ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဒီဇင်ဘာ ၁၈ရက် ထိပ်တန်းသတင်းများ - မြန်မာ့လူဦးရေထက်ဝက်နီးပါး ဆင်းရဲတွင်းထဲရောက်နေ
စစ်ကောင်စီဘက်က ထုတ်ပြန်ထားသလို တအာင်းဒေသ နမ့်ဆန်မြို့နယ် ကုန်းသာရွာမှာ ဖြစ်ခဲ့တဲ့တိုက်ပွဲအတွင်း လက်နက်ခဲယမ်းတွေသိမ်းဆည်းခံရတဲ့ဖြစ်စဥ် မရှိဘူးလို့ တအာင်းတပ်မတော် (TNLA)က ဒီကနေ့ ဒီဇင်ဘာ ၁၈ရက် နေ့လယ်ပိုင်းမှာ သတင်းထုတ်ပြန်လာပါတယ်။
TNLAထုတ်ပြန်ချက်အရ စစ်ကောင်စီထိန်းချုပ်သတင်းစာနဲ့ ရုပ်သံတွေမှာ ကြေညာနေ သလို NUG -PDF အဖွဲ့တွေက လက်နက်ပစ္စည်းတွေသော်လည်းကောင်း၊ တအာင်းတပ်မတော် (TNLA)ကလက်နက်လက်နက်ပစ္စည်းတွေသော်လည်းကောင်း သိမ်းဆည်းခံရတာနဲ့ ပျက်စီးဆုံးရှုံးတာမရှိကြောင်း ဖော်ပြထားပါတယ်။
ဒီကနေ့ ထုတ်နိုင်ငံပိုင်သတင်းစာမှာ နမ့်ဆန်မြို့နယ် ကုန်းသာရွာ NUG , CRPH ရဲ့ ဆက်သွယ်ညွှန်ကြားမှုနဲ့ စစ်ကိုင်းတိုင်း ယင်းမာပင်နဲ့ ဂန့်ဂေါနယ်ထဲက PDFတပ်ဖွဲ့ဝင်တွေဟာ ကုန်းသာရွာတဝိုက် ခိုအောင်းနေတာကို ဒေသခံအချို့ရဲ့ သတင်းပေးမှုအရ သိရှိရတာကြောင့် လေကြောင်းနဲ့ ပိတ်ဆို့တိုက်ခိုက်ခဲ့ပြီး အဲဒီကနေ လက်နက်PDFတပ်ဖွဲ့ဝင်တွေရဲ့ ရုပ်အလောင်းတွေနဲ့အတူ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိတယ်ဆိုပြီး ဓာတ်ပုံမှတ်တမ်းတွေနဲ့ထုတ်ပြန်ထားတာပါ။
စစ်ကောင်စီရဲ့ အဲဒီထုတ်ပြန်မှုကို TNLA ဘက်က ငြင်းဆိုထားသလို စစ်ကောင်စီဘက်က တပ်ဖွဲ့ဝင်အချို့၊ လက်နက် ခဲယမ်းတွေနဲ့ မိုင်းတွေကိုသာ TNLA တပ်က ဖမ်းဆီး၊သိမ်းဆည်းရမိတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် စစ်ရေးအခြေအနေသိရှိသူအချို့ကလည်း နမ့်ဆန်မြို့နယ် ကုန်းသာရွာတိုက်ပွဲဟာ PDFတပ်ဖွဲ့ဝင်တွေနဲ့ ဖြစ်တာမဟုတ်ဘဲ တအာင်းတပ်မတော်(TNLA)နဲ့ သာဖြစ်ခဲ့တာလို့ ပြောကြားပါတယ်။
