နိုဝင်ဘာ ၁၀ ရက် နိုင်ငံတဝန်း သတင်းအနှစ်ချုပ် - မင်းတပ်မှာ တိုက်ပွဲပြင်းထန်

အောက်တိုဘာလတုန်းက မင်းတပ်မြို့ ပေါ်က အရပ်သားနေအိမ်တချို့ မီးလောင်ကျွမ်းနေတဲ့မြင်ကွင်း

ဓာတ်ပုံ ရင်းမြစ်, HKL MINDAT

ဓာတ်ပုံ ပုံစာ, အောက်တိုဘာလတုန်းက မင်းတပ်မြို့ ပေါ်က အရပ်သားနေအိမ်တချို့ မီးလောင်ကျွမ်းနေတဲ့မြင်ကွင်း
ရေးသားခဲ့သည်။
ဖတ်ရန်အချိန်: မိနစ် ၄

ချင်းပြည်နယ်၊ မင်းတပ်မြို့မှာ စစ်ကောင်စီတပ်နဲ့ ချင်းကာကွယ်‌ရေးတပ်ဖွဲ့ (CDF)မင်းတပ်တို့ကြား မနေ့ နိုဝင်ဘာ ၉ ရက်ကစပြီး ဒီကနေ့အထိ တိုက်ပွဲပြင်းထန်နေတယ်လို့ CDF နဲ့ နီးစပ်တဲ့ ဘီဘီစီသတင်းရင်းမြစ်က အတည်ပြုပြောပြပါတယ်။

“စစ်တပ်ရဲစခန်းနဲ့ စစ်ကောင်စီ အမှတ် ၂၇၄ ခြေလျင်တပ်ရင်း(ခလရ) တဝိုက်မှာ တိုက်ပွဲပြင်းထန်နေတာ”လို့ သူက ဆက်ပြောပါတယ်။

နှစ်ဖက်တိုက်ပွဲအတွင်း စစ်တပ်ဘက်က မင်းတပ်မြို့အနောက်ဘက်ခြမ်းကို လေကြောင်းကနေ တိုက်ခိုက်နေသလို လက်နက်ကြီးနဲ့ ပစ်ခတ်နေတာတွေည်းရှိတယ်လို့ မြေပြင်အခြေအနေသိရှိသူတစ်ဦးက ပြောပါတယ်။

“ဒီနေ့မနက် (နိုဝင်ဘာ ၁၀ ရက်) အထိ လေကြောင်းကနေ ဗုံးကြဲနေတာ” လို့ သူကဆိုပါတယ်။

အခုတိုက်ပွဲဟာ မင်းတပ်မြို့သိမ်းတိုက်ပွဲလို့ ပြောနေကြပေမဲ့ CDF မင်းတပ် ပြောခွင့်ရသူကတော့ မှတ်ချက် တစုံတရာ ပြောဖို့ ငြင်းဆိုပါတယ်။

အလားတူ မနေ့ နိုဝင်ဘာ ၉ ရက်ကလည်း အရပ်သားနေအိမ် ၁၀ လုံးဝန်းကျင် မီးရှို့ဖျက်ဆီးခံလိုက်ရ တယ်လို့ ဒေသအခြေစိုက်မီဒီယာတချို့မှာ ဓာတ်ပုံတွေနဲ့အတူ ထုတ်ပြန်ထားပါတယ်။

မင်းတပ်မြို့ ရဲစခန်းရှေ့က ခေါနူးရိပ်သာတဝိုက်က ဆောက်လုပ်ရေးဝန်းအနောက်ဘက်ခြမ်းနဲ့ ကန်ပက်လက်လမ်းခွဲနားက အိမ်တွေ မီးကူးလောင်ကျွမ်းခဲ့တာလို့ မြေပြင်အခြေအနေသိရှိသူတစ်ဦးက ပြောပြပါတယ်။

