အသက်တွေနုတ်ယူသွားတဲ့ တောင်ကျချောင်းရေ

ဓာတ်ပုံ ရင်းမြစ်, ဆင်ဖြူကျွန်းFacebook
မကွေးတိုင်း၊ စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့က ရေနစ်မြုပ်ခံရတဲ့ ကျေးရွာတချို့က ဒေသခံတွေ တညီတညွတ်တည်းပြောတဲ့စကားက “ကျနော်တို့ အသက်အရွယ်မှာ ဒီမြို့မှာ၊ ဒီလိုအဖြစ်မျိုး တစ်ခါမှာ မကြုံဖူးဘူး” ဆိုတာပါပဲ။ သူတို့တွေဟာ အသက် ၅၀ ကျော်အရွယ် ဒေသခံတွေဖြစ်ပါတယ်။
မိုခါမုန်တိုင်းဟာ ရခိုင်ပြည်နယ်ကနေ မကွေးတိုင်းဘက်ကို ဝင်ရောက်လာနိုင်တယ်ဆိုတဲ့ သတိပေးချက်တွေကို ဆင်ဖြူကျွန်းမြို့အပါအဝင် ကျေးရွာတွေက သတင်းအချက်လက်တွေ ရရှိခဲ့ကြပေမဲ့ တကြိမ်တခါမှ မကြုံဖူးခဲ့ကြတဲ့အတွက် ဒီလောက်ထိ ထိခိုက်ခဲ့မယ်ဆိုတာကို မမျှော်လင့်ခဲ့ကြပါဘူး။
စလင်းချောင်းလို့လည်းခေါ် သလို နွယ်တမယ်ချောင်းလို့လည်း ခေါ်ကြတဲ့ ချောင်းရေကလည်း ရေမရှိတာ၊ ကောတာ ကြာပြီဖြစ်တဲ့အတွက် ဒီချောင်းကနေ ရေကြီးလာလိမ့်မယ်လို့လည်း မတွေးမိခဲ့ကြပါဘူး။
တချို့ချောင်းဘေးမှာ ရှိနေတဲ့ လူအနည်းစုလောက်သာ မြေအမြင့်မှာရှိတဲ့ နီးစပ်ရာဆွေမျိုးတွေအိမ်မှာ ပြောင်းရွှေ့နေတာတွေ၊ ကုန်းအမြင့်မှာရှိတဲ့ ဘုန်းကြီးကျောင်းလို နေရာတွေမှာ ပြောင်းရွှေ့နေတာတွေရှိပေမဲ့ အများစုကတော့ ကိုယ့်အိမ်မှာကိုယ်ပဲ နေခဲ့ကြပါတယ်။
လူအသေအပျောက်ရှိတဲ့အထိ ချောင်းရေစီးက ပြင်းထန်ခဲ့

ဓာတ်ပုံ ရင်းမြစ်, ဆင်ဖြူကျွန်းFacebook
မိုခါမုန်တိုင်းအရှိန်ကြောင့် ရွာတဲ့မိုးဟာ မေ ၁၃ ရက်မနက်ပိုင်းက စခဲ့ပါတယ်။ မိုးအဆက်မပြတ်ရွာရင်း မေ ၁၄ ရက် မှာ ပိုပြီး သည်းခဲ့ပါတယ်။ ညနေ ၃ နာရီလောက်အချိန်မှာ တိမ်ကောနေတယ်လို့ သတ်မှတ်ထားတဲ့ စလင်းချောင်းရေဟာ ရုတ်တရက်ပြိုကျသလို စီးလာခဲ့ပါတယ်။
“ဖျာလိပ်ကြီး လိမ့်ချလာသလိုပဲ ၊ ရေတွေ အရှိန်နဲ့စီးလာတာ”လို့ ချောင်းဘေးကျေးရွာတစ်ရွာဖြစ်တဲ့ ငှက်ပျောတောရွာက အသက် ၅၀ ကျော်အရွယ် ဒေသခံတစ်ယောက်က ပြောပါတယ်။
ရုတ်တရက်ကျလာတဲ့ ချောင်းရေဟာ ချောင်းဘေးမှာရှိတဲ့ ရွာတွေထဲကို အချိန်တိုအတွင်း အရှိန်နဲ့ ဝင်ခဲ့ပါတယ်။ တချို့ဒေသခံတွေက လွတ်အောင်ရှောင်နိုင်ကြပေမဲ့ မရှောင်နိုင်ဘဲ အသက်ဆုံးရှုံးခဲ့ရသူတွေလည်း ရှိခဲ့ကြပါတယ်။