ဒီဇင်ဘာ ၇ရက်ကနေ ၁၃ရက်အထိ တအာင်းဒေသ နမ့်ဆန်မြို့နယ် ကုန်းသာ၊ ဟူးမန်းနဲ့ မန်လုံးရွာမှာ ဖြစ်ပွားခဲ့တဲ့ ၇ရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ရဟတ်ယာဥ်နဲ့ ၂၈ကြိမ်၊ တိုက်ခိုက်ရေးဂျက်လေယာဥ်နဲ့ ၃၂ကြိမ်၊ လက်နက်ကြီးပစ်ကူ အကြိမ် ၃၀ကျော်နဲ့ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
နမ့်ဆန်မြို့နယ်က စစ်ကောင်စီနဲ့ တအာင်းလက်နက်ကိုင်အဖွဲ့ TNLA တို့ရဲ့ နှစ်ဖက်တိုက်ပွဲကြောင့် ကုန်းသာရွာက ဒေသခံနေအိမ်တွေ မီးလောင်ခဲ့တာရှိသလို လူသေဆုံးထိခိုက်မှုတွေရှိခဲ့တာပါ။ လက်ရှိမှာတော့ နေရပ်စွန့်ခွာခဲ့ရတဲ့ ဒေသခံတွေဟာဒီဇင်ဘာ ၁၅ရက်ကစပြီး နေအိမ်ပြန်နေကြပြီလို့ စစ်ရှောင်အရေးကူညီသူတွေထံက သိရပါတယ်။
ဗဟိုဘဏ် ရဲ့ ဒေါ်လာရည်ညွှန်းစျေး ပြောင်းဖို့မရှိဘူးလို့ ဗဟိုဘဏ်ထုတ်ပြော
ဗဟိုဘဏ် ဒေါ်လာရည်ညွှန်းဈေး ၁ဒေါ်လာ ၂၁၀၀ကျပ်ကို ပြင်ဆင်ဖို့ မရှိသေးဘူးလို့ ဗဟိုဘဏ်က ဒီရက်ထဲ ထုတ်ပြန်ပြောဆိုလာပါတယ်။
စက်သုံးဆီလုပ်ငန်းရှင်တွေ ချေးယူခဲ့တဲ့ နိုင်ငံခြားငွေတွေပြန်လည်ပေးဆပ်ဖို့အတွက် ဒေါ်လာတွေ ဝယ်ရတော့မယ်ဆိုတဲ့ ကောလဟလသတင်းတွေနဲ့ ဈေးကွက်အတွင်း ဒေါ်လာငွေလဲနှုန်းကို ဆွဲတင်ဖို့ ကြိုးစားနေတယ်လို့ ဗဟိုဘဏ်က ဆိုပါတယ်။
လက်ရှိမှာ ဗဟိုဘဏ်က နေ ပြည်တွင်းစက်သုံးဆီတင်သွင်းသူတွေနဲ့ အခြားသွင်းကုန် တင်သွင်းသူတွေကို ဒေါ်လာငွေထုတ်ချေးပေးထားပြီး ပြည်ပကလုပ်ခလစာငွေလွှဲဝင်ရောက်မှုတွေကနေ ၄၅ ရက်အတွင်း ဒေါ်လာ ၁၀၈ သန်း ရောင်းချပေးခဲ့ပြီးဖြစ်လို့ ဆက်လက်ရောင်းချပေးသွားမယ်လို့ ထုတ်ပြန်ချက်ကဆိုပါတယ်။
ဒါ့ကြောင့် အဲဒီဒေါ်လာချေးငွေတွေ ကို ပြန်လည်ပေးချေရတော့မယ်ဆိုတဲ့ သတင်းလွှင့်ပြီး ဒေါ်လာဈေးကစားဖို့ ကြိုးစားနေကြတာလို့ ဗဟိုဘဏ်က ပြောပါတယ်။
ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း အမေရိကန်တစ်ဒေါ်လာ ငွေလဲနှုန်းဟာ ၄၀၀၀ကျပ်အထိစျေးပေါက်ခဲ့ပြီး ဗဟိုဘဏ်က ကျပ် ၂၁၀၀နဲ့ ထိန်းချုပ်ခဲ့တာပါ။
လက်ရှိ ပြင်ပစျေးကွက်ထဲမှာတော့ တစ်ဒေါ်လာ ငွေလဲနှုန်းဟာ ကျပ် ၂၇၀၀ နဲ့ ၂၈၀၀ ကြား စျေးပေါက်နေပါတယ်။
ကော့ကရိတ်တောင်ပိုင်းကျေးရွာတွေ လေကြောင်းတိုက်ခိုက်ခံရ
