ဧပြီ ၂၈ ရက်ထိပ်တန်းသတင်းများ - စစ်ကောင်စီတပ်စခန်းတွေကို အထူးစစ်ဆင်ရေး အကြိမ် ၇၀ လုပ်ခဲ့တယ် လို့ NUG ထုတ်ပြန်
မင်္ဂလာတောင်ညွန့်မှာ မိသားစုလိုက် အပူချိန်မြင့်တက်ပြီး သတိလစ်

ဓာတ်ပုံ ရင်းမြစ်, လောက ဟိတာ ဝတ လူမှုကူညီရေးအဖွဲ့
မနေ့ ဧပြီ ၂၇ ရက် ညသန်းခေါင်တုန်းက ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်က တိုက်ခန်းတစ်ခန်းမှာ လျှပ်စစ်မီးပြတ်တောက်ချိန် အခန်းတွင်းအပူချိန်မြင့်တက်ကာ မိသားစု ၄ ဦး အသက်ရှုကျပ်ပြီး သတိလစ်တဲ့ဖြစ်စဉ်ရှိခဲ့တယ်လို့ ကူညီကယ်ဆယ်ပေးသူတွေဆီကသိရပါတယ်။ "အသက် ၇၀ အမျိုးသားကတော့ ICU(အထူးကြပ်မတ်ကုသခန်း) ထဲပို့ထားရပါတယ်။ အသက် ၄၀ နဲ့ ၃၀ အရွယ် အမျိုးသမီး ၂ ဦး၊ မိန်းကလေးငယ် ၁ ဦး စုစုပေါင်း မိသားစု ၄ ဦး သတိလစ်သွားကြတာပါ။ အိမ်က အခန်းကျဉ်းတယ်၊ မိသားစုကလည်း များတော့ မီးပြတ်ချိန်ဖြစ်သွားကြတာပါ" လို့ မင်္ဂလာတောင်ညွန့်မြို့နယ်လူမှုကူညီရေးအဖွဲ့ တဖွဲ့ရဲ့ တာဝန်ရှိသူ ပြောပါတယ်။
အလားတူ မနေ့တစ်ရက်တည်းမှာပဲ ရွှေပြည်သာမှာ ၃ ဦး၊ ရန်ကင်းမှာ ၁ ဦး အပူချိန်မြင့် သတိလစ်တဲ့အခြေအနေဖြစ်ခဲ့တာကြောင့် ကူညီပေးခဲ့ရတယ်လို့ ရန်ကုန်မြို့လူမှုကယ်ဆယ်ရေး အသိုင်းအဝိုင်းဆီက သိရပါတယ်။
အခုဧပြီလတလတည်းမှာပဲ ရန်ကုန်၊ မန္တလေး၊ တာချီလိတ်၊ ခင်ဦး စတဲ့ ဒေသတွေမှာ အပူချိန်မြင့်ပြီး Heat stroke ကြောင့် သေဆုံးသူ ၁၀ ဦးထက်မနည်းရှိလာတာကို ဘီဘီစီက သိရှိထားရပါတယ်။
လာမယ့် မိုးတွင်းကာလ အယ်လ်နီညို ဖြစ်နိုင်ကြောင်း မိုးဇလ ထုတ်ပြန်သတိပေး

နိုင်ငံတကာမိုးလေဝသ ဌာနတွေရဲ့ ခန့်မှန်းချက်အရ လာမယ့် မေ၊ ဇွန်နဲ့ ဇူလိုင်လတို့မှာအင်အားအနည်းငယ်ရှိတဲ့ အယ်လ်နီညိုအခြေအနေကို ရောက်ရှိနိုင်တယ်လို့ ခန့်မှန်းရကြောင်း မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဒီနေ့ ဧပြီ ၂၈ ရက်မှာ ထုတ်ပြန်လာပါတယ်။
အယ်လ်နီညိုဖြစ်စဉ်ဟာ ပစိဖိတ်သမုဒ္ဒရာမှာ ဖြစ်ပေါ်တဲ့ဖြစ်စဥ်ပေမဲ့ အယ်လ်နီညိုသက်ရောက်မှုကြောင့် မိုးသွန်းမှုပုံစံမူမမှန်ခြင်း၊ အပူချိန်မြင့်မားခြင်း၊ မုန်တိုင်းဖြစ်ပေါ်မှု မူမမှန်ခြင်း စတဲ့ ရာသီဥတုဖြစ်စဥ်တွေဖြစ်ပေါ်နိုင်တယ်လို့ လည်း ထုတ်ပြန်ချက်က ဖော်ပြထားပါတယ်။
အယ်လ်နီညိုဖြစ်ပေါ်မှုနဲ့ပတ်သက်လို့ အချိန်နဲ့ တပြေးညီ ဆက်လက်ထုတ်ပြန်သွားမယ်လို့လည်းဆိုပါတယ်။
အယ်လ်နီညိုဆိုတာ အစွန်းရောက်သဘာဝဘေးတစ်ခုဖြစ်ပြီး ပူပြင်းခြောက်သွေ့တဲ့ ရာသီဥတု ဖြစ်စဥ်တစ်ခုလည်းဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ အယ်လ်နီညို ရာသီဥတုဖြစ်စဥ် ကြုံတွေ့ခဲ့ရတဲ့နှစ်တွေ ပြီးခဲ့တဲ့ဆယ်စုနှစ်အတွင်း ရှိထားပြီး စံချိန်တင် ပူပြင်းမှုတွေ၊ မြစ်တွေမှာ ရေနည်းပါးလို့ စိုက်ပျိုးရေ၊ သောက်သုံးရေ အခက်အခဲ ကြုံရခြင်းတွေနဲ့ အပူဒဏ်ကြောင့် လူသေဆုံးမှုတွေဖြစ်ပေါ်ခဲ့တာမျိုးရှိခဲ့ပါတယ်။
မြန်မာ့အရေးဖြေရှင်းဖို့မလွယ်ကူပေမဲ့ ဆက်ကြိုးစားမယ်လို့ အင်ဒိုနီးရှားပြော

ဓာတ်ပုံ ရင်းမြစ်, Reuters
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
အာဆီယံဥက္ကဋ္ဌ အင်ဒိုနီးရှားအနေနဲ့ မြန်မာစစ်တပ်၊ NUG တို့နဲ့လည်း ဆက်သွယ်ဆောင်ရွက်နေတယ်လို့ ဆို
အာဆီယံအလှည့်ကျဥက္ကဋ္ဌ အင်ဒိုနီးရှားအနေနဲ့ မြန်မာမှာ သက်ဆိုင်သူတွေအားလုံးရဲ့ အခန်းကဏ္ဍနဲ့ အမြင်သဘောထားတွေကြား ကွဲလွဲမှုတွေကို စေ့စပ်နိုင်ရေး ဆက်လက် အားထုတ်ကြိုးပမ်းသွားမယ်လို့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရက်တ်နိုမာဆုဒီက ပြောကြားလိုက်ပါတယ်။
မြန်မာအရေးဖြေရှင်းဖို့မလွယ်ကူပေမဲ့ ဆက်လက်ကြိုးပမ်းမယ်လို့လည်း သူက ဆက်ပြောပါတယ်။
ဂျာကာတာမှာရှိတဲ့ အင်ဒိုနီးရှားသမ္မတအိမ်တော်မှာ မနေ့က ပြုလုပ်တဲ့ အာဆီယံထိပ်သီးအစည်းအဝေးအတွက် အကြိုညှိနှိုင်းပြင်ဆင်တဲ့ အစည်းအဝေးမှာ သမ္မတ ဂျိုကိုဝီဒိုဒိုနဲ့ဆွေးနွေးအပြီးမှာ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးက ခုလိုပြောလိုက်တာလည်းဖြစ်ပါတယ်။
“ကျွန်မတို့(အင်ဒိုနီးရှား)ဟာ အာဆီယံဥက္ကဋ္ဌအနေနဲ့ အားလုံးနဲ့ ပွင့်လင်းစွာ ထိတွေ့ဆက်ဆံမှုတွေအတွက်လမ်းဖွင့်ထားပြီး အမြင်သဘောထားတွေကို တတ်နိုင်သမျှ နားထောင်သွားမှာဖြစ်သလို ကွာဟျက်တွေကိုလည်း ဆက်စပ်ညှိနှိုင်းဖို့ ကြိုးစားသွားမှာပါ”လို့ မြန်မာ့အရေးနဲ့ပတ်သက်လို့ အာဆီယံဥက္ကဋ္ဌအနေနဲ့ အင်ဒိုနီးရှားရဲ့ ပါဝင်ဆောင်ရွက်မှုကို မေးမြန်းချက်အပေါ် သူက ခုလိုပြန်လည်ဖြေကြားသွားတာပါ။