ဆင်ဖြူကျွန်းမြို့ထဲက အသက် ၇၀ ခန့်အရွယ် ဒေါ်အေးသန်းနဲ့ အသက် ၄၄ နှစ် အရွယ် သမီးဖြစ်သူ ဒေါ်ယဉ်မင်းစိုးတို့ရဲ့အိမ်ဟာ စလင်းချောင်းနဲ့ ကတ္တရာလမ်းတစ်လမ်းသာ ခြားပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
သူတို့နှစ်ယောက်ဟာ အရှိန်နဲ့စီးလာတဲ့ချောင်းရေကို မရှောင်နိုင်ခဲ့ကြပါဘူး။
“ရှောင်ဖို့ထွက်ကြရင်းနဲ့ကို ရေက မိနစ်ပိုင်းအတွင်းကို ရင်စို့အထိ ရောက်လာတာ၊ အမေကတော့ ရေမကူးတတ်ဘူး။ အစ်မက အားကစားသမား ရေကူးတတ်တယ်။ ဒါပေမဲ့ သူလည်း ရေအရှိန်ကို လွတ်အောင် မကူးနိုင်ခဲ့ဘူးထင်တယ်။ အစ်မနဲ့ အမေတို့ ပါသွားတာကို ရွာက တခြားသူတွေလည်း မြင်လို့ လိုက်ကယ်ဖို့ ကြိုးစားကြပေမဲ့ ရေစီးက မြန်တော့ မကယ်လိုက်နိုင်ကြဘူး၊ ဘုန်းကြီးကျောင်းက လူတွေကလည်း ဆွဲဖို့ကြိုးစားကြပေမဲ့ မရခဲ့ကြဘူး”လို့ သူတို့နှစ်ယောက်ရဲ့ မိသားစုဝင်တစ်ယောက်က ပြောပါတယ်။
မျောပါသွားတဲ့ သားအမိနှစ်ယောက်ကို လိုက်ရှာဖို့ အဲ့ဒီညနေကနေ တညလုံးအထိ အဆင်မပြေခဲ့ကြပါဘူး။ တက်လာတဲ့ ချောင်းရေကနေလွတ်တဲ့နေရာမှာ ရေကျတဲ့အထိ စောင့်နေခဲ့ရပါတယ်။ တချို့တွေက အိမ်အမိုးတွေမှာ တက်နေခဲ့ကြရသလို၊ တချို့တွေက နေအိမ် ထုပ်တန်းတွေပေါ်မှာ တက်နေခဲ့ကြရပါတယ်။ မေ ၁၅ ရက် ရေကျချိန်လောက် လိုက်ရှာတဲ့အခါ ဒေါ်အေးသန်းရဲ့ ရုပ်အလောင်းကို မြို့အရှေ့ဘက် လယ်ကွင်းထဲမှာတွေ့ခဲ့ပေမဲ့ သမီးဖြစ်သူရဲ့ အလောင်းကိုတော့ မတွေ့ကြသေးပါဘူး။
ဒါ့ကြောင့် မိသားစုဝင်တွေက ရေစီးနဲ့မျောပါ ပျောက်ဆုံးသွားတဲ့ ဒေါ်ယဉ်မင်းစိုးကို တွေ့ရင်အကြောင်းကြားပါဆိုပြီး ဓာတ်ပုံနဲ့အတူ ဆက်သွယ်ရမယ့်ဖုန်းနံပတ်တွေကို လူမှုကွန်ရက် Facebook ကနေ တင်ခဲ့ပါတယ်။
ညနေပိုင်းမှာတော့ ဒေါ်ယဉ်မင်းစိုးကို ဧရာဝတီမြစ်နားက စမ်းတွင်းကျွန်းမှာတွေ့ခဲ့ပေမဲ့ အသက်ရှင်ရက်မဟုတ်ဘဲ ရုပ်အလောင်းအနေနဲ့သာ ရှာတွေ့ခဲ့ပါတော့တယ်။
“အခုတော့ အမေနဲ့အစ်မကို သင်္ဂြိုဟ်ပြီးပါပြီ။ သူတို့အတွက် တတ်နိုင်သမျှ ကုသိုလ်လုပ်ပေးရုံပေါ့”လို့ မိသားစုဝင်ဖြစ်သူက ပြောပါတယ်။
