မတ် ၉ ရက် နိုင်ငံတဝန်းသတင်းများအနှစ်ချုပ် - မြဝတီက ကျားဖြန့်လုပ်ငန်းခွင်ထဲကနေ ကယ်ဆယ်ထားတဲ့ နိုင်ငံခြားသားတွေ အခက်တွေ့နေ

ရေးသားခဲ့သည်။
ဖတ်ရန်အချိန်: မိနစ် ၄

ထိုင်း- မြန်မာနယ်စပ် ကရင်ပြည်နယ်၊ မြဝတီမြို့ တောင်ပိုင်းက ကျောက်ခတ်(ရွာ) ကျားဖြန့် လုပ်ငန်းခွင်မှာ ရှိနေတဲ့ တရားမဝင် နိုင်ငံသားတွေကို ပြန်ပို့ဖို့ စီစဉ်နေပေမဲ့ ယူဂန္ဓာနဲ့ အီသီယိုးပီးယားသံရုံးတွေက ငွေကြေးမထောက်ပံ့လို့ သူတို့နိုင်ငံသားတွေ ပြန်ဖို့ခက်နေတယ်လို့ Global Advance Projects (GAP) ဖောင်ဒေးရှင်းကနေ သိရပါတယ်။

ဒီဖောင်ဒေးရှင်းဟာ ထိုင်း-မြန်မာနယ်စပ် လူကုန်ကူးခံရသူတွေအရေးမှာ ပူးပေါင်းကူညီဆောင်ရွက်ပေးနေပါတယ်။

ကျားဖြန့်လုပ်ငန်းတွေက ထိန်းသိမ်းထားတဲ့ တရားမဝင် နိုင်ငံသားတွေကို မြန်မာနိုင်ငံ မြဝတီကနေ ထိုင်းနိုင်ငံ၊ ထိုင်းနိုင်ငံကနေမှ သက်ဆိုင်ရာနိုင်ငံတွေကို လွှဲပြောင်းပေးဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။

ကျားဖြန့်လုပ်ငန်းကနေ ပြန်ပို့ရမယ့် သူတို့နိုင်ငံသားတွေအတွက် ခရီးသွားလာစရိတ်၊ အစားအသောက်နဲ့ ဘာသာပြန်ဖို့အတွက် ထောက်ပံ့ပေးဖို့ ထိုင်းအာဏာပိုင်အဖွဲ့အစည်းတွေက ယူဂန်ဒါ နဲ့ အီသီယိုးပီးယား သံရုံးတွေကို တောင်းဆိုခဲ့ပေမဲ့ မရခဲ့ဘူးလို့ GAP တာဝန်ရှိသူက ပြောပါတယ်။

''အခုကြုံနေရတဲ့ပြဿနာက ပို့ဆောင်ရေး၊ အစားအသောက်နဲ့ ဘာသာပြန်ရေးကိစ္စတွေမှာ ကူညီဖို့ သက်ဆိုင်ရာနိုင်ငံတွေကို ထိုင်းအာဏာပိုင်တွေက မေတ္တာရပ်ခံရတာဖြစ်နေတယ်။ ယူဂန္ဓာနဲ့ အီသီယိုးပီးယား သံရုံးတွေက သိသိသာသာ အားထုတ်မှု မရှိဘူး။ သုံးစွဲဖို့ ရန်ပုံငွေ မရှိတာလည်းဖြစ်နိုင်ပါတယ်။ သူတို့ နိုင်ငံသားတွေကို အိမ်အပြန်လက်မှတ် ကိုယ့်ဘာသာကျခံဖို့ပဲ သူတို့ပြောနေတာ။ အကယ်ဆယ်ခံထားရသူတွေကလည်း ကျခံမယ်လို့ ပြောပါတယ်။ ဒါပေမဲ့ သံရုံးတွေဘက်က သွားရေးလာရေးတော့ စီစဥ်ပေးမှဖြစ်မယ်'' လို့ သူက ပြောပါတယ်။

ဒါ့အပြင် ကျားဖြန့်လုပ်ငန်းခွင်ကနေ တရားမဝင် ရှိနေတဲ့ ယူဂန္ဓာ နိုင်ငံသူ ကိုယ်ဝန်ဆောင် ၆ ဦးလည်း ရှိနေတယ်လို့ ထပ်ပြောပါတယ်။

"ကျွန်မတို့တွေ အိမ်ပြန်ဖို့ အကူအညီ အထောက်အပံ့တွေ လိုအပ်နေပါတယ်။ ကျွန်မက ထိုင်းမှာ ၁၀ ရက်လောက်ပဲ နေဖို့ မျှော်လင့်ပြီး ကလေးတွေကို ထားခဲ့တာ။ အခု အိမ်နဲ့ဝေးနေတာ လေးလရှိနေပြီ" လို့ အိမ်ပြန်ဖို့ အကူအညီလိုအပ်နေတဲ့ ယူဂန္ဓာနိုင်ငံသူ တစ်ဦးက ဘီဘီစီကို ပြောပါတယ်။

ဒီနေ့မှာတော့ ကျားဖြန့်လုပ်ငန်းခွင်တွေထဲက တရားမဝင်ရောက်နေတဲ့ သီရိလင်္ကာ၊ ပါကစ္စတန်၊ ဗီယက်နမ်၊ ဖိလစ်ပိုင် နိုင်ငံသားတွေကို ပြန်ပို့တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံထဲကို အွန်လိုင်းလောင်းကစားလုပ်ငန်းတွေ၊ အွန်လိုင်းလိမ်လည်မှုတွေကို ကျူးလွန်နေတဲ့ တရုတ်နိုင်ငံသား ၂၁၄ ယောက်ကို မတ် ၉ ရက် ဒီနေ့မှာ သက်ဆိုင်ရာနိုင်ငံတွေကို လွှဲအပ်ခဲ့တယ်လို့ စစ်ကောင်စီကလည်း ထုတ်ပြန်ပါတယ်။

မြန်မာ- တရုတ်၊ ထိုင်း သုံးပွင့်ဆိုင် ပူးပေါင်းဆောင်ရွက်မှုပုံစံနဲ့ ကျားဖြန့်လုပ်ငန်းတွေမှာ ပါဝင်ပတ်သက်သူတွေနဲ့ နောက်ကွယ်က ကြိုးကိုင်နေသူတွေကို စုံစမ်းဖော်ထုတ်ခဲ့တဲ့အခါ ရွှေကုက္ကို၊ မယ်ထော်သလေးနဲ့ KK Park နယ်မြေတွေထဲက ဖမ်းဆီးရမိတာဖြစ်တယ်လို့လည်း စစ်ကောင်စီက ထုတ်ပြန်ပါတယ်။

ဒါ့အပြင် မယ်ထော်သလေးနယ်မြေ ၊ အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) တွေကနေ နောက်ထပ် ပြည်ပနိုင်ငံသား အယောက် ၁၄၀ ကိုလည်း ဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၃၀ ကနေ မတ် ၉ ရက်အထိ မြန်မာနိုင်ငံထဲမှာ တရားမဝင် ဝင်ရောက်ပြီး ကျားဖြန့်လုပ်ငန်းခွင်မှာ ရှိနေတဲ့ ပြည်ပနိုင်ငံသား စုစုပေါင်း ၄,၈၀၀ ကျော်ကို ထိန်းသိမ်းခဲ့တယ်လို့လည်း ဆိုပါတယ်။

အဲဒီထဲက အယောက် ၂,၂၀၀ နီးပါးကိုလည်း ထိုင်းနိုင်ငံကနေတဆင့် သက်ဆိုင်ရာ နိုင်ငံတွေကို လွှဲပြောင်းပေးလိုက်တယ်လို့လည်း စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

မြိတ်မှာ စစ်မှုထမ်း စုဆောင်းခံရသူတွေထဲက ၁၆ ဦး ထွက်ပြေးပြီး ၂ ဦးက ပကဖဆီခိုလှုံ

တနင်္သာရီတိုင်း၊ မြိတ်မြို့မှာ စစ်ကောင်စီရဲ့ စစ်မှုထမ်းသင်တန်းအတွက် စုဆောင်းခံရတဲ့ လူငယ် ၁၆ ဦး ထွက်ပြေးမှုဖြစ်ခဲ့ပြီး အဲဒီထဲက ၂ ဦးဟာ မြိတ်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)ဆီ မတ် ၆ ရက်က ဆက်သွယ် ခိုလှုံလာတယ်လို့ မြိတ်ပကဖ တာဝန်ရှိသူက ပြောပါတယ်။

မြိတ် ပကဖ ဆီရောက်လာသူ ၂ ဦးဟာ ကိုသက်နိုင်ထွေးနဲ့ ကိုနိုင်ဝင်းထွန်းဆိုသူ အသက် ၃၀ ဝန်းကျင် အမျိုးသားတွေဖြစ်ကြပါတယ်။

သူတို့ ၂ ဦးဟာ ထိုင်းနိုင်ငံ၊ ရနောင်းမြို့မှာ တရားမဝင် အလုပ်လုပ်တာကြောင့် ကိုနိုင်ဝင်းထွန်းက ၂၀၂၄ ခုနှစ် ဒီဇင်ဘာ၊ ကိုသက်နိုင်ထွေးက ၂၀၂၅ ဇန်နဝါရီမှာ ထိုင်းရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးတာ ခံခဲ့ရပါတယ်။

ရနောင်းမှာ အချုပ်ကျပြီး ကော့သောင်းမြို့ကို ဇန်နဝါရီ ၂၁ ရက်မှာ ပြန်ပို့ခံရပြီးနောက် ကော့သောင်းမြို့ က အမှတ် ၄၃၁ ခြေလျင်တပ်ရင်း(ခလရ ၄၃၁) မှာ တစ်ပတ်လောက် နေခဲ့ရတယ်လို့ ထွက်ပြေးလာသူ လူငယ်နှစ်ယောက်ရဲ့ ဖြေဆိုချက်ကို မြိတ်ပကဖ တာဝန်ရှိသူက ပြောပြပါတယ်။

အဲဒီနောက် သူတို့ ၂ နှစ်ဦးဟာ ခလရ ၄၃၁ ကနေ မြိတ်ကို စက်လှေနဲ့တဆင့် ရွှေဒူးပညာရေးကျောင်းကို ပို့ခဲ့ပြီး ဖေဖော်ဝါရီ ၃ ရက်မှာ တခြား စစ်မှုထမ်းဖို့ စုဆောင်းခံရသူလူငယ် ၁၆ ယောက်နဲ့ ထွက်ပြေးခဲ့တယ်လို့ သိရပါတယ်။

ထွက်ပြေးလာတဲ့ထဲက ၄ ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ပြန်ဖမ်းမိသွားပြီး ၁၂ ဦးက လွတ်မြောက် ခဲ့ပါတယ်။

"အဲဒီထဲက ၂ ဦးက မြိတ်ပကဖ တာဝန်ခံကို ဖုန်းဆက်ပြီး ခိုလှုံခွင့် တောင်းလာတယ်။ အခုတော့ သူတို့ကို စောင့်ရှောက်ထား ပါတယ်။ ကျန်တဲ့ ၁၀ ဦး အခြေအနေကိုတော့ မသိထားသေးပါဘူး။ ဒီလူငယ် ၂ ဦး သဘောမေးပြီး သွားချင်တဲ့နေရာကို ပို့ပေးမှာပါ" လို့ မြိတ်ပကဖ တာဝန်ရှိသူက ပြောပါတယ်။

မြိတ်မှာ စစ်မှုထမ်းအတွက် စုဆောင်းထားတဲ့ လူငယ် ၁၆ ဦး ထွက်ပြေးမှုနဲ့ ပတ်သက်ပြီး ဘီဘီစီက တနင်္သာရီတိုင်း စစ်မှုထမ်းစုဆောင်းရေး အာဏာပိုင်တွေဆီ ဆက်သွယ်ဖို့ ကြိုးစားနေပါတယ်။

ပြီးခဲ့တဲ့နှစ်တုန်းကလည်း မြိတ်မြို့နယ်ထဲက စစ်မှုထမ်းလူငယ် ၅ ယောက်လည်း မြိတ်ပကဖဆီ ခိုလှုံရောက်ရှိလာပြီး တော်လှန်ရေးမှာ ပူးပေါင်းပါဝင်နေတယ်လို့လည်း ပြောပါတယ်။

သံတောင်မြို့နယ်က စစ်တပ်ရဲ့သပြေညွန့် တပ်စခန်းကို တော်လှန်ရေးပူးပေါင်းအဖွဲ့တွေ သိမ်း

ကရင်ပြည်နယ်၊ သံတောင်မြို့နယ်၊ သပြေညွန့်ရွာက စစ်ကောင်စီ တပ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်(KNLA) နဲ့ ပြည်သူ့ကာကွယ်ရေးတပ်(PDF) ပူးပေါင်းအဖွဲ့တွေက မတ်လ ၈ ရက် မနက်ပိုင်းမှာ သိမ်းလိုက်ပြီလို့ PDF စစ်ဆင်ရေးနယ်မြေ ၂ ၊ စစ်ဆင်ရေးမှူးက ပြောပါတယ်။

သပြေညွန့်ကျေးရွာတပ်စခန်းဟာ ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်နဲ့ ပဲခူးတိုင်း ထန်းတပင်မြို့နယ်ကြားမှာ ရှိတာပါ။

ပူးပေါင်းအဖွဲ့တွေက အဲဒီစခန်းကို ၂ ရက်ကြာတိုက်ခိုက်အပြီးမှာ သိမ်းလိုက်တာဖြစ်ပြီး စခန်းကို အလုံးစုံ မီးရှို့ဖျက်ဆီးလိုက်တယ်လို့လည်း သိရပါတယ်။

တိုက်ပွဲအတွင်း စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတာ၊ ဒရုန်းတွေနဲ့ ဗုံးကြဲတာတွေ လုပ်ခဲ့တယ်လို့ PDF စစ်ဆင်ရေးမှူးက ပြောပါတယ်။

စစ်တပ်ရဲ့ လေကြောင်း ဗုံးကြဲမှုတွေအတွင်း ဗုံးတွေဟာ ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်၊ အင်းမကြီးကုန်း၊ ကျောက်ကြီးