တူရကီ၊ဆီးရီးယားငလျင်- အသက်ရှင်ကျန်သူတွေ ရေနဲ့ အနွေးဓာတ်မရ၊ သေဆုံးသူ ၁၉,၀၀၀ ကျော်ရှိပြီ

Turkey-Syria earthquake

ဓာတ်ပုံ ရင်းမြစ်, EPA

ရေးသားခဲ့သည်။

ကယ်ဆယ်ရေးပစ္စည်းတွေ လာရောက်လှူဒါန်းဖို့ မြန်မာနိုင်ငံဆိုင်ရာ တူရကီသံရုံးအကူအညီတောင်းခံ

Turkey-Syria earthquake

ဓာတ်ပုံ ရင်းမြစ်, Turkey embassy

တနင်္လာနေ့က လှုပ်ခဲ့တဲ့ တူရကီနဲ့ ဆီးရီးယား ငလျင်ကြောင့် သေဆုံးသူ ၁၉,၃၀၀ ကျော် ရှိပြီ ဖြစ်ပါတယ်။

ကြာသပတေး နေ့လယ်ပိုင်း အချိန်အထိ သတင်းအရ တူရကီ နိုင်ငံမှာ သေဆုံးသူ ၁၆,၁၇၀ ဦး ရှိပါတယ်။

ဆီးရီးယားမှာတော့ သေဆုံးသူ ၃၁၆၂ ဦး ရှိပြီ ဖြစ်တယ်လို့ သတင်းရရှိထားပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကတော့ ခိုလှုံစရာနဲ့ ရေ၊ လျှပ်စစ်မီးစတာတွေ မရရင် အသက်ရှင်ကျန်ရစ်သူတွေ အများအပြားပါ အသက်ဆုံးရှုံးမှာကို စိုးရိမ်ကြောင်း ပြောပါတယ်။

အခုတော့ ကုလသမဂ္ဂရဲ့ ထောက်ပံ့ရေးပစ္စည်းသယ်ယာဥ်တွေ တူရကီနယ်စပ်ကနေ ဆီးရီးယားဘက်ကို ဖြတ်လာပြီ ဖြစ်ပြီး ဒါဟာ ပထမဆုံးအကြိမ် နိုင်ငံတကာရဲ့ အထောက်အပံ့တွေ ရတာ ဖြစ်ပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

တူရကီနဲ့ ဆီးရီးယား နှစ်နိုင်ငံစလုံးမှာ ရှာဖွယ်ကယ်ဆယ်ရေးတွေ ဆက်လုပ်နေပေမဲ့ အပျက်အစီးတွေ ကြားထဲမှာ အသက်ရှင်သူတွေ ရှိနိုင်ခြေကတော့ လျော့နည်းနေပါပြီ။

မြန်မာနိုင်ငံအခြေစိုက် တူရကီသံရုံးကလည်း တူရကီငလျင်ဒဏ်ခံပြည်သူတွေအတွက် ကူညီကယ်ဆယ်ရေးပစ္စည်းတွေကို လှူဒါန်းနိုင်ကြောင်း ၄င်းတို့ရဲ့ သံရုံးစာမျက်နှာကနေ ကြေညာထားပြီး လှူဒါန်းလိုတဲ့ တူရကီနိုင်ငံသားတွေ၊ မြန်မာမိတ်ဆွေတွေနဲ့ အခြားသောမိတ်ဆွေတွေအနေနဲ့ ကယ်ဆယ်ရေးအထောက်အပံ့ပစ္စည်းတွေကို ထုပ်ပိုးယူဆောင်လာပြီး အမှတ် ၁၉(အေဘီ)၊ ကန်ရိပ်သာလမ်း၊ မရမ်းကုန်းမြို့နယ်မှာရှိတဲ့ တူရကီသံရုံးထံ လာရောက်လှူဒါန်းပေးဖို့ ဖိတ်ခေါ်ထားတာကိုလည်း တွေ့ရပါတယ်။

လိုအပ်တဲ့ပစ္စည်းစာရင်းတွေထဲမှာ ကလေးသူငယ်တွေအပါအဝင် ဒုက္ခသည်တွေအတွက် မိုးကာ၊ ကုတ်အင်္ကျီ၊ ဆွယ်တာအနွေးထည်၊ ဘွတ်ဖိနပ်၊ ဘောင်းဘီရှည်၊ လက်အိတ်၊ သိုးမွေး ဦးထုပ် စတဲ့ ဆောင်းရာသီအဝတ်အထည်တွေ လိုအပ်နေသလို ယာယီတဲ၊ မွေ့ရာ၊ စောင်၊ ခေါင်းအုံး၊ ဓာတ်မီး၊ ပါဝါဘန့်၊ ဂတ်စ်မီးဖို စတဲ့ မရှိမဖြစ် လူသုံးကုန်ပစ္စည်းတွေလည်း လိုအပ်နေတယ်လို့ သံရုံးဝက်ဘ်ဆိုက်က ဖော်ပြထားပါတယ်။

ဒါ့အပြင် သံဗူးလို ရေရှည်ခံတဲ့ အစားအစာတွေ၊ ကလေးငယ်တွေအတွက် နို့ဘူးနဲ့ ဖြည့်စွက်အစားအစာတွေနဲ့ ဒိုက်ပါတွေ၊ အမျိုးသမီးတစ်ကိုယ်ရည်သန့်ရှင်းရေးအသုံးအဆောင်တွေကိုလည်း လှူဒါန်းဖို့လိုအပ်တဲ့ပစ္စည်းစာရင်းမှာဖော်ပြထားတာတွေ့ရပါတယ်။