သူတို့သားအမိလိုပဲ ဆင်ဖြူကျွန်းမြို့နောက်ဘက်က နွယ်တမယ်ကျေးရွာက အသက် ၂၂ နှစ်အရွယ် ကိုရှိန်းဆိုတဲ့ လူငယ်လေးလည်း ရေစီးနဲ့အတူ မျောပါ သေဆုံးခဲ့ရပါတယ်။
ဈေးထဲမှာ ကုန်ထမ်းအလုပ်နဲ့ အသက်မွေးနေတဲ့ ကိုရှိန်းဟာ မေ ၁၄ ရက်က အိမ်ကိုပြန်လာရင်း လမ်းမှာ ချောင်းရေကျတာနဲ့ဆုံပြီး မျောပါသွားခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
အပျက်စီးအဆုံးရှုံးတွေနဲ့ နွံတွေဖုံးသွားတဲ့ ကျေးရွာတွေ

ဓာတ်ပုံ ရင်းမြစ်, ဆင်ဖြူကျွန်းFacebook
ဆင်ဖြူကျွန်းမြို့ထဲက စလင်းချောင်းတစ်လျှောက်မှာရှိတဲ့ ကျေးရွာ ၂၀ ကနေ ၃၀ ဝန်းကျင်လောက်ဟာ ရေနစ်မြုပ်ခံရပြီးနောက် ရေပြန်ကျသွားပေမဲ့ ရေနဲ့အတူပါလာတဲ့ နွံတွေကျန်ခဲ့ပါတယ်။
“နွံတွေက အိမ်တွေထဲမှာကျန်ခဲ့တယ်။ လမ်းတွေမှာလည်း ကျန်ခဲ့တော့ လူအင်အားနဲ့ ဘယ်လိုမှ ဖယ်လို့မရဘူး။ အိမ်ထဲမှာရှိတဲ့ လျှပ်စစ်ပစ္စည်းတွေရော၊ ဆန်တွေ၊ အဝတ်တွေ အကုန်လုံး နွံတွေနစ်ကုန်တာ။ ပရဟိတအတွက် သုံးတဲ့ကားလည်း နစ်သွားလို့ ပြန်ပြင်ရမယ်”လို့ ကျောင်းကုန်းကျေးရွာက မေတ္တာရောင်ပြန် ဆရာတော် ဦးစန္ဒိမာက မိန့်ပါတယ်။
မိုခါမုန်တိုင်းအရှိန်ကြောင့် ချောင်းရေတက်တာ ခံစားလိုက်ရတဲ့ ကျေးရွာဒေသခံတွေဟာ နေအိမ်တွေပြိုလဲ၊ ပျက်စီးတာ၊ ကျွဲ၊ နွား၊ ဝက်တွေ သေဆုံးတာ၊ စပါး၊ ပဲ ၊ နှမ်း စတဲ့ သီးနှံတွေ ပျက်စီးတာအပြင် လယ်၊ ယာတွေလည်း နွံဖုံးလွှမ်းသွားတာကြောင့် စိုက်ပျိုးလို့ မရတော့တဲ့အထိ ဖြစ်သွားခဲ့ပါတယ်။
“အကုန်လုံး ဘယ်ကို ကြည့်ကြည့် နွံတွေချည်းပဲ”လို့ ငှက်ပျောတောကျေးရွာ တောင်သူတစ်ယောက်က ပြောပါတယ်။
ရေကြီးနစ်မြုပ်ခံရပြီး အပျက်အစီးတွေကိုလည်း ကျေးရွာဒေသခံတွေနဲ့ ပရဟိတ အဖွဲ့အစည်းတချို့ ပူးပေါင်းပြီး ကိုယ်ထူကိုယ်ထ ဖယ်ရှားနေကြရပါတယ်။
တချို့နေရာတွေမှာ လမ်းတွေပျက်တာ၊ တံတားတွေကျိုးတာကြောင့် သွားလာရေးမလွယ်ကူကြသေးပါဘူး။ လျှပ်စစ်ထရန်စဖော်မာတွေလည်း ပျက်စီးသွားတာကြောင့် လျှပ်စစ်လည်း မရကြသေးသလို အစားအသောက်၊ အဝတ်အထည်နဲ့ အကူအညီတွေ လိုအပ်နေကြတာပါ။