ကော့ကရိတ်တောင်ပိုင်းကျေးရွာတွေဘက် ကို ဒီဇင်ဘာ ၁၈ရက် မနက်အစောပိုင်းက စစ်ကောင်စီဘက်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာနဲ့ မြေပြင်ကနေလက်နက်ကြီးနဲ့ ပစ်ခတ်တာတွေလုပ်ဆောင်ခဲ့တယ်လို့ စစ်ရေး အခြေအနေသိရှိသူ တစ်ဦးက ဘီဘီစီကိုပြောပါတယ်။
ကော့ကရိတ် တောင်းပိုင်း ဒေသအတွင်း KNLA ပူးပေါင်းတပ်တွေလှုပ်ရှားတဲ့ နယ်မြေတွေအတွင်း စစ်ကောင်စီတပ်က ခြေလျင်စစ်ကြောင်း ၂ကြောင်းနဲ့ ဝင်ရောက်ခဲ့ပြီး နယ်မြေရှင်းလင်းရေးစစ်ဆင်ရေးလုပ်ဆောင်တာလို့ ဒေသခံတွေကယူဆနေပါတယ်။
လက်ရှိမှာ ကော့ကရိတ်နယ်ထဲ က ကော့နွဲ့ ၊ကမိုင်ကုန်း ကျေးရွာတွေဘက်မှာနှစ်ဖက် ပြောက်ကျားတိုက်ပွဲတွေဖြစ်ပွားနေတယ်လို့ ဆိုပါတယ်။
'' ညက ၁၂ နာရီကျော်လောက်မှာ လေယာဉ်နဲ့လာပြီးဗုံးတွေ လာကြဲတယ်၊ကော့နွဲ့ ရွာ နဲ့ ဟောင်သရော မြစ်ဘေး က KNLA ပူးပေါင်း အဖွဲ့ ကျားဖြူစစ်ကြောင်းလှုပ်ရှားတဲ့ နေရာတွေကိုဗုံးကြဲ သွားတာ။ ပြီးတော့ ကော့ကရိတ် စစ်တပ်ကနေ လက်နက်ကြီး နဲ့ ပစ်တယ်၊ လူနေအိမ် နဲ့ စာသင်ကျောင်းတွေ ဘက်ကို ဗုံးကျ တယ်တော့ သိရတယ်။ စစ်တပ်က မြေပြင်စစ်ကြောင်းတွေကလည်း ကမိုင်ကုန်းရွာနဲ့ ကော့နွဲ့ ရွာ ဘက်ကို နှစ်နေရာခွဲပြီးတက်လာနေတယ်။ ထိခိုက်ပျက်စီး တာတွေ တော့ မသိရသေးဘူး။ အခုမနက်တော့ တိုက်ပွဲ ဆက်ဖြစ်နေတယ်'' လို့ စစ်ရေးသိရှိသူသတင်းအရင်းအမြစ်က ပြောပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၆ရက် မနက် ၅နာရီ ကျော်အချိန်က ကော့ကရိတ် စစ်ကောင်စီ တပ်ရင်း ၂၃၁ နဲ့ KNLA ပူးပေါင်း အဖွဲ့ တွေကြား လှိုင်ကွယ်၊ တံတားကျိုး ကျေးရွာ ဘက်က တိုက်ပွဲမှာလည်း နှစ်ဖက်ထိခိုက်သေဆုံးတာရှိခဲ့တာပါ။
ကော့ကရိတ်နယ်ထဲ လေကြောင်းတိုက်ခိုက်မူကို ၆ကြိမ် ထက်မနည်း စစ်ကောင်စီ ဘက်က လုပ်ခဲ့ပြီး ဒေသခံ ၅၀၀ ကျော် စစ်ဘေးရှောင်နေကြရတယ်လို့ သိရှိရပါတယ်။
KNU တပ်မဟာ၆ နယ်မြေ ကော့ကရိတ် တောင်ပိုင်း ကျေးရွာတွေမှာ ၂၀၂၁ခုနှစ် ဒီဇင်ဘာလ ကစတဲ့ စစ်ကောင်တပ်နဲ့ KNU/KNLA ပူးပေါင်း တပ်တွေကြား စစ်ရေးဟာ တစ်နှစ်ရှိလာပြီဖြစ်ပြီး ဒေသအတွင်း ကျေးရွာ ၃၀ ကျော်က ဒေသခံ ၇ထောင် ကျော်ဟာ စစ်ဘေးရှောင် နေကြရဆဲ ဖြစ်ပါတယ်။
