သြဂုတ် ၉ ရက်သတင်းများအနှစ်ချုပ် - ကေပေါ့ပ် Katseye အဖွဲ့ဝင် ဆိုဖီယာ စိတ်ကျန်းမာရေးကြောင့်အနားယူရ

ရေးသားခဲ့သည်။
ဖတ်ရန်အချိန်: မိနစ် ၈

အဖွဲ့ဝင် ၆ ဦးနဲ့ဖွဲ့စည်းထားတဲ့ ကေပေါ့ပ်အမျိုးသမီးအဖွဲ့ Katseye မှာ ၆ လအတွင်း အဖွဲ့ဝင်နှစ်ဦး ကျန်းမာရေးပြဿနာတွေကြောင့် အနုပညာလှုပ်ရှားမှုကနေ ခေတ္တအနားယူမယ့်အကြောင်း ကုမ္ပဏီဘက်ကနေ ထုတ်ပြောပါတယ်။

Katseye အဖွဲ့ရဲ့ (ဖိလစ်ပိုင် - အမေရိကန်ကပြား) အဆိုတော် ဆိုဖီယာ လာဖိုစ်တေဇ (Sophia Laforteza) စိတ်ကျန်းမာရေးဆိုင်ရာစိုးရိမ်စရာအခြေအနေကြောင့် အဖွဲ့လှုပ်ရှားမှုကနေ အနားယူမယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းမှာ ထုတ်ပြောခဲ့တာပါ။

Katseye အဖွဲ့ဝင် မာနွန် ဘန်နာမန်း (Manon Bannerman) တစ်ယောက် အဖွဲ့ကနေ ယာယီထွက်ခွာပြီး မကြာခင်မှာပဲ ဆိုဖီယာလည်း ယာယီနားမယ့်သတင်း ထွက်လာတာဖြစ်ပါတယ်။

"EYEKONS တွေက ဆိုဖီယာစင်ပေါ်မှာ ဖျော်ဖြေတာကို စောင့်မျှော်နေကြမှန်း နားလည်ပါတယ်။ ဒါပေမဲ့ သူ့ရဲ့ စိတ်ကျန်းမာရေးနဲ့ ကိုယ်ကျန်းမာရေးက ပထမဦးစားပေးဖြစ်ပါတယ်" လို့ ကုမ္ပဏီဘက်က ထုတ်ပြန်စာမှာထည့်ပြောပါတယ်။

EYEKONS ဆိုတာဟာ Katseye အဖွဲ့ကိုအမာခံအားပေးတဲ့ပရိတ်သတ်တွေကို ကိုယ်စားပြုခေါ်ဝေါ်တဲ့ အသုံးအနှုန်းပါ။ ကေပေါ့ပ်အဖွဲ့တွေမှာ သူတို့ကိုအားပေးတဲ့ပရိတ်သတ်တွေကိုခေါ်ဝေါ်တဲ့ သီးသန့်နာမည်တွေရှိကြပါတယ်။

ဒီတက်သစ်စ ကေပေါ့ပ်အမျိုးသမီးအဖွဲ့ Katseye ဟာ Hype ကုမ္ပဏီလက်အောက်ကဖြစ်ပြီး ကမ္ဘာကျော် BTS အဖွဲ့နဲ့ ကုမ္ပဏီအတူတူပဲ ဖြစ်ပါတယ်။

သူတို့ရဲ့ Gnarly၊ Pinky Up နဲ့ Gabriela သီချင်းတွေဟာ ကိုရီးယားမှာသာမက ကမ္ဘာတဝန်းမှာပါ လူသိများကျော်ကြားခဲ့ပါတယ်။ သူတို့အဖွဲ့ဟာ ကမ္ဘာအကြီးဆုံးတေးဂီတပွဲတော်တစ်ပွဲဖြစ်တဲ့ Coachella ၂၀၂၆ ပွဲမှာ ဖျော်ဖြေခွင့်ရခဲ့ပါတယ်။

အမေရိကန်သမ္မတဟောင်း ဂျိုးဘိုင်ဒန်ရဲ့ကင်ဆာဆဲလ်တွေ အရိုးတွေအထိ ပျံ့နှံ့နေပြီလို့ သားဖြစ်သူပြော

