ရုရှားဝန်ကြီးချုပ် တရုတ်ကိုရောက် - မေလ ၂၄ရက် ညနေခင်း နိုင်ငံတကာသတင်းများ

ဓာတ်ပုံ ရင်းမြစ်, Getty Images
တရုတ်နဲ့ ရုရှားအနေနဲ့ နှစ်နိုင်ငံ သဘောတူညီတဲ့ အကျိုးစီးပွားရေးရာတွေကို ပူးပေါင်းလုပ်ဆောင်သင့်တယ်လို့ ရုရှားဝန်ကြီးချုပ်ရဲ့ ဘေဂျင်းခရီးစဉ်အတွင်း တရုတ်သမ္မတ ရှီကျင့်ဖျင်က ပြောကြားလိုက်ပါတယ်။
မနှစ်ကတည်းက ရုရှားက ယူကရိန်းကို ကျူးကျော် တိုက်ခိုက်ခဲ့ပြီးနောက် ရုရှားအပေါ် တရုတ်ရဲ့ ထောက်ခံမှုအပြည့်အဝရအောင် ဆွဲဆောင်ဖို့ မျှော်လင့်ချက်နဲ့ ရုရှား ဝန်ကြီးချုပ် တရုတ်နိုင်ငံကို ရောက်ရှိနေတာပါ။ ဒါဟာ ယူကရိန်းစစ်ပွဲစပြီးနောက် ရုရှားဘက်က အဆင့်အမြင့်ဆုံး ပုဂ္ဂိုလ်လာရောက်တာ ဖြစ်ပါတယ်။
ယူကရိန်း စစ်နဲ့ ပတ်သက်လို့ တရုတ်အနေနဲ့ ဘက်လိုက်မှု မရှိကြောင်းနဲ့ သူတို့ရဲ့ ချဉ်းကပ်ပုံအပေါ် ဝေဖန်မှုတွေကို လျစ်လျူရှုထားတယ်လို့ တရုတ်က ပြောပါတယ်။
တရုတ်ရောက်နေတဲ့ မစ္စတာ မစ်ရှုတင်ကတော့ တရုတ်နဲ့ နှစ်နိုင်ငံ ဆက်ဆံရေးက ထင်မထားလောက်ကို ခိုင်မာနေတယ်လို့ ဆိုပါတယ်။
လက်ရှိ အချိန်မှာ တရုတ်ဟာ ရုရှားရဲ့ စွမ်းအင်တွေကို အများဆုံး ဝယ်ယူတဲ့ ဖောက်သည်တယောက်ပါ။
သူတို့ နှစ်နိုင်ငံ ကုန်သွယ်ရေးဟာလည်း အလျင်အမြန် တိုးတက်နေပြီး မနှစ်ကဆိုရင် ကုန်သွယ်မှု တန်ဖိုးဟာ ဒေါ်လာ ဘီလီယံ နှစ်ရာနီးပါး ရှိတာ ဖြစ်ပါတယ်။
အင်္ဂလိပ်လို မပြောတတ်တဲ့ ခရီးသည်တွေကို လှောင်တဲ့ လေယာဥ်ဝန်ထမ်းတွေကို ကတ်သေးပစိဖိတ် အလုပ်ထုတ်

ဓာတ်ပုံ ရင်းမြစ်, Getty Images
အင်္ဂလိပ်လိုမပြောတတ်တဲ့ ခရီးသည်တွေကို လှောင်ပြောင်မှုနဲ့ လေယာဉ်ဝန်ထမ်း ၃ ယောက်ကို ကတ်သေးပစိဖိတ်လေကြောင်းလိုင်းက ရာထူးက ထုတ်ပယ်လိုက်ပါတယ်။
နိုင်ငံခြားသားဆို ထိုင်ရှိခိုးပြီး ပြည်မကလာသူတွေ ဆိုရင် အထင်သေးတဲ့ ကိစ္စလို့ တရုတ်အစိုးရ မီဒီယာမှာ အစီအစဉ်တင်ဆက်သူ တယောက်ကဝေဖန်ပြောဆိုခဲ့ပြီးနောက်မှာ ဒီကိစ္စကို အခုလို အရေးယူမှုတွေ ထွက်ပေါ်လာတာပါ။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ဟောင်ကောင် အုပ်ချုပ်ရေးမှူး ဂျွန်လီးကလည်း ဒီဖြစ်ရပ်ဟာ ရိုးရာယဉ်ကျေးမှုနဲ့ တန်ဖိုးကို ဖျက်ဆီးတာပဲလို့ ဆိုပါတယ်။
တရုတ်ပြည်မကြီးက ခရီးသည်တွေအပေါ် လေယာဉ်ဝန်ထမ်းတွေရဲ့ မလေးမစား ပြောဆို ဆက်ဆံပုံနဲ့ ပတ်သက်လို့ အံ့သြကြေကွဲရကြောင်းနဲ့ ဒီအပြုအမူတွေက ဟောင်ကောင်နဲ့ ပြည်မကြီး နှစ်ခုစလုံးက လူတွေကို စိတ်ဖိစီးမှု ဖြစ်စေပြီး ဟောင်ကောင်ဟာ တရုတ်ပြည်မကြီးထဲပါဝင်တာနဲ့ ကာလရှည်ကြာ တည်ရှိနေတဲ့ ယဉ်ကျေးမှုနဲ့ စံတန်ဖိုးတွေကို ရိုက်ချိုးသလို ဖြစ်စေပါတယ်လို့ ဟောင်ကောင် အုပ်ချုပ်ရေးမှူး ဂျွန်လီးက ပြောပါတယ်။
ကတ်သေး ပစိဖိတ်လေကြောင်းလိုင်းကတော့ ဖြစ်ပျက်ခဲ့တာတွေနဲ့ ပတ်သက်လို့တောင်းပန်လိုက်ပြီး ကိုဗစ်ကပ်ဘေး အလွန် အာရှတလွှား ဟောင်ကောင်ဟာ အာရှရဲ့ လေကြောင်းအချက်အချာအဖြစ် ပြန်လည် မြှင့်တင်ဖို့ ကြိုးစားနေချိန်မှာ အခုလို ကိစ္စရပ်ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။
ဟောင်ကောင်ကနေ တရုတ်ကို ပျံသန်းတဲ့ လေယာဉ်ပေါ်မှာ မန်ဒရင်း တရုတ်စကားပြော ခရီးသည်တွေ အင်္ဂလိပ်နဲ့ ကန်တုန် တရုတ်စကားပြောတဲ့ပုံစံကို တချို့ လေယာဉ်ဝန်ထမ်းတွေက လှောင်ပြောင်သရော်ခဲ့ကြတယ်လို့ ခရီးသည်တယောက်က စွပ်စွဲ ပြောကြားထားပါတယ်။
တခြားဖြစ်ရပ်တခုမှာ ခရီးသည်တယောက်ဟာ blanket စောင် အစား carpet ကောဇော ဆိုပြီး တောင်းတာကြောင့် လေယာဉ်ဝန်ထမ်းတွေက လှောင်ပြောင်ပြီး လေယာဉ်ကြမ်းပြင်လှဲချဖို့ ပြောဆိုခဲ့တဲ့ ကိစ္စလည်း ဖြစ်ပွားခဲ့ဖူးပါတယ်။
တရုတ်ငါးဖမ်းလှေတိမ်းမှောက်မှု လိုက်ပါသူအားလုံး သေဆုံးတယ်လို့ ထုတ်ပြန်

