ဗာဂနာ တပ်ဖွဲ့ ခေါင်းဆောင်နဲ့ ပူတင်တို့ တွေ့ဆုံခဲ့တဲ့ သတင်း နဲ့ ဇူလိုင် ၃ ရက် ညပိုင်း နိုင်ငံတကာ သတင်းတွေ

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဗာဂနာ တပ်ဖွဲ့ ခေါင်းဆောင်နဲ့ ပူတင်တို့ ပုန်ကန်မှုပြီး ရက်ပိုင်းအတွင်းမှာ တွေ့ဆုံခဲ့
ဗာဂနာ တပ်ဖွဲ့ မအောင်မြင်တဲ့ တပ်တွင်းပုန်ကန်မှု လုပ်ပြီး ၅ ရက် အကြာမှာ သမ္မတ ပူတင်နဲ့ အဲဒီ ဗာဂနာ တပ်ဖွဲ့ ခေါင်းဆောင် ရက်ဂေးနီ ပရီဂေါ့ဂျင်တို့ တွေ့ဆုံခဲ့ကြ တယ်လို့ ရုရှားအစိုးရ က ပြောပါတယ်။
၃ နာရီကြာ ကရင်မလင်မှာ လုပ်ခဲ့တဲ့ အဲဒီ တွေ့ဆုံပွဲမှာ ဗာဂနာ တပ်ဖွဲ့ဝင်တွေလည်း ပါဝင်ခဲ့တယ်လို့ မစ္စတာ ပူတင်ရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ်က ပြောပါတယ်။
မစ္စတာ ပရီဂေါ့ဂျင်နဲ့ သူ့လူတွေဟာ သမ္မတကို သစ္စာရှိကြကြောင်းနဲ့ သူတို့ဟာ ရုရှားအတွက် တိုက်ခိုက်ဖို့ အဆင်သင့်ရှိကြောင်း အခိုင်အမာပြောခဲ့တယ်လို့ အဲဒီ ပြောခွင့်ရ ပုဂ္ဂိုလ်က ဆိုပါတယ်။
တပ်တွင်း ပုန်ကန်မှု လုပ်ပြိး မကြာခင်မှာပဲ ဗာဂနာ ခေါင်းဆောင်ဟာ ဘေလာရုဇ်ကို သွားမယ်ဆိုရင် သူ့အပေါ် စွဲဆိုထားတဲ့ အမှုတွေကို ရုပ်သိမ်းပေးမယ်လို့ ရုရှား အစိုးရက ကြေညာခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
နေတိုးထိပ်သီးညီလာခံမတိုင်မီ ဘိုင်ဒန်နဲ့ ဆူးနက်ခ်တို့ တွေ့ဆုံ
အင်္ဂါနေ့မှာ လုပ်မယ့် နေတိုး ထိပ်သီးညီလာခံမတိုင်မီ အမေရိကန် သမ္မတ ဘိုင်ဒန်က ဗြိတိန်ဝန်ကြီးချုပ် ရီရှီ ဆူးနက်ခ်နဲ့ တွေ့ဆုံခဲ့ပါတယ်။
ဗြိတိန်မှာသူတို့ နှစ်ယောက်တွေ့ဆုံတာနဲ့ ပတ်သက်ပြီး မစ္စတာ ဘိုင်ဒန်က သူတို့ နှစ်နိုင်ငံရဲ့ ရင်းနှီးတဲ့ ဆက်ဆံမှုက ကျောက်သားလို အခိုင်အမာပဲလို့ ဆိုပါတယ်။
ဗုံးတွေ အဆင့်လိုက်ကွဲပြီးထွက်တဲ့ ကလပ်စတာဗုံးတွေကို ယူကရိန်းကို ဝါရှင်တန်က ထောက်ပံ့မယ့်အရေးကို ဗြိတိန်နဲ့ တခြား နေတိုး အဖွဲ့ဝင်တွေက စိုးရိမ်နေပါတယ်။
ဒီဗုံးတွေက အရပ်သားတွေအတွက်ပိုပြီး အန္တရာယ်များတယ်လို့ ဝေဖန်နေကြတဲ့ ဗုံးမျိုးတွေပါ။