စစ်ကောင်စီဘက်ကတော့ ကော့ကရိတ်တောင်ပိုင်းတိုက်ပွဲနဲ့ပတ်သက်လို့ သတင်း ထုတ်ပြန်တာမရှိသေးပါဘူး။
မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါဘေးနဲ့ စစ်အာဏာသိမ်းမှုကြောင့် မြန်မာ့လူဦးရေ ထက်ဝက်နီးပါးဟာ ဆင်းရဲတွင်း ထဲရောက်နေတယ်ဆိုပြီး ကုလသမဂ္ဂဘက်က ပြောလာပါတယ်။
ဒီပမာဏဟာ အရင်ကထက် ၂ ဆ တက်လာတာဖြစ်ပြီး နိုင်ငံ့လူဦးရေ ၂၅ သန်းနီးပါးကြုံတွေ့နေရတယ်လို့ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ရဲ့ပြောခွင့်ရသူက ဒီဇင်ဘာလ ၁၅ ရက် သတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်တာဖြစ်ပါတယ်။
ဒီအရေအတွက်ဟာ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကုလသမဂ္ဂအစီအစဥ်(UNDP) ဘက်က ပြောလာတဲ့ အချက်အလက်ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။
လက်ရှိမှာ UNDP အနေနဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ စစ်အာဏာသိမ်းပြီးကတည်းက ဆိုရင် ထိခိုက်ခံစားနိုင်ရချေအမြင့်ဆုံးဖြစ်တဲ့လူထုဆီ အကူအညီတိုက်ရိုက်ပေးထားပြီး လူပေါင်း ၁ သန်းအထိ အဲဒီအကူအညီ ရရှိထားတယ်လို့လည်း ဆိုပါတယ်။
ဒါ့ပြင် UNDP ဟာ ပြည်တွင်းစစ်ရှောင်တွေ၊ အစားအစာမဟုတ်တဲ့ အကူအညီပေးရေးပစ္စည်းတွေ၊ ရေနဲ့ပတ်သက်တဲ့ အခြေခံ အဆောက်အုံ၊ မျိုးစေ့နဲ့ မြေသြဇာ အကူအညီပေးတာ အပါအဝင် အမျိုးသမီးတွေဦးဆောင်တဲ့ အသေးစားစီးပွားရေးလုပ်ငန်းတွေကိုလည်း ချေးငွေပေးတာတွေ စီစဥ်ထားပေးတယ်လို့လည်း ပြောခွင့်ရသူက ပြောပါတယ်။
ဆင်းရဲမွဲတေနှုန်း မြင့်တက်လာချိန်မှာပဲ လာမယ့် ၂ နှစ်အတွင်း လူ ၇ သန်းဆီ အကူအညီရောက်ရှိအောင် အကူအညီပေးသွားဖို့ရှိတယ်လို့ဆိုပြီး UNDP ဘက်က ပြောထားပါတယ်။
၃နှစ်တာနီးပါး ပိတ်ထားခဲ့တဲ့ ထိုင်း-မြန်မာနယ်စပ်ရှိ မြဝတီ-မဲဆောက် အမှတ် ၁ တံတား ကို စစ်ကောင်စီက အခုနှစ်မကုန်မီ ပြန်လည်ဖွင့်လှစ်ဖို့ပြင်နေတယ်လို့ နယ်စပ်အခြေစိုက် ကုန်သည်တွေကပြောပါတယ်။