တူရကီသမ္မတ အာဒိုဂန်-ကြီးမားတဲ့သဘာဝဘေးအတွက် ကြိုတင်ပြင်ဆင်ဖို့မဖြစ်နိုင်

Turkey President

ဓာတ်ပုံ ရင်းမြစ်, Reuters

တူရကီအစိုးရအာဏာပိုင်တွေရဲ့ ငလျင်ကို အရေးပေါ်တုံ့ပြန်မှုဟာ အလွန်နှေးကွေးပြီး ကြိုတင်ပြင်ဆင်မှုလည်း ညံ့ဖျင်းအားနည်းခဲ့တယ်လို့ ဝေဖန်မှုတွေ ခံနေရပြီး တူရကီသမ္မတ အာဒိုဂန်ကအစိုးရအဖွဲ့မှာ အခက်အခဲတချို့ ရှိခဲ့ပေမဲ့ အခုတော့အခြေအနေကိုထိန်းချုပ်နိုင်ခဲ့ပြီလို့ ဆိုပါတယ်။

ဒီလိုကြီးမားတဲ့သဘာဝဘေးအန္တရာယ်ကြီးအတွက် ကြိုတင်ပြင်ဆင်ထားဖို့ဆိုတာကလည်း မဖြစ်နိုင်ဘူးလို့ သူက တုံ့ပြန်ပါတယ်။

တူရကီရဲ့ အဓိကအတိုက်အခံပါတီခေါင်းဆောင်ကတော့ ဒါကို သဘောမတူကြောင်းနဲ့ ဒီဖြစ်စဥ်အတွက် အဓိက တာဝန်ရှိသူဟာ အာဒိုဂန်ပဲဖြစ်တယ်လို့ ဆိုပါတယ်။

အာဒိုဂန်ကတော့ ဒီစွဲချက်ကို ပယ်ချလိုက်ပြီး သဘာဝဘေးကြီး အပြီးမှာ စုစည်းညီညွတ်မှု လိုအပ်ကြောင်း ပြောကြားခဲ့ပါတယ်။

ငလျင်လှုပ်ခတ်ပြီးကတည်းက တူရကီနဲ့ ဆီးရီးယားနယ်စပ်တစ်လျှောက် လမ်းတွေဆိုးဆိုးရွားရွား ပျက်စီးနေပြီး ဖြတ်သန်းသွားလာမှုတွေလည်း ပိတ်ထားပါတယ်။

ယူအန်အဆင့်မြင့်အရာရှိတစ်ဦးက လမ်းတွေမကြာခင် ပြန်ဖွင့်နိုင်မယ်လို့ ပြောပြီး တူရကီ နိုင်ငံခြားရေးဝန်ကြီးကလည်း နိုင်ငံထဲ အကူအညီတွေဝင်ရောက်နိုင်ဖို့ နယ်စပ်ဂိတ်နှစ်ခုထက်မနည်း ပြန်ဖွင့်ဖို့ လုပ်နေပြီလို့ ပြောပါတယ်။

ဆီးရီးယားမှာတော့ကာလရှည်ကြာဖြစ်ပွားနေတဲ့ပြည်တွင်းစစ်ကြောင့် နိုင်ငံရဲ့အခြေခံအဆောက်အအုံတွေ ဖျက်ဆီးခံထားရလို့ ကူညီကယ်ဆယ်ရေးလုပ်ငန်းစဥ်တွေမှာ ရှုပ်ထွေးမှုတွေနဲ့ကြုံနေရပါတယ်။

ဥရောပသမဂ္ဂ အီးယူကတော့ ဆီးရီးယားအစိုးရရဲ့ အကူအညီတောင်းခံမှုအရ ယူရို ၃.၅ သန်း အကူအညီတွေပေးအပ်မယ်လို့ အတည်ပြုပြီး ဒီကယ်ဆယ်ကူညီရေးတွေဟာ အစိုးရရော ဆီးရီးယားလက်နက်ကိုင်တွေထိန်းချိုပ်ထားတဲ့ ဧရိယာတွေကိုပါ ပေးအပ်မယ်လို့ ဆိုပါတယ်။

ဆီးရီးယားက အစ်ဒ်လစ်ပြည်နယ်တစ်လျှာက် လူပေါင်း ၁၅၀၀ ကျော် သေဆုံးထားပြီး ဆီးရီးယားသမ္မတ အကြံပေးကတော့ ငလျင်ဒဏ်ခံပြည်သူတွေအတွက်လိုအပ်တဲ့ကူညီကယ်ဆယ်ရေးတွေရရှိနိုင်ဖို့ ပိတ်ဆို့အရေးယူမှုတွေကို ရပ်ဆိုင်းသင့်ကြောင်း ပြောပါတယ်။

“ကျွန်တော်တို့မှာ ဘူဒိုဇာတွေလည်းအလုံအလောက်မရှိသလို ကရိန်းကားတွေလည်း အလုံအလောက်မရှိပါဘူး။ အမေရိကန်နဲ့အီးယူရဲ့ပိတ်ဆို့မှုကြောင့် စက်သုံးဆီတွေလည်းလုံလုံလောက်လောက်ရှိမနေပါဘူး”လို့ သူကပြောပါတယ်။