ထန်တလန်အနီး လေကြောင်းတိုက်ခိုက်မှု ကလေးသုံးဦး အပါအဝင် ၁၀ ဦးသေဆုံး

ခွာဖိုကျေးရွာ

ဓာတ်ပုံ ရင်းမြစ်, The Chin Journal

ဓာတ်ပုံ ပုံစာ, ခွာဖိုကျေးရွာ
ရေးသားခဲ့သည်။

ချင်းပြည်နယ် ထန်တလန်မြို့အနီး ၅ မိုင်ခန့်အကွာက ခွာဖိုကျေးရွာကို စစ်ကောင်စီက ဒီကနေ့ မနက်က လေကြောင်းက တိုက်ခိုက်ခဲ့လို့ ကလေးငယ် သုံးဦး အမျိုးသမီး ၅ ဦး အပါအဝင် စုစုပေါင်း ၁၀ ဦး သေဆုံးခဲ့တယ်လို့ ချင်းပြည်နယ် အခြေစိုက်သတင်းဌာနနဲ့ ဒေသခံတွေက ပြောပါတယ်။

သေဆုံးသူတွေထဲက ၈ ဦးကို အမည်နဲ့ တိုက်ဆိုင်စစ်ဆေး အတည်ပြုနိုင်ပြီဖြစ်ပြီး ကျန်သေဆုံးသူတွေကို အတည်ပြုနိုင်ရေး ဆက်လက်လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။

ခွာဖိုကျေးရွာဟာ အိမ်ခြေ ၇၀ လောက်သာရှိပြီး လူဦးရေ ၂၀၀ ကျော်သာရှိတဲ့ ရွာဖြစ်ပြီး တိုက်ခိုက်ခံရပြီးနောက်ပိုင်းကစလို့ ရွာအတွင်းကို ချင်းလက်နက်ကိုင်အဖွဲ့တွေဘက်က ရှာဖွေစစ်ဆေးမှုတွေလုပ်နေတယ်လို့ သိရပါတယ်။

ဒဏ်ရာရရှိသူကလည်း အနည်းဆုံး ၂၀ လောက်အထိ တွေ့ရှိထားတယ်လို့ သိရပါတယ်။ အဲဒီဒဏ်ရာရသူတွေထဲမှာလည်း ကလေးငယ် ၄ ဦးအထိပါဝင်တယ်လို့ သိရပါတယ်။

 ၂၀၂၁ အောက်တိုဘာလ ထန်တလန်မြို့ပေါ် အိမ်ခြေအများအပြား မီးလောင်မှု

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, ၂၀၂၁ အောက်တိုဘာလ ထန်တလန်မြို့ပေါ် အိမ်ခြေအများအပြား မီးလောင်မှု

ချင်းပြည်နယ် ထန်တလန် အနီးက CNF ဌာနချုပ်က စခန်းနေရာတချို့ကို ပြီးခဲ့တဲ့ ဇန်နဝါရီ လဆန်းပိုင်းကပဲ စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ တပ်ဖွဲ့ဝင် ၅ ဦး သေဆုံးခဲ့တာရှိပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကလည်း ထန်တလန်ရဲစခန်းကို ချင်းကာကွယ်ရေးတပ် CNF က ပြန်ပြီး သိမ်းပိုက်ခဲ့ပါတယ်။

လက်နက်ကိုင် ခုခံမှုအားကောင်းတဲ့ ချင်းတောင်တန်းဒေသကို နယ်မြေစိုးမိုးနိုင်ဖို့ကြိုးပမ်းနေတဲ့ စစ်ကောင်စီဘက်ကပြီးခဲ့တဲ့ ရက်ပိုင်းက ရိက္ခာယာဥ်တန်းတွေနဲ့ ကလေးမြို့က တက်လာခဲ့တာ ရှိပါတယ်။

ဒါပေမဲ့ ဘယ်လို စစ်ရေးဗျူဟာပဲ သုံးသည်ဖြစ်စေ တိုက်ခိုက်ဖို့ အသင့်ပြင်ထားတယ်လို့လည်း ချင်းကာကွယ်ရေးတပ် CNF ဆလိုင်းထက်နီက ဘီဘီစီကို ပြောခဲ့ပါတယ်။

မတ်လ ၁၁ ရက်က ချင်းတောင်တန်းကို တက်လာနေတဲ့ စစ်ကောင်စီယာဥ်တန်းများ

ဓာတ်ပုံ ရင်းမြစ်, CDF-MINDAT

ဓာတ်ပုံ ပုံစာ, မတ်လ ၁၁ ရက်က ချင်းတောင်တန်းကို တက်လာနေတဲ့ စစ်ကောင်စီယာဥ်တန်းများ

ခွာဖိုရွာဟာ ချင်းအမျိုးသားတပ်တွေ၊ တပ်သားတွေနဲ့ အခြားကာကွယ်ရေးတပ်သားတွေ လုံးဝမရှိတဲ့ နေရာလို့ ဆလိုင်းထက်နီက ဘီဘီစီကို ပြောပါတယ်။

အခုလိုတိုက်ခိုက်မှုကလည်း ကာကွယ်ရေးအဖွဲ့တွေနဲ့ ချင်းအမျိုး သားတပ်တွေကို ဖိအားပေးလိုတဲ့အနေနဲ့ အရပ်သားပစ်မှတ်ကို တိုက်ခိုက်တာမျိုးလို့ ဆလိုင်းထက်နီက ပြောပါတယ်။

တံတားဦးလေဆိပ်ကနေ တက်လာတဲ့ စစ်ကောင်စီလေတပ်က တိုက်လေယာဥ် ၂စင်းက ခွာဖိုရွာကိုလာရောက်ဗုံးကျဲခဲ့ တာလို့ CNF ဘက်က ယူဆကြောင်း ပြောဆိုပါတယ်။

စစ်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကိုယ်တိုင်ကလည်း ကာကွယ်ရေးတပ်ဖွဲ့တွေကို ထောက်ပံ့ပေးနေတဲ့ လက်နက်ကိုင်တွေကို ပြင်းပြင်းထန်ထန် တိုက်ခိုက်မယ်လို့ ပြီးခဲ့တဲ့ မတ်လ ၂၇ ရက်နေ့မှာ ပြောထားပါတယ်။

ခွာဖိုရွာ ဗုံးကျဲတိုက်ခိုက်မှုနဲ့ ပတ်သက်လို့ စစ်ကောင်စီက မတ်လ ၃၀ရက် ညနေပိုင်းအထိ တစ်စုံတစ်ရာထုတ်ပြောလာတာမျိုး မရှိသေးပါဘူး။