မတ်လ ၂၃ ရက် ထိပ်တန်းသတင်းများ စုစည်းချက် - ဘန်ကောက်က BIMSTEC အစည်းအဝေး မြန်မာစစ်ခေါင်းဆောင် တက်မလား

ဓာတ်ပုံ ရင်းမြစ်, Reuters
- ရေးသားသူ, ဘီဘီစီ မြန်မာပိုင်း
- ရေးသားပေးပို့သည့်နေရာ, ထိုင်းလွှတ်တော်
- ရေးသားခဲ့သည်။
- ဖတ်ရန်အချိန်: မိနစ် ၅
မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ထိုင်းနိုင်ငံမှာ ဧပြီလဆန်းပိုင်းမှာ ပြုလုပ်မယ့် BIMSTEC အစည်းအဝေးကို ကိုယ်တိုင် တက်ရောက်ဖို့ရှိတယ်လို့ ထိုင်းသတင်းဌာနတချို့က ဖော်ပြပါတယ်။
''ထိပ်သီးဆွေးနွေးပွဲကို (ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်)ကိုယ်တိုင် ပါဝင်တက်ရောက်နိုင်ခြေရှိပါတယ်။ ဒီသတင်းနဲ့ပတ်သက်ပြီး နောက်ဆုံး အတည်ပြုချက်ပြုလုပ်ဖို့ လိုပါဦးမယ်'' လို့ ထိုင်းနိုင်ံငံခြားရေးဝန်ကြီးဌာန အကြီးတန်းအရာရှိတစ်ဦးက ဘီဘီစီကို ပြီးခဲ့တဲ့ မိနစ်ပိုင်းမှာပဲ ပြောပါတယ်။
ထိပ်သီးဆွေးနွေးပွဲကို မြန်မာကိုယ်စားပြုပြီး ဘယ်သူဦးဆောင်တက်မလဲဆိုတာကို ထိုင်းဘက်က အတည်မပြုရသေးဘူးလို့လည်း သူက ဆိုပါတယ်။
ဒါပေမဲ့ ထိုင်းဘက်ကတော့ အိမ်ရှင်အဖြစ် ကျင်းပမှာဖြစ်တာကြောင့် BIMSTEC အဖွဲ့ဝင် နိုင်ငံတွေရဲ့ ခေါင်းဆောင်တွေကို ဖိတ်ကြားထားတယ်လို့လည်း သူက ပြောပါတယ်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ လာမယ့် ဧပြီလ ၃ ရက်နဲ့ ၄ ရက်မှာ ၂ ရက်ကြာပြုလုပ်မယ့် BIMSTEC အစည်းအဝေးကို တက်ရောက်မယ်လို့ သတင်းရင်းမြစ်တွေကို ကိုးကားပြီး ထိုင်း PBS သတင်းဌာနက ဒီနေ့ သတင်းဖော်ပြလာတာဖြစ်ပါတယ်။
ထိုင်းအစိုးရကတော့ BIMSTEC အစည်းအဝေးပွဲကို ဧပြီလ ၂ ရက်ကနေ ၄ ရက်နေ့အထိ ကျင်းပမယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
ဘင်္ဂလားပင်လယ်အော် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့လို့ သိကြတဲ့ BIMSTEC အဖွဲ့မှာ မြန်မာ၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ နီပေါနဲ့ ဘူတန်နိုင်ငံတို့ ပါဝင်ပြီး ထိုင်းနိုင်ငံမှာ ပြုလုပ်မယ့် ထိပ်သီးဆွေးနွေးပွဲကတော့ ၆ ကြိမ်မြောက်ဖြစ်ပါတယ်၊
ဒီဆွေးနွေးပွဲ ထိုင်းဝန်ကြိးချုပ် ပေထုန်တန် ဦးဆောင်ကျင်းပတဲ့ ပထမဆုံး ဒေသတွင်း ထိပ်သီးဆွေးနွေးပွဲ ဖြစ်လာမှာဖြစ်ပြီး မြန်မာစစ်ခေါင်းဆောင်အတွက်ဆိုရင်လည်း စစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ထိုင်းနိုင်ငံကို ပထမဆုံး ခရီးဖြစ်လာမှာပါ။