အမေရိကန်သမ္မတဟောင်း ဂျိုးဘိုင်ဒန်မှာ ဖြစ်နေတဲ့ ကင်ဆာရောဂါဆဲလ်တွေဟာ အရိုးတွေနဲ့ ခန္ဓာကိုယ်ရဲ့တခြားအစိတ်အပိုင်းတွေကိုပါ ပျံ့နှံ့တဲ့အထိ ဆိုးရွားနေပြီလို့ သားဖြစ်သူ ဟန်တာ ဘိုင်ဒန်က ဘီဘီစီကို ပြောပါတယ်။

အသက် ၈၀ ကျော် ဂျိုးဘိုင်ဒန်မှာ ပြင်းထန်တဲ့ဆီးကျိတ်ကင်ဆာရောဂါဖြစ်ပွားနေကြောင်း ၂၀၂၅ ခုနှစ် မေလတုန်းကသူ့ရုံးအဖွဲ့ကနေ ထုတ်ပြောခဲ့ပါတယ်။

ကင်ဆာကြောင့် မစ္စတာ ဘိုင်ဒန်ဟာ အလွန်နာကျင်ခံစားနေရတယ်လို့လည်း သားဖြစ်သူက ပြောပါတယ်။

"ကင်ဆာရောဂါက သိပ်ခက်ခဲပင်ပန်းစေတယ်။ သူခံစားနေရတာကို ကြည့်ရတာလည်း ဝမ်းနည်းဖို့ ကောင်းတယ်" လို့ ဟန်တာ ဘိုင်ဒန်က ပြောပါတယ်။

လက်ရှိအချိန်မှာ မိသားစုအတွက် ဂျိုးဘိုင်ဒန်က အရေးကြီးဆုံးပုဂ္ဂိုလ်ဖြစ်ပြီး ဂျိုးဘိုင်ဒန်ဟာ မိသားစုအတွက် ဖခင်ကောင်း၊ ခင်ပွန်းကောင်းနဲ့ မြေးတွေအတွက်ဆိုရင်လည်း အဖိုးကောင်းတစ်ယောက်ဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

သမ္မတ ဘိုင်ဒန် ရာထူးကနေ မဆင်းခင်မှာ သားဖြစ်သူ ဟန်တာဘိုင် ဒန်ကို ပေးခဲ့တဲ့ အငြင်းပွားဖွယ် လွတ်ငြိမ်းချမ်းသာခွင့်နဲ့ပတ်သက်ပြီး ဘီဘီစီရဲ့ Newsnight အစီအစဉ် မေးမြန်းခန်းမှာ ဖခင်ဖြစ်သူရဲ့ကျန်းမာရေးအကြောင်းပါ သူက ထုတ်ပြောသွားခဲ့တာပါ။

ဟန်တာ ဘိုင်ဒန်ကတော့ ၂၀၂၄ ခုနှစ် မှာ သမ္မတအမိန့်နဲ့ လွတ်ငြိမ်းချမ်းသာခွင့်ရခဲ့တာက အထူးအခွင့်အရေး ရရှိခဲ့တာဖြစ်ပေမဲ့ ဒါဟာ အမေရိကန်နဲ့ ဖခင် ဂျိုးဘိုင်ဒန်ရဲ့ နိုင်ငံရေးသမိုင်းအတွက် ကောင်းမွန်တဲ့ ရွေးချယ်မှု မဖြစ်ခဲ့ဘူးလို့ သူ့ အမြင်ကို ပြောခဲ့ပါတယ်။

ဆည်တော်ကြီးရေလွှတ်လို့ ရေကြီးခဲ့တဲ့ မတ္တရာမှာ ရေပြန်ကျ

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်မှာ ဆည်တော်ကြီးရေလှောင်တမံ ရေလွှတ်လို့ ရေဝင်ရောက်ခဲ့တဲ့ရွာတွေမှာ ဒီနေ့မနက်ပိုင်း ရေပြန်ကျပေမဲ့ တံငါရွာတဝိုက် ဝိတ်ပါတဲ့ကားကြီးတွေပြန်လည်သွားလာလို့ရပြီဖြစ်ကြောင်း လူမှုကူညီရေးအဖွဲ့ တွေဆီကနေ သိရပါတယ်။

