ဖေဖော်ဝါရီ ၂ ရက် ထိပ်တန်းသတင်းများ - ခင်ဦးမှာ တစ်နေ့တည်း အရပ်သား ၃ ဦး သတ်ဖြတ်ခံရ

ဓာတ်ပုံ ရင်းမြစ်, Mandalay Free Press - MFP
ရွာ ၂ ရွာလည်း မီးရှို့ဖျက်ဆီးခံရ
စစ်ကိုင်းတိုင်း ခင်ဦးမြို့အနောက်ဘက်ခြမ်းက ရွာတွေကို စစ်ကောင်စီတပ်တွေက မနေ့ ဖေဖော်ဝါရီ ၁ ရက် မနက်ပိုင်းမှာ စစ်ကြောင်းထိုးဝင်ရောက်ခဲ့ပြီး အရပ်သား ၃ ဦးကို သတ်ဖြတ်သွားတယ်လို့ မြေပြင်အခြေအနေသိရှိတဲ့ ဒေသခံအချို့က ဘီဘီစီကိုအတည်ပြုပြောပြကြပါတယ်။
အသတ်ခံရတဲ့သူ ၃ ယောက်မှာ တစ်ယောက်ကတော့ သရက်ကုန်းကနေ ကလုံရွာကို စစ်ရှောင်လာသူတစ်ဦးဖြစ်ပြီး ကလေး ၂ ယောက်ဖခင်ဖြစ်တယ်လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။
နောက်ထပ် ၂ ယောက်ကတော့ စစ်ကြောင်းထိုးလာတာကို သိလို့ ဆိုင်ကယ်နဲ့ထွက်ပြေးတိမ်းရှောင်ရင်း သေနတ်နဲ့ ပစ်သတ်ခံလိုက်ရတာလို့ သူကပြောပါတယ်။
ခင်ဦးနဲ့ ရေဦးကြားက ကလုံနဲ့ သာဝတ္ထိရွာ ၂ ရွာကို စစ်ကောင်စီတပ်က မနေ့ကစစ်ကြောင်းထိုးဝင်ရောက်ခဲ့ပြီး ကလုံရွာက အရပ်သားနေအိမ် ၁၀ လုံးကျော်နဲ့ သာဝတ္ထိရွာက အရပ်သားနေအိမ် ၁၅၀ ကျော်တို့ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေရဲ့ အပြောအရ သိရပါတယ်။
အရပ်သားသေဆုံးတဲ့အခြေအနေနဲ့ မီးရှို့ခံရမှုနဲ့ ပတ်သက်လို့ ဘီဘီစီက သီးခြားအတည်ပြုနိုင်တာတော့ မရှိသေးပါဘူး။
“ကလုံကို မနက် ၈ နာရီတည်းက စရှို့တာ၊ သာဝတ္ထိကိုတော့ နေ့ခင်းပိုင်းကနေ ညမိုးချုပ်တဲ့အထိ ၃ ကြိမ်ခွဲပြီးမီးရှို့သွားတာ” လို့ ဒေသခံတစ်ဦးကပြောပါတယ်။
ဒီကနေ့မှာတော့ စစ်ကြောင်းက ရေဦးမြို့ထဲကို ဝင်ရောက်သွားပြီး ဒေသခံအချို့ကလည်း ရွာထဲကို ပြန်လာကြပေမယ့် နေအိမ်တွေ မီးရှို့ခံလိုက်ရတာကြောင့် နေစရာအိမ်မရှိတော့ဘူးလို့ စစ်ရှောင်ရာကနေ ပြန်လာတဲ့ဒေသခံတစ်ဦးကပြောပါတယ်။
ကလုံရွာမှာနေထိုင်တဲ့ ဒေသခံအချို့ကိုလည်း စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး အဲဒီထဲကတချို့ကိုတော့ ဒီနေ့ နေ့လယ်ပိုင်းမှာ ပြန်လွှတ်လိုက်တယ်လို့ သူကဆိုပါတယ်။
ဒါပေမယ့် စစ်ကြောင်းထိုးဝင်ရောက်ကတည်းက တစ်ရွာလုံးနီးပါး ထွက်ပြေးတိမ်းရှောင်ရတာကြောင့် တချို့ရွာခံတွေနဲ့ အဆက်အသွယ်ပြတ်တောက်နေပြီး အဖမ်းခံရတာလား ထွက်ပြေးတိမ်းရှောင်နေတာလား သေချာမသိနိုင်ဘူးဖြစ်နေတယ်လို့ နောက်ထပ်ရွာခံတစ်ဦးကပြောပါတယ်။
စစ်ကောင်စီတပ်က ခင်ဦးမြို့အနီးက ရွာတွေကို ဇန်နဝါရီ ၂ ရက်ကတည်းက စတင်စစ်ကြောင်းထိုးနေပြီး အရပ်သား ၈ ထောင်ကျော်ထက်မနည်း ထွက်ပြေးတိမ်းရှောင်နေရတာဖြစ်ပါတယ်။
စစ်ကောင်စီဘက်ကတော့ ခင်ဦးမြို့က အခြေအနေတွေနဲ့ပတ်သက်လို့ သတင်းထုတ်ပြန်လာတာ မရှိသေးပါဘူး။
မလေးရှား ထိန်းသိမ်းရေးစခန်းကနေ ရိုဟင်ဂျာတွေ ထွက်ပြေး

ဓာတ်ပုံ ရင်းမြစ်, Getty
မလေးရှားက ထိန်းသိမ်းရေးစခန်းတစ်ခုထဲကနေ ရိုဟင်ဂျာဒုက္ခသည် ၁၁၅ ဦးနဲ့ မြန်မာနိုင်ငံက နောက်ထပ် ၁၆ ဦးတို့ ထွက်ပြေးသွားခဲ့ကြတယ်လို့ မလေးရှားအာဏာပိုင်တွေက ပြောပါတယ်။ ထွက်ပြေးစဉ် တစ်ဦးကတော့ ယာဉ်တစ်စီးနဲ့ချိတ်မိပြီး သေဆုံးခဲ့တယ်လို့ မလေးရှားအစိုးရပိုင် ဘနားမားသတင်းက မလေးရှားက ပီရတ်ပြည်နယ်ရဲကို ကိုးကားပြီး ဖော်ပြပါတယ်။
အကျဉ်းစခန်းထဲက ဒီလူ ၁၃၁ ယောက်ဟာ ပီရတ်ပြည်နယ် ဘီဒေါ ထိန်းသိမ်းရေးစခန်းကနေ ဖေဖော်ဝါရီ ၁ ရက် ညပိုင်းက ထွက်ပြေးခဲ့ကြတာလို့ ရဲက ပြောပါတယ်။
၂၀၂၂ တုန်းကလည်း ရိုဟင်ဂျာ ဒုက္ခသည် ၅၈၂ ဦးဟာ မြောက်ပိုင်းက ကီဒါးပြည်နယ် ထိန်းသိမ်းရေးစခန်းကနေလည်း ထွက်ပြေးခဲ့ဖူးပြီး အဲဒီတုန်းက လူ ၆ ဦးဟာ ထွက်ပြေးစဉ် ကားနဲ့အတိုက်ခံရပြီး သေဆုံးခဲ့ပါတယ်။
နှစ်စဉ် ရိုဟင်ဂျာဒုက္ခသည်တွေဟာ ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ်ကနေ လှေစီးပြီး ပင်လယ်ဖြတ်ကာ ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှားဘက်ကို သွားရောက်လေ့ရှိပါတယ်။ ဒါပေမဲ့ မလေးရှားနိုင်ငံက ဒုက္ခသည်အနေနဲ့ အသိအမှတ်ပြု လက်ခံတာမျိုး မရှိဘဲ လှေတွေကို နှင်ထုတ်တာ၊ ရောက်လာသူတွေကို ဖမ်းဆီးပြီး ထိန်းသိမ်းရေးစခန်းတွေထဲ ထားလေ့ရှိပါတယ်။
ချင်းပြည်အစိုးရအဖွဲ့ ဖွဲ့စည်းလိုက်တယ်လို့ ချင်းပြည်ကောင်စီထုတ်ပြန်

ဓာတ်ပုံ ရင်းမြစ်, Chinland Council
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ချင်းပြည်အစိုးရအဖွဲ့ကို ချင်းပြည်နယ် ချင်းအမျိုးသားတပ်ဦး-CNF ဌာနချုပ်၊ ချင်းလုံမြို့မှာ ပြုလုပ်တဲ့ ချင်းပြည်ကောင်စီ ဒုတိယအကြိမ်မြောက်အစည်းအဝေးကနေ အတည်ပြုဖွဲ့စည်းခဲ့ပြီး စစ်အာဏာသိမ်း ၃ နှစ်ပြည့်တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ကြေညာထားပါတယ်။
ချင်းပြည်လွှတ်တော်အပါအဝင် အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေး စတဲ့ မဏ္ဍိုင်ကြီး ၃ ရပ်ကို ဖွဲ့စည်းပုံအခြေခံဥပဒေအရ အတည်ပြုဖွဲ့စည်းထားတယ်လို့လည်း ချင်းပြည်ကောင်စီဥက္ကဋ္ဌ ပူးဇင်ကျုံးကိုယ်တိုင် လက်မှတ်ရေးထိုးထားတဲ့ ထုတ်ပြန်ချက်နဲ့အတူ ကြေညာထားတာဖြစ်ပါတယ်။
ချင်းပြည်အစိုးရအဖွဲ့မှာ ဝန်ကြီးချုပ် ၁ ဦးပါဝင်ပြီး ဝန်ကြီးဌာန ၁၅ ခုနဲ့အတူ တရားသူကြီးချုပ်နဲ့ အဖွဲ့ဝင် ၂ ဦးပါဝင်တဲ့ တရားလွှတ်တော်ချုပ်အပြင် စာရင်းစစ်ချုပ်တို့နဲ့ပါ ပါဝင်ဖွဲ့စည်းထားတယ်လို့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
အဲဒီအစိုးရအဖွဲ့ကနေ ချင်းပြည်ကောင်စီက ချမှတ်ထားတဲ့ ရည်မှန်းချက်ပန်းတိုင် နဲ့ မဟာဗျူဟာတွေကို အကောင်အထည်ဖော်ဖို့အတွက် အမျိုးသားကိုယ်ပိုင်ပြဌာန်းခွင့် အာမခံချက်ရှိတဲ့ ချင်းပြည်တည်ဆောက်ရေးနဲ့ ချင်းအမျိုးသားတပ်မတော်တည်ဆောက်ရေးအတွက် ချင်းပြည်သူလူထု တစ်ရပ်လုံးနဲ့ လက်တွဲဆောင်ရွက်သွားမယ်လို့ဆိုပါတယ်။
ဒါအပြင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေအပြင် နွေဦးတော်လှန်ရေးမှာပါဝင်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ၊ နိုင်ငံရေးပါတီတွေ၊ အဖွဲ့အစည်းတွေအပါအဝင် လူပုဂ္ဂိုလ်တွေနဲ့ လက်တွဲသွားမယ်လို့ ဖော်ပြထားပါတယ်။