ထိုင်းဝန်ကြီးချုပ်နဲ့ မြန်မာစစ်ခေါင်းဆောင်တို့ဟာ ပြီးခဲ့တဲ့နှစ်တုန်းကလည်း တရုတ်နိုင်ငံ ကူမင်းမြို့မှာ ကျင်းပတဲ့ ဒေသတွင်း ထိပ်သီးဆွေးနွေးအတွင်း သီးခြားတွေ့ဆုံ ဆွေးနွေးခဲ့ပြီး မြန်မာ့ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး အကူအညီပေးဖို့ ကိစ္စက ဆွေးနွေးတဲ့ အကြောင်းအရင်းတစ်ခုအဖြစ်ပါဝင်ခဲ့ပါတယ်။
ထိုင်းလွှတ်တော်မှာ ကျင်းပတဲ့ မြန်မာ့အရေးဆွေးနွေးပွဲ ဘာထူးခြားလဲ

နယ်စပ်တည်ငြိမ်ရေးနဲ့ ဒီမိုကရေစီ အရေးဆိုင်ရာ ထိုင်းနဲ့ အာဆီယံ ကြိုးပမ်းမှု ဆွေးနွေးပွဲ ဒုတိယနေ့ကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့က ထိုင်းလွှတ်တော်မှာ ကျင်းပနေပါတယ်။
မနက်ခင်း ဆွေးနွေးပွဲမှာတော့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် တွန် အမ်ဒရူးစ်က အဖွင့် မိန့်ခွန်းပြောသွားပြီး မြန်မာနိုင်ငံက လူ့အခွင့်အရေးအခြေအနေ ဆိုရွားမှု၊ နိုင်ငံတကာအနေနဲ့ မြန်မာ့အရေး ပူးပေါင်းဆောင်ရွက်မှု တိုးလုပ်ဖို့၊ သမ္မတ ထရမ်လက်ထက်မှာ တားမြစ်လိုက်တဲ့ အမေရိကန်အကူအညီပေးရေးအဖွဲ့( USAID) ကြောင့် နယ်စပ်ဒေသနဲ့ ပြည်တွင်းက အကူအညီပေးရေးကိစ္စတွေအပေါ် သက်ရောက်မှုတွေကို အဓိကထားပြောသွားပါတယ်။
လက်ရှိ မြန်မာ့ လူမှုစီးပွားမြင်ကွင်းနဲ့ မြန်မာ့ နိုင်ငံရေး နောက်ဆုံး အခြေအနေတွေကို ထိုင်းနဲ့ မြန်မာအကဲခတ်တွေ၊ နိုင်ငံတကာ ပညာရှင်တွေက ဆွေးနွေးကြဖို့ ရှိပါတယ်။
ဒီဆွေးနွေးပွဲ ထူးခြားချက်တွေကို အခုစာမျက်နှာမှာ စုစည်းတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။
စစ်ကောင်စီကျင်းပမယ့်ရွေးကောက်ပွဲနဲ့ နျူကလီးယားကို စိုးရိမ်ကြောင်းပြခဲ့ကြ
ထိုင်းလွှတ်တော်မှာ ကျင်းပတဲ့ဆွေးနွေးပွဲဟာ ၂ ရက်ကြာပြုလုပ်တာ ဖြစ်ပါတယ်။
မနေ့က ကျင်းပတဲ့ဆွေးနွေးပွဲမှာ ထိုင်း- မြန်မာနယ်စပ်လုံခြုံရေးကိစ္စအပြင် စစ်ကောင်စီက ကျင်းပမယ်လို့ ပြောထားတဲ့ မြန်မာ့ရွေးကောက်ပွဲကိစ္စရပ်တွေကို ထိုင်းအောက်လွှတ်တော် နယ်စပ်လုံခြုံရေးကော်မီတီဥက္ကဋ္ဌ၊ ထိုင်းစစ်တပ်က စစ်ဆင်ရေးဆိုင်ရာညွှန်ကြားရေးမှူးနဲ့ နယ်စပ်ရေးရာ ထိပ်တန်းအရာရှိကြီးတွေ ပါဝင် ဆွေးနွေးခဲ့ကြပါတယ်။
