိန်းသိမ်းထားတယ်လို့ TNLA ပြောခွင့်ရ တားအိုက်ကျော်ကပြောပါတယ်။
ပြည်သူ့စစ်စခန်းပေမဲ့ လက်ရှိမှာ စစ်တပ်အနေနဲ့ ပြည်သူ့စစ်စခန်းတွေမှာ ပူးပေါင်းတပ်စွဲနေပြီး အနီးနားက တိုက်ပွဲဖြစ်တဲ့ စစ်တပ်စခန်းတွေဆီ ရိက္ခာထောက်ပံ့တာအပြင် တပ်ကူအနေနဲ့ ကူညီတာတွေလုပ် လာတာကြောင့် ပြည်သူ့စစ်စခန်းတွေကိုပါ တိုက်ခိုက်တာလို့ တားအိုက်ကျော်က ဆိုပါတယ်။
ဒီဇင်ဘာ ၉ ရက်နဲ့ ၁၀ ရက်နေ့တွေမှာ စစ်တပ်က ပစ်လိုက်တဲ့ လက်နက်ကြီး ကွတ်ခိုင်မြို့ လွယ်ဆိုင်ရွာ ဘုန်းကြီးကျောင်းထဲကို ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ကလေးငယ်တစ်ဦးသေဆုံးပြီး နောက်ထပ်ကလေးငယ်တစ်ဦးနဲ့ လူ ၅ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသတွင်းသတင်းတွေမှာ ဖော်ပြထားကြပါတယ်။
တစ်ဖက်မှာလည်း TNLA တပ်တွေက လားရှိုးမြို့အနီးက အီနိုင်းကျေးရွာမှာရှိတဲ့ စစ်တပ်စခန်းကို ဒီဇင်ဘာ ၁၁ ရက်က သိမ်းပိုက်ခဲ့တယ်လို့ TNLA ပါဝင်တဲ့မြောက်ပိုင်းမဟာမိတ်တပ်ဘက်က ကြေညာပါတယ်။
တိုက်ပွဲပြီးတဲ့နောက် နမ္မတူကနေ လားရှိးမြို့အဝင် အီနိုင်းတံတားမှာ စစ်တပ်က ပိတ်ဆို့စစ်ဆေးပြီး အဝင်ကန့်သတ်ထားတယ်လို့ မြေပြင်အခြေအနေသိရှိသူတစ်ဦးက ဘီဘီစီကိုပြောပါတယ်။
TNLA ပြောခွင့်ရ ဒုဗိုလ်မှူးကြီး တားအိုက်ကျော်ရဲ့ အပြောအရ လားရှိုးနဲ့ နမ္မတူကြားလမ်းပိုင်းတစ်လျှောက်မှာ TNLA ဘက်က တပ်စွဲထားတာတွေရှိတာကြောင့် စစ်တပ်က လားရှိုးမြို့အဝင်ဂိတ်ကို ထိန်းချုပ်ထားတယ်လို့ သိရပါတယ်။
လားရှိုးမြို့ပေါ် စစ်တပ်စခန်းကနေလည်း လက်နက်ကြီးတွေနဲ့ လားရှိုးမြို့အထွက်ကို ပစ်နေတာတွေရှိတယ်လို့ သူကဆက်ပြောပါတယ်။
ဒေသတွင်းသတင်းတွေအရ အီနိုင်းတံတားကနေ လားရှိုးမြို့အဝင်ကို ကန့်သတ်ထားတာကြောင့် ကုန်ကားတွေရော ခရီးသည်တင်ကားတွေပါ ပိတ်မိနေပြီး တော်တော်များများ နမ္မတူဘက်ကို လှည့်ပြန်နေကြရတယ်လို့ သိရပါတယ်။