"ဒီမနက်ခင်းမှ ရေပြန်ကျတာပါ။ ဝိတ်ပါတဲ့ကား (အလေးချိန်များတဲ့ကား)တွေပဲ သွားလို့ ရသေးတယ်။ ဝိတ်မပါရင် သွားဖို့ ခက်သေးတယ်" လို့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (လက်ပန်လှ) အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

မတ္တရာမြို့နယ်ထဲက ဆည်တော်ကြီးမှာရေများခဲ့ပြီး ရေလွှတ်ချခဲ့တာကြောင့် သြဂုတ် ၇ ရက်ကစကာ မန္တလေး- မတ္တရာ- မိုးကုတ် ကားလမ်းမတလျှောက်ရေကျော်ခဲ့ပါတယ်။ ဒါကြောင့် လမ်းမကြီးဘေးတလျှောက် မှာရှိတဲ့ ကျေးရွာ ၈ ရွာထက်မနည်းမှာ ရေဘေးကြုံခဲ့ရတာပါ။

အခုတော့ ရေဘေးသင့်ပြည်သူတွေကိုလည်း ဘေးလွတ်ရာရွှေ့ပြောင်းထားနိုင်ပြီလို့ ကယ်ဆယ်ရေး အဖွဲ့ဝင်ဆီကနေ သိရပါတယ်။

မြန်မာနိုင်ငံ ကြက်ခြေနီအဖွဲ့ကတော့ မတ္တရာ ရေဘေးကြောင့် နာမကျန်းသူ ၇ ဦးကိုလည်း မတ္တရာ ဆေးရုံကို ပို့ပေးခဲ့တယ်လို့ သူတို့ရဲ့ လူမှုကွန်ရက်ကနေ သတင်းထုတ်ပြန်ပါတယ်။

မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ ဒီနေ့မွန်းလွဲ ၂ နာရီထုတ်ပြန်ချက်အရ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း မန္တလေးတိုင်းထဲ နေရာစိပ်စိပ်မိုးကြီးခဲ့ပြီး သပိတ်ကျင်းမြို့နယ်မှာဆိုရင် မိုးရေချိန် ၄.၆၅ လက်မ အထိရှိခဲ့ပါတယ်။

ထိုင်းကျောင်း သေနတ်ပစ်ခတ်မှု သေဆုံးသူ ၉ ဦးအထိရှိလာ

ထိုင်းနိုင်ငံ၊ နွန်ထဘူရီခရိုင်၊ ဒက်ဘ်ဆီရင် နွန်ထဘူရီကျောင်းက သေနတ်ပစ်ခတ်မှုမှာ ဒဏ်ရာရတဲ့ ကျောင်းသူ တစ်ဦး သေဆုံးခဲ့တာကြောင့် စုစုပေါင်း သေဆုံးသူ ၉ ဦးအထိရှိလာပြီလို့ ဘီဘီစီထိုင်းဘာသာစကားဌာနက ရေးပါတယ်။

ပစ်ခတ်မှုမှာ ဒဏ်ရာရခဲ့တဲ့အသက် ၁၂ နှစ်အရွယ် အလယ်တန်း ပထမနှစ်ကျောင်းသူ မနေ့က ဆေးရုံပေါ်မှာ ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။

သြဂုတ် ၇ ရက် မွန်းလွဲပိုင်းမှာဖြစ်ခဲ့တဲ့ သေနတ်ပစ်ခတ်မှုကြောင့် ဆရာ ၅ ဦး၊ ကျောင်းသူ ၁ ဦး၊ သေနတ်ပစ်ခတ်တဲ့ကျောင်းသား ကိုယ်တိုင်အပြင် သူ့ရဲ့အဖိုးနဲ့ အဖွားအပါ ၉ ဦး သေဆုံးခဲ့ပါတယ်။