အဲဒီဆွေးနွေးပွဲမှာ ပါဝင်သူတွေက စစ်ကောင်စီပြုလုပ်မယ်ဆိုတဲ့ ရွေးကောက်ပွဲနဲ့ နျူကလီးယားစက်ရုံတည်ဆောက်မယ့် အရေးတွေကို စိုးရိမ်ချက်ရှိတဲ့အကြောင်း ဆွေးနွေးပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာပြောထားပါတယ်။
မြန်မာ့စီးပွားရေးဘဏ်နဲ့ ထိုင်းအစိုးရပိုင်တဲ့ ဘန်ကောက်ဘဏ်လက်တွဲဖြုတ်ပြီ - တွန် အန်ဒရူး

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
စစ်ကောင်စီထိန်းချုပ်ထားတဲ့ မြန်မာ့စီးပွားရေးဘဏ်နဲ့ ငွေအလွှဲအပြောင်းလုပ်တဲ့လုပ်ငန်းစဉ်တွေကို လက်မခံတော့ဘူးလို့ ထိုင်းနိုင်ငံပိုင်၊ ဘန်ကောက်ဘဏ်(Bankgkok Bank) က အသိပေးလာတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေးကိုယ်စားလှယ် တွမ်အင်ဒရူးက ပြောလိုက်ပါတယ်။
ဒီကနေ့ မတ် ၂၃ ရက် ဘန်ကောက်မြို့က ထိုင်းလွှတ်တော်မှာ ကျင်းပနေတဲ့ မြန်မာ့အရေးနဲ့ နယ်စပ်လုံခြုံရေားဆိုင်ရာ ဆွေးနွေးပွဲ ဒုတိယနေ့မှာ မိန့်ခွန်းပြောရင်း အခုလိုပြောလိုက်တာဖြစ်ပါတယ်။
မြန်မာစစ်တပ်လက်အောက်မှာရှိတဲ့ စစ်ကောင်စီရဲ့ နိုင်ငံခြားငွေအဓိက စီးဆင်းလည်ပတ်နေတဲ့ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်(MFTB) နဲ့ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနဲ့ ကူးသန်းရောင်း၀ယ်ရေးဘဏ် (MICB) တို့ ပိတ်ဆို့ခံရအပြီးမှာ မြန်မာစစ်ကောင်စီဟာ လက်နက်ဝယ်ယူမှုတွေကို မြန်မာ့ စီးပွားရေးဘဏ်ကတဆင့် ပြုလုပ်နေတာလို့လည်း သူက ပြောပါတယ်။
မြန်မာစစ်တပ်ရဲ့ လက်နက်ဝယ်ယူရေးမှာ ထိုင်းဘဏ်တွေက ကူညီပေးနေတယ်ဆိုပြီး တွမ်အင်ဒရူးရဲ့ ၂၀၂၄ ခုနှစ် ဇွန်လ အစီရင်ခံစာမှာ စွပ်စွဲဖော်ပြခဲ့ပါတယ်။
အဲဒီနောက် ထိုင်းဗဟိုဘဏ်နဲ့ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးကော်မတီက စုံစမ်းစစ်ဆေးတာတွေလုပ်ခဲ့ပြီး ကုလစွပ်စွဲချက်ကို ထိုင်းအာဏာပိုင်တွေက ငြင်းဆိုထားပါတယ်။
ကုလစွပ်စွဲချက်ထွက်ပေါ်လာပြီးနောက် ၁၀ လအကြာမှာ ထိုင်းနိုင်ငံပိုင် ဘဏ်ကနေ မြန်မာ့စီးပွားရေးဘဏ်နဲ့ အလုပ်ဆက်မလုပ်ဖို့ ဖြစ်လာတာပါ။
နိုင်ငံထဲကလူငယ်တွေ အသက်ရှင်လွတ်မြောက်ဖို့ နိုင်ငံကိုစွန့်ခွာနေရတယ် - IOM အာရှဆိုင်ရာစီမံလည်ပတ်မှု အကြီးအကဲ

