နိုဝင်ဘာ ၂၇ ရက် ထိပ်တန်းသတင်းများ - မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်မှာ တိုက်ပွဲပြင်းထန်၊ လက်နက်ကြီးကျလို့ အဆောက်အဦတွေပျက်စီး

ဓာတ်ပုံ ရင်းမြစ်, CJ
မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်မှာ မနေ့ နိုဝင်ဘာ ၂၆ ရက်ညပိုင်းက တိုက်ပွဲပြင်းထန်ခဲ့ပြီး ဇုန်ဝင်းအတွင်း သုံးနေရာထက်မနည်းလက်နက်ကြီးကျ ရောက်ပေါက်ကွဲလို့ အဆောက်အဦတချို့ နဲ့ ကုန်တင်ယာဥ်အချို့ ထိခိုက်ပျက်စီးခဲ့တယ်လို့ ကုန်သည်အချို့ကပြောပါတယ်။
မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်အနီးက စစ်တပ်ဗျူဟာကုန်းကို မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုတွေဖြစ်ခဲ့တာလို့ ဆိုပါတယ်။
'' အလယ်ကွင်းလို့ခေါ်တဲ့ စီးပွား/ကူးသန်းကဝန်ထမ်းတွေရုံးထိုင်တဲ့ရုံးနေရာ၊ ဘောင်ချာဖြတ်တဲ့ရုံးလို့ခေါ်တဲ့ အခွန်ဆောင်တဲ့နေရာ၊ အများသုံးအိမ်သာနားတဝိုက် တွေကိုလက်နက်ကြီးတွေကျတယ်။စစ်တပ်ကတော့ အဲဒီတဝိုက်မှာရှိနေတုန်းပဲ။ သိပ်မဝေးတဲ့ ဗျူဟာကုန်းမှာလည်းစစ်တပ်ရှိတယ်'' လို့ ကုန်သည်တစ်ဦးကပြောပါတယ်။
မြောက်ပိုင်း မဟာမိတ်တွေက ဒရုန်း အသုံးပြုပြီး ဒရော့ဗုံးချတိုက်ခိုက်သလို မြန်မာစစ်တပ်ဘက်ကလည်း လေကြောင်းတိုက်ခိုက်မှုတွေရှိခဲ့တယ်လို့ ကုန်သည်အချို့ကပြောပါတယ်။
၁၀၅ မိုင် ကုန်သွယ်ရေးစခန်း အပြင်ဘက် ပန်ဆိုင်းလမ်းဆုံအနီး မှာရှိတဲ့ အဆောက်အဦအချို့ ၊ ရဲစခန်းရှေ့ က အဆောက်အဦအချို့ လက်နက်ကြီးနဲ့ ဗုံးစထိမှန်ပျက်စီးခဲ့သလို ပြင်ပဆိုင်ခန်းတွေနဲ့ လူနေအိမ်တချို့လည်း ကျည်ထိမှန်ခဲ့တယ်လို့ သိရပါတယ်။
နှစ်ဖက်တိုက်ပွဲများအကြား ပြည်သူတချို့ ထိခိုက်မှုရှိပြီး ကားသမားတစ်ဦးလည်း ကျည်ထိမှန်သေဆုံးထားတယ်လို့ မူဆယ်မြို့ခံတွေရဲ့ လူမှုကွန်ရက်ဂရုတွေကဖော်ပြပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၃ ရက်ကလည်း ကျင်းစန်းကျော့ ကုန်သွယ်ရေးဂိတ်မှာ လက်နက်ကြီးကျလို့ ကုန်တင်ကား ဆယ်နဲ့ချီမီးလောင်ခဲ့ပြီး နိုဝင်ဘာ ၂၅ ရက်မှာတော့ မြောက်ပိုင်းမဟာမိတ်တပ်တွေက ကျင်စန်းကျော့ဂိတ်နေရာကိုသိမ်းပိုက်လိုက်ပါတယ်။
ပန်ဆိုင်းဒေသခံတွေ နေရပ်ပြန်လာကြဖို့ ကိုးကန့်တပ်ပြော

ဓာတ်ပုံ ရင်းမြစ်, The Kokang
၁၀၂၇ စစ်ဆင်ရေးအတွင်း မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် MNDAA က ထိန်းချုပ်နိုင်ခဲ့တဲ့ ပန်ဆိုင်းမြို့ကို ဒေသခံတွေပုံမှန်အတိုင်းပြန်လည်နေထိုင်ဖို့ ပြောထားကြောင်း ဒေသခံတွေဆီကသိရပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ပန်ဆိုင်းနယ်စပ်ဂိတ်က စစ်ကောင်စီတပ်ဖွဲ့ကို နိုဝင်ဘာ ၂၀ ရက်နေ့က ကိုးကန့်တပ်ဘက်က တိုက်ခိုက်ခဲ့ပြီးနောက် အဲဒီနေ့မှာပဲ မြို့ကိုထိန်းချုပ်နိုင်ခဲ့ကြောင်း ကြေညာထားပါတယ်။
"လွန်ခဲ့တဲ့ ၅ ရက်လောက်ကတည်းက ပန်ဆိုင်းမြို့ကိုပြန်လို့ရပြီလို့ အကြောင်းကြားတာတွေရပါတယ်။ အိမ်တော့ခဏပြန်ကြည့်လိုက်သေးတယ်၊ မှန်တွေအကုန်ကွဲထွက် တိုက်ကအုတ်တွေလည်း ကွဲထွက်နေတာပဲ။ အိမ်ကတော့ပြန်မနေရဲသေးပါဘူး။ ကလေးတွေလည်းရှိတော့ အခြေအနေစောင့်ကြည့်ချင်တယ်" လို့ လက်ရှိအချိန်အထိစစ်ရှောင်နေသေးတဲ့ ပန်ဆိုင်းဒေသခံတစ်ဦးက ဘီဘီစီကို ပြောပါတယ်။
MNDAA ရဲ့ ဒီကနေ့ နိုဝင်ဘာ ၂၇ ရက်ထုတ်ပြန်ချက်အရလည်း အရပ်သားတွေအနေနဲ့ မိမိနေအိမ်ကို စိတ်ချပြီးပြန်လည်နေထိုင်ဖို့နဲ့ ပုံမှန်အတိုင်းအလုပ်လုပ်ကိုင်နိုင်ပြီလို့ စည်းရုံးခဲ့ကြောင်း ဖော်ပြပါတယ်။
ဒါဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၅ ရက်နေ့တုန်းက ပန်ဆိုင်းမှာရှိတဲ့ စစ်ရှောင်တွေကို ကိုးကန့်တပ် MNDAA ကတွေ့ဆုံစဉ် အခုလိုပုံမှန်အတိုင်းပြန်လည်ပတ်ဖို့ ပြောခဲ့တာဖြစ်ပြီး အရပ်သားတွေအတွက် စစ်ကောင်စီရဲ့လေကြောင်းပစ်ခတ်မှု၊ မိုင်းအန္တရာယ်တွေကိုလည်း ကာကွယ်နိုင်ဖို့ လုံခြုံရေးအသိပညာပေးခဲ့တယ်လို့ ပြောပါတယ်။
ဒါအပြင် ပန်ဆိုင်းဒေသထဲမှာရှိတဲ့ ဆိုင်ခန်းတွေအနေနဲ့ ကုန်ဈေးနှုန်းမမြှင့်တင်ဖို့လည်း သတိပေးထားပြီး ဒါကိုတွေ့ရှိရင် ပြင်းပြင်းထန်ထန်အရေးယူမယ့်အကြောင်းလည်း ဖော်ပြထားပါတယ်။
မြန်မာပြည်တွင်း က ပဋိပက္ခတွေ ချက်ချင်းရပ်စဲဖို့ တရုတ်စစ်တပ်တိုက်တွန်း

ဓာတ်ပုံ ရင်းမြစ်, The Kokang
တရုတ် - မြန်မာနယ်စပ် ကုန်သွယ်ရေးဇုန်တွေအနီးမှာဖြစ်နေတဲ့ တိုက်ပွဲနဲ့ပဋိပက္ခတွေကို ချက်ချင်း အပစ်အခတ်ရပ်စဲကြဖို့ တရုတ်စစ်တပ် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - PLA က တိုက်တွန်းတယ်လို့ PLA ရဲ့ နေ့စဥ်သတင်းလွှာမှာဖော်ပြပါတယ်။
PLA နေ့စဥ်သတင်းမှာ တရုတ် - မြန်မာနယ်စပ်က ကုန်သွယ်ရေးဇုန်နေရာတွေကို မြောက်ပိုင်းလက်နက်ကိုင်တပ်ဖွဲ့တွေက သိမ်းယူလိုက်ချိန်မှာ ဘေဂျင်းအစိုးရအနေနဲ့ နယ်စပ်ဒေသလုံခြုံရေးကို ကာကွယ်သွားမှာဖြစ်တယ်လို့ ပြောထားကြောင်း South China Morning Post သတင်းကဖော်ပြပါတယ်။
တရုတ်စစ်တပ်ဟာ မြန်မာနယ်စပ် တရုတ်၊ ယူနန်ပြည်နယ်ရဲ့ နယ်စပ်တစ်လျှောက်မှာ နိုဝင်ဘာ ၂၅ ရက်ကစလို့ လေးရက်တာ နယ်စပ်လုံခြုံရေး စစ်ရေးလေ့ကျင့်မှုတွေလုပ်နေတာ ဖြစ်ပါတယ်။
တရုတ်ရဲ့ အခုယူနန်နယ်စပ်တစ်လျှောက် စစ်ရေးလေ့ကျင့်မှုဟာ ၂၀၁၇ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် စစ်ရေးလေ့ကျင့်မှုဖြစ်ပြီး အခုအပစ်ရပ်ဖို့တိုက်တွန်းချက်ဟာ မြန်မာစစ်တပ်နဲ့ လက်နက်ကိုင်အဖွဲ့တွေကြား တင်းမာမှုတွေကို လျှော့ချဖို့ သတင်းစကားအဖြစ် အကဲခတ်အချို့က ရှုမြင်ကြပါတယ်။
တစ်ဖက်မှာလည်း တရုတ်စစ်တပ်ဟာ သူ့နယ်စပ်ဒေသကလူထုရဲ့ စိုးရိမ်စိတ်နဲ့ မလုံခြုံမှုတွေအပေါ် လုံခြုံစိတ်ချနိုင်စေဖို့ စစ်ရေးလေ့ကျင့်မှုလုပ်တာဆိုတဲ့ယူဆချက်တွေလည်းရှိနေပါတယ်။
'' တရုတ် - နယ်စပ် လုံခြုံရေးနဲ့တည်ငြိမ်ရေးကို ထိန်းထားနိုင်ရေးက နှစ်ဖက်ပြည်သူတွေရဲ့ တရုတ်-မြန်မာနယ်စပ် နှစ်နိုင်ငံပြည်သူတွေရဲ့ ကောင်းကျိုးသက်ရောက်မှုနဲ့ ဘုံအကျိုးဆန္ဒဖြစ်တယ်'' လို့လည်း PLA က ဆိုပါတယ်။
စစ်ကောင်စီဘက်ကတော့ တရုတ်-မြန်မာ နှစ်နိုင်ငံ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးနဲ့ နယ်မြေဒေသလုံခြုံအေးချမ်းရေးအတွက် ဆောင်ရွက်ရတာလို့ အကြောင်းကြားလာတဲ့အကြောင်း စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောထားပါတယ်။
‘’တရုတ်နိုင်ငံရဲ့ မူဝါဒက မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်ရေးမူဝါဒအပေါ်မှာ ရပ်တည်လျက်ရှိပြီး မြန်မာ့တပ်မတော် နဲ့အတူ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးနဲ့ အတူ တရားဥပဒေစိုးမိုးရေးကို အမြဲတမ်းလက်တွဲဆောင်ရွက်သွားမယ်လို့ အကြောင်းကြားလာပါတယ်’’ လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။
မြန်မာကလည်း ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူ ၅ ချက်ကို လိုက်နာနေပြီး နှစ်နိုင်ငံ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးနဲ့ လုံခြုံရေးကို ပူးပေါင်းဆောင်ရွက်သွားမယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။