၂၀၂၄ ခုနှစ်အတွင်း မင်းတပ်မြို့ လေကြောင်းတိုက်ခိုက်ခံရတဲ့ အကြိမ်ရေပေါင်း ၁၃၀ ထက်မနည်းရှိနေပြီလို့ CDF မင်းတပ်ရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

စစ်ကောင်စီကတော့ မင်းတပ်မြို့ လေကြောင်းတိုက်ခိုက်ခံရတာနဲ့ ပတ်သက်ပြီး သတင်းထုတ်ပြန်လာတာ မရှိသေးပါဘူး။

ကိုရီးယား‌ရောက်မြန်မာတွေ တရားမဝင် နိုင်ငံကူးလက်မှတ်သက်တမ်းတိုးရင် အရေးယူမယ်လို့ ဆိုးလ်မြို့ စစ်ကောင်စီသံရုံး ထပ်မံကြေညာ

ဆိုးလ်မြို့က မြန်မာနိုင်ငံဆိုင်ရာ စစ်ကောင်စီသံရုံး (ပုံဟောင်း)

ဓာတ်ပုံ ရင်းမြစ်, Global New Light of Myanmar

ဓာတ်ပုံ ပုံစာ, ဆိုးလ်မြို့က မြန်မာနိုင်ငံဆိုင်ရာ စစ်ကောင်စီသံရုံး (ပုံဟောင်း)
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ကိုရီးယားရောက်မြန်မာတွေအနေနဲ့ သက်တမ်းကုန်သွားတဲ့ နိုင်ငံကူးလက်မှတ်(ပတ်စ်ပို့)စာအုပ်တွေကို တရားမဝင်တဲ့ တံဆိပ်တုံးတွေနဲ့ သက်တမ်းတိုးနေတဲ့အပေါ် ကိုရီးယားနိုင်ငံရဲ့ တရားဥပဒေနဲ့ အရေးယူဖို့ ဆောင်ရွက်နေတယ်လို့ ဆိုးလ်မြို့က စစ်ကောင်စီသံရုံးကနေ ထုတ်ပြန်ကြေညာလာပါတယ်။

သက်တမ်းကုန် ပတ်စ်ပို့စာအုပ်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ရဲ့ ကိုရီးယား ကိုယ်စားလှယ်ရုံးကနေ ပြီးခဲ့တဲ့ ဩဂုတ်လကတည်းက ထောက်ခံစာပေးပြီး သက်တမ်းတိုးပေးတာတွေ ရှိနေ ချိန်မှာ စစ် ကောင်စီသံရုံးက အခုလို ထုတ်ပြန်လာတာဖြစ်ပါတယ်။

စစ် ကောင်စီ သံရုံးကတော့ အဲဒီလိုအရေးယူနိုင်ဖို့ ကိုရီးယားနိုင်ငံရဲ့ သက်ဆိုင်ရာဝန်ကြီးဌာနအဆင့် အပါအဝင် နယ်မြေခံအဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းဆောင်ရွက်နေတာလို့ နိုဝင်ဘာ ၉ ရက်နေ့ရက်စွဲနဲ့ ထုတ်ပြန်ချက်က ဆိုပါတယ်။

NUG အနေနဲ့ ဒီလိုသက်တမ်းတိုးဖို့ ဆောင်ရွက်နေချိန် အောက်တိုဘာလမှာလည်း စစ်ကောင်စီက တရားမဝင် ပတ်စ်ပို့စာအုပ်သက်တမ်းတိုးသူတွေကို ကိုရီးယားရဲ့ စစ်ကောင်စီမြန်မာသံရုံးကနေ ပတ်စ်ပို့စာအုပ်ဖျက်သိမ်းတာ၊ အမည်မည်းစာရင်း (Blacklist) သွင်းတာတွေ ဆောင်ရွက်ခဲ့တယ်လို့ စစ်ကောင်စီက ပြောပါတယ်။