ထိုင်းသတင်းတွေမှာတော့ ၂၀၂၃ နှစ်သစ်ကို ကြိုဆိုတဲ့အနေနဲ့ အမှတ် ၁ တံတားကိုပြန်လည်ဖွင့်လှစ်ဖို့ ရှိနေတယ်လို့ ဖော်ပြနေပါတယ်။
ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့၊ ထာ့စိုင်လွပ်ကျေးရွာ၊ သောင်ရင်းမြစ်နားမှာ ရှိတဲ့ အမှတ် ၁ တံတား ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် နှစ်ဖက်ပြင်ဆင်တာတွေလုပ်နေပြီး ကွန်ပျူတာစနစ်၊ CCTV ပြန်လည်တပ်ဆင်တာတွေ အပြင် ဒီရက်ပိုင်းမှာတော့ နှစ်နိုင်ငံဘက်ခြမ်းလုံးမှာ သန့်ရှင်းရေးနဲ့ ဆေးသုတ်တာတွေကို လုပ်နေကြတယ်လို့ ဆိုပါတယ်။
ဒီတံတားပြန်ဖွင့်ဖို့ ထိုင်း-မြန်မာ နှစ်နိုင်ငံ အာဏာပိုင်တွေကြား ပြီးခဲ့တဲ့ လတွေကတည်းက ဆွေးနွေးခဲ့ပြီးနယ်စပ်ဖြတ်ကျော်တရားမ၀င် မူးယစ်ဆေးဝါး တားဆီးကာကွယ်ရေးကိစ္စ၊ လက်နက်မှောင်ခိုနဲ့ တရားမဝင်နယ်စပ်ဖြတ်ကျော်မှုခင်းတွေကို ထိန်းချုပ် တားဆီးရေးကိစ္စတွေကို စစ်ကောင်စီနဲ့ ထိုင်းအစိုးရတို့ကြားဆွေးနွေးထားတယ်လို့ သိရကြောင်း မြဝတီမြို့က ကုန်သည်အချို့ကပြောပါတယ်။
''ပြန်ဖွင့်ရင်တော့ စီးပွားရေးတော့ အဆင်ပြေတာပေါ့။ ဒါပေမဲ့ နှစ်ဖက်လုံးကတော့ စစ်ဆေးရေးပိုတင်းကြပ်နိုင်တာပေါ့။ နှစ်သစ်ကူးကာလဆိုတော့ ထိုင်းကလည်း အဖမ်းဆီးကြမ်းတဲ့ အချိန်ဆိုတော့ အဖမ်းအဆီးပိုရှိနိုင်တယ်။ ဒါပေမဲ့ လက်လုပ်လက်စားသမားတွေနဲ့ အလတ်တန်းစားကုန်သည်တွေအတွက် တော့ အဆင်ပြေတယ်။နေ့ချင်းပြန်အလုပ်လုပ်တဲ့သူတွေလည်း အဆင်ပြေတာပေါ့" လို့ ဒေသခံတစ်ဦးကပြောပါတယ်။
တံတားဖြတ်သန်းမယ့်သူတွေအနေနဲ့ နိုင်ငံကူးလက်မှတ် ဒါမှမဟုတ် နယ်စပ်ဖြတ်သန်းခွင့် လိုအပ်မှာဖြစ်ပြီး ကိုဗစ် ၁၉ ကြောင့် ကျန်းမာရေး စည်းမျဉ်းတွေနဲ့ အညီ အုပ်စုသုံးစုခွဲပြီး ဖြတ်သန်းသွားလာခွင့်ပြုမယ်လို့ လတ်တလောသတင်းတွေအရသိရပါတယ်။
