အင်ဒိုနီးရှား - ဂျာဗားကျွန်း ငလျင်ကြောင့် လူဆယ်ချီသေဆုံးပြီး ရာချီဒဏ်ရာရ

ဓာတ်ပုံ ရင်းမြစ်, Reuters
အင်ဒိုနီးရှားနိုင်ငံရဲ့ ပင်မကျွန်းမကြီးဖြစ်တဲ့ ဂျာဗားကျွန်းမှာ မနေ့ နိုဝင်ဘာလ ၂၁ ရက်တုန်းက လှုပ်ခတ်ခဲ့တဲ့ငလျင်ကြောင့် လူ ဆယ်ချီသေဆုံးပြီး နောက်ထပ် ရာချီ ထိခိုက်ဒဏ်ရာရထားတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
ပြင်းအား ၅.၆ မဂ္ဂနီကျူ့ရှိတဲ့ အဲဒီငလျင်ဟာ ဂျာဗားကျွန်း အနောက်ပိုင်းက ဆီယန်ဂျာမြို့ အနီးမှာ မြေအောက်အနက် ၆ မိုင်ခန့်ကနေ လှုပ်ခတ်သွားခဲ့တာလို့ အမေရိကန်ဘူမိဗေဒလေ့လာရေးအဖွဲ့ အချက်အလက်တွေအရသိရပါတယ်။
ငလျင်ကြောင့် ထိခိုက်ဒဏ်ရာရခဲ့သူတွေကို ဆေးရုံပို့ခဲ့ရပြီး နေရာမဆံ့လို့ အများစုဟာ ဆေးရုံပြင်ပမှာ ကုသမှု ပေးနေရတယ်လို့ သိရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters
ကယ်ဆယ်ရေးအဖွဲ့တွေဟာ အဆောက်အဦပျက်တွေအောက်မှာ လူတွေ ပိတ်မိနေဦးမယ်လို့ ယူဆပြီး အပျက်အစီးတွေကြား ရှာဖွေရေးတွေကို ညလုံးပေါက် ပြုလုပ်ထားပါတယ်။
အခုငလျင်လှုပ်ခတ်ခဲ့တဲ့နေရာဟာ လူဦးရေထူထပ်ပြီး မြေပြိုမှုတွေ ဖြစ်လေ့ရှိတဲ့နေရာဖြစ်သလို အိမ်တွေဟာ ခိုင်ခိုင်ခံ့ခံ့ ဆောက်ထားတာတွေမဟုတ်တာကြောင့် ငလျင်လှုပ်အပြီးမှာတော့ နေရာအများစုမှာ အပျက်အစီးတွေဖြစ်ကုန်ပါတယ်။
လက်ရှိမှာ သေဆုံးသူ ဘယ်နှဦးရှိတယ်ဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ အင်ဒိုနီးရှား အမျိုးသားသဘာဝဘေးလျော့ပါးသက်သာရေးဆိုင်ရာအေဂျင်စီ(BNPB) ကတော့ ငလျင်ကြောင့်သေဆုံးတယ်လို့ တရားဝင်အတည်ပြုနိုင်သူ ၆၂ ဦး ရှိပြီး ပြည်နယ်အုပ်ချုပ်ရေးမှူး ရီဝမ် ခါမီးလ် ပြောဆိုချက်အရဆိုရင်တော့ သေဆုံးသူ ၁၆၂ ဦးရှိတယ်လို့ ပြောထားပါတယ်။ ဒါပေမဲ့ အဲဒီအရေအတွက်ဟာ အတည်မပြုနိုင်သေးဘူးလို့ ဆိုပါတယ်။
ပြည်နယ်အုပ်ချုပ်ရေးမှူးကတော့ ငလျင်ကြောင့် ဒဏ်ရာရသူ ၃၂၆ ဦးအထိရှိပြီး ''ဒဏ်ရာရသူအများစုဟာ အပျက်အစီးတွေကြောင့် ကိုယ်လက်အင်္ဂါကျိုးပဲ့ဒဏ်ရာရသူတွေဖြစ်တယ်''လို့ ပြည်တွင်းသတင်းမီဒီယာတွေကို ပြောထားပါတယ်။
ဒါပေမဲ့ ''လက်လှမ်းမမီတဲ့နေရာတွေမှာ ပိတ်မိနေတဲ့ဒေသခံတွေလည်း ရှိနေသေးတယ်''လို့ သူက သတိပေးသလို အာဏာပိုင်တွေဘက်ကတော့ ''ထိခိုက် သေဆုံးသူအရေအတွက်ဟာ အချိန်နဲ့အမျှ တိုးလာနိုင်တယ်လို့ ယူဆနေကြတယ်'' လို့လည်း သူက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, EPA
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ငလျင်ဘေးဆိုးကြောင့် လူပေါင် ၁၃,၀၀၀ ကျော် နေရာရွှေ့ပြောင်းနေထိုင်နေကြရပြီး အိမ်အလုံးရေ ၂,၂၀၀ ကျော် ပျက်စီးသွဦးတယ်လို့လည်း ပြည်နယ်အုပ်ချုပ်ရေးမှူက ပြောထားပါတယ်။
ဆီယန်ဂျာမြို့အုပ်ချုပ်ရေးအဖွဲ့ အကြီးအကဲ ဟာမန် ရှုဟာမန်ကတော့ ဒဏ်ရာရသူတွေဟာ အဆောက်အဦးပျက်တွေကြားထဲမှာ ပိတ်မိရာကနေ အရိုးကျိုးကြေထားကြတယ်လို ပြောပါတယ်။
''လူနာတင်ယာဥ်တွေကတော့ ငလျင်ဒဏ်ခံရတဲ့ရွာတွေဆီ သွားနေတုန်းပါပဲ'' လို့ သူ့ကို ကိုးကားပြီး AFP သတင်းမှာ အစောပိုင်းတုန်းက ဖော်ပြသလို ''ဘေးလွတ်ရာမရွှေ့ပြောင်းပေးရသေးတဲ့ရွာတွေထဲက မိသားစုတွေ အများကြီးရှိသေးတယ်''လို့ လည်း သူကဆိုပါတယ်။
လက်ရှိမှာ ငလျင်ဒဏ်ခံရတဲ့ ဒေသတဝိုက် လျှပ်စစ်ဓာတ်အား ပုံမှန်ပြန်ရဖို့ ၃ ရက်ခန့်ကြမှာဖြစ်သလို မိုဘိုင်းဖုန်းလိုင်းတွေလည်း လိုင်းမိတာလျော့နေတာကြောင့် အာဏာပိုင်တွေအတွက် ကူညီကယ်ဆယ်ရေးအပိုင်းမှာ ပြဿနာတွေဖြစ်နေစေတယ်လို့ သူက အစောပိုင်းမှာ လူမှုကွန်ရက် တွစ်တာပေါ်မှာ ရေးထားတာတွေ့ရပါတယ်။
မနေ့က ငလျင်အရှိန်ကိုတော့ ငလျင်ဗဟိုချက်နဲ့ ကီလိုမီတာ ၁၀၀ အဝေးမှာရှိတဲ့ မြို့တော် ဂျာကာတာမှာတောင် လှုပ်ခတ်မှုကို ခံစားသိခဲ့ရသလို အထပ်အမြင့်အဆောက်အဦတွေက လူတွေကိုလည်း ရွှေ့ပြောင်းတာတွေလုပ်ခဲ့ရပါတယ်။








