ပရာရွတ် ချန်အိုချာ - အာဏာသိမ်းခေါင်းဆောင် ဝန်ကြီးချုပ်အဖြစ် ဆက်တာဝန် ယူနိုင်တယ်လို့ ထိုင်းတရားရုံး ဆုံးဖြတ်
ဂျိုနသန် ဟက်
အရှေ့တောင်အာရှ သတင်းထောက်

ဓာတ်ပုံ ရင်းမြစ်, Reuters
ဝန်ကြီးချုပ် ပရာရွတ် ချန်အိုချာရဲ့ ရာထူးသက်တမ်းနဲ့ပတ်သက်ပြီး ဥပဒေကြောင်း ဆိုင်ရာ စိန်ခေါ်ချက်ကို ကြားနာခဲ့တဲ့ ထိုင်း ဖွဲ့စည်းပုံအခြေခံဥပဒေတရားရုံးက သူ တာဝန် ဆက်လက် ထမ်းဆောင် နိုင်တယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။
ဒီအမှုကိုကြားနာစဉ်ကာလမှာ တရားရုံးက သူ့ကို တာဝန်ကနေ ရပ်ဆိုင်းထားခဲ့ပေ မယ့် အတိုက်အခံပါတီတွေက တင်သွင်းတဲ့ တရားစွဲတင်မှုကို ဒီတရားရုံးက ပယ်ချမယ် ဆိုတာကို အရင်တုန်းကတည်းကနေ အများက ခန့်မှန်းခဲ့ကြတာပါ။
အတိုက်အခံတွေက ဗိုလ်ချုပ် ပရာရွတ်ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေက ကန့်သတ် ထားတဲ့ ဝန်ကြီးချုပ် တာဝန် သက်တမ်း ၈ နှစ်ထက် ကျော်လွန်ပြီး ရာထူးမှာ ဆက်ရှိ နေတာကို ဥပဒေကြောင်းအရ ထောက်ပြခဲ့ကြတာပါ။
အရင် စစ်ဦးစီးချုပ်ဟောင်း ပရာရွတ်ဟာ ၂၀၁၄ ခုနှစ်က စစ်အာဏာ သိမ်းခဲ့ ပါတယ်။
အဲဒီနှစ်မှာပဲ သူက သူ့ကိုယ်သူ ဝန်ကြီးချုပ်တာဝန်ပေးအပ်ခဲ့ပါတယ်။ အဲဒီနှစ်နဲ့ စတွက်ရင် လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေ အရ သူဟာ ဝန်ကြီးချုပ် တာဝန်ယူနိုင်တဲ့ သက်တမ်းကို ကျော်လွန်ခဲ့ပါပြီ။
ဒါပေမယ့် ဖွဲ့စည်းပုံအခြေခံ ဥပဒေ စတင် အသက်ဝင်တဲ့ ၂၀၁၇ ခုနှစ် ဧပြီလက စပြီး သူ့ ဝန်ကြီးချုပ် သက်တမ်းကို စတင်တွက်ချက်ရမှာဖြစ်တယ်လို့ တရားရုံးက ဆုံးဖြတ် လိုက်တာပါ။
ဖွဲ့စည်းပုံအခြေခံဥပဒေတရားရုံးဟာ ရှေးရိုးဝါဒီတွေ၊ ဘုရင်စနစ်ကိုထောက်ခံသူတွေ၊ ပြုပြင်ပြောင်းလဲရေး ဆန့်ကျင်ကြတဲ့သူတွေကို မျက်နှာသာပေးတဲ့ အစဥ်အလာ ရှိပြီး၊ လွန်ခဲ့တဲ့ ၁၆ နှစ်တာကာလအတွင်း ဝန်ကြီးချုပ် ၃ ယောက်ကို ရာထူးကနေ ရုပ်သိမ်းခဲ့ကာ နိုင်ငံရေးအရ ထောက်ခံသူ၊ ကန့်ကွက်သူ အထူးများပြားတဲ့ နိုင်ငံရေး ပါတီ ၃ ပါတီကို ဖျက်သိမ်းခဲ့ပါတယ်။
ဒီတရားရုံးက တရားသူကြီး တချို့ကို ဗိုလ်ချုပ် ပရာရွတ်က ခန့်အပ်ထားတာဖြစ်ပြီး ဒီခုံရုံးကနေ သူ့ကို ရာထူးကနေဖြုတ်မယ်ဆိုတာကို ယုံမယ့်သူက အတော်ရှား ပါတယ်။
အတိုက်အခံတွေက တင်ပြတဲ့ အချက်က ခိုင်မာပုံ ရခဲ့ပါတယ်။ ဗိုလ်ချုပ် ပရာရွတ် စစ်အစိုးရလက်ထက် ၂၀၁၇ ခုနှစ်မှာ မူကြမ်းရေးဆွဲခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေ သစ်မှာ “ဝန်ကြီးချုပ်ဟာ ၈ နှစ်ထက် ပိုပြီး တာဝန်မယူရဘူး” လို့ ပြဋ္ဌာန်းထားပါတယ်။
ဒါပေမယ့် ဖွဲ့စည်းပုံအခြေခံဥပဒေ တရားရုံးက ဖွဲ့စည်းပုံ ဥပဒေ အတည်ပြုတဲ့ ၂၀၁၇ ဧပြီ ကျမှ ဒီပြဋ္ဌာန်းချက်က စတင်တယ်၊ အဲဒီနေ့ကမှစပြီး ဝန်ကြီးချုပ် ပရာရွတ် ဝန်ကြီးချုပ် သက်တမ်းကာလကို ရေတွက်ရမှာလို့ ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ဒါပေမယ့်လည်း ဒီဆုံးဖြတ်ချက်က ဗိုလ်ချုပ် ပရာရွတ်ကို ထောက်ခံကြသူတွေ မျှော်လင့်ထားတဲ့ အတိုင်း ဖြစ်လာတာမဟုတ်ပါဘူး။ သူတို့က စစ်အာဏာ သိမ်းပြီး နောက် ပထမဆုံးအကြိမ်လုပ်တဲ့ လွှတ်တော်ရွေးကောက်ပွဲကနေ ပရာရွတ်ကို ဝန်ကြီးချုပ် အဖြစ် တင်မြှောက်လိုက်တဲ့ ၂၀၁၉ ခုနှစ် ဇွန်လ ကနေစပြီး ဝန်ကြီးချုပ် ရာထူး သက်တမ်းကို စတင်ရေတွက်ဖို့ အဆိုပြု နေခဲ့ကြတာပါ။
အဲဒီအချက်ကလည်း သူတို့အတွက်အရေးကြီးပါတယ်၊ ဗိုလ်ချုပ် ပရာရွတ်က ထိုင်းနိုင်ငံမှာ သက်တမ်းအရှည်ဆုံး တာဝန်ထမ်းဆောင်ခဲ့တဲ့ ဝန်ကြီးချုပ်အဖြစ် လုပ်ဖို့ရည်ရွယ်ပြီး ၂၀၂၃ နှစ်ဦးပိုင်းလောက်မှာ လုပ်မယ့် နောက်ရွေးကောက်ပွဲကို ဝင်ပြိုင်မယ်လို့ ရှင်းရှင်းလင်းလင်း ပြောထားတာမို့ပါ။ အဲဒီ စစ်ခေါင်းဆောင်ဟာ သူအာဏာ စသိမ်းတုန်းကတော့ ယာယီသိမ်းတာပါလို့ ဆိုခဲ့သူပါ။
ဖွဲ့စည်းပုံတရားရုံးဆုံးဖြတ်ချက်အဓိပ္ပါယ်က သူ ဝန်ကြီးချုပ်ရာထူးမှာ နောက် ၂ နှစ်ခွဲလောက်ပဲ နေနိုင်တော့မှာ ဖြစ်တဲ့အတွက် ကွန်ဆာဗေးတစ်ပါတီတွေက သူတို့ ကိုယ်စားပြု ဝန်ကြီးချုပ်လောင်း ရွေးကြရင် သူ့ကို လူကြိုက်နည်းသွားနိုင်ပါတယ်။
တရားရုံးဆုံးဖြတ်ချက်ကို ထိန်းကျောင်းနိုင်ဖို့အတွက် နောက်ကွယ်ကနေ အာဏာကြီး တဲ့ အဖွဲ့က တိုက်တွန်းဆောင်ရွက်ခဲ့တယ်ဆိုတဲ့ ကောလာဟလတွေလည်း ပျံ့နေ တာပါ။
အစပိုင်းမှာ ဖွဲ့စည်းပုံတရားရုံးက ဗိုလ်ချုပ် ပရာရွတ်ကို ရာထူးကနေ ဆိုင်းငံ့လိုက်တယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်၊ ဒီဆုံးဖြတ်ချက်ဟာ အရှက်ခွဲတဲ့ ဆုံးဖြတ်ချက်လို့ အများက မြင်ခဲ့ကြတာပါ။ အခုတခါမှာလည်း တရားရုံး ဆုံးဖြတ်ချက်က ပရာရွတ် လိုလားတဲ့ ဆုံးဖြတ်ချက်မျိုး မဟုတ်ပါဘူး။ ဒီအချက်တွေကို ကြည့်ပြီး ၂၀၁၉ ခုနှစ်တုန်းက သူ့ကို ခေါင်းဆောင်အဖြစ် တင်ခဲ့ကြတဲ့ ကွန်ဆာဗေးတစ် ညွန့်ပေါင်းကြားမှာ အကွဲအပြဲတွေ ရှိလာနေတယ်လို့ သုံးသပ်ကြပါတယ်။
ကွန်ဆာဗေးတစ်တွေနဲ့ ဘုရင့်နန်းတော်က တန်ဖိုးထားတဲ့ တခြားအစားထိုးစရာ ခေါင်းဆောင် ထင်ထင်ရှားရှား မရှိပေမယ့်လည်း သူ အာဏာရတာ ၈ နှစ်ကြာ လာပြီးတဲ့အချိန် ထိုင်းစီးပွားရေးက သိပ်မကောင်းလှတာကို ကြုံကြရ တဲ့နောက် ဗိုလ်ချုပ် ပရာရွတ်ဟာ အရင်ကလောက် ရေပန်းမစားတော့ပါဘူး။
အာဏာသိမ်းစစ်ခေါင်းဆောင်တွေက နိုင်ငံရဲ့ နိုင်ငံရေး အခြေအနေကို အမြဲတမ်း တည်ငြိမ်ဖို့အတွက် တချက်တည်းနဲ့ ထိန်းပေးလိုက်တာလို့ အာဏာသိမ်းစဥ်က ဆိုခဲ့ ကြပေမယ့် အခု အထိန်းအကျောင်းအရွေ့တွေက ထိုင်းနိုင်ငံရေးဟာ မတည်ငြိမ် သေးဘူးဆိုတာကို ပြနေပါတယ်။
ရွေးကောက်ပွဲတွေကို သုံးပြီး ကြာရှည်အာဏာယူမယ့် နိုင်ငံရေးသမားမျိုးတွေကို တားဆီးနိုင်အောင် ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ဝန်ကြီးချုပ်တာဝန် ၈ နှစ် ကန့်သတ် ချက်ကို ထည့်ခဲ့ကြပါတယ်။ နိုင်ငံရပ်ခြားမှာ ခိုလှုံနေရတဲ့ ဝန်ကြီးချုပ်ဟောင်း တက်ဆင် ရှင်နာဝပ်ကို ကြာရှည်အာဏာယူတယ်လို့ စွပ်စွဲပြီး ဒီလို ကန့်သတ်ချက်ကို လုပ်ခဲ့ကြတာလည်း ဖြစ်ပါတယ်။
ဒီဖွဲ့စည်းပုံကို ရေးတုန်းက ဦးစီးခဲ့တဲ့ လူဆီ ဒီဖွဲ့စည်းပုံပါ ကန့်သတ်ချက်က ပြန်ဆိုက် လာမယ်ဆိုတာက ဘယ်သူကမှ ကြိုမမှန်းထားခဲ့ကြပါဘူး။
ထိုင်းမှာ နိုင်ငံရေး စည်းမျဥ်းတွေနဲ့ ပတ်သက်လို့ အငြင်းပွားနေကြတာက အဆုံး မသတ်နိုင်သေးပါဘူး၊ စစ်အာဏာသိမ်းတာကို အနည်းဆုံး အကြိမ် ၂၀ ကြုံထားပြီးတဲ့ ထိုင်းနိုင်ငံက ပြည်သူတွေအဖို့ နောက်တခေါက် အာဏာသိမ်းတာမျိုး မရှိတော့ပါဘူးလို့ ဆိုတာကို ယုံကြမှာ မဟုတ်ပါဘူး။