ပြည်တွင်းထဲက လူငယ်တွေဟာ စစ်မှုထမ်းဥပဒေနဲ့ အကျုံးဝင်နေတာကြောင့် နိုင်ငံကို စွန့်ခွာပြီး ထိုင်းအပါအဝင် အိမ်နီးချင်းနိုင်ငံတွေဆီ ထွက်ခွာနေကြရတယ်လို့ နိုင်ငံတကာ ရွှေ့ပြောင်းနေထိုင်သူများအဖွဲ့(IOM) ရဲ့ အာရှဆိုင်ရာ ဒုတိယအကြီးအကဲ မီချီကို အီတိုက ပြောပါတယ်။
စစ်ကောင်စီက စစ်မှုထမ်းအသက်နဲ့ အကျုံးဝင်တဲ့လူငယ်တွေရဲ့ ပြည်ပထွက်ခွာခွင့်တွေကိုပါ တင်းကြပ်စစ်ဆေးပြီး ကန့်သတ်လာတာကြောင့် ဒီလိုထွက်ခွာရတာလို့ သူက ထောက်ပြပါတယ်။
အရင်က မြန်မာရဲ့ အိမ်နီးချင်းနိုင်ငံတွေဆီကို ရွှေ့ပြောင်းလုပ်သားအများစုကသာ အလုပ်လုပ်ဖို့ ပြည်ပထွက်ခဲ့ကြတာလို့ သူက ပြောပါတယ်။
"လစာကောင်းတဲ့ Skilled Workers (အဆင့်မြင့်အလုပ်သမား) တွေပါ နိုင်ငံထဲက ထွက်လာကြတာ" လို့ဆိုပါတယ်။
ဒီလိုစွန့်ခွာတဲ့အကျိုးဆက်အနေနဲ့ နိုင်ငံတစ်နိုင်ငံရဲ့ စီးပွားရေး၊ စိုက်ပျိုးရေးအပြင် ကဏ္ဍအစုံက ဖွံ့ဖြိုးတိုးတက်မှုကို နှောင့်နှေးစေတယ်လို့ သူက မှတ်ချက်ပြုပါတယ်။
တစ်ဖက်မှာလည်း ပြည်ပကို ရွှေ့ပြောင်းလာကြတဲ့သူအများစုမှာ ရှင်သန်ရပ်တည်ဖို့ရာ အလုပ်အကိုင်ရှာဖို့ခက်ခဲနေကြတယ်လို့ မီချီကိုက ဆိုပါတယ်။
စစ်ကောင်စီကတော့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့. (EAO) တွေထိန်းချုပ်ထားတဲ့ဒေသတွေနဲ့ ပြည်ပရောက်နေသူတွေ နေရပ်ပြန်လာနိုင်အောင် စီမံဆောင်ရွက်ပေးမယ်လို့ မတ် ၂၁ ရက်မှာ ထုတ်ပြန်ထားပါတယ်။
တော်လှန်ရေးအင်အားစုတွေရဲ့ လှုပ်ရှားမှုတွေမှာ ငွေကြေးအရ ပါဝင်ပတ်သက်တာ၊ စစ်ကောင်စီဌာနနဲ့ ဝန်ထမ်းအပြင် တပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်မှုမှာ ပါဝင်နေသူတွေ၊ CDM လှုပ်ရှားမှုမှာ ပါဝင်သူတွေကလွဲလို့ ပဋိပက္ခကြောင့် စိုးရိမ်စိတ်နဲ့ ထွက်ပြေးတဲ့အသိပညာရှင်၊ အတတ်ပညာရှင်ကို ဖြေလျော့ဆောင်ရွက်ပေးမယ်လို့ စစ်ကောင်စီက ပြောထားပါတယ်။
ထိုင်းရောက်မြန်မာလုပ်သားတွေကနေ မြန်မာဘက်ကို နှစ်စဥ် ပြန်လည်ပေးပို့တဲ့ငွေကြေးဟာ အမေရိကန်ဒေါ်လာ ၂ ဘီလျံကျော်အထိရှိတာကို သူက ထောက်ပြပြီး ဒီလုပ်သားတွေရဲ့ ထုတ်ကုန်စွမ်းအား၊ နောက် ထိုင်းနိုင်ငံအတွင်းမှာ သုံးစွဲမှုတွေဟာ ထိုင်းစီးပွားရေးအတွက် မောင်းနှင်မှု ဖြစ် စေတဲ့ အင်အားတစ်ရပ်ဖြစ်တယ်ဆိုတာကိုလည်း သူက ပြောပြပါတယ်။