ဒီလိုဆောင်ရွက်ခဲ့ပြီး ၁ လဝန်းကျင်အကြာမှာပဲ စစ်ကောင်စီဘက်က သက်တမ်းတိုးတာနဲ့ပတ်သက်လို့ အ‌ရေးယူဖို့ဆောင်ရွက်နေတဲ့အကြောင်း နိုဝင်ဘာ ၉ ရက်နေ့ ရက်စွဲနဲ့ အသိပေးစာ ထပ်မံထုတ်လာတာပါ။

ကိုရီးယားမှာအလုပ်လုပ်ကိုင်နေတဲ့ မြန်မာတချို့ကတော့ NUG ကိုယ်စားလှယ်ရုံးက ပတ်စ်ပို့သက်တမ်းတိုးပေးပေမယ့် အဲဒီနိုင်ငံကူးစာအုပ်နဲ့ ပြည်ပထွက်ခွာခွင့်တော့ မရှိဘူးလို့ ပြောပါတယ်။

“ကိုရီးယားနိုင်ငံထဲမှာ တရားဝင်ဆက်ပြီး အလုပ်လုပ်ကိုင်နိုင်အောင်ပဲ NUG က သက်တမ်းတိုးပေးတာ။ NUG ရုံးက ၂ နှစ်အထိ သက်တမ်းတိုးပေးထားတယ်’’ လို့ နိုင်ငံကူး လက်မှတ်သက်တမ်းတိုးခဲ့တဲ့ကိုရီးယား ရောက် မြန်မာ တစ်ဦးက ပြောပါတယ်။

ကိုရီးယားမှာ နေထိုင်အလုပ်လုပ်ကိုင်ပြီး စစ်အာဏာသိမ်းတာကို ဆန့်ကျင်တဲ့ မြန်မာတွေအနေနဲ့ တော်လှန်ရေးမှာပါဝင်တာကြောင့် စစ်ကောင်စီမြန်မာသံရုံးကနေ က Blacklist သွင်းလိုက်တဲ့သူတွေကို သက်တမ်းတိုးပေးတာဖြစ်ပြီး NUG ရဲ့ တရားဝင်တံဆိပ်တုံးနဲ့ ဆောင်ရွက်ပေးနေတာလို့ NUG ရဲ့ ကိုယ်စားလှယ်ရုံးနဲ့ နီးစပ်သူတစ်ဦးက ရှင်းပြပါတယ်။

“ပတ်စ်ပို့သက်တမ်းမတိုးဘူးဆိုရင် ဘဏ်စနစ်တွေ အသုံးပြုလို့မရတော့တာ၊ ကျောင်းတက်နေတဲ့သူဆိုရင်လည်း နောက်ထပ် ကျောင်းတစ်ခုဆက်တက်လို့မရတာ၊ ကျန်းမာ‌‌‌ရေးကုသလို့မရတာ၊ အခွန်ကိစ္စနဲ့ အာမခံကိစ္စတွေ ဆောင်ရွက်မရတာ” စတဲ့အခြေအနေတွေနဲ့ တွေ့ကြုံရမယ်လို့ သူက ထပ်ပြောပါတယ်။

ဒါ့အပြင် NUG ဘက်က သက်တမ်းတိုးဆာင်ရွက်တဲ့အပေါ် “ကိုရီးယားလူဝင်မှုကြီးကြပ်‌‌ရေး(လဝက) ကနေလည်း လက်ခံတယ်၊ NUG ဘက်က ထုတ်ပေးလိုက်တဲ့ ထောက်ခံစာနဲ့ သက်တမ်းသွားတိုးရင် တရားဝင်ဆက်နေထိုင်ပြီး အလုပ်လုပ်လို့ရပါတယ်” လို့ ကိုရီးယား‌ရောက်မြန်မာတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် ပတ်စ်ပို့စာအုပ်သက်တမ်းတိုးတဲ့အခါမှာလည်း NUG အနေနဲ့ ပတ်စ်ပို့စာအုပ်အသစ် ထပ်ထုတ်ပေးတာ မဟုတ်ဘဲ ရှိပြီးသား ပတ်စ်ပို့စာအုပ်ကိုပဲ သက်တမ်းထပ်တိုးပေးလိုက်တာလို့ သူက ပြောပြပါတယ်။