ဒီဖြစ်စဉ်ကို ထိုင်းအာဏာပိုင်တွေက မျက်မြင် ၁၇ ဦးကို စုံစမ်းမေးပြီးတဲ့နောက် သေနတ် ပစ်ခတ်ခဲ့တဲ့ အသက် ၁၄ နှစ်အရွယ်ကျောင်းသားဟာ ပြဿနာမျိုးစုံ ရင်ဆိုင်ခဲ့ရတာကို တွေ့ခဲ့ရကြောင်း ဘီဘီစီထိုင်းဌာနက ဖော်ပြပါတယ်။

မိသားစုပြဿနာ၊ ပညာရေးအခက်အခဲ၊ သူငယ်ချင်းတွေနဲ့အဆင်မပြေမှုတွေအပြင် ဆိုရှယ်မီဒီယာ ပေါ်က အကြမ်းဖက်ဆန်တဲ့အကြောင်းအရာတွေနဲ့မကြာခဏထိတွေ့နေတာကို တွေ့ရှိရကြောင်း ထိုင်းရဲ့အမှတ် ၁ ရဲနယ်မြေ ဒုတိယအကြီးအကဲ Atthapol Anusit က ပြောပါတယ်။

ထိုင်းကျောင်းတွေ လုံခြုံရေးအတွက် ရက် ၉၀ စာစီမံကိန်းကို ထိုင်းရဲ့ ဝန်ကြီးဌာန ၅ ခု ပူးပေါင်းပြီး ဆောင်ရွက်သွားဖို့ရှိနေတယ်လို့လည်း သိရပါတယ်။

ဒီဖြစ်စဉ်ပြီးတဲ့နောက် သေနတ်ကိုင်ဆောင်မှု ဥပဒေကို ပိုတင်းကျပ်ပြဋ္ဌာန်းမယ်လို့လည်း ထိုင်းဝန်ကြီးချုပ် အနုတင် ချန်ဝီရာကူလ်က ထုတ်ပြောထားပါတယ်။

မြစ်ဆုံဆည်စီမံကိန်းပြန်စဖို့ မြစ်ကြီးနားမြို့ ရပ်ကွက်အချို့မှာ ဆွေးနွေးပွဲတွေလုပ်လာ

ဧရာဝတီမြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းအကြောင်း နည်းပညာဆိုင်ရာသိသင့်တာတွေနဲ့ ဗဟုသုတတွေကို ဒေသခံတွေ ပိုနားလည်နိုင်အောင်လို့ဆိုပြီး ပြည်နယ်အစိုးရက ဆွေးနွေးပွဲတွေလုပ်ပေမဲ့ သူတို့နဲ့နီးစပ်သူတွေသာ တက်ရောက်ကြတယ်လို့ မြစ်ကြီးနားမြို့ခံတချို့ဆီကနေ သိရပါတယ်။

"ဆွေးနွေးပွဲ လုပ်တယ်လို့ ကြားပေမဲ့ ထောက်ခံသူတွေ၊ နီးစပ်သူတွေပဲ တက်ကြတဲ့သဘောပါ။ ဒေသခံတွေက မြစ်ဆုံကိစ္စ စိုးရိမ်ကြတယ်၊ ထုတ်တော့ မပြောရဲကြဘူး။ ကျွန်တော်တို့ပြောလည်း ဘာမှမထူးဘူးလေ" လို့ လယ်ကုန်းရပ်ကွက်နေမှာနေထိုင်သူ တစ်ဦးက ပြောပါတယ်။

နေပြည်တော်ကတော့ မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းအကြောင်း ပြည်သူတွေနဲ့ မျက်နှာချင်းဆိုင်ဆွေးနွေးပွဲတွေကို မြစ်ကြီးနားမြို့ပေါ်က မြို့မနဲ့ လယ်ကုန်းရပ်ကွက်တို့မှာ မနေ့က ပြုလုပ်ခဲ့တဲ့အကြောင်း သတင်းထုတ်ပါတယ်။

"ဆွေးနွေးပွဲတွေ လုပ်တယ်ဆိုတာကို ကြားတယ်။ မသွားဖြစ်ဘူး။ ဒေသခံအချင်းချင်းတော့ မြစ်ဆုံကိစ္စ တစ်ခါတလေ ပြောဖြစ်တယ်။ ဒါပေမဲ့ မြစ်ဆုံဘက်တောင် ကျွန်တော်ဆို မရောက်ဖြစ်တာ ကြာပြီ" လို့ နောက်ထပ်မြစ်ကြီးနားဒေသခံတစ်ဦးက ပြောပါတယ်။