ဒါကြောင့် ဒီလုပ်သားတွေ မြန်မာပြည်ပြန်နိုင်ပြီး နိုင်ငံတည်ဆောက်ရေးမှာပါဝင်နိုင်ဖို့နဲ့ မြန်မာ့ငြိမ်းချမ်းရေးနဲ့ တိုးတက်ရေးကိုဆောင်ကျဥ်းနိုင်ဖို့ အဖြေရှာရေးမှာ မြန်မာ့အိမ်နီးချင်း ထိုင်းရဲ့ အရေးပါမှုကလည်း အရေးပါတယ်လို့ သူက ပြောပါတယ်။
ဂျပန်ကို လုပ်သားစေလွှတ်ခွင့် အေဂျင်စီတစ်ခုကို ၁၅ ဦးနဲ့ စစ်ကောင်စီကန့်သတ်

ဓာတ်ပုံ ရင်းမြစ်, Getty Images
မြန်မာရွှေ့ပြောင်းလုပ်သားတွေနဲ့ အိမ်နီးချင်း ထိုင်းနိုင်ငံကို ဝင်ရောက်မှု စစ်အာဏာသိမ်းမှု အပြီးမှာ မြင့်တက်လာတယ်လို့ မြန်မာ့အရေးအကဲခတ်တွေ ထိုင်းလွှတ်တော်မှာ ဆွေးနွေးနေချိန်မှာပဲ စစ်ကောင်စီက ပြည်ပကို လုပ်သားစေလွှတ်မှု အကန့်အသတ်တွေ ထပ်မံ ပြုလုပ်လာပါတယ်။
မြန်မာကနေ ဂျပန်နိုင်ငံကို ပြည်ပအလုပ်အကိုင်အေဂျင်စီကတဆင့် စေလွှတ်မယ့် အလုပ်သမားတွေကို အေဂျင်စီတစ်ခုအတွက် တစ်လကို ၁၅ ဦးသာ ခွင့်ပြုပေးမယ်လို့ မတ် ၂၃ ရက်ထုတ် နိုင်ငံပိုင်သတင်းစာကနေ စစ်ကောင်စီက ကြေညာပါတယ်။
ပြည်ပစေလွှတ်တဲ့ လုပ်ငန်းစဉ်အဆင့်ဆင့်ကိုလည်း စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာနအထိ အသိပေးဆောင်ရွက်ရမယ့် အဆင့်အလိုက် သတင်းစာထဲမှာ ရှင်းလင်းဖော်ပြထားပါတယ်။
မနေ့ မတ် ၂၂ ရက်ကလည်း ထိုင်းကို အေဂျင်စီတစ်ခုအတွက် လုပ်သား ၅၀ ဦးသာစေလွှတ်ဖို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ နှစ်တွေတုန်းကတော့ ထိုင်းအလုပ်ရှင်ရဲ့ အလုပ်သမားခေါ်စာ (Demand Letter) ပါ အလုပ်သမားဦးရေအတိုင်း အကန့်အသတ်မရှိ စေလွှတ်နိုင်ခဲ့တာဖြစ်ပါတယ်။
စစ်ကောင်စီက ထိုင်းနဲ့ဂျပန်ကခေါ်တဲ့ အလုပ်ခေါ်စာအသစ်လက်ခံတာတွေကို ရပ်ဆိုင်းပြီးနောက် လုပ်ငန်းစဉ်အသစ်ကို ချပြလာတာဖြစ်ပါတယ်။
ရေနံနဲ့ သဘာဝဓာတ်ငွေ့ကနေရတဲ့ ငွေကြေးတွေကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေမှာ နှစ်စဥ် တိုးသုံးနေ - Blood Money Campaign

မြန်မာစစ်တပ်ဟာ ရေနံနဲ့ သဘာဝဓာတ်ငွေ့ ဝင်ငွေ အမေရိကန် ဒေါ်လာ သန်းရာပေါင်းများစွာ နှစ်စဥ် တိုးရနေပြီး တစ်ဖက်မှာလည်း လေကြောင်းတိုက်ခိုက်မှုတွေ တိုးလုပ်နေတယ်လို့ မြန်မာစစ်တပ်ရဲ့ ဝင်ငွေရလမ်းတွေကို စောင့်ကြည့်တဲ့ Blood Money Campaign အဖွဲ့က ပြောလိုက်ပါတယ်။
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့က ထိုင်းလွှတ်တော်မှာ ဒီနေ့ ပြုလုပ်နေတဲ့ ဆွေးနွေးပွဲမှာ အဖွဲ့က အွန်လိုင်းကနေ တက်ရောက် ပါဝင်ရင်း အခုလို ပြောလိုက်တာဖြစ်ပါတယ်။