ဓာတ်ပုံ ရင်းမြစ်, Getty Images
အိန္ဒိယ သမုဒ္ဒရာထဲ ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက တိမ်းမှောက်ခဲ့တဲ့ တရုတ်ငါးဖမ်းလှေထဲ အလောင်း ၁၄ လောင်း တွေ့ရတယ်လို့ သီရိလင်္ကာ ရေတပ်က ပြောပါတယ်။
သြစတြေးလျက ပါ့သ်မြို့ အနောက်ဘက် ကီလိုမီတာ ၅၀၀၀ အကွာမှာ ရာသီဥတုဆိုးရွားမှုကြောင့် လူ ၃၉ ယောက် လိုက်ပါတဲ့လှေ တိမ်းမှောက်ခဲ့တာပါ။
လှေပေါ် လိုက်ပါခဲ့သူတွေဟာ တရုတ် ၊ အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင်တို့က ဖြစ်ပြီး ရေငုပ်သမားတွေက အလောင်း၂ လောင်း ဆယ်ယူနိုင်ခဲ့သလို မြုပ်သွားတဲ့လှေထဲ နောက်ထပ် ၁၂ လောင်း တွေ့ခဲ့တယ်လို့ သီရိလင်္ကာက ပြောပါတယ်။
ဒါ့အပြင် အချက်အလက် အသေးစိတ်ကို တရုတ်အာဏာပိုင်တွေဆီ ပေးပို့သွားမယ်လို့ ဆိုပေမဲ့ တရုတ်နိုင်ငံဘက်က ကနဦး စုံစမ်း စစ်ဆေးမှုအရ လှေပေါ်ပါသူ အားလုံး သေဆုံးသွားပြီလို့ ဖော်ပြထားတာ ဖြစ်ပါတယ်။
ဂျပန် အူဒုံဟင်းလျာထဲ ဖားအရှင်တွေ့လို့ ဆိုင်က ပြန်တောင်းပန်

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဂျပန်က ခေါက်ဆွဲဆိုင်တစ်ဆိုင်က ဝယ်လာတဲ့ ဟင်းလျာ တခုထဲမှာ ဖားအရှင်တကောင်ကို စားသုံးသူ တယောက်က တွေ့ရှိခဲ့ပြီးနောက် အဲဒီဟင်းလျာရောင်းတဲ့ဆိုင်က ပြန်တောင်းပန်ခဲ့ပါတယ်။
နာဂါဆာကီ မြို့က Marugame Seimen ဆိုင်ကနေ ဂျပန်ခေါက်ဆွဲ တမျိုးဖြစ်တဲ့ အူဒုံ ခေါက်ဆွဲအစပ်သုပ်ကို ဝယ်ယူခဲ့ရာမှာ အစိမ်းရောင် ဖားတကောင် ဆော့စ်ဘူးထဲ ကူးခတ်နေတာ တွေ့တယ်လို့ စားသုံးသူက ပြောပါတယ်။
Marugame Seimen ဆိုင်ကတော့ အခုလို ကိစ္စ ဖြစ်ခဲ့ရတဲ့ အတွက် များစွာ စိတ်မကောင်းဘူး ဆိုပြီး ပြန်တောင်းပန်ခဲ့ပါတယ်။
ဒါ့အပြင် သူတို့ရဲ့ ကုန်ပစ္စည်းသစ်တချို့ကိုလည်း ကြိုတင်သတိထားတဲ့အနေနဲ့ ယာယီအရောင်းရပ်ထားခဲ့ပါတယ်။