ဓာတ်ပုံ ရင်းမြစ်, Reuters
တရုတ်မှာ နေ့ကလေးထိန်းကျောင်းအတွင်း ဓားထိုး တိုက်ခိုက်မှုဖြစ်
တရုတ်နိုင်ငံ ဂွမ်ဒေါင်ပြည်နယ်က နေ့ကလေးထိန်းကျောင်းတခုမှာ ဓားနဲ့ ထိုး အတိုက် ခိုက်ခံရလို့ လူပေါင်း ၆ ယောက် သေဆုံးသွားပါတယ်။
သေဆုံးခဲ့ရသူတွေဟာ ကလေး ၃ ယောက်၊ ကျောင်းဆရာတယောက်နဲ့ မိဘ ဖြစ်သူ နှစ်ယောက်တို့ ဖြစ်ပါတယ်။
လီယန်ကျင်းမြို့က နေ့ကလေးထိန်းကျောင်းမှာ ကလေးတွေကို မိဘတွေက ကျောင်းလာပို့ချိန်မှာ အဲဒီတိုက်ခိုက်မှု ဖြစ်ခဲ့တာ ဖြစ်ပြီး တိုက်ခိုက်ခဲ့သူလို့ မသင်္ကာစရာ အသက် ၂၅ နှစ်အရွယ် အမျိုးသား တယောက်ကို ရဲတွေက ဖမ်းထားပါတယ်။
ဘာ့ကြောင့် အခုလို တိုက်ခိုက်တာလဲ ဆိုတဲ့ အကြောင်းရင်းက ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
ကျောင်းထဲမှာ လူတွေ လဲကျနေတာ၊ အပြင်လမ်းပေါ်မှာ နောက်ထပ် တယောက် လဲကျနေတာ စတဲ့ ဓာတ်ပုံတွေ ထွက်လာတာလည်း တွေ့ရပါတယ်။
တရုတ်မှာ ဓါးနဲ့ ထိုးတိုက်ခိုက်တာတွေ ပိုများလာနေပြီး အထူးသဖြင့် နေ့ကလေးထိန်း ကျောင်းတွေ၊ စာသင်ကျောင်းတွေမှာ ဖြစ်တာ များပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
အိန္ဒိယ မြောက်ပိုင်း ရေကြီးနေ
အိန္ဒိယနိုင်ငံမြောက်ပိုင်းမှာ မိုးအကြီးအကျယ်ရွာနေပြီး နေရာအတော်များများမှာ မြေပြိုတာတွေ ရေကြီးတာတွေ ဖြစ်နေပါတယ်။
တံတားတွေ အဆောက်အဦတွေ ပြိုလဲပြီး ရေထဲမျောပါသွားတာတွေလည်း ဖြစ်နေ သလို လူပေါင်း ၂၈ ယောက်ထက်မနည်း သေဆုံးခဲ့ပြီဆိုတဲ့ သတင်းတွေလည်း ထွက်နေ ပါတယ်။
ဟိမာချယ် ပရာဒေ့ရှ်၊ ဥတ္တရာကန်၊ လာဒက်ခ် ပြည်နယ်တွေမှာ မိုးလေဝသဆိုင်ရာ သတိပေးချက်တွေ ထုတ်ပြန်ထားသလို ဂျမူး နဲ့ ကက်ရှ်မီးယား ပြည်နယ် နေရာတချို့ တို့မှာလည်း ထုတ်ပြန်နေပါတယ်။
ယမုံနာ မြစ်ကမ်းနားမှာ ရေကြီးလာနိုင်မှာကို စိုးရိမ်နေကြပြီး မြို့တော် ဒေလီ နဲ့ ဆင်ခြေဖုံးအရပ်တွေမှာ တနင်းလာနေ့အထိ ကျောင်းတွေ ဆက်ပိတ်ထားပါတယ်။
နှစ်ပေါင်း ၄၀ ကျော် ကာလအတွင်း ဒေလီရဲ့ တနေ့တာ မိုးရေချိန်က အမြင့်ဆုံးကို ရောက်နေပါတယ်။