ဗီယက်နမ်က ထိုင်းကောင်စစ်ဝန်ရုံးမှာ အလည်အပတ်ဗီဇာလျှောက်တဲ့ မြန်မာ ၁၀၀ ကျော် ပယ်ချခံရ

ဗီယက်နမ်၊ ဟိုချီမင်းမြို့အခြေစိုက် ထိုင်းကောင်စစ်ဝန်ရုံး (ပုံဟောင်း)

ဓာတ်ပုံ ရင်းမြစ်, Royal Thai Consulate-General, Ho Chi Minh City, Vietnam

ဓာတ်ပုံ ပုံစာ, ဗီယက်နမ်၊ ဟိုချီမင်းမြို့အခြေစိုက် ထိုင်းကောင်စစ်ဝန်ရုံး (ပုံဟောင်း)

အလည်အပတ်ဗီဇာ(Tourist Visa)နဲ့ ထိုင်းမှာ ၂ လကြာနေထိုင်ဖို့ မြန်မာနိုင်ငံသား ၁၀၀ ကျော်ရဲ့ ဗီဇာ လျှောက်ထားမှုကို ဗီယက်နမ်နိုင်ငံ၊ ဟိုချီမင်းမြို့အခြေစိုက် ထိုင်းကောင်စစ်ဝန်ရုံးကနေ ပယ်ချလိုက်တယ်လို့ ရုံးနဲ့ နီးစပ်သူတချို့က ဘီဘီစီကို ပြောပါတယ်။

“ပယ်ချခံလိုက်ရတာ လူ ၁၀၀ ကျော်တယ်။ ဘာအကြောင်းပြချက်မှ မပေးဘဲ ပယ်ချလိုက်တာ” လို့ သူက ပြောပါတယ်။

“ထိုင်းမှာ ၂ လကြာနေထိုင်နိုင်တဲ့ အလည်အပတ်ဗီဇာက ယာယီလည်ပတ်ဖို့ ထုတ်ပေးထားတဲ့ ဗီဇာဖြစ်ပေမဲ့ မြန်မာတွေက ထိုင်းနိုင်ငံထဲ လပေါင်းများစွာကြာအောင် နေထိုင်နေတာကြောင့်” လို့ သိရတယ်လို့ဆိုပြီး ကောင်စစ်ဝန်ရုံးနဲ့နီးစပ်တဲ့ ဘီဘီစီသတင်းရင်းမြစ် တစ်ဦးကပြောပါတယ်။

မြန်မာနိုင်ငံသားတွေရဲ့ ဗီဇာတွေ အခုလိုပယ်ချခံရတာနဲ့ ပတ်သက်ပြီး ဘီဘီစီက ဟိုချီမင်းမှာရှိတဲ့ ထိုင်းကောင်စစ်ဝန်ရုံးကို ဆက်သွယ်မေးမြန်းနိုင်ဖို့ ကြိုးစားနေပါတယ်။

ပြည်တွင်းမှာ စစ်ကောင်စီက စစ်မှုထမ်းဥပဒေ စတင်ကျင့်သုံးပြီးတဲ့နောက်မှာ မြန်မာလူငယ်တွေဟာ အလည်အပတ်ဗီဇာ ၂ လနဲ့ ထိုင်းကိုထွက်လာပြီးတဲ့နောက် ဗီဇာကို တစ်လချင်းစီ သက်တမ်းတိုးပြီး နေထိုင်နေကြတာဖြစ်ပါတယ်။

အလည်အပတ် ဗီဇာသက်တမ်း ၆ လပြည့်သွားရင်လည်း အိမ်နီးချင်းပြည်ပနိုင်ငံတစ်နိုင်ငံကို အထွက်ပြပြီး ထိုင်းနိုင်ငံထဲကို အလားတူ ဗီဇာနဲ့ ပြန်လည်နေထိုင်ကြတာများပါတယ်။