နေပြည်တော်ကတော့ ပြည်သူနဲ့တွေ့ဆုံရာမှာ ရေအားလျှပ်စစ်စီမံကိန်းနဲ့ပတ်သက်တဲ့နည်းပညာဆိုင်ရာအချက်အလက်တွေ၊ ဘူမိဗေဒဆိုင်ရာပညာရှင်တွေ့ရှိချက်တွေ၊ လျှပ်စစ်စွမ်းအင်ရရှိမှုပေါ်မူတည်ပြီး နိုင်ငံတစ်ခုနဲ့တစ်ခု ဖွံ့ဖြိုးတိုးတက်မှု ကွာခြားပုံတွေ၊ မြစ်ဆုံနေရာကို ရွေးချယ်ရတဲ့ အင်ဂျင်နီယာဆိုင်ရာ အားသာချက်တွေကို သုံးသပ်ဆွေးနွေးတယ်လို့ ဖော်ပြပါတယ်။

ငလျင်နဲ့ တမံကြီးတွေရဲ့ ကြံ့ခိုင်မှု၊ ဒေသခံတွေ အလုပ်အကိုင်အခွင့်အလမ်းရရှိမှု၊ မြစ်ဆုံဆည်ပြီးရင် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာနိုင်ခြေနဲ့ ဒေသခံတွေအတွက် အကျိုးအမြတ်ခံစားခွင့်တွေကိုပါ ထည့်ပြောတယ်လို့ ဆိုပါတယ်။

ဒီစီမံကိန်းဟာ လူထုဆန့်ကျင်မှုတွေကြောင့် ဆယ်စုနှစ် တစ်ခုကျော်ကြာ ရပ်ဆိုင်းထားခဲ့ရပြီး စစ်ကော်မရှင်လက်ထက် ၂၀၂၅ နှစ်ကုန်ပိုင်းမှာ ပြန်အသက်သွင်းဖို့ ခြေလှမ်းစပြင်ခဲ့ပါတယ်။

အသွင်ပြောင်းအစိုးရလက်ထက်မှာ မြစ်ဆုံစီမံကိန်းပြန်စနိုင်ဖို့ တရုတ်နဲ့ နားလည်မှု စာချွန်လွှာထိုးထားပြီးဖြစ်ကြောင်း ဘီဘီစီသတင်းရင်းမြစ်အချို့က အစောပိုင်းကတည်းက ပြောခဲ့ပါတယ်။

နေပြည်တော် သမ္မတ ဦးမင်းအောင်လှိုင်ဟာ ဇွန်လတုန်းက ဘေကျင်းကို သွားခဲ့တဲ့ သူ့ရဲ့တရုတ်ခရီးစဥ်မှာ မြစ်ဆုံစီမံကိန်း ပြန်စရေးကိစ္စကို တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ ဆွေးနွေးခဲ့တယ်လို့ နေပြည်တော်ဘက်က ထုတ်ပြောထားပါတယ်။

မြစ်ဆုံစီမံကိန်းရဲ့အကျိုးအပြစ်တွေနဲ့ ဒေသခံတွေရဲ့စိုးရိမ်ချက်ကို ဦးမင်းအောင်လှိုင် ကိုယ်တိုင် နားလည် သဘောပေါက်ထားတယ်လို့ သူ့ရဲ့ပြောခွင့်ရသူ ကိုယ်တိုင်က ထုတ်ပြောပါတယ်။ ဒါပေမဲ့ ဒီစီမံကိန်းကြောင့် နိုင်ငံ့ လျှပ်စစ် လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်မယ်လို့ဆိုပြီး ပြောခွင့်ရသူက ကာကွယ်ပြောဆိုထားပါတယ်။

စီမံကိန်းကြောင့် ပတ်၀န်းကျင်ထိခိုက်မှုအခြေအနေကိုလည်း လေ့လာစုံစမ်းတာတွေ လုပ်နေတဲ့အကြောင်းလည်း သူက ပြောပါတယ်။