အဖွဲ့ရဲ့ အချက်အလက်တွေအရ စစ်ကောင်စီဟာ အာဏာသိမ်းမှုဖြစ်ပွားတဲ့ ၂၀၂၁ ခုနှစ်မှာ ရေနံနဲ့ သဘာဝဓာတ်ငွေ့ လုပ်ငန်းကနေ အမေရိကန်ဒေါ်လာ ၁.၅ ဘီလျံ ရခဲ့ပြီး အဲဒီနှစ်မှာ လေကြောင်းတိုက်ခိုက်မှု ၈၅ ကြိမ်ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီနောက် အာဏာသိမ်းမှု လေးနှစ်ထဲ ဝင်နေချိန်မှာ ရေနံနဲ့သဘာဝဓာတ်ငွေ့ကနေရရှိတဲ့ ဝင်ငွေဟာ ဒေါ်လာ ၂.၂ ဘီလျံအထိ တိုးလာပြီး လေကြာင်းတိုက်ခိုက်မှုဟာ လည်း အကြိမ်ရေ ၂,၃၄၀ နီးပါးအထိရှိခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အာဏာသိမ်း ၄ နှစ်အတွင်း သေဆုံးသူ ၂,၅၀၀ ကျော် အထိ ရှိတယ်လို့ ဆိုပါတယ်။
နိုင်ငံရေးဆွေးနွေးမှုတွေ လုပ်နိုင်အောင် အိမ်နီးချင်းနိုင်ငံတွေက ပံ့ပိုးပေးဖို့လိုတယ်လို့ဆို

မြန်မာရဲ့ ငြိမ်းချမ်းရေးအတွက် ဖက်ဒရယ်စနစ်လုပ်ငန်းစဉ်တွေကို ပံ့ပိုးကူညီဖို့နဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေကြား နိုင်ငံရေးဆွေးနွေးမှုတွေ လုပ်နိုင်အောင်လည်း အိမ်နီးချင်းနိုင်ငံတွေက ပံ့ပိုးပေးဖို့လိုတယ်လို့ Forum of Federations ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူး ဦးဝင်းမင်းက ပြောပါတယ်။
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့က ထိုင်းလွှတ်တော်မှာ ဒီနေ့ ပြုလုပ်နေတဲ့ မြန်မာ့အရေး ဒုတိယနေ့ ဆွေးနွေးပွဲမှာ ပါဝင်ဆွေးနွေးချိန် ခုလို အခုလိုပြောတာပါ။
ဒါ့အပြင် တိုက်ပွဲတွေနဲ့ ကြုံတွေ့နေရတဲ့ နိုင်ငံအနှံ့က မြန်မာလူထုအတွက် နိုင်ငံတကာအပြင် အထူးသဖြင့် အိမ်နီးချင်းနိုင်ငံတွေဆီက လူသားချင်းစာနာတဲ့ အကူအညီတွေ ပိုပြီးလိုအပ်တယ်လို့ သူက ဆိုပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)၊ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေ (EAO)နဲ့ အရပ်ဖက်အဖွဲ့အစည်းတွေကတဆင့် လွတ်မြောက်နယ်မြေဒေသတွေအတွက် လူသားချင်းစာနာတဲ့ အကူအညီတွေပေးဖို့ သူက ထည့်ပြောပါတယ်။
တစ်ဖက်မှာလည်း စစ်မှုထမ်းဖို့ ဖိအားပေးခံနေရသလို စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ထိခိုက်နစ်နာမှုတွေ ကြုံတွေ့နေရတဲ့ မြန်မာလူထုအတွက် လိုအပ်တဲ့အကူအညီတွေကို ထည့်သွင်းစဉ်းစားပေးဖို့ အိမ်နီးချင်းနိုင်ငံတွေကို သူက တောင်းဆိုထားပါတယ်။