ဒီအခြေအနေကြောင့်ပဲ ထိုင်းဘက်က ဗီဇာအသစ်ထပ်ပေးဖို့ စဉ်းစားလာတာဖြစ်နိုင်တယ်လို့လည်း သူက သုံးသပ်ပြပါတယ်။

“ဗီဇာလျှောက်လို့ မရတော့ဘူးဆိုရင် ထိုင်းကို ၁၄ ရက်နဲ့ပဲ ပြန်ဝင်ရတော့မယ်။ ပြီးမှ ရေရှည်နေထိုင်နိုင်တဲ့ ဗီဇာနောက်တစ်မျိုးကို ထပ်လျှောက်ဖို့ လုပ်ရတော့မှာပေါ့”လို့ ဗီယက်နမ်မှာ အလည်အပတ်ဗီဇာ ပယ်ချခံခဲ့ရသူတစ်ဦးကပြောပါတယ်။

ပြည်ပအထွက်ပြပြီးမှ ထိုင်းနိုင်ငံအလည်အပတ်ဗီဇာလျှောက်တဲ့အခါမှာလည်း လာအိုနဲ့ ကမ္ဘောဒီးယားနိုင်ငံတွေထက် ဗီယက်နမ်က ဗီဇာလျှောက်တဲ့လုပ်ငန်းစဉ်က အချိန်ပိုပြီး တိုတောင်းတယ်လို့ ဗီဇာအကျိုးဆောင်တချို့က ပြောပါတယ်။

“ကမ္ဘောဒီးယားဆိုရင် တရားဝင် ၁၀ ရက်ကြာမယ်လို့ ကြေညာထားတာ၊ ဗီယက်နမ်မှာက ၅ ရက်ပဲ ကြာတယ်” လို့ အကျိုးဆောင်လုပ်ငန်းလုပ်ကိုင်သူတစ်ဦးက ရှင်းပြပါတယ်။

တစ်ဖက်မှာလည်း ထိုင်းမှာ အလည်ပတ်ဗီဇာကို သက်တမ်းတိုးနေထိုင်နေပြီး ၆ လပြည့်ခါနီးဖြစ်နေတဲ့ မြန်မာတချို့ကလည်း လာအိုနဲ့ ကမ္ဘောဒီးယားနိုင်ငံတွေကတဆင့် အလည်အပတ်ဗီဇာ လျှောက်လို့ရနေပေမယ့် အဲဒီနိုင်ငံတွေမှာရှိတဲ့ ထိုင်းသံရုံးတွေဘက်ကနေ ပယ်ချလာမလားဆိုတဲ့ စိုးရိမ်ချက်တွေရှိနေတယ်လို့ ဘီဘီစီကိုပြောကြပါတယ်။

ကျောက်မဲမှာ အမျိုးသား ရာချီကို မူးယစ်ဆေးဖြတ်ပေးခဲ့တယ်လို့ TNLA ပြော

TNLA က ထုတ်ပြန်လာတဲ့ မူးယစ်ဆေးဝါးရှာဖွေမှု ဓာတ်ပုံ

ဓာတ်ပုံ ရင်းမြစ်, TNLA

ဓာတ်ပုံ ပုံစာ, TNLA က ထုတ်ပြန်လာတဲ့ မူးယစ်ဆေးဝါးရှာဖွေမှု ဓာတ်ပုံ

ရှမ်းပြည်နယ်မြောက်ပိုင်းက တအာင်းတပ် (TNLA) ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့မှာ လူပေါင်း ၃၂၀ ကို မူးယစ်ဆေးဖြတ်ပေးခဲ့တယ်လို့ TNLA က မနေ့ နိုဝင်ဘာ ၉ ရက်မှာ ထုတ်ပြောလာပါတယ်။

အဲဒီအမျိုးသားရာချီကို TNLA က ဖွဲ့စည်းထားတဲ့ ကျောက်မဲမြို့အခြေစိုက် တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့ရဲ့ မူးယစ်‌ဆေးဝါး တိုက်ဖျက်ရေးဌာနကနေ အကျင့်စာရိတ္တပြုပြင်ရေးကျောင်းဖွင့်လှစ်ပေးပြီး ဆေးဖြတ် ပေးခဲ့တာလို့ ဆိုပါတယ်။

၁၀၂၇ စစ်ဆင်ရေးအပိုင်း (၂) အတွင်း ထိန်းချုပ်ခဲ့တဲ့နယ်မြေတွေထဲက မူးယစ်ဆေးဝါးရောင်းဝယ်သူနဲ့ သုံးစွဲသူတွေကို နှိမ်နင်းချိန် ဒီအမျိုးသားတွေကို ဖမ်းမိခဲ့တာလို့လည်း ဆိုပါတယ်။

အဲဒီဖမ်းဆီးရမိတဲ့သူတွေကို ကျောက်မဲက ပြုပြင်ရေးကျောင်းမှာ အချိန် ၆ လ နေစေပြီး ဆေးဖြတ်‌ပေး ခဲ့တာလို့ ‌ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ ၇ နှစ်ကြာ ဘိန်းထုတ်လုပ်မှု ကျဆင်းလာခဲ့ပြီးတဲ့နောက် ပြန်ပြီး ထိုးတက်လာနေတယ်လို့ ကုလသမဂ္ဂက ၂၀၂၃ ခုနှစ်မှာ အစီရင်ခံစာ ထုတ်ပြန်ပါတယ်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုဖြစ်ပြီးတဲ့နောက် ရှမ်းပြည်နယ်ထဲ ဘိန်းစိုက်ပျိုးမှုပြန်လည်မြင့်တက်လာတယ်လို့ အစီရင်ခံစာတွေက ဖော်ပြနေပါတယ်။

TNLA ကတော့ သူတို့ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းနမ့်ခမ်းမြို့နယ်ထဲက ဘိန်းစိုက်ဧက တစ်ထောင်ကျော်ကို ဖျက်ဆီးခဲ့တယ်လို့ TNLA က ပြီးခဲ့တဲ့ မတ်လတုန်းက ထုတ်ပြန်ထားပါတယ်။

မူဆယ် -ရွှေလီ တနိုင်တပိုင် နယ်စပ်ကုန်စည်ဖြတ်သန်းမှုကို တရုတ်က ကန့်သတ်ပိတ်ပင်

‌ရွှေလီဘက်ခြမ်းကနေ တွေ့ရတဲ့ တရုတ်-မြန်မာနယ်စပ်ဂိတ် (ပုံဟောင်း)

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ‌ရွှေလီဘက်ခြမ်းကနေ တွေ့ရတဲ့ တရုတ်-မြန်မာနယ်စပ်ဂိတ် (ပုံဟောင်း)

တရုတ် - မြန်မာနယ်စပ်၊ မူဆယ်မြို့နဲ့ ရွှေလီ(ကြယ်ခေါင်)မြို့ကြား တနိုင်တပိုင် နယ်စပ်ကုန်စည် ဖြတ်သန်းတာကို တရုတ်ဘက်က မနက်ဖြန် နိုဝင်ဘာလ ၁၁ ရက်ကစပြီး ကန့်သတ်လိုက်ပါတယ်။

ကုန်စည်တွေကို ခရီးသည်တင်ယာဉ်တွေ၊ ဆိုင်ကယ်နဲ့ သုံးဘီးတွေအပြင် လက်တွန်းလှည်းတွေသုံးပြီး ဆင်ဖြူဂိတ်အပေါက်ကနေတဆင့် တရုတ်နိုင်ငံထဲ ကူးသန်းရောင်းချတာတွေ ခွင့်မပြုတော့ဘူးလို့ ရွှေလီ အာဏာပိုင်တွေဘက်က စာထုတ်ကန့်သတ်လိုက်တာဖြစ်ပါတယ်။