သဘာဝပတ်ဝန်းကျင်ပညာရှင်တွေကတော့ ဧရာဝတီမြစ်ကို ပိတ်ပြီး ရေလှောင်လိုက်တဲ့အခါ မြစ်ရဲ့ဂေဟစနစ် ပျက်ယွင်းသွားနိုင်တယ်ဆိုပြီး ဆက်တိုက်ထောက်ပြခဲ့တာပါ။

မြစ်ဆုံစီမံကိန်းကို ပြန်အသက်သွင်းဖို့ နေပြည်တော်က ကြိုးပမ်းတဲ့အပေါ် ပြင်းပြင်းထန်ထန်ကန့်ကွက်ကြောင်း ကချင်လူ့အခွင့်အရေးအဖွဲ့(KHRW)က ဇူလိုင်လအတွင်း ထုတ်ပြောထားပါတယ်။

လေးမျက်နှာ ရေဘေးအတွက် စီးပွားရေးသမားတွေလှူတဲ့ငွေ ၂၃ ဘီလျံကျော်တယ်လို့ နေပြည်တော်ပြော

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်က ရေဘေးသင့်ဒေသတွေကို ကူညီရေးနဲ့ ပြန်လည်ထူထောင်ရေးအတွက်လို့ဆိုပြီး မြန်မာစီးပွားရေးလုပ်ငန်းရှင်တွေက စုပေါင်းလှူဒါန်းတဲ့ကျပ်ငွေ ၂၃ ဘီလျံကျော်ရရှိပြီး ဦးမင်းအောင်လှိုင် ကိုယ်တိုင် လက်ခံခဲ့ပါတယ်။

တိုင်းမြို့တော် ပုသိမ်က မြို့တော်ခန်းမမှာ မနေ့က လုပ်တဲ့ဒီလှူဒါန်းပွဲကို စီးပွားရေးလုပ်ငန်းရှင် သူဌေးကြီးတွေ ကိုယ်တိုင် တက်ရောက်ခဲ့ပြီး စုစုပေါင်း လှူဒါန်းငွေ ၂၃ ဒသမ ၃၂၄ ဘီလျံကျော် ရရှိခဲ့တယ်လို့ နေပြည်တော်က သတင်းထုတ်ပြန်ပါတယ်။

ငဝန်မြစ်ရေကြောင့် မြစ်ရေကို ကာထားတဲ့တာဘောင်ကျိုးပေါက်ခဲ့ပြီး ရေဘေးသင့်ခဲ့တဲ့လေးမျက်နှာမြို့နယ်အတွက် ဦးဇော်ဝင်းရှိန်၊ ဦးမောင်ဝိတ်၊ ဦးနိုင်ဖြိုးကျော်စတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေက တစ်ဦးကို မြန်မာငွေသိန်းပေါင်း သောင်းနဲ့ချီ လှူဒါန်းခဲ့ကြတာ တွေ့ရပါတယ်။

နေပြည်တော်သမ္မတ ဦးမင်းအောင်လှိုင်အပါအဝင် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနဲ့ အသွင်ပြောင်းအစိုးရရဲ့ဝန်ကြီးတွေဖြစ်တဲ့ ဦးခင်မောင်ရီ၊ ဦးမြထွန်းဦး၊ ဒေါက်တာ သက်ခိုင်ဝင်း၊ ဦးမင်းနောင်၊ ဦးမျိုးသန့်၊ ဒေါက်တာစိုးဝင်းတို့က အလှူငွေ လက်ခံခဲ့ကြပါတယ်။

နောက်ထပ်ရေဘေးသင့်ဒေသဖြစ်တဲ့ စစ်ကိုင်းတိုင်းမှာတော့ အလှူငွေရရှိမှုနည်းပါးနေတဲ့ အခြေအနေလို့ တော်လှန်ရေးအင်အားစုတွေဆီက သိရပါတယ်။

သဖန်းဆိပ်ဆည်ရေ ဖောက်ချရာကနေ ဆည်အောက်ပိုင်းမြို့နယ်တွေ ရေနစ်မြှုပ်ခဲ့ရာ အခုဆိုရင် မြို့နယ် ၈ ခုမှာရေဘေးသင့်ဦးရေ ၁ သိန်းကျော်လာပြီလို့ စစ်ကိုင်းတိုင်းဒေသသပိတ်အင်အားစုကနေ သိရပါတယ်။

"ကျွန်တော်တို့အဖွဲ့ဖွဲ့ပြီးချိန်မှာ လာလှူတဲ့ရံပုံငွေက သိန်း ၂၀၀ လောက်ရထားတယ်။ ဒါနဲ့ ကူညီပေးနေပါတယ်။ အဓိကတော့ အညာကိုလည်း မေ့မထားစေချင်ဘူး၊ စစ်တပ်ရန်ကိုစိုးရိမ်လို့ ကူညီဖို့ ကြောက်ရင် လျှို့ဝှက်ပြီးကူညီပေးတာမျိုး၊ စိတ်ပိုင်းဆိုင်ရာခွန်အားပေးတာမျိုးလုပ်ပေးဖို့ တခြားဒေသကပြည်သူတွေကိုတောင်းဆိုပါတယ်" လို့ စစ်ကိုင်းသပိတ်အင်အားစု၊ အရေးပေါ် ကူညီတုံ့ပြန်ရေးအဖွဲ့ဝင်ဖြစ်တဲ့ကိုရှင်းသန့်က ပြောပါတယ်။

ဒီပဲယင်း၊ ရွှေဘို၊ ခင်ဦး၊ တန့်ဆည်၊ ရေဦး၊ ဝက်လက်၊ အရာတော်နဲ့ ကန့်ဘလူစတဲ့ မြို့နယ်တွေ ရေဘေးသင့်နေပြီး စစ်ရှောင်စခန်း ၅ ခုထက်မနည်းလည်း ရေနစ်မြုပ်နေတယ်လို့ သိရပါတယ်။

တော်လှန်ရေးစိုးမိုးနယ်မြေဖြစ်တဲ့ စစ်ကိုင်းတိုင်းရေဘေးအတွက် ကူညီဆောင်ရွက်ပေးနေမှုနဲ့ ပတ်သက်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ်ဘက်ကိုလည်း ဘီဘီစီက ဆက်သွယ်ထားပြီး မနက် ၁၁ နာရီအချိန်အထိ ပြန်လည်ဖြေကြားတာ မရှိသေးပါဘူး။

မြစ်ကြီးတွေ မြစ်ရေတိုးနေချိန် နိုင်ငံတဝန်းမိုးကြီးမယ်လို့ မိုးဇလ သတိပေး

မြန်မာနိုင်ငံထဲက မြစ်ကြီးတွေ မြစ်ရေတိုးနေချိန်မှာပဲ ဒီနေ့ကစလို့ လာမယ့် ၃ ရက်အတွင်း နိုင်ငံတဝန်း နေရာစိပ်စိပ်ကနေ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်ပြီး ဒေသအချို့မှာ နေရာကွက် မိုးကြီးနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ဒီနေ့မနက်ပိုင်းမှာ သတိပေးပါတယ်။

ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းတို့မှာ မုတ်သုံလေ အားကောင်းနေပြီး အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်တောင်ပိုင်းနဲ့ဆက်စပ်နေတဲ့ သြရိဿပြည်နယ်မြောက်ပိုင်းမှာဖြစ်နေတဲ့ လေဖိအားနည်းရပ်ဝန်းရဲအရှိန်အပြင် မိုးတိမ်တောင်တွေ အားကောင်းနေတာကြောင့် မြန်မာမှာလည်း မိုးကြီးနိုင်ကြောင်း သတိပေးလာတာပါ။

ဒါအပြင် ဧရာဝတီ၊ ဒုဋ္ဌဝတီ၊ ချင်းတွင်း၊ သံလွင်၊ ပဲခူး၊တိုးနဲ့ သောင်ရင်းစတဲ့မြစ်တွေ ရေတိုးနေလို့ နီးစပ်ရာမြို့တချို့ကို ရေကြီးနိုင်ကြောင်းသတိပေးချက်တွေပါ ဒီမနက်ပိုင်း မိုးဇလက ဆက်တိုက် ထုတ်ပြန်နေပါတယ်။

အထူးသဖြင့် စစ်ကိုင်းတိုင်းကိုဖြတ်သန်းစီးဆင်းနေတဲ့ ဧရာဝတီမြစ်ရေရော ချင်းတွင်းမြစ်ရေပါ စိုးရိမ်ရေအမှတ်အနီးကိုရောက်လာတာပါ။

ချင်းတွင်းမြစ်ရေကတော့ ဒီနေ့မနက်ပိုင်းမှာ မုံရွာမြို့အနီးက ကမ်းနားဘူးအထိရောက်ရှိနေပြီလို့ တော်လှန်ရေးအင်အားစုတွေစုဖွဲ့ထားတဲ့ မုံရွာမြို့နယ်သတင်းမှန် ပြန်ကြားရေးအဖွဲ့က ဓာတ်ပုံနဲ့တကွ ထုတ်ပြန်ပါတယ်။ မင်းကင်းမြို့မှာလည်း ချင်းတွင်းမြစ်ရေ ဆက်တိုက်နိုင်ကြောင်း မိုးဇလက သတိပေးထားပါတယ်။

တော်လှန်ရေးအင်အားစုတွေ စိုးမိုးထားတဲ့ ရွှေဘို၊ ဒီပဲယင်း၊ တန့်ဆည်၊ ခင်ဦး၊ ရေဦး၊ ကျွန်းလှတို့မှာ သဖန်းဆိပ်ဆည်ရေကြောင့် ရေကြီးနေပြီး အကူအညီတွေ လိုအပ်နေပါတယ်။

ဧရာဝတီမြစ်ရေဟာ နောက် ၃၆ နာရီအတွင်း မြင်းမူမြို့ရဲ့စိုးရိမ်ရေအမှတ်ကိုပါ ရောက်လာတော့မယ်လို့ မိုးဇလက ဒီမနက်မှာ ဖော်ပြပါတယ်။

ဒါပေမဲ့ ငဝန်မြစ်ရေကြောင့် တာကျိုးခဲ့တဲ့ ဧရာဝတီတိုင်း၊ လေးမျက်နှာရေဘေး အခြေအနေကတော့ အိုင်သပြုကျေးရွာဘက်မှာ ရေကျနေပေမဲ့ မြစ်အောက်ပိုင်းမြို့နယ်တွေမှာ ရေတက်လာနိုင်ခြေရှိတယ်လို့ ကူညီကယ်ဆယ်ရေးလုပ်ပေးနေသူတစ်ဦးက ပြောပါတယ်။

"အိုင်သပြုဘက် ရေပြန်ကျပါတယ်။ ကျုံပျော်၊ ငါးသိုင်းချောင်း၊ ရေကြည်ဘက်က ရေဦးတိုးတယ်။ ဒီနေ့ရေတက်ရက်နဲ့ပါ ထပ်ကြုံရမှာမို့ စောင့်ကြည့်ရပါမယ်။ တာပြန်ပိတ်နေတုန်းပါ၊ ရေအ၀င်တော့နည်းလာပြီ" လို့ သူက ဆက်ပြောပါတယ်။

ငါးသိုင်းချောင်း၊ ရေကြည်တို့မြို့တို့နဲ့ င၀န်မြစ် တစ်ဖက်ကမ်းသာခြားတဲ့ ရခိုင်ရိုးမထိစပ် ကျေးလက်ဒေသတွေမှာတော့ အာရက္ခတပ်တော်(အေအေ)နဲ့ စစ်တပ်ကြား တိုက်ပွဲတွေ ဆက်ဖြစ်ပွားနေပါတယ်။

စစ်ဖြစ်နေတဲ့ ရခိုင်ပြည်နယ်နဲ့ ဧရာ၀တီတိုင်းအစပ်က ရွာတွေကိုပါ ရေဝင်ရောက်မှုရှိ၊ မရှိကိုတော့ ဘီဘီစီက အတည်ပြုနိုင်ဖို့ကြိုးစားနေပါတယ်။