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် လေးကေကော် ငြိမ်းချမ်းရေးမြို့သစ်မှာတော့ ကရင်အမျိုးသား အစည်းအရုံး တပ်ဖွဲ့တွေနဲ့ မြို့တွင်း ထိတွေ့ တိုက်ပွဲတွေဖြစ်အပြီး ၁ နှစ်အကြာမှာ ဒေသခံတွေကို နေရပ် ပြန်ဖို့ စစ်ကောင်စီတပ်ဘက်က မြို့တွင်းရှင်းလင်းရေးတွေလုပ်နေပါတယ်။
လေးကေ့ကော်အပါအဝင် ဖလူး၊ သေဘော့ဘိုး၊ မင်းလက်ပံစတဲ့ကျေးရွာတွေကဒေသခံ စစ်ရှောင်ထောင်ချီ ကတော့ တိုက်ပွဲဖြစ်ချိန် ကျန်ခဲ့တဲ့ မပေါက်ကွဲသေးတဲ့လက်နက်တွေနဲ့မြေမြှုပ်မိုင်းတွေ အန္တရာယ်ကို စိုးရိမ် ပြီးနေရပ်ပြန်ဖို့ မဖြစ်နိုင်သေးဘူးလို့ ဘီဘီစီကို အစောပိုင်းကတည်းက ပြောထားပါတယ်။
တစ်ဖက်မှာလည်း စစ်ကောင်စီတပ်ဟာ တိုက်ပွဲဖြစ်ပွားပြီး ပြန်လည်ထိန်းချုပ်တဲ့နေရာတွေမှာ ဒေသခံတွေ နေရပ်ပြန်နေထိုင်ဖို့ စီစဥ်တာတွေရှိနေပါတယ်။
လက်ရှိလေးကေကော်မြို့တွင်းကအခြေအနေကို မြို့အုပ်ချုပ်ရေးတာဝန်ရှိသူတစ်ဦးက “ရှင်းတာတော့ရှင်းနေတယ်၊ လေးကေကော်မှာ အခုတော့နေလို့မရသေးဘူး။ စစ်ရှောင်တွေလဲ မလာသေးဘူး” လို့ ပြောပါတယ်။
အခုနှစ် ၁၀ လ တာ အတွင်း မြန်မာနိုင်ငံမှာ တိုက်ပွဲကျန် ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေနဲ့ မြေမြှုပ်မိုင်း ကြောင့် စစ်ကိုင်း၊ ချင်း၊ ရှမ်း၊ ကရင်အပါအဝင် ပြည်နယ်နဲ့တိုင်း ၁၀ ခုထက်မနည်းမှာ ထိခိုက်သေဆုံးသူ ၂၈၀ ကျော်အထိရှိနေတယ်လို့ ကုလသမဂ္ဂကလေးသူငယ်များအဖွဲ့ ယူနီဆက်ဖ်က ပြောပါတယ်။
တစ်ဖက်မှာလည်း မြန်မာနိုင်ငံမှာ တိုက်ပွဲကျန်လက်နက်တွေကြောင့် နှစ်စဥ်နှစ်တိုင်း ထိခိုက်သေဆုံးသူ တွေထဲမှာ ကလေးသူငယ်တွေနဲ့ အမျိုးသမီး ၃ ပုံ၊ ၁ ပုံ အထိပါဝင်နေပါတယ်။
စစ်အာဏာသိမ်းပြီး ၂နှစ်တာကြာလာပြီးနောက်မှာ ပစ်ခတ်တိုက်ခိုက်မှုတွေအကြား မပေါက်ကွဲဘဲ ကြွင်းကျန်ခဲ့တဲ့ လက်နက်တွေကြောင့် ဒေသခံတွေအပေါ် အန္တရာယ်သက်ရောက်မှုရှိတဲ့အချိန်ဖြစ်လာသလို အဲဒီအရာတွေကနေ ဘေးအန္တရာယ်ကင်းစွာနေထိုင်နေဖို့ အသိပညာပေးမှုအပိုင်းလည်း အားနည်းနေတယ်လို့ စစ်ရှောင်တွေနဲ့ ကူညီပေးသူတွေက ပြောဆိုကြပါတယ်။
စစ်ကောင်စီကလုံခြုံရေးတင်းကျပ်ထားတဲ့ ရန်ကုန်မြို့ပေါ်မှာ အခုဒီဇင်ဘာလဝက်အတွင်း အာဏာသိမ်းမှု ဆန့်ကျင်ရေးလှုပ်ရှားသူ လူငယ်ဆယ်နဲ့ချီဖမ်းဆီးထိန်းသိမ်းခံထားရတယ်လို့ သပိတ်လှုပ်ရှားသူတွေကနေသိရပါတယ်။
ဒီဇင်ဘာ ၁၆ ရက်ညတုန်းကလည်း တာမွေနဲ့ သာကေတမြို့နယ်မှာ ဧည့်စာရင်းစစ်ရာကနေ လူငယ်တချို့ဖမ်းဆီးခံရတာရှိတယ်လို့ ဆိုပါတယ်။ ဒါနဲ့ပတ်သက်ပြီး ဗမာ့လူငယ်ကွန်ရက်အဖွဲ့ဝင်တစ်ဦးကအခုလိုပြောပါတယ်။
"လှိုင်မြို့နယ်မှာ ၄ယောက်၊ ည ၇နာရီနဲ့ ၈နာရီကြားမှာ သာကေတနဲ့ တာမွေမှာပေါ့နော်၊ ဧည့်စာရင်းစစ်ရင်းနဲ့ လူငယ်တွေကို ဆွဲထုတ်ပြီး လမ်းမတွေမှာထိုင်ခိုင်းပြီးရိုက်နှက်ပြီးတော့ ခေါ်သွားတဲ့ ပုံစံမျိုးပါ။ သူတို့အခြေအနေတွေဘာမှကိုနောက်ထပ်သိရတာကိုမရှိဘူး" လို့ အဲဒီအဖွဲဝင်က ပြောပြပါတယ်။
အခုရက်သတ္တပတ်အတွင်း ရန်ကုန်မြို့က မြို့နယ်အများစုမှာ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့တွေဘက်က ညတိုင်းလိုလို ဧည့်စာရင်းစစ်တာတွေပြုလုပ်နေပြီး သူတို့ မသင်္ကာရင် နေအိမ်တွေထဲ မွှေနှောက်ရှာဖွေကာ ဖမ်းဆီးသွားတာတွေရှိတယ်လို့ ရပ်ကွက်နေပြည်သူတွေကပြောပါတယ်။
ရန်ကုန်မြို့နည်းတူ လူငယ်တွေဖမ်းဆီးခံရမှုတွေက ရှမ်းပြည်နယ်ဘက်က ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဘက်တွေမှာလည်းရှိခဲ့ပါတယ်။ စစ်တပ်ဘက်ကတော့ ကာကွယ်ရေးအဖွဲ့ဝင်တွေဖမ်းဆီးရမိတယ်လို့ သတင်းထုတ်ပြောဆိုပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၃ရက်ကလည်း ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊ ရွာငံမြို့နယ်က ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် ၁၀ဦးကို ဖမ်းဆီးမိခဲ့ပြီး သူတို့ရဲ့ စခန်းကိုပါ ဝင်ရောက်စီးနင်းခဲ့တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။
သူတို့ကို ရွာငံ - အောင်ပန်းလမ်းပေါ်မှာဖမ်းဆီးခဲ့တာလို့ စစ်ကောင်စီဘက်က ဖော်ပြခဲ့ပြီး ဒေသခံတွေအကြားမှာတော့ လူငယ်တွေဖမ်းဆီးခံရမှုဖြစ်စဥ်ကိုရှင်းရှင်းလင်းလင်းမသိရဘူးလို့ ဘီဘီစီကို ပြောပါတယ်။