ဒါ့အပြင် ရွှေလီမြို့(ကြယ်ခေါင်)က ပြည်ဝင်ပြည်ထွက် ကုန်ပစ္စည်းအားလုံးကိုလည်း ကုန်စည်ပို့ဆောင်တဲ့ လမ်းကြောင်းကတဆင့်ပဲ ဝင်ထွက်ရမယ်လို့ ကြေညာချက်ထဲမှာ ဖော်ပြထားတာကြောင့် တရုတ်ဘက်ကနေ ကုန်တင်ယာဉ်မဟုတ်တဲ့ ယာဥ်တွေနဲ့ တနိုင်တပိုင် ယူရောင်းချတဲ့မြန်မာကုန်သည်တွေကိုလည်း ကန့်သတ်လိုက်တာဖြစ်ပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းက ၁၀၂၇ စစ်ဆင်ရေးတစ်နှစ်မပြည့်ခင်မှာပဲ တရုတ်ကနေ မြန်မာကိုတင်ပို့နေတဲ့ စားသောက်ကုန်နဲ့ အိမ်သုံးပစ္စည်းတွေအပြင် ဆေးဝါးနဲ့ လျှပ်စစ်ပစ္စည်းတင်ပို့ရောင်းချတာတွေကို အောက်တိုဘာ ၂၂ ရက်ကတည်းက တရုတ်ဘက်က ယာယီပိတ်လိုက်ထားလို့ နယ်စပ်ကုန်သည်တချို့က ပြောထားပါတယ်။

နိုဝင်ဘာလမှာတော့ မြန်မာ-တရုတ်နယ်စပ်က တနိုင်တပိုင်ရောင်းချနေတဲ့ကုန်သည်တွေကိုပါ ရောင်းချခွင့်ကို တရုတ်ဘက်က ထပ်တိုးကန့်သတ်လိုက်တာဖြစ်ပါတယ်။

အလားတူ တိုက်ပွဲတွေပြင်းထန်ခဲ့တဲ့ ရှမ်းမြောက်မှာ မန္တလေး-လားရှိူး-မူဆယ်ကုန်သွယ်ရေးလမ်းကြောင်းတွေ ရပ်တန့်နေတာကြောင့် ရှမ်းမြောက်က ဒေသခံတွေဟာ စားသောက်ကုန်၊ ဆေးဝါးနဲ့ အိမ်ဆောက်ပစ္စည်းတွေအတွက် တရုတ်ဘက်ကို အားထားနေရတဲ့အခြေအနေပါ။

မြန်မာဘက်က တနိုင်တပိုင်ကုန်သည်တွေအနေနဲ့လည်း “မြန်မာတိုင်းရင်းဆေးလေးတွေ၊ မြန်မာက ဒေသထွက်စားသောက်ကုန်၊ စီးကရက်ဆိုလည်း ၂ တောင့်လောက်ပဲ၊ ဒါလေးတွေပဲ တရုတ်ဘက်မှာ သွားရောင်းကြတာပါ” လို့ ကုန်သည်တစ်ဦးက ရှင်းပြပါတယ်။

အခုလို တနိုင်တပိုင်ကုန်သည်တွေကို ကုန်တင်ယာဥ်မဟုတ်တာတွေနဲ့ သယ်ဆောင်တာအပြင် ‌‌ရွှေလီမြို့ထဲ ဝင်ထွက်ရောင်းချခွင့်ကိုပါ ကန့်သတ်လိုက်တာကြောင့် “အရောင်းအဝယ်နားရတော့မယ့်သဘောပေါ့၊ မြန်မာဘက်ကလည်း သွားရောင်းလို့မရ၊ တရုတ်ဘက်ကလည်း ယူ‌ရောင်းလို့မရတော့ စားဝတ်နေရေးထိခိုက်ကုန်ပြီ” လို့ ကုန်သည်တစ်ဦးက ရှင်းပြပါတယ်။