ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ရှိတ်ဟာစီနာ ပြန်လာနိုင်မလား
လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုစွဲချက်တွေနဲ့ သေဒဏ်ချမှတ်ခံထားရပေမဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဒီဇင်ဘာမှာ ပြန်လာဖြစ်အောင် လာမယ်လို့ ပြည်ပရောက် ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာက ကြွေးကြော်ထားပါတယ်။
၂၀၂၄ ခုနှစ်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ အစိုးရဆန့်ကျင်ရေးဆန္ဒပြမှုတွေ ဖြစ်ပွားချိန်အတွင်း အိန္ဒိယကို တိမ်းရှောင်သွားတဲ့တဲ့ ဟာစီနာဟာ မျက်ကွယ်မှာ သေဒဏ်ချမှတ်ခံထားရတာဖြစ်ပါတယ်။ သူ့အနေနဲ့တော့ ဘာအပြစ်မှ မကျူးလွန်ထားဘူးလို့ ဟာစီနာက အခိုင်အမာ ပြောထားပါတယ်။ အခုဆိုရင် သူ ရာထူးက ဖယ်ရှားခံရတာ နှစ်နှစ်ပြည့်ခဲ့ပါပြီ။
နိုင်ငံကို ပြန်လာဖြစ်အောင် ပြန်လာမယ်လို့ ဟာစီနာက ဒေလီက တက်ရောက်သူများပြားတဲ့ သတင်းသမားကလပ်မှာ အသံဖိုင်ထုတ်ပြန်ပြီး ပြောဆိုခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ သူက ပြန်လာမယ့် နေ့ရက်နဲ့ သူပြန်ရောက်ရင် နိုင်ငံထဲမှာ လုပ်ဆောင်မယ့်အစီအစဉ်တွေကိုတော့ အတိအကျမပြောခဲ့ပါဘူး။
သူ့ရဲ့အဝါမီအဖွဲ့ချုပ်ပါတီဟာလည်း အကွဲကွဲအပြားပြား ဖြစ်နေပါပြီ။ ဆန္ဒပြသူတွေအပေါ် သေလောက်အောင် အင်အားသုံးဖို့ ညွှန်ကြားခဲ့တယ်ဆိုတဲ့စွဲချက်နဲ့ ဘင်္ဂလားဒေ့ရှ် အထူးခုံရုံးက မနှစ်က သူ့အပေါ် သေဒဏ်ချခဲ့ပြီးတဲ့နောက်မှာ အိန္ဒိယအာဏာပိုင်တွေဟာလည်း သူ့ကိုပြန်လွှဲပြောင်းပေးဖို့ ဖိအားတွေနဲ့ ရင်ဆိုင်လာခဲ့ရပါတယ်။
ဟာစီနာဟာ ဒေလီက နိုင်ငံခြားသတင်းထောက်များကလပ်က သတင်းထောက်တွေနဲ့ အွန်လိုင်းကနေ တွေ့ခဲ့ပါတာပါ။
သူဟာ အသံဖိုင်လင့်ခ်ကနေတဆင့် မိန့်ခွန်းပြောခဲ့ပြီး မေးခွန်းအနည်းငယ်ကိုလည်း ဖြေဆိုခဲ့ပါတယ်။
ဒီတွေ့ဆုံမှုဟာ ၁၅ နှစ်ကြာ အာဏာယူခဲ့တဲ့ဝန်ကြီးချုပ်ရာထူးကနေ ဖြုတ်ချခံရပြီးနောက် မီဒီယာနဲ့ ပထမဆုံးအကြိမ် တွေ့ဆုံမှုလည်းဖြစ်ပါတယ်။
"သူတို့က ကျွန်မကို ထောင်ထဲထည့်တာ၊ သတ်တာ လုပ်နိုင်တယ်ဆိုတာ သိပါတယ်။ ဘာမဆိုဖြစ်သွားနိုင်တယ်လေ၊ ဒါပေမဲ့ ကျွန်မ ပြန်မှဖြစ်မယ်" လို့ သူက ပြောခဲ့ပါတယ်။
၂၀၂၄ ကျောင်းသားဆန္ဒပြပွဲကို အကြမ်းဖက်မှုပါတဲ့ လှုပ်ရှားမှုဖြစ်အောင် အဖွဲ့အစည်းအတော်များများက ပြောင်းလဲခဲ့တယ်လို့ သူက ပြောခဲ့ပေမဲ့ အထောက်အထားတော့ မပြနိုင်ခဲ့ပါဘူး။
သူ့အပေါ် စွဲဆိုထားတဲ့စွဲချက်တွေဟာ နိုင်ငံရေးအရလှုံ့ဆော်မှုလို့ သူက အမြဲပြောခဲ့ပါတယ်။ ဒါပေမဲ့ သူနဲ့ သူ့အစိုးရဟာ လူသေစေလောက်အောင် အင်အားပါတဲ့ အကြမ်းဖက်မှုတွေကို စနစ်တကျသုံးပြီး အာဏာကို ဆက်လက်ဖက်တွယ်ဖို့ ကြိုးပမ်းခဲ့တဲ့အထောက်အထားတွေကို ကုလသမဂ္ဂ စုံစမ်းစစ်ဆေးသူတွေက တွေ့ရှိထားပါတယ်။
ဆန္ဒပြသူတွေကို သေလောက်အောင် အင်အားသုံးဖို့ ဟာစီနာက အမိန့်ပေးနေတဲ့ ဖုန်းပြောဆိုမှုအသံဖိုင်တစ်ခုကို BBC Eye က အတည်ပြုထားနိုင်ပါတယ်။ သူ့ကို ပြစ်ဒဏ်ချမှတ်နိုင်ရေးမှာ ဥပဒေအရာရှိတွေက ဒီအသံဖိုင်ကို အဓိကသက်သေအဖြစ် တင်သွင်းခဲ့ပါတယ်။
အစိုးရဝန်ထမ်းနေရာတွေအတွက် ခွဲတမ်းစနစ်နဲ့ပတ်သက်ပြီး ကျောင်းသားတွေ ဦးဆောင်တဲ့ လှုပ်ရှားမှုကနေ လူထုအုံကြွမှုအထိ ဖြစ်လာခဲ့တာပါ။ ဆန္ဒပြမှုတွေအတွင်း လူ ၁၄၀၀ လောက် သေဆုံးခဲ့တယ်လို့ ကုလသမဂ္ဂက ခန့်မှန်းထားပြီး သေဆုံးသူ အများစုဟာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ ပစ်ခတ်မှုကြောင့်ဖြစ်တယ်လို့ ဆိုပါတယ်။
လူထောင်ပေါင်းများစွာဟာ လမ်းပေါ်ထွက်ဆန္ဒပြခဲ့ကြပြီး အစိုးရအဆောက်အအုံတွေကို ဝင်ရောက်စီးနင်းခဲ့ကြပါတယ်။
သူ့နေအိမ်ပါ ဝင်ရောက်စီးနင်းခံရပြီးနောက်မှာတော့ အသက် ၇၈ နှစ်အရွယ် ဟာစီနာဟာ ဒါကာကနေ ထွက်ပြေးတိမ်းရှောင်ခဲ့ပါတယ်။
သူ့ကိုဖြုတ်ချနိုင်ပြီး မကြာမီမှာပဲ ကြားဖြတ်အစိုးရက အာဏာရယူခဲ့ရပါတယ်။ ဒီနှစ်ဖေဖော်ဝါရီမှာတော့ ဘင်္ဂလားဒေ့ရှ်အမျိုးသားရေးပါတီဟာ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ပြီး ပါတီခေါင်းဆောင် တာရစ် ရာမန်ဟာ အခုအချိန်မှာ ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်နေပါပြီ။
ဟာစီနာရဲ့ပြောဆိုချက်တွေနဲ့ပတ်သက်လို့ သတင်းမဖော်ပြဖို့ ဝန်ကြီးချုပ်သစ်ရဲ့အစိုးရက ပြည်တွင်းမီဒီယာတွေကို သတိပေးထားပြီးဖြစ်ပါတယ်။ ဟာစီနာကို မီဒီယာနဲ့တွေ့ဆုံခွင့်ပေးခဲ့တဲ့အတွက် အိန္ဒိယကို ဒေါသထွက်ရတယ်လို့ ဘင်္ဂလားဒေ့ရှ်အစိုးရက ပြောခဲ့ပါတယ်။
"ကျွန်တော်တို့ရဲ့နိုင်ငံဟာ ဖက်ဆစ်ဝါဒရဲ့အမှောင်နေ့ရက်တွေကို ဘယ်တော့မှ ပြန်သွားမှာမဟုတ်ပါဘူး။ ဘင်္ဂလားဒေ့ရှ်ဟာ အခြားနိုင်ငံတစ်နိုင်ငံရဲ့ လက်ဝေခံအဆင့်ကို ဘယ်တော့မှ လက်ခံမှာ မဟုတ်ဘူးဆိုတာ ပြည်သူတွေက သန္နိဋ္ဌာန်ချခဲ့ကြပြီးပါပြီ" လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
ဟာစီနာ ဒေလီမှာ ရှိနေတဲ့အတွက် နှစ်နိုင်ငံကြားဆက်ဆံရေး တင်းမာစေပါတယ်။ ဘင်္ဂလားဒေ့ရှ်ဘက်က သူ့ကို လွှဲပြောင်းပေးစေလိုပြီး အိန္ဒိယဘက်ကလည်း ဒါကို သုံးသပ်နေပါတယ်။
၂၀၁၃ ခုနှစ်က အိန္ဒိယနဲ့လက်မှတ်ရေးထိုးခဲ့တဲ့ တရားခံလွှဲပြောင်းရေးစာချုပ်အရ ဘင်္ဂလားဒေ့ရှ်က ဟာစီနာကို ပြန်လိုချင်နေတာပါ။
ဟာစီနာသာ ဒါကာကို ပြန်လာမယ်ဆိုရင် နိုင်ငံရေးမတည်ငြိမ်မှုတွေအပါအဝင် ဆိုးကျိုးတွေရှိလာနိုင်ပါတယ်။
"သူ့အတွက်တော့ ပုဂ္ဂိုလ်ရေးအရ အန္တရာယ်များပါတယ်၊ ဘင်္ဂလားဒေ့ရှ်ကိုသာ သူပြန်သွားရင် ချက်ချင်းကို အဖမ်းခံရမှာပါ"လို့ ဒါကာအခြေစိုက် နိုင်ငံရေးအကဲခတ် ဒေးဗစ် ဘာ့မန်းက ပြောပါတယ်။
သူ့ကိုသေဒဏ်စီရင်ဖို့ အာဏာရပါတီ၊ ကျောင်းသားတွေရဲ့ပါတီဖြစ်တဲ့ အမျိုးသားနိုင်ငံသားပါတီ၊ အစ္စလာမ်ဝါဒီတွေနဲ့ အခြားပါတီတွေကို ထောက်ခံသူတွေဟာ ဆန္ဒထုတ်ဖော်တောင်းဆိုကြမှာဖြစ်ပါတယ်။
ဒါပေမဲ့ သူ ပြန်မလာဘူးဆိုရင် အဝါမီအဖွဲ့ချုပ်ပါတီဟာ အခြေအနေပိုဆိုးဖို့ပဲ ရှိနေပါတယ်။
ဟာစီနာ ပြည်ပကို တိမ်းရှောင်သွားပြီးနောက် ပါတီရဲ့လှုပ်ရှားမှုတွေ ပိတ်ပင်ခံခဲ့ရပြီး ဖေဖော်ဝါရီ အထွေထွေရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခွင့် ပိတ်ပင်ခံခဲ့ရပါတယ်။
လူထုပါဝင်တဲ့အကြမ်းဖက်မှုတွေအတွင်း ပါတီကိုထောက်ခံသူ ရာပေါင်းများစွာသေဆုံးခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ချုပ်နှောင်ခံထားရစဉ် ဒါဇင်ပေါင်းများစွာ သေဆုံးခဲ့တယ်လို့ အဝါမီအဖွဲ့ချုပ်ခေါင်းဆောင်တွေက စွပ်စွဲထားပါတယ်။
အဝါမီအဖွဲ့ချုပ်ထောက်ခံသူတွေကို စနစ်တကျပစ်မှတ်ထားခဲ့တယ်ဆိုတာ မမှန်ဘူးလို့ အစိုးရအရာရှိတွေက တုံ့ပြန်ထားပါတယ်။
"မစ္စဟာစီနာသာ ပြန်မလာဘူးဆိုရင် အကြမ်းဖက်မှုတွေဆက်ဖြစ်ပြီး သူတို့က အဝါမီအဖွဲ့ချုပ်ကို အမြစ်ဖြတ်ပစ်လိမ့်မယ်" လို့ ဟာစီနာရဲ့ဝန်ကြီးအဖွဲ့မှာ ပါဝင်ခဲ့ဖူးတဲ့ မိုဟာမက် အလီ အာရာဖတ်က ဘီဘီစီကိုပြောပါတယ်။ သူကိုယ်တိုင်လည်း ပြည်ပမှာ နေထိုင်နေပါတယ်။
ပါတီထိပ်ပိုင်းခေါင်းဆောင်တွေ ပြည်ပကို တိမ်းရှောင်သွားချိန်မှာ အလယ်အလတ်အဆင့်ရှိတဲ့ ပါတီခေါင်းဆောင်တွေနဲ့ ပါတီထောက်ခံသူတွေက ပြည်တွင်းမှာ ကျန်ခဲ့ပြီး သူတို့ကျတော့ တိုက်ခိုက်ခံရတဲ့အန္တရာယ်ရှိနေတာမို့ ပါတီတွင်း မကျေနပ်မှုတွေ ရှိနေပါတယ်။
လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု စီရင်ချက် ချမှတ်ခံထားရသူ ဟာစီနာနဲ့ သူ့မာဖီးယားဂိုဏ်းဝင်တွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံရေးနယ်ပယ်မှာ ဘယ်တော့မှ နေရာတစ်နေရာပြန်ရမှာမဟုတ်ဘူးလို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်မှာ ပါဝင်ပါတယ်။
ဒေးဗစ် ဘာ့မန်းကတော့ မစ္စဟာစီနာအနေနဲ့ အနာဂတ်ဘင်္ဂလားဒေ့ရှ်နိုင်ငံရေးမှာ သူ့ကဏ္ဍဆက်ရှိနေသေးတယ်ဆိုတာ ပြနိုင်ဖို့ဆိုရင် နိုင်ငံကိုပြန်လာပြီး ရင်ဆိုင်ဖို့ပဲရှိတယ်လို့ ပြောပါတယ်။