ဘန်ကောက် အချုပ်ထဲက ဝိဂါတစ်ဦး သေဆုံးသွားအပြီး ထိုင်းအစိုးရအပေါ် ဖိအားတွေတိုးလာ

Abdullah တို့ မိသားစု

ဓာတ်ပုံ ရင်းမြစ်, COURTESY ABDULLAH FAMILY

ဓာတ်ပုံ ပုံစာ, အဇစ်အဗ္ဗဒူလာ (ယာ) နဲ့ မိသားစုကို ထိုင်းနိုင်ငံကို ထွက်မပြေးလာခင်ကပုံ
    • ရေးသားသူ, ဂျိုနသန် ဟက်
    • ရာထူးတာဝန်, BBC News
    • ရေးသားပေးပို့သည့်နေရာ, Thailand
  • ရေးသားခဲ့သည်။

ခိုလှုံခွင့်တောင်းခံထားတဲ့ ဝိဂါလူမျိုးတစ်ဦး ထိုင်းနိုင်ငံက အချုပ်ခန်းထဲမှာ သေဆုံးသွားတဲ့အတွက် ထိုင်းမှာ ကိုးနှစ်ကြာ ထိန်းသိမ်းခံနေရတဲ့ ဝိဂါလူမျိုး ၅၀ လောက် ရဲ့ အရေးကို လူသားဆန်စွာဖြေရှင်းပေးဖို့ လူ့အခွင့်အရေးအဖွဲ့တွေက ထိုင်းအစိုးရကို တောင်းဆိုတိုက်တွန်းနေပါတယ်။

အသက် ၄၉ နှစ်အရွယ် ဝိဂါလူမျိုး အဇစ်အဗ္ဗဒူလာဟာ ဘန်ကောက်မြို့က လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းမှာ လဲကျသေဆုံးသွားတာပါ။

သူဟာ ၂၀၁၃ ခုနှစ်တုန်းက တရုတ်နိုင်ငံအနောက်ပိုင်း ရှင်ကျန်းပြည်နယ်က ထွက်ပြေးလာတဲ့ ဝိဂါ ၃၅၀ ကျော်ထဲက တစ်ဦးဖြစ်ပြီး၊ ထိုင်းနိုင်ငံမှာ ထိန်းသိမ်းခံနေရတဲ့သူ ဖြစ်ပါတယ်။

လတ်တလောနှစ်တွေအတွင်း အခြားလူနည်းစုတွေနဲ့ ဝိဂါမွတ်စလင် တစ်သန်းကျော်ကို ရှင်ကျန်း ပြည်နယ်ထဲက ထိန်းသိမ်းရေးစခန်းတွေမှာ ချုပ်နှောင်ထားတယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက ပြောကြပြီး ဝိဂါလူမျိုးတွေကို လူမျိုးပြုန်းတီးအောင်လုပ်မှုနဲ့ တရုတ်အစိုးရကို နိုင်ငံတကာအသိုင်းအဝန်းက ဝေဖန်အပြစ်တင်ပါတယ်။

ဒါပေမဲ့ အဲဒီထိန်းသိမ်းရေးစခန်းတွေကို တရုတ်အစိုးရက "ပြန်လည် ပညာပေးရေးစခန်းတွေ" လို့ နာမည်တပ်ထားပြီး၊ စွပ်စွဲမှုတွေအားလုံးကိုလည်း လက်မခံငြင်းပယ်ထားပါတယ်။

အဇစ်အဗ္ဗဒူလာဟာ ရှင်ကျန်းပြည်နယ် အနောက်တောင်ပိုင်း အစွန်အဖျားကျတဲ့ နေရာကလာတဲ့ လယ်သမားတစ်ဦးဖြစ်ပြီး ထိုင်းနိုင်ငံကို ကိုယ်ဝန်ဆောင်ဇနီး၊ သူ့ အစ်ကို၊ ကလေးခုနစ်ဦးနဲ့အတူ ၂၀၁၃ ခုနှစ် နှောင်းပိုင်းက ပြေးလာတဲ့သူဖြစ်ပါတယ်။

အပြင်းဖျားနေတာ သုံးပတ်ကျော်နေပြီဖြစ်တဲ့ အဇစ်အဗ္ဗဒူလာကို ထိုင်းအာဏာပိုင်တွေက ဆေးရုံမပို့ဘဲ၊လဲကျသွားတဲ့အချိန်ကျမှ ဆေးရုံပို့တယ်လို့ လူဝင်မှုကြီးကြပ်ရေးထိန်းသိမ်းရေး စခန်းက အကျဉ်းသားတွေနဲ့ ထိတွေ့ဆက်ဆံမှုတွေရှိနေတဲ့ တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။

“သူ ချောင်းဆိုးပြီး သွေးအန်တာ ဘာအစားမှ မစားနိုင်ဘူး” လို့ သြစတြေးလျအခြေစိုက် World Uyghur Congress ဒုက္ခသည်များစင်တာ ဒါရိုက်တာ ပိုလက်ဆာယင်က ပြောပါတယ်။

"IDC လူဝင်မှုကြီးကြပ်ရေးထိန်းသိမ်းရေးစခန်းက ဆရာဝန်ကလည်း အဇစ်အဗ္ဗဒူလာကို စစ်ဆေး ပြီး ဘာရောဂါမှမရှိဘူး၊ ပုံမှန်အခြေအနေပဲလို့ ပြောခဲ့တယ်"

သူလဲကျသွားပြီးနောက်ပိုင်းကျမှ ဆေးရုံတင်ကုသခဲ့ပြီး ဆေးရုံတင်ပြီးလို့ သိပ်မကြာခင်မှာပဲ သေဆုံးကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ ဆေးရုံက ထုတ်ပေးတဲ့ သေစာရင်းမှာတော့ အဆုတ်ထဲပိုးဝင်ပြီး သေဆုံးတယ်လို့ ရေးထားပါတယ်။

ပြန်ပို့ခံရတဲ့ ဝိဂါတွေ

ဓာတ်ပုံ ရင်းမြစ်, CCTV

ဓာတ်ပုံ ပုံစာ, ကုလသမဂ္ဂက တောင်းဆိုတားမြစ်နေနတဲ့ကြားက ဝိဂါ ၁၀၉ ဦးကို ၂၀၁၅ ခုနှစ်မှာ တရုတ်နိုင်ငံကို ပြန်ပို့ဖို့ ထိုင်းအစိုးရက ဆုံးဖြတ်ခဲ့
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

တရုတ်ပြည်က သူတို့ ထွက်ပြေးလာကြတဲ့အချိန်တုန်းက အဇစ်အဗ္ဗဒူလာတို့အဖွဲ့ သွားမယ့် လမ်းကြောင်းက မလေးရှားကနေ တူရကီကိုဖြစ်ပြီး၊ ထိုင်းတောင်ပိုင်းမှာ ကြားဖြတ်ဖမ်း ခံလိုက်ရတာလို့ တက်ကြွလှုပ်ရှားသူတွေက ပြောပြကြပါတယ်။

အဲဒီအချိန်တုန်းက ဝိဂါအများစုက တရုတ်နိုင်ငံကို ပြန်ပို့ခံရမှာကိုကြောက်တဲ့အတွက် ဝိဂါအချို့ကို နိုင်ငံသား ဖြစ်ခွင့်ပေးနေတဲ့ တူရကီနိုင်ငံကို သွားဖို့ ကြိုးစား ကြတာဖြစ်ပါတယ်။

၂၀၁၅ ခုနှစ် ဇူလိုင်လအစောပိုင်းမှာ ထိုင်းအာဏာပိုင်တွေက အဇစ်အဗ္ဗဒူလာရဲ့ ဇနီးနဲ့ သားသမီးတွေအပါအဝင် သူတို့အဖွဲ့ထဲက ဝိဂါလူမျိုး ၁၇၃ ဦးကို တူရကီနိုင်ငံကို လေယာဉ်နဲ့ သွားခွင့်ပြုခဲ့ပါတယ်။

အဲဒီကိစ္စကို တရုတ်ဘက်က အကြီးအကျယ်ကန့်ကွက်ခဲ့သလို၊ သူများနိုင်ငံကိစ္စကို ဝင်ရောက်စွက်ဖက်တယ်လို့ တူရကီကိုစွပ်စွဲပါတယ်။ ပြီးတော့ တရားမဝင် လူတွေသွားနေတဲ့ကိစ္စတွေမှာလည်း တူရကီက အားပေးကူညီနေတယ်လို့ ပြောပါတယ်။

ထိုင်းအစိုးရက ခိုလှုံခွင့်တောင်းခံထားတဲ့ ဝိဂါတွေရှိတဲ့နေရာကို တရုတ်သံရုံးကလူတွေကို သွားရောက် ကြည့်ရှုစစ်ဆေးခွင့်ပြုခဲ့ပြီး၊ ၂၀၁၅ ခုနှစ် ဇူလိုင်လ ၈ ရက်နေ့မှာတော့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီ UNHCR နဲ့ အစိုးရအများစုရဲ့ ပန်ကြားချက်ကို မျက်ကွယ်ပြုပြီး ဝိဂါအမျိုးသား ၁၀၉ ဦးထက် မနည်းကို ထိုင်းနိုင်ငံကနေ တရုတ်ပြည်ကို အတင်းအကျပ် ပို့ခဲ့ပါတယ်။

တရုတ်နိုင်ငံပြန်ပို့ခံရတဲ့သူတွေကို လေယာဉ်ပေါ်မှာ လက်ထိပ်ခတ် မျက်နှာဖုံးစွပ်ထားတာတွေ့ရပြီး၊ အဲဒီသူတွေထဲမှာ အဇစ်အဗ္ဗဒူလာရဲ့ အစ်ကိုလည်း ပါသွားပါတယ်။

တရုတ်ပြည်ကထွက်ပြေးလာကြတဲ့ အဇစ်အဗ္ဗဒူလာတို့ အုပ်စုကို အကြမ်းဖက်မှုတွေမှာ ပါဝင်ပတ်သက်ခဲ့တဲ့သူတွေ၊ လူမှောင်ခိုဂိုဏ်းအဖွဲ့ဝင်တွေလို့ တရုတ်အစိုးရ မီဒီယာက စွပ်စွဲဖော်ပြ ခဲ့ပါတယ်။

ထိုင်းကနေ တရုတ်နိုင်ငံကို ပြန်ပို့ခံလိုက်ရတဲ့ အမျိုးသားတွေနဲ့ ပတ်သက်လို့ အခုထိ ဘာသတင်မှ မကြားရတော့ပါဘူး။

ဝိဂါတွေကို တရုတ်ပြည်ပြန်ပို့ခဲ့တဲ့ သူတို့ရဲ့ဆုံးဖြတ်ချက်ကို ထိုင်းအစိုးရက ခုခံကာကွယ်ခဲ့ပြီး တရုတ်အစိုးရက ဝိဂါအားလုံးကို ပြန်ပို့ဖို့တောင်းဆိုခဲ့ပေမဲ့ ထိုင်းက တချို့ကိုပဲပြန်ပို့ခဲ့တာလို့ ပြောပါတယ်။

အဲဒီလို ပြန်ပို့လိုက်ပြီး ခြောက်ပတ်အကြာ ဘန်ကောက်မြို့လယ်က နတ်ကွန်းတစ်ခုမှာ အင်အား ပြင်းတဲ့ဗုံးတစ်လုံးပေါက်ကွဲခဲ့ပြီး တရုတ်ဧည့်သည် ၂၀ သေဆုံးခဲ့သလို အများအပြားလည်း ဒဏ်ရာရရှိခဲ့ပါတယ်။

ပေါက်ကွဲမှုနဲ့ပတ်သက်ပြီး အစပိုင်းမှာ ထိုင်းအစိုးရက လူမှောင်ခိုအဖွဲ့တွေအချင်းချင်း ပြိုင်ကြတဲ့ အကျိုးဆက်ဖြစ်ကြောင်း အခိုင်အမာပြောဆိုခဲ့ပေမဲ့ နောက်ပိုင်း ထွက်လာတဲ့ အထောက်အထား တွေအရ ဝိဂါစစ်သွေးကြွအုပ်စုတွေကို ကျူးလွန်သူတွေအဖြစ် စွပ်စွဲခဲ့ပါတယ်။

ဝိဂါ အမျိုးသားနှစ်ဦးကို ဗုံးဖောက်ခွဲမှုနဲ့ ဖမ်းဆီးတရားစွဲဆိုခဲ့ပြီး သူတို့နှစ်ယောက်ထဲက တစ်ဦးက သူ့မှာ အပြစ်မရှိဘူးလို့ အခိုင်အမာထွက်ဆိုခဲ့ပါတယ်။ ဗုံးလုပ်တဲ့သူနေတယ်လို့ ယူဆရတဲ့ နေအိမ်တစ် အိမ်ကို ဝင်ရောက်စီးနင်းစဉ် သူ့ကို ဖမ်းမိတာဖြစ်ပြီး သူဟာလည်း ခိုလှုံခွင့်တောင်းခံထားသူ ဖြစ်နိုင် တယ်လို့ ယူဆမှုတွေရှိပါတယ်။

သူတို့ကိုဖမ်းပြီး ရှစ်နှစ်ကျော်ကြာအထိ စီရင်ချက်မချသေးဘဲ တရားရုံးချိန်းတွေ အကြိမ်ကြိမ် ရွှေ့ဆိုင်းခဲ့သလို ထိုင်းအာဏာပိုင်တွေဘက်ကလည်း ဒီအမှုကို အလျင်စလို အပြီးသတ်ချင်ပုံ မရပါဘူး။ အဲဒီ နှစ်ဦးကို အခုအချိန်ထိ ဖမ်းဆီးထိန်းသိမ်းထားဆဲလို့ သိရပါတယ်။

ဗုံးခွဲမှု စွပ်စွဲချက်နဲ့ ဖမ်းခံထားရတဲ့ ဝိဂါနှစ်ဦး

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အာဒမ်ကရာဒက်( ရှေ့တန်း)နဲ့ ယူဆူဖူမီရာလီ ဝိဂါနှစ်ဦးကို ဘန်ကောက် စစ်ခုံရုံးမှာ ၂၀၁၆ခုနှစ်က ရုံးထုတ်လာစဥ်

ကျန်ရှိနေသေးတဲ့ ဝိဂါအကျဉ်းသား ၅၀ကို မနှစ်က မတိုင်ခင်အထိ ထိုင်းနိုင်ငံ နေရာအနှံ့အပြားက အချုပ်စခန်းတွေမှာ ခွဲထားခဲ့ပေမဲ့ အဲဒီလူတွေထဲက သုံးဦး ထွက်ပြေးလွတ်မြောက်သွားပြီး နောက်ပိုင်းမှာတော့ သူတို့အားလုံးကို ဘန်ကောက်မြို့က နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းကို ပြောင်းရွှေ့ခဲ့ပါတယ်။

အဲဒီလူဝင်မှုကြီးကြပ်ရေးစခန်းရဲ့ အခြေအနေက ဆိုးရွားညံ့ဖျင်းလွန်းတယ်လို့ တက်ကြွ လှုပ်ရှား သူတွေက ပြောနေကြပြီး ဝိဂါတွေကို ပြင်ပကမ္ဘာနဲ့ အဆက်အသွယ်မရအောင် အဆက်ဖြတ်ထားတယ်လို့ လည်း ဆိုပါတယ်။

“ပုံမှန် ထိုင်းအကျဉ်းထောင်တွေထက်တောင် အခြေအနေကပိုဆိုးတယ်” ဆိုတဲ့အကြောင်း ဝိဂါတွေ ကို အခုထက် ပိုပြီးကောင်းကောင်းမွန်မွန်ထားပေးဖို့ ဖိအားပေးတောင်းဆိုနေတဲ့ People's Empowerment Foundation က ချာလီဒါ တာချာရွန်ဆက်က ပြောပါတယ်။

“လူတွေက အရမ်းပြည့်ကျပ်နေတာ။ ကျွေးတဲ့ အစားအစာတွေကလဲ ကျန်းမာရေးနဲ့ မညီညွတ်ဘူး။ မွတ်စလင် အကျဉ်းသားတွေအတွက် ဟာလာ အစားအသောက်လဲ မရှိဘူး။ ပိုက်ကလာတဲ့ မသန့်တဲ့ ရေကိုပဲသောက်နေရတယ်။ ကျန်းမာရေး စောင့်ရှောက်မှုကလဲ မရသလောက်ဘဲ။ ဖျားရင် အကိုက်အခဲ ပျောက်ဆေး ဒါမှမဟုတ် အလားတူဆေးတွေပဲ ပေးတယ်”

လူအခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့က ဖီးလ်ရောဘတ်ဆင်ကလည်း အခု အဇစ်အဗ္ဗဒူလာ သေဆုံးမှုက ဝိဂါတွေကို သော့ခတ် ပိတ်လောင်ထားတဲ့ ထိုင်းအစိုးရမူဝါဒရဲ့ ရလဒ်တစ်ခုလို့ ဆိုလိုက်ပြီး အဲဒီမူဝါဒကို စွန့်လွှတ်ဖို့ လိုတယ်လို့ ပြောပါတယ်။

"ကျန်းမာရေးစောင့်ရှောက်မှုမရှိ ၊ အာဟာရပြည့်ဝအောင်မကျွေးဘဲ ကျဉ်းမြောင်း သန့်ရှင်းမှုမရှိတဲ့ တိုက်ခန်းလေးတွေထဲမှာ တောက်လျှောက် ပိတ်လှောင်ထားတာက ကျန်းမာရေးကို ထိခိုက်စေတယ်ဆိုတဲ့ အတွေးမျိုး သူတို့မှာမရှိဘူးဆိုတာ ရှင်းနေပါတယ်”

ဧရာဝဏ် နတ်ကွန်း ဗုံးခွဲတိုက်ခိုက်ခံရမှု

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဧရာဝဏ်နတ်ကွန်း ဗုံးခွဲတိုက်ခိုက်ခံရမှု လူ၂၀ သေဆုံးခဲ့

ဒီကိစ္စနဲ့ပတ်သက်ပြီး လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်း အိုင်ဒီစီက ပြောရေးဆိုခွင့်ရှိသူနဲ့ ဆက်သွယ်မေးမြန်းဖို့ ဘီဘီစီက ကြိုးစားခဲ့ပေမယ့် လက်ခံဖြေကြားခဲ့တာမရှိသလို၊ ထိုင်းရဲတပ်ဖွဲ့ ပြောရေးဆိုခွင့် ရှိသူကလည်း တစ်စုံတစ်ရာသဘောထားမှတ်ချက် မပေးခဲ့ပါဘူး။

ထိန်းသိမ်းထားတဲ့ အကျဉ်းသားတွေနဲ့ သူတို့တွေ့ခွင့်မရဘူးလို့ UNHCR က ပြောပါတယ်။ ထိုင်း အမျိုးသားလူ့အခွင့်အရေးကော်မရှင်က အိုင်ဒီစီစခန်းက ဝိဂါတွေနဲ့ တွေ့ဆုံဖို့ ခွင့်ပြုချက် တောင်းခံထားတာ လပေါင်းများစွာရှိနေပါပြီ။

နောက်ဆုံးတော့ ဒီလမှာ တွေ့ဖို့ ရက်ချိန်းရထားပြီး၊ ဒီသီတင်းပတ်နှောင်းပိုင်းမှာ ဝိဂါတွေနဲ့ သွားတွေ့ ဖို့ရှိပါတယ်။

ထိုင်းအစိုးရက သူတို့ နိုင်ငံတွင်းမှာရှိနေတဲ့ သောင်းနှင့်ချီတဲ့ဒုက္ခသည်တွေ၊ ခိုလှုံခွင့်တောင်းခံ သူတွေရဲ့ စစ်ဆေးကုသမှု အခြေအနေတွေ တိုးတက်ကောင်းမွန်လာစေဖို့အတွက် ကုလသမဂ္ဂနဲ့ လက်တွဲလုပ်ဆောင်သွားမယ်လို့ ကတိပြုထားပေမယ့် ဘန်ကောက်က အိုင်ဒီစီ စခန်းထဲက အခြေအနေတွေကတော့ သိသိသာသာ တိုးတက်ကောင်းမွန်လာတာ မရှိသေးပါဘူး။

ထိုင်းနိုင်ငံကသာ သူတို့ကို ပြန်လွှတ်ပေးမယ်ဆိုရင် ဝိဂါတွေအနေနဲ့ တတိယနိုင်ငံတစ်ခုခုမှာ ပြန်လည်အခြေချနေထိုင်ဖို့ ဖြစ်နိုင်ခြေရှိတယ်လို့ တက်ကြွလှုပ်ရှားသူတွေက လက်ခံထားကြပါတယ်။

ဒါပေမဲ့ အဲဒီလိုလုပ်လိုက်ရင် တရုတ်အစိုးရဘက်က မကျေမနပ် အကြီးအကျယ် ကန့်ကွက် လာမှာကို ထိုင်းအစိုးရက စိုးရိမ်နေတဲ့အကြောင်း ခိုင်လုံတဲ့ ထိုင်းသတင်းရင်းမြစ်တစ်ခုရဲ့ ပြောပြချက်အရ သိရပါတယ်။

အဇစ်အဗ္ဗဒူလာရဲ့ ရုပ်အလောင်းကို ထိုင်းမွတ်စလင်အသိုင်းအဝိုင်းက လူတွေက လွှဲပြောင်းရယူ ခဲ့ကြပြီး ဘန်ကောက်မြို့လယ် ကျောက်ဖရား မြစ်နားက ဗလီတစ်ခုရဲ့ သုသာန်မှာ မြေမြုပ် သင်္ဂြိုဟ်ခဲ့ပါတယ်။