ထိုင်းကျောင်းသားလေးက သေနတ်ပစ်နည်းကို ဆိုရှယ်မီဒီယာက သင်ခဲ့

တီရှပ်အပြာဝတ်ထားတဲ့ လူငယ်လေးက ကျောင်းဝင်းနံရံမှာ အဖြူရောင်ပန်းစည်းလေးကို လာချနေတာပါ။

ဓာတ်ပုံ ရင်းမြစ်, AFP via Getty Images

ဓာတ်ပုံ ပုံစာ, ထိုင်းပြည်သူတွေဟာ နှစ်ပေါင်းများစွာမှာ သေနတ်ပစ်ခတ်မှုကြောင့် အသေအပျောက်အများဆုံး ဖြစ်ရပ်အတွက် ဝမ်းနည်းပူဆွေးနေကြပါတယ်။
    • ရေးသားသူ, Koh Ewe
    • ရာထူးတာဝန်, ဘီဘီစီသတင်းထောက်
  • ရေးသားခဲ့သည်။
  • ဖတ်ရန်အချိန်: မိနစ် ၃

ထိုင်းနိုင်ငံမှာ လူရှစ်ယောက်ကို ပစ်သတ်ပြီး သူ့ကိုယ်သူပါ သတ်သေသွားတဲ့ ၁၄ နှစ်သား ကျောင်းသားလေးဟာ သေနတ်ပစ်ခတ်နည်းကို ဆိုရှယ်မီဒီယာက သင်ယူခဲ့တာဖြစ်တယ်လို့ ရဲက ပြောပါတယ်။

ဆိုရှယ်မီဒီယာမှာ အကြမ်းဖက်တဲ့ဗီဒီယိုတွေ ဂိမ်းကစားနည်းတွေကို ကြည့်လေ့ရှိတာ၊ ကျောင်းစာနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်တာ၊ မိသားစု အိမ်တွင်းရေးပြဿနာတွေ၊ သူငယ်ချင်းတွေနဲ့ မတည့်တာတွေ အားလုံးက ဒီလူငယ်လေး အကြမ်းဖက်မှုကျူးလွန်ရတဲ့ အကြောင်းရင်းတွေ ဖြစ်နိုင်တယ်လို့ တာဝန်ရှိသူတွေက ယူဆပါတယ်။

ဒီလူငယ်လေး အခုလို အကြမ်းဖက်မှု ကျူးလွန်ရတဲ့ ရည်ရွယ်ချက်နဲ့ ပတ်သက်ပြီး သက်သေ ၁၇ ယောက်ကို စစ်ဆေးမေးမြန်းခဲ့ပြီးပြီလို့ ရဲအကြီးတန်းအရာရှိ အတ္ထာပို အနုဆစ်က တနင်္ဂနွေနေ့က သတင်းသမားတွေကို ပြောပါတယ်။

ထိုင်းမှာ ဒီနှစ်ပိုင်းတွေအတွင်း လူသေဆုံးမှုအများဆုံးဖြစ်ခဲ့တဲ့ ပစ်ခတ်မှုကြောင့် တစ်နိုင်ငံလုံး ထိတ်လန့်တုန်လှုပ်မှုဖြစ်ခဲ့ကြရပြီး ဝန်ကြီးချုပ်ကလည်း သေနတ်ကိုင်ဆောင်မှုကို တင်းကျပ်တဲ့ ဥပဒေတွေထုတ်ပြန်မယ်လို့ ပြောပါတယ်။

ဘန်ကောက်အပြင်ဘက် နွန်ထဘူရီခရိုင်ထဲက ဒက်ဘ်ဆီရင်အလယ်တန်းကျောင်းမှာ ပစ်ခတ်မှုတွေဖြစ်ခဲ့တာပါ။ ကျောင်းသားလေးက အိမ်မှာ သူ့အဘိုးရဲ့သေနတ်နဲ့ အဘိုးနဲ့အဘွားကို ပစ်သတ်ခဲ့ပြီး ကျောင်းကိုသွားလို့ အဲဒီမှာ ဆရာတွေနဲ့ ကျောင်းသားတွေကို ဆက်ပစ်ခဲ့ပါတယ်။ ကျောင်းမှာ လူ ငါးယောက်သေဆုံးခဲ့ပြီး ၂၀ ကျော်ဒဏ်ရာရခဲ့ပါတယ်။ နောက်ရက်ပိုင်းမှာပဲ ဒဏ်ရာရသူတွေထဲက ကျောင်းသူလေးတစ်ဦး သေဆုံးခဲ့ပါတယ်။ ပစ်ခတ်တဲ့ သေနတ်သမားလူငယ်က သူ့ကိုယ်သူလည်း ပစ်သတ်ခဲ့ပါတယ်။

သူဟာ ဒီလို ပစ်ခတ်ဖို့ ကြိုတင်ကြံစည်ပြီး စီစဥ်လုပ်ခဲ့တာလားလို့ သတင်းထောက်တွေက မေးတဲ့အခါ ရဲအရာရှိ အတ္ထာပိုက "ဖြစ်နိုင်ပါတယ်" လို့ ဖြေကြားပါတယ်။

ရဲတွေက ကျောင်းသားလေး ပစ်ခတ်ရာမှာသုံးခဲ့တဲ့ သေနတ်၊ ကျည်ခွံတွေ၊ သူ့မိုဘိုင်းဖုန်းနဲ့ သူကျောင်းကိုလာတုန်းလွယ်လာတဲ့ အိတ်ထဲမှာ ပါလာတဲ့ ဓားတစ်ချောင်းကိုလည်း သက်သေခံပစ္စည်းတွေအဖြစ် သိမ်းဆည်းထားပါတယ်။

သူ့အိမ်က ကွန်ပျူတာကို စစ်ဆေးကြည့်တဲ့အခါမှာလည်း သူဟာ ဆိုရှယ်မီဒီယာပေါ်ကနေ အကြမ်းဖက်တဲ့ ဗီဒီယိုတွေကို ကြည့်ထားတာတွေ့ရကြောင်း ရဲတွေက ပြောပါတယ်။

သေမှုသေခင်းစစ်ဆေးတဲ့ အရာရှိတွေက ပစ်ခတ်သူဟာ ပစ်မှတ်ကို တိကျအောင်ပစ်နိုင်ခဲ့ တာမျိုးတွေ့ရပြီး သေနတ်ထိမှန်ခံရသူတွေဟာ "သေလောက်တဲ့နေရာတွေကိုပဲ" ထိမှန်ခဲ့တာတွေ့ရတယ်လို့ အစောပိုင်းက ပြောထားပါတယ်။

ဒါပေမဲ့ ပစ်ခတ်သူ လူငယ်ဟာ သေနတ်ကို လေ့ကျင့်ပစ်ခတ်တာ၊ သေနတ်ပစ်ကွင်းတစ်ခုခုမှာ သင်ယူခဲ့တဲ့ အထောက်အထားမျိုးတော့ မတွေ့ရဘူးလို့ ရဲအရာရှိ အတ္ထာပိုက သတင်းထောက်တွေကို ပြောပါတယ်။

လူငယ်လေးဟာ တစ်ခါက သူအွန်လိုင်းက မှာယူထားတဲ့ လေသေနတ်တစ်လက်ကို ကျောင်းကိုယူလာလို့ ဆရာတွေက သိမ်းထားလိုက်ရဖူးတာတော့ ရှိခဲ့တယ်လို့ သူက ဆက်ပြောပြပါတယ်။

အနက်ရောင်အင်္ကျီတွေ ဝတ်ဆင်ထားတဲ့ လူတွေက စားပွဲတစ်လုံးမှာ အမွှေးတိုင်တွေထွန်းညှိနေကြတာပါ။

ဓာတ်ပုံ ရင်းမြစ်, AFP via Getty Images

ဓာတ်ပုံ ပုံစာ, ပစ်ခတ်မှုမှာ ရသွားတဲ့ ဒဏ်ရာနဲ့ နောက်ရက်ပိုင်းမှာ သေဆုံးသွားတဲ့ ၁၂ နှစ်အရွယ် ကျောင်းသူကလေးရဲ့ စျာပနမှာ ဝမ်းနည်းပူဆွေးနေသူတွေ
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

သေနတ်သမားလူငယ်လေးဟာ သူနှစ်နှစ်သားမှာ မိဘတွေ ကွာရှင်းပြတ်စဲခဲ့လို့ အဲဒီကတည်းက အဘိုး အဘွားတွေနဲ့ နေခဲ့ရတာပါ။

လူငယ်လေးရဲ့ မိခင်က ရိုက်တာ သတင်းဌာနကို သူ့သားဟာ "ဥာဏ်ရည်ထက်မြက်ပြီး ရွှင်လန်းတဲ့" လူငယ်လေးတစ်ယောက်ဖြစ်တယ်၊ သာမန် သူလိုကိုယ်လို "ပုံမှန်ကလေးတစ်ယောက်ပါ" လို့ ပြောပြပါတယ်။ သူ့သားနဲ့ ပြီးခဲ့တဲ့ ကျောင်းပိတ်ရက်အတွင်းက နောက်ဆုံးတွေ့ဖြစ်ခဲ့တယ်လို့မိခင်က ပြောပါတယ်။

"အခုလိုဖြစ်လိမ့်မယ်လို့ ဘယ်သူမှ ထင်မထားခဲ့တဲ့အတွက် တကယ်ပဲ စိတ်ထိခိုက်ကြေကွဲရပါတယ်" လို့လည်း သူက ပြောပါတယ်။

ဖခင်ဖြစ်သူကလည်း သားရဲ့လုပ်ရပ်တွေအတွက် တောင်းပန်စကားပြောခဲ့တယ်လို့ ဒေသတွင်းမီဒီယာတွေမှာ ဖော်ပြပါတယ်။

ကျောင်းက ဆရာတစ်ယောက်ကတော့ ဒီကောင်လေးဟာ လိမ္မာပြီး ကျောင်းစာမှာလည်း မညံ့သူတစ်ယောက်လို့ဆိုပါတယ်။ ဒါပေမဲ့ တခြားဆရာတွေကတော့ သူဟာ ဂိမ်းတွေကို စွဲနေသူတစ်ယောက်လို့ ပြောပါတယ်။

ဒီလူငယ်ရဲ့ အဘွားဖြစ်သူဟာ ကျောင်းဆရာမဟောင်းတစ်ယောက်ဖြစ်လို့ သူ့မြေးကို "စည်းကမ်းတင်းကျပ်ခဲ့တာမျိုး" ရှိနိုင်တယ်လို့ ထိုင်းဝန်ကြီးချုပ် အနုတင် ချန်ဝီရာကူးလ်က ပြောခဲ့ပါတယ်။

ပစ်ခတ်မှုကြီးကြောင့် သေဆုံးမှုတွေအများကြီးဖြစ်ခဲ့ရတာကို နိုင်ငံတစ်ဝန်း ထိတ်လန့်တုန်လှုပ်ရင်း ဝမ်းနည်းပူဆွေးနေကြပါတယ်။ ဆရာတွေနဲ့ ကျောင်းသားတွေ အသက်ဆုံးခဲ့ရတဲ့ ကျောင်းရှေ့မှာ ပန်းစည်းတွေလာချထားကြတာလည်း တွေ့ရပါတယ်။

ကျောင်းမှာ ပစ်ခတ်ခံခဲ့ရပြီး ရခဲ့တဲ့ဒဏ်ရာတွေနဲ့ နောက်နှစ်ရက်အကြာမှာ သေဆုံးသွားခဲ့တဲ့ ၁၂ နှစ်အရွယ်ကျောင်းသူလေးရဲ့ စျာပနကို သြဂုတ်လ ၉ ရက် တနင်္ဂနွေနေ့မှာ နွန်ထဘူရီက ဘုန်းကြီးကျောင်းတစ်ခုမှာ ပြုလုပ်တဲ့အခါမှာတော့ အများစုက အနက်ရောင်ဝတ်စုံတွေဝတ်ပြီး လာရောက်ခဲ့ကြပါတယ်။

"ဒီကလေးမလေးက လိမ္မာတယ်၊ ကျောင်းမှာလုပ်သမျှ လှုပ်ရှားမှုတိုင်းမှာလည်း သူပါချင်တယ်။ က ရတာကိုလည်းကြိုက်တယ်" လို့ ကျောင်းက ဂီတသင်ဆရာက အေအက်ဖ်ပီသတင်းဌာနကို ပြောပါတယ်။