စက်တင်ဘာလ ၂၈ ရက် ထိပ်တန်းသတင်းများ - ကလေးမြို့တိုက်ပွဲ နှစ်ဖက်အကျအဆုံးအပြင် အရပ်သားအချို့ပါ သေဆုံး

ကလေးပြည်သူ့ကာကွယ်ရေးတပ် CDF KKG

ဓာတ်ပုံ ရင်းမြစ်, CDF KKG

ရေးသားခဲ့သည်။

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် တောင်ပိုင်းက ကျေးရွာတွေမှာဖြစ်ပွားတဲ့ တိုက်ပွဲတွေအတွင်း နှစ်ဖက်အကျအဆုံးရှိပြီး လက်နက်ကြီးထိမှန်လို့ အရပ်သားတွေလည်း သေဆုံးတယ်လို့ဆိုပြီး ချင်းကာကွယ်ရေးတပ်(CDF-KKG) က သတင်းထုတ်ပြန်လာပါတယ်။

စက်တင်ဘာလ ၂၆ ရက်မှာ ကလေးမြို့တောင်ပိုင်းက ကြံသာကျေးရွာအနီးနဲ့ အောင်သာယာကျေးရွာအနီးမှာ စစ်ကောင်စီနဲ့ပျူစောထီး ပူးပေါင်းတပ်ဖွဲ့တွေနဲ့ ကလေးပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ခဲ့ပြီး စစ်တပ်ဘက်ကရော ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဘက်ကပါ ၂ ဦးစီ သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

စက်တင်ဘာလ ၂၇ ရက်မှာတော့ အောင်သာယာရွာကနေ မှန်တောရွာဘက်ကို စစ်ကြောင်းထိုးတဲ့ စစ်တပ်ကို ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ တိုက်ခိုက်ချိန် ထိတွေ့တိုက်ပွဲဖြစ်ပြီး နှစ်ဖက်ထိခိုက်မှုရှိခဲ့တယ်လို့လည်း ချင်းကာကွယ်ရေးတပ်ဘက်က ထုတ်ပြန်ပါတယ်။

စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားတဲ့နေရာအနီးနားက နေအိမ်တချို့ကို မီးရှို့ခဲ့သလို လက်နက်ကြီးတွေနဲ့လည်း ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

ရှားဖိုကျေးရွာထဲ လက်နက်ကြီးကျခဲ့တာကြောင့် အရပ်သား ၄ ဦးနဲ့ သေဆုံးမှုကို မြင်ခဲ့ရတဲ့မိခင်တစ်ဦးလည်း ထိတ်လန့်ပြီး ထပ်မံဆုံးပါးခဲ့တာကြောင့် အရပ်သား ၅ ဦးသေဆုံးခဲ့တယ်လို့လည်း ပြောပါတယ်။

ဒီတိုက်ပွဲတွေကြောင့် ကလေးတောင်ပိုင်းမှာ ဖုန်းနဲ့အင်တာနက်လိုင်းတွေ ဖြတ်တောက်ခံထားရဆဲ ဖြစ်ပါတယ်။

ဒါ့အပြင် တိုက်ပွဲဖြစ်တဲ့အနီးနားက ကျေးရွာတွေမှာနေထိုင်တဲ့သူတွေလည်း ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရဆဲလို့ ဘီဘီစီက သိရှိရပါတယ်။

ကလေးမြို့နယ်တောင်ပိုင်းက တိုက်ပွဲနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းတစုံတရာ မထုတ်ပြန်သေးပေမဲ့ စစ်ကောင်စီဘက်က သတင်းတွေကိုဖော်ပြနေတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာတော့ အောင်သာယာရွာ တိုက်ပွဲမှာ PDF အလောင်း ၂ လောင်း၊ သေနတ် ၂ လက်နဲ့ ကျည်အချို့ကို သိမ်းဆည်း ဖမ်းမိတယ်လို့ ရေးသားနေကြပါတယ်။

ပုလဲမှာ PDF ၃ ဦး သတ်ဖြတ်ခံရ

ပုလဲ

ဓာတ်ပုံ ရင်းမြစ်, Pale Entertainment

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

(ဒီသတင်းမှာ စိတ်အနှောက်အယှက်ဖြစ်စရာစကားလုံးတွေ ပါဝင်တယ်ဆိုတာ ကြိုတင်အသိပေးပါရစေ)

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်က ညောင်ကုန်းကျေးရွာကို စစ်ကောင်စီတပ်က ဝင်ရောက်ခဲ့ပြီးတဲ့နောက် ခေါင်းတခြား ကိုယ်တခြား ဖြစ်နေတဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် အမျိုးသား ၃ ဦးရဲ့ ရုပ်အလောင်းတွေကို တွေ့ခဲ့ရတယ်လို့ ပုလဲနယ်ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ဘီဘီစီကို ပြောပြပါတယ်။

စစ်ကောင်စီတပ်ဟာ စက်တင်ဘာလ ၂၆ ရက်မှာ ညောင်ကုန်းကျေးရွာကို ဝင်ရောက်ခဲ့တာဖြစ်ပြီး စက်တင်ဘာလ ၂၇ ရက်မှာ PDF ၃ ဦးရဲ့ ပြန့်ကျဲနေတဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို တွေ့ခဲ့တာလို့ ဆိုပါတယ်။

‘‘စစ်ကောင်စီတပ်သားတွေ ထွက်သွားပြီဆိုပြီး ရှင်းလင်းရေးအတွက် ရွာထဲ ဝင်ကြချိန် အခုလို ဖြစ်သွားတာပါ။ တကယ်လည်း စစ်သားတွေအတော်များများက ထွက်သွားကြပါပြီ။ ရွာထဲမှာ ကျန်နေခဲ့တဲ့ ကင်းပုန်းနဲ့တွေ့ပြီး သတ်ဖြတ်ခံရတာ။ ခေါင်း၊ ကိုယ်နဲ့ ခြေလက်တွေ တခြားစီ လုပ်ပစ်ထားခဲ့ကြတယ်’’လို့ ပုလဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဘီဘီစီကိုပြောပါတယ်။

‘‘ဝါးတောင်ရွာက တစ်ယောက်၊ ညောင်ကုန်းက တစ်ယောက်နဲ့ ကံပေါက်က တစ်ယောက်ဖြစ်ပါတယ်။ တော်လှန်ရေးစတင်ကတည်းက ပါဝင်နေကြတဲ့ ကျွန်တော်တို့နဲ့သိတဲ့သူတွေချည်းပါပဲ’’ လို့ သတ်ဖြတ်ခံရသူ ၃ ဦးနဲ့ပတ်သက်ပြီး သူက ဆက်ပြောပြပါတယ်။

စစ်ကောင်စီတပ်ဟာ ဘာကြောင့် ညောင်ကုန်းရွာကို ဝင်ရောက်တယ်ဆိုတာ ရှင်းရှင်းလင်းလင်း မသိရသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်တာမရှိသေးပါဘူး။

ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဘက်ကတော့ ဒေသတွင်း ပိတ်ဆို့ခံထားရတဲ့ စစ်ကောင်စီတပ်ဟာ ရိက္ခာအတွက် အခုလို စုဝေးပြီး စစ်ကြောင်းထိုးလေ့ရှိတယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ စစ်ကောင်စီတပ်ဘက်က သတင်းတွေကို ဖော်ပြနေတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာတော့ ညောင်ကုန်းရွာအနီးမှာ ပစ်ခတ်မှုဖြစ်ပြီးတဲ့နောက် PDF အလောင်း ၃ လောင်းနဲ့ လက်နက်ခဲယမ်းတွေ သိမ်းမိခဲ့တယ်လို့ သတင်းတွေ ဖော်ပြပါတယ်။

ဒေသခံတွေအပြောအရ အင်အား ၁၀၀ နီးပါးအထိပါတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းဟာ ပုလဲမြို့နယ်ကနေ ဆားလင်းကြီးနယ်ထဲရောက်ရှိနေတယ်လို့ သိရပါတယ်။

ထိုင်းနိုင်ငံသားတွေရဲ့ အလုပ်တွေမှာ ဝင်လုပ်လို့ အဖမ်းခံရသူတွေထဲ မြန်မာတွေ အများဆုံးပါဝင်နေ

ဘန်ကောက်မြို့ ပသူဝမ် အရပ်မှာ ထိုင်းလဝကက ဝင်ရောက်ဖမ်းဆီးချိန် အဖမ်းခံရတဲ့မြန်မာရွှေ့ပြောင်းလုပ်သားတွေ

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, ဘန်ကောက်မြို့ ပသူဝမ် အရပ်မှာ ထိုင်းလဝကက ဝင်ရောက်ဖမ်းဆီးချိန် အဖမ်းခံရတဲ့မြန်မာရွှေ့ပြောင်းလုပ်သားတွေ

ထိုင်းနိုင်ငံမှာ နိုင်ငံသားတွေသာလုပ်ခွင့်ရှိတဲ့အလုပ်အကိုင်တွေကို ဝင်ရောက်လုပ်ကိုင်တာကြောင့် ဖမ်းဆီးခံရတဲ့ရွှေ့ပြောင်းလုပ်သား ၃၀၀၀ ကျော်မှာ မြန်မာတွေအများဆုံးပါဝင်နေတယ်လို့ ထိုင်းနိုင်ငံအလုပ်ခန့်ထားရေးဌာန အချက်အလက်တွေအရ သိရပါတယ်။

နိုင်ငံသားတွေသာ လုပ်ခွင့်ရှိတဲ့အလုပ်အကိုင်တွေမှာ နိုင်ငံခြားသားတွေ ဝင်ရောက်လုပ်ကိုင်နေတာကို နှိမ်နင်းဖို့ ထိုင်းအာဏာပိုင်တွေက ရုတ်တရက် စစ်ဆေးမှုတွေ ပြုလုပ်ချိန်မှာ အခုလိုတွေ့ရှိခဲ့တာလို့ ဘန်ကောက်ပို့စ်သတင်းမှာဖော်ပြပါတယ်။

ပြီးခဲ့တဲ့နှစ် အောက်တိုဘာလကနေ အခုတစ်ပတ် တနင်္လာနေ့အထိဆိုရင် နိုင်ငံတဝန်းမှာ ရွှေ့ပြောင်းလုပ်သားတွေကို ခန့်ထားတဲ့ လုပ်ငန်းခွင် ငါး‌သောင်းကျော်ကို စစ်ဆေးချိန် အခုလို တွေ့ရှိခဲ့တာဖြစ်ပါတယ်။

ရွှေ့ပြောင်းလုပ်သား ၃,၀၀၀ကျော်ဟာ လုပ်ငန်းလုပ်ကိုင်ခွင့်လက်မှတ်မရှိဘဲ အလုပ်တွေလုပ်နေတာတွေ့ခဲ့ရပြီး အဲဒီထဲက အယောက် ၁,၈၀၀ ကျော်ဟာ မြန်မာတွေဖြစ်တယ်လို့ ဆိုပါတယ်။

ကျန်ရွှေ့ပြောင်းလုပ်သားတွေကတော့ ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်နဲ့ တခြားနိုင်ငံသားတွေဖြစ်ပြီး ဘန်ကောက်မြို့တော် အပါအဝင် ချင်းမိုင်၊ ချွန်ဘူရီ၊ နခွန်ပသွန်နဲ့ ရနောင်းခရိုင်တွေမှာ အများဆုံးတွေ့ခဲ့ရတာလို့ ဆိုပါတယ်။

ထိုင်းမှာ ရွှေ့ပြောင်းလုပ်သားတွေ လုပ်ကိုင်ခွင့်မရှိတဲ့ ကန့်သတ်အလုပ်အကိုင် ၄၀ အထိရှိပြီး အဲဒီထဲမှာ ခေါင်းရွက်ဗျက်ထိုးစျေးရောင်းတာ၊ ဆံသ၊ ခရီးသည်ပို့ဆောင်ရေးလုပ်ငန်း၊ အနှိပ်လုပ်ငန်း၊ ဧည့်လမ်းညွှန်လုပ်ငန်းတို့ပါဝင်ပါတယ်။

အဲဒီလိုကန့်သတ်လုပ်ငန်းတွေမှာ ဝင်ရောက်လုပ်ကိုင်တဲ့ရွှေ့ပြောင်းလုပ်သားတွေဟာ ထိုင်းဘတ်ငွေ ၅,၀၀၀ ကနေ ၅၀,၀၀၀ အထိ ဒဏ်ရိုက်ခံရနိုင်ပြီး နေရပ်ပြန်ပို့ခံရတာနဲ့ ထိုင်းနိုင်ငံမှာ အလုပ်လုပ်ခွင့် ၂ နှစ်အပိတ်ခံရမှာ ဖြစ်ပါတယ်။

လောက်ကိုင်မှာ အွန်လိုင်းငွေလိမ်လုပ်ငန်း လုပ်ကိုင်တဲ့တရုတ် ၄၀၀ နီးပါးကို ဖမ်းဆီး

ဆက်သွယ်ရေးလိမ်လည်မှုပြစ်မှုကျူးလွန်တဲ့တရုတ်နိုင်ငံသား ၁၂၀၀ ကျော်ကို “ဝ”ပြည်နယ်ရဲတပ်ဖွဲ့က တရုတ်နိုင်ငံရဲတပ်ဖွဲ့ဆီ လွှဲပြောင်းခဲ့တာဖြစ်ပါတယ်

ဓာတ်ပုံ ရင်းမြစ်, WSTV

ဓာတ်ပုံ ပုံစာ, ဆက်သွယ်ရေးလိမ်လည်မှုပြစ်မှုကျူးလွန်တဲ့တရုတ်နိုင်ငံသား ၁၂၀၀ ကျော်ကို “ဝ”ပြည်နယ်ရဲတပ်ဖွဲ့က တရုတ်နိုင်ငံရဲတပ်ဖွဲ့ဆီ လွှဲပြောင်းခဲ့တာဖြစ်ပါတယ်

မြန်မာ-တရုတ်နယ်စပ်မြို့ လောက်ကိုင်မှာ အွန်လိုင်းငွေလိမ်လုပ်ငန်းလုပ်ကိုင်သူ တရုတ်နိုင်ငံသား ၃၇၇ ဦးကို ဖမ်းဆီးထားတယ်လို့ အုပ်ချုပ်ရေးပိုင်းနဲ့ နီးစပ်တဲ့ သတင်းအရင်းအမြစ်တွေက ဘီဘီစီကို ပြောပါတယ်။

ကာစီနိုရော၊ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေပါရှိနေတယ်လို့ နာမည်ကြီးတဲ့ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသက လောက်ကိုင်မြို့မှာ အခုလိုတရုတ်နိုင်ငံသားရာဂဏန်းကို ပထမဆုံးအကြိမ် ဖမ်းဆီးပြီး တရုတ်နိုင်ငံကိုလွှဲအပ်မှာ ဖြစ်ပါတယ်။

‘‘ရန်လုံကျိုင်းဂိတ်ကနေလွှဲမယ်။ လဝက က ပြည်နှင်ဒဏ်ပေးတဲ့ ပုံစံနဲ့ တရုတ်ရဲကို လွှဲမယ်’’ လို့ ကိုးကန့်ဦးစီးအဖွဲ့နဲ့ နီးစပ်တဲ့ သတင်းအရင်းအမြစ်က ဘီဘီစီကိုပြောပါတယ်။

တရုတ်အစိုးရအနေနဲ့ စစ်ကောင်စီကိုရော နယ်စပ်က တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကိုပါ အွန်လိုင်းငွေလိမ်လုပ်ငန်း လုပ်ကိုင်သူ တရုတ်နိုင်ငံသား တွေကို ဖမ်းဆီးပေးဖို့ အဆက်မပြတ်ဖိအားပေးနေတာ ဖြစ်ပါတယ်။

စက်တင်ဘာ လဆန်းက ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA) က ဝ ဒေသထဲက အွန်လိုင်းငွေလိမ်လုပ်ငန်း လုပ်ကိုင်သူ တရုတ်နိုင်ငံသား ၁၂၀၇ ဦးကို တရုတ်နိုင်ငံကို လွှဲပေးခဲ့ပြီး မြန်မာဘက်ကနေ အများဆုံးလွှဲပေးမှု ဖြစ်ပါတယ်။

‘‘တရုတ်ဘက်ကတော့ သိပ်မကျေနပ်ဘူး။ သူတို့က ဒီထက် ပိုများများလိုချင်တာပေါ့။ အခုမိတဲ့အထဲမှာ သူတို့ လိုချင်တဲ့ ကြီးကြီးမားမားခေါင်းဆောင်မျိုးလည်း မပါတော့လေ’’ လို့ ဖမ်းဆီးမှုကို သိရှိသူ တစ်ဦးက ပြောပါတယ်။

စစ်ကောင်စီရဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေနဲ့လည်း အွန်လိုင်းငွေလိမ်လုပ်ငန်း လုပ်ကိုင်သူ တရုတ်နိုင်ငံသား တွေကို လွှဲပြောင်းပေးနေပြီး တရုတ်နိုင်ငံသား ၂၄ ဦးကို ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကတဆင့် တရုတ်ရဲတပ်ဖွဲ့ဆီ လွှဲပြောင်းပေးခဲ့တယ်လို့ တရုတ်သံရုံးက သြဂုတ်လကုန်က ထုတ်ပြန်ထားပါတယ်။

အွန်လိုင်းငွေလိမ်လုပ်ငန်းတွေကို တားဆီးဖို့ မြန်မာ-တရုတ် နယ်စပ် ယူနန်ပြည်နယ်ဘက်မှာ အောက်တိုဘာ ၁ ရက်က စလို့ ကန့်သတ်ဇုန်တည်ထောင်မယ်လို့ တရုတ်အစိုးရက ကြေညာထားတဲ့အကြောင်း South China Morning Post က သတင်းဖော်ပြထားပါတယ်။