အချက်အလက် လုံခြုံဖို့ TikTok app ဖယ်ရှားပါလို့ ၀န်ထမ်းတွေကို ဥရောပကော်မရှင် ညွှန်ကြား - ဖေဖော်ဝါရီ ၂၃ ညနေခင်း နိုင်ငံတကာသတင်း

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဥရောပကော်မရှင်က ၀န်ထမ်းတွေကို သူတို့ရဲ့ဖုန်းတွေနဲ့ တခြား ဌာနဆိုင်ရာ ကွန်ပျူတာ ပစ္စည်းတွေကနေ TikTok app ကို ဖယ်ပစ်ဖို့ အမိန့်ထုတ်ထားပါတယ်။
ဆိုင်ဘာလုံခြုံရေးနဲ့ သတင်းအချက်အလက် ကာကွယ်စောင့်ရှောက်ဖို့ အတွက် အခုလို လုပ်ဆောင်ရတာလို့ ဥရောပ ကော်မရှင် က ဆိုပါတယ်။
ByteDance တရုတ် ကုမ္ပဏီပိုင် TikTok လူမှုကွန်ရက်ဟာ ဟာ ဗီဒီယိုကလစ်တွေ တင်ပြီး ဖြန့်ဝေဖို့ သုံးစွဲလေ့ရှိတာ ဖြစ်ပါတယ်။
အဲဒီလူမှုကွန်ရက်ကနေ သတင်းဒေတာ အချက်အလက်တွေ တရုတ်အစိုးရလက်ထဲ ရောက်နိုင်တယ်ဆိုတဲ့ စွပ်စွဲ ပြောဆိုမှုတွေလည်း အများအပြား ရှိခဲ့ပါတယ်။
ဥရောပကော်မရှင်ရဲ့ ဆုံးဖြတ်ချက်ဟာ စိတ်ပျက်စရာဖြစ်ပြီး နားလည်မှုလွဲတာလို့ TikTok ပြောခွင့်ရသူက ဆိုပေမဲ့ ဥရောပက လူမှုကွန်ရက်သုံးစွဲသူတွေဆီက သတင်းအချက်အလက်တွေကို သူ့ရဲ့တရုတ်ဝန်ထမ်းတွေက ဝင်ရောက် ရယူနိုင်တယ်လို့ မနှစ်က ဝန်ခံပြောကြားထားပါတယ်။
ယူကရိန်းစစ်နဲ့ ပတ်သက်လို့ ကုလညီလာခံမှာ ဒီနေ့မဲခွဲမယ်

ဓာတ်ပုံ ရင်းမြစ်, Getty Images
ယူကရိန်းကို ရုရှားကကျူးကျော်စစ်ဆင်နွှဲတာနဲ့ ပတ်သက်လို့ အထူးဆုံးဖြတ်ချက်တရပ် ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ ဒီနေ့ ချမှတ်ဖို့ ရှိပါတယ်။
ဒီလုပ်ဆောင်ချက်အရ ယူကရိန်းပိုင်နက်နယ်မြေတွေ အားလုံးကနေ ရုရှားတပ်တွေ ဆုတ်ခွာပြီး အကြမ်းဖက်မှုတွေ အဆုံးသတ်ဖို့ တောင်းဆိုမှုတွေလည်း ရှိလာမှာ ဖြစ်ပါတယ်။
အရင်ကလည်း အလားတူ မဲခွဲဆောင်ရွက်မှုတွေရှိခဲ့ပေမယ့် အဲဒီတုန်းကတော့ အင်အားကြီး နိုင်ငံတွေ ဖြစ်တဲ့ အိန္ဒိယနဲ့ တောင်အာဖရိကတို့က ကြားနေပြီး ရုရှားမဟာမိတ်နိုင်ငံတွေက ဆန့်ကျင်ခဲ့ကြတာ ဖြစ်ပါတယ်။
ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ ကျင်းပမယ့် ဒီမဲပေးဆုံးဖြတ်မှုဟာ ဥပဒေ စည်းနှောင်မှုမရှိပေမဲ့ နိုင်ငံတကာ နယ်ပယ်မှာတော့ အရေးပါတဲ့ဆောင်ရွက်မှုအဖြစ် မှတ်ယူနိုင်တာ ဖြစ်ပါတယ်။
တချိန်တည်းမှာ ပိုလန်ဟာ ရွှေ့ပြောင်းလို့ရတဲ့ အဆင့်မြင့် ဒုံးကျည် ၅၀၀ ကို ဝယ်ဖို့ အမေရိကန် ကွန်ဂရက်က ခွင့်ပြုချက်ရပြီလို့ ပြောပါတယ်။
ဟိုင်းမားစ်လို့ အမည်ရတဲ့ ဒီလက်နက်တွေကြောင့် ပိုလန်စစ်တပ်ဟာ ဒုံးကျည်မျိုးစုံကို ပစ်ချနိုင်သလို မတူတဲ့ စစ်မြေပြင် အနေအထားတွေမှာလည်း အသုံးပြုနိုင်တာပါ။
ယူကရိန်းကို ရုရှားက ကျူးကျော်တိုက်ခိုက်ခဲ့ပြီးကတည်းက ပိုလန်မှာ စစ်တပ်အသုံးစရိတ် တိုးမြှင့်ခဲ့ပြီး အခုလို အဆင့်မြင့်လက်နက်တွေ ဝယ်ယူ တပ်ဆင်လာတာ ဖြစ်ပါတယ်။
အခုနှစ်အတွက် ပိုလန်ရဲ့ ကာကွယ်ရေးအသုံးစရိတ်က မနှစ် ၂၀၂၂ ထက် ၅၀ရာနှုန်း တိုးမြှင့်ထားပါတယ်။
ပိုလန်ကမှ သူ့နိုင်ငံရဲ့ လုံခြုံရေးကို ဂရုမစိုက်ရင် ဘယ်သူမှ အလေးထားမှာမဟုတ်ဘူးလို့ ပိုလန်ကာကွယ်ရေးဝန်ကြီးက အစောပိုင်းတုန်းက ပြောကြားထားတာရှိပါတယ်။
တရုတ်မှာပြိုကျတဲ့မိုင်းတွင်းဟာမနှစ်က ဒဏ်ချခံရတဲ့တွင်းဖြစ်နေ

ဓာတ်ပုံ ရင်းမြစ်, Getty Images
တရုတ်နိုင်ငံမှာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့တုန်းက လူသေဆုံးမတော်တဆမှု ဖြစ်ခဲ့တဲ့ ကျောက်မီးသွေးတွင်းဟာ မနှစ်တုန်းက လုပ်ငန်းခွင်ဘေးကင်းရေးအချက်တွေ ချိုးဖောက်လို့ ဒဏ်ချခံထားရတဲ့ ကုမ္ပဏီ ဖြစ်တယ်လို့ ဒေသတွင်း သတင်းတွေမှာ ဖော်ပြပါတယ်။
အတွင်းမွန်ဂိုလီးယားဒေသမှာရှိတဲ့ မြေပြိုမှုမှာ မိုင်းလုပ်သား ၅၀ နီးပါး ပျောက်ဆုံးနေတယ်လို့ ရှာဖွေကယ်ဆယ်ရေးသမားတွေက ပြောပါတယ်။
အဲဒီမှာ ဒုတိယအကြိမ် မြေပြိုမှုဖြစ်ခဲ့ပြီးနောက် ရှာဖွေမှုတွေကို ရပ်ဆိုင်းထားရပါတယ်။
လက်ရှိတော့ သေဆုံးသူ ၅ယောက်ရှိပြီး မိုင်းတွင်းတူးတဲ့ကုမ္ပဏီဟာ တွင်းအဝင်အထွက်လမ်းကြောင်းတွေဖောက်ရာမှာ လုံခြုံစိတ်ချရအောင် မလုပ်ထားတဲ့အတွက် ဒဏ်ငွေချမှတ်ခံထားရတာ ဖြစ်ပြီး လုပ်ငန်းခွင် ဘေးကင်းရေးနဲ့ ပတ်သက်လို့လည်း မိုင်းလုပ်သားတွေကို သင်တန်းပေးထားတာ မရှိခဲ့ဘူးလို့ ဆိုပါတယ်။
ကိုယ်၀န်ဆောင်နဲ့ မီးဖွားစဉ်သေဆုံးမှုတိုးလာတယ်လို့ WHO ပြော

ဓာတ်ပုံ ရင်းမြစ်, Getty Images
ကိုယ်၀န်ဆောင်နဲ့မီးဖွားစဉ် သေဆုံးမှုတွေဟာ လျော့ကျသွားအောင် လုပ်နိုင်ပေမယ့် လတ်တလော ဆယ်စုနှစ်တွေအတွင်း လက်မခံနိုင်လောက်အောင် မြင့်မားနေဆဲပဲလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ပြောပါတယ်။
၂၀၁၆ ကတည်းက ဒီကိစ္စနဲ့ ပတ်သက်လို့ တိုးတက်မှုတန့်နေပြီး တချို့အရပ်တွေမှာဆို သေဆုံးမှု တိုးလာတာတွေတောင် ရှိခဲ့တယ်လို့ ဆိုပါတယ်။
ဝင်ငွေနည်းတဲ့ နိုင်ငံတွေနဲ့ ပဋိပက္ခဖြစ်ရာ တိုင်းပြည်တွေမှာ ဒီပြဿနာက ဆက်လက် ဆိုးရွားနေပြီး အာဖရိကတိုက် ဆာဟာရသဲကန္တာရတောင်ပိုင်းမှာ အကြီးအကျယ်ဖြစ်ပွားနေပေမဲ့ ချမ်းသာတဲ့ နိုင်ငံတွေမှာတော့ ကျဆင်းလျက် ရှိတယ်လို့ ပြောပါတယ်။
၂၀၁၆ နဲ့ ၂၀၂၀ အတွင်း ကိုယ်ဝန်ဆောင်နဲ့ မီးဖွားစဥ်သေဆုံးမှုဟာ ဥရောပနဲ့ မြောက်အမေရိကတိုက်မှာ ၇ ရာခိုင်နှုန်းနဲ့ လက်တင်အမေရိကနဲ့ ကယ်ရီဘီယံ ဒေသတွေမှာတော့ ၁၅ ရာခိုင်နှုန်း တိုးလာတယ်လို့ WHO စာရင်းတွေမှာ ဖော်ပြထားပါတယ်။
လိင်ပြောင်းထားတဲ့စစ်သား အိမ်မှာသေဆုံးလျက်တွေ့မှုဟာ တာဝန်ထမ်းဆောင်ရင်း သေဆုံးမှုလို့ လူ့အခွင့်အရေးကော်မရှင်ပြော

ဓာတ်ပုံ ရင်းမြစ်, Getty Images
တောင်ကိုရီးယားမှာ လိင်ပြောင်းထားတဲ့စစ်သားတယောက် တပ်ကထုတ်ပယ်ခံရပြီးနောက် ၂၀၂၁ ခုနှစ်တုန်းက သေဆုံးလျက်တွေ့ရတာဟာ တာဝန်ထမ်းဆောင်ရင်း သေဆုံးတာလို့ အသိအမှတ်ပြုဖို့ တောင်ကိုရီးယား လူ့အခွင့်အရေး ကော်မရှင်က ပြောပါတယ်။
ဘွန်ဟီဆူဟာ လိင်ပြောင်း ခွဲစိတ်ကုသမှုခံယူ ခဲ့တဲ့အတွက် ရာထူးက ထုတ်ပယ်ခံရမှုဟာ သူသေဆုံးမှုနဲ့ ထူးထူးခြားခြားဆက်စပ်နေတယ်လို့ ကော်မရှင်က ဆိုပါတယ်။
လိင်ပြောင်းသူတွေ အခွင့်အရေး တက်ကြွလှုပ်ရှားသူလည်း ဖြစ်တဲ့ ဒီစစ်သားဟာ လွန်ခဲ့တဲ့ ၃ နှစ်တုန်းက သူ့ရာထူးက ထုတ်ပယ်ခံရမှုနဲ့ ပတ်သက်လို့ သက်ဆိုင်ရာကို တရားစွဲဆိုခဲ့ပေမဲ့ အဲဒီအမှု ပယ်ချခံခဲ့ရပါတယ်။
အဲဒီနောက်သူ့ကို အိမ်မှာ သေဆုံးနေတာ တွေ့ရပြီး သူ့ကိုယ်သူ သေကြောင်းကြံခဲ့တာလို့ ယူဆရပါတယ်။
သူသေဆုံးမှုဟာ တောင်ကိုရီးယားမှာ အစဉ်အလာအရ လိင်ပြောင်းထားသူတွေနဲ့ လိင်တူချစ်သူ စစ်သားတွေအပေါ် ဆက်ဆံပုံနဲ့ ပတ်သက်လို့ အငြင်းပွားစရာ ဖြစ်ခဲ့ပါတယ်။