နယ်စပ်မှာ လေယာဥ် မပျံသန်းရဇုန် သတ်မှတ်နိုင်ရေးလုပ်ဖို့ တိုက်တွန်း

ထိုင်း- မြန်မာနယ်စပ်၊ ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင် တစ်ခရိုင်တည်းထဲမှာတင် ပညာသင်ကြားနေကြတဲ့ မြန်မာရွှေ့ပြောင်းကလေးငယ် ကျောင်းသား ၁၇၅၀၀ နီးပါးအထိရှိနေတယ်လို့ ကလေးငယ်များဆိုင်ရာ ပက်စတာလိုစီ ဖောင်ဒေးရှင်းက စီမံကိန်းအရာရှိက ပြောပါတယ်။
ထိုင်းနိုင်ငံ၊မြို့တော် ဘန်ကောက်က ထိုင်းလွှတ်တော်မှာ ပြုလုပ်တဲ့ မြန်မာ့အရေး ဆွေးနွေးပွဲအတွင်း နယ်စပ်တလျှောက် လူသားလုံခြုံရေးနဲ့ ရှေ့လုပ်ငန်းစဥ် အကြောင်း ဆွေးနွေးချိန်မှာ အဲဒီ စီမံကိန်းအရာရှိက အခုလို ပြောပြလာတာဖြစ်ပါတယ်။
''နယ်စပ်က တာ့ခ် ခရိုင်တစ်ခုတည်းမှာတင် ဒီလောက်များတဲ့ရွှေ့ပြောင်းကလေးငယ် ပညာရေးအတွက် ထိုင်းမှာ နိုင်ငံအဆင့် ဖြေရှင်းရေးယန္တရား မရှိသေးပါဘူး။ ... နယ်စပ်မှာ ကလေးငယ်တွေဟာ တိုက်ပွဲတွေကြောင့် ပြေးကြလွှားကြ ဖြစ်နေတုန်းပဲ'' လို့ ဖောင်ဒေးရှင်းက အရေးပေါ် အခြေအနေ ပညာရေးဆိုင်ရာအရာရှိ လက်ဒါဝမ် တာမာဖုက ပြောပါတယ်။
နယ်စပ်က လူသားလုံခြုံရေးခေါင်းစဥ် အောက်မှာ နယ်စပ်ဒေသ ပြည်သူ့ ကျန်းမာရေးနဲ့ ပညာရေးကိစ္စတွေကို ဆွေးနွေးပွဲမှာ ပါဝင်သူတွေက ဆွေးနွေးပါတယ်။
ဒါ့အပြင် ၂၀၂၂ ခုနှစ်၊ ဇွန်လတုန်းက မြန်မာဘက်ခြမ်း၊ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ထဲက ဝေါလေဒေသမှာ ဖြစ်တဲ့တိုက်ပွဲအတွင်း မြန်မာ စစ်တပ်လေယာဥ် ထိုင်းလေပိုင်နက်ထဲ ဝင်ရောက်ပျံသန်းခဲ့မှု ဥပမာကို ထောက်ပြပြီး ထိုင်း- မြန်မာနယ်စပ်မှာ လေယာဥ်မပျံသန်းရဇုန် သတ်မှတ်ဖို့လည်း သူက တိုက်တွန်းပါတယ်။
''ထိုင်းအစိုးရကို တောင်းဆို ချင်ပါတယ်။ နယ်စပ်မှာ မပျံသန်းရဇုန် ဖော်ဆောင်ဖို့ပါ။ ထိုင်း အစိုးရအနေနဲ့ ဒီအခြေအနကို လစ်လျူ မရှုဖို့ပါ။ နယ်စပ်မှာဖြစ်နေတာတွေက သတင်းတွေမှာ မတက်ပါဘူး။ နယ်စပ်မှာနေတဲ့ ကျွန်မတို့တွေပဲ ဒါကို သိတယ်။ တစ်ဖက်က တိုက်ပွဲကြောင့်ဖြစ်တဲ့ တုန်ခါမှုတေကို ခံစားရတာ ကျွန်မတို့ပဲ ရှိပါတယ်။ ဒါကြောင့် တိုက်တွန်း လိုပါတယ်။ အရမ်းအရေးကြီးတဲ့ကိစ္စပါ။ ဒါကို မြန်မြန် ဆွေးနွေးကြဖို့ ကျွန်မ တိုက်တွန်းပါတယ်။'' လို့ သူက ပြောပါတယ်။