ဒါ့အပြင် မစ္စ မာဆုဒီက အင်ဒိုနီးရှားအနေနဲ့ ဒီလိုအားထုတ်ဆောင်ရွက်ရာမှာ မြန်မာစစ်တပ်၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ အပါအဝင် နိုင်ငံရေးပါတီတွေနဲ့ပါ ဆက်သွယ်ဆောင်ရွက်နေတာတွေပါဝင်တယ်လို့လည်း သူက ထုတ်ဖော်ပြောကြားသွားပါတယ်။
ဒါပေမဲ့ အမျိုးသားညီညွတ်ရေးအစိုးရဘက်ကတော့ အာဆီယံဥက္ကဋ္ဌ ဖြစ်တဲ့အင်ဒိုနီးရှားနဲ့ ထိတွေ့ဆက်သွယ်မှုနဲ့ပတ်သက်လို့သီးသန့်ထုတ်ပြန်လာတာမရှိသေးပါဘူး။
မြန်မာမှာ ပဋိပက္ခတွေ ဆက်လက်ဖြစ်ပွားနေတာကြောင့် အာဆီယံထိပ်သီး အစည်းအဝေးတွေမှာ နိုင်ငံရေးအရ ကိုယ်စားမပြုသူတစ်ဦးကိုသာ ဖိတ်ကြားရေး မူကို ဆက်လက်စွဲကိုင်ထားတယ်လို့လည်း မာဆုဒီကပြောပြီး လာမယ့် အာဆီယံ ထိပ်သီးအစည်းအဝေးမှာ မြန်မာ့အရေး အာဆီယံမူငါးချက်ကို အကောင်အထည်ဖော်ရေးဆွေးနွေးသွားမယ်လို့လည်း သူက ပြောပါတယ်။
အကြမ်းဖက်မှုတွေ အဆုံးသတ်ရေးနဲ့ သက်ဆိုင်သူဘက်အသီးသီးပါဝင်တဲ့ ဆွေးနွေးပွဲတွေပြုလုပ်ရေး၊ အာဆီယံအထူးသံတမန်ခန့်အပ်ရေးနဲ့ မြန်မာ့အရေးမှာ အာဆီယံအထူးသံရဲ့ကြားဝင်ဆောင်ရွက်မှုကိုလက်ခံရေး၊ အထူးသံမြန်မာကိုလာရောက်ပြီး သက်ဆိုင်သူအားလုံးနဲ့တွေ့ဆုံရေး၊ မြန်မာပြည်သူတွေအတွက် လူသားချင်းစာနာထောက်ထားမှုအကူအညီတွေ ပေးအပ်ရေး စတဲ့ အာဆီယံဘုံသဘောထားငါးရပ်ကို ၂၀၂၁ ခုနှစ် ဧပြီလ က ဂျာကာတာမှာ ကျင်းပတဲ့ အာဆီယံ ခေါင်းဆောင်တွေ အစည်းအဝေးမှာ သဘောတူချမှတ်ခဲ့တာဖြစ်ပြီး အဲဒီတုန်းက စစ်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကလည်း တက်ရောက်ခဲ့ပါတယ်။
လာမယ့်အာဆီယံထိပ်သီးအစည်းအဝေးကို မေလ ၁၀ ရက်နဲ့ ၁၁ ရက်တို့မှာ အင်ဒိုနီးရှားနိုင်ငံ Labuan Bajo မှာ ကျင်းပမှာဖြစ်ပါတယ်။
တရုတ်ရဲ့ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအစီအမံကို စစ်ကောင်စီထောက်ခံ

ဓာတ်ပုံ ရင်းမြစ်, MOFA
တရုတ် နိုင်ငံက ချမှတ်ထားတဲ့ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအစီအမံ (GSI) ကို ထောက်ခံတယ်လို့ စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
တရုတ်ရဲ့ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအစီအမံမှာပါတဲ့ ကတိကဝတ်တွေက မြန်မာနိုင်ငံခြားရေးမူဝါဒမှာ အစဥ်ကိုင်စွဲခဲ့တဲ့ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူကြီး (၅) ချက် နဲ့ လိုက်လျောညီထွေတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။
GSI ရဲ့ ကတိကဝတ်တွေထဲ နိုင်ငံအားလုံးရဲ့အချုပ်အခြာအာဏာနဲ့ နယ်မြေတည်တံ့ခိုင်မြဲမှုကို လေးစားခြင်း၊ နိုင်ငံအားလုံးရဲ့ ကျိုးကြောင်းဆီလျော်တဲ့ လုံခြုံရေးဆိုင်ရာ စိုးရိမ်ပူပန်မှုတွေကို အလေးအနက်ထားခြင်းအပါအဝင် ကတိကဝတ် ၆ ခုကို အခြေခံထားပါတယ်။
အာဏာသိမ်းပြီး နှစ်နှစ်ကျော်အကြာမှာ တရုတ် နဲ့ စစ်ကောင်စီအကြား ဆက်ဆံရေးပြန်လည်သွက်လက်လာပြီး အပြန်အလှန်ခရီးစဉ်တွေ ရှိလာပြီးတဲ့နောက် စစ်ကောင်စီဘက်က အခုလို ထုတ်ပြန်လာတာ ဖြစ်ပါတယ်။
နိုင်ငံတကာကဝေဖန်ပြစ်တင်တဲ့ ရုရှားရဲ့ ယူကရိန်း ကျူးကျော်မှုအပေါ်လည်း စစ်ကောင်စီက ထောက်ခံခဲ့ပါသေးတယ်။
တရုတ်နိုင်ငံ နဲ့ ရုရှား နိုင်ငံဟာ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ မြန်မာအရေးနဲ့ ပတ်သက်ရင် စစ်တပ်ဘက်က အစဉ်တစ်စိုက် ကာကွယ်ရပ်တည်ခဲ့တဲ့ နိုင်ငံတွေလည်းဖြစ်ပါတယ်။
စစ်ကောင်စီတပ်စခန်းတွေကို အထူးစစ်ဆင်ရေး အကြိမ် ၇၀ လုပ်ခဲ့တယ် လို့ NUG ထုတ်ပြန်

ဓာတ်ပုံ ရင်းမြစ်, MPDF
စစ်ကောင်စီတပ်စခန်းတွေကို ဒီနှစ်ထဲမှာ အထူးစစ်ဆင်ရေးတိုက်ပွဲ အကြိမ် ၇၀ ဖော်ဆောင် ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန က ဧပြီ ၂၇ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။
စခန်းသိမ်းတိုက်ပွဲ ၄၄ ပွဲ၊ လေတပ်စခန်းတိုက်ခိုက်မှု ၆ ခု၊ လက်နက် စက်ရုံတွေကို တိုက်ခိုက်မှု ၉ ခု နဲ့ စစ်ကောင်စီဌာနချုပ် ၁၁ ခု ကို တိုက်ခိုက်ခဲ့တာတွေကို PDF တွေပါဝင်တဲ့ တပ်ပေါင်းစုတွေက ဖေါ်ဆောင်ခဲ့ကြတယ်လို့ NUG ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ဒီစစ်ဆင်ရေးတွေကို ရှမ်းပြည်နယ် နဲ့ ရခိုင်ပြည်နယ်ကလွဲလို့ ကျန်တဲ့ ပြည်နယ်နဲ့တိုင်း အကုန်လုံးမှာ ဖော်ဆောင်ခဲ့တဲ့အကြောင်း NUG ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
၂၀၂၃ ခုနှစ် စတယ်ဆိုရင်ပဲ ဗျူဟာမြောက် လှုပ်ရှားမှုတွေကို နိုင်ငံအနှံ့မှာ နေ့စဉ်နီးပါး ဖေါ်ဆောင်ခဲ့ကြတဲ့အကြောင်း NUG က ထုတ်ပြန်ပါတယ်။
ဒါ့အပြင် ထောက်ပံ့ပို့ဆောင်ရေး ဘဏ္ဍာငွေရရှိဖို့ မြေကွက်နဲ့ အိမ်ရာ ရောင်းချထားမှုတွေကိုပါ NUG က ထုတ်ပြန်ခဲ့ပါတယ်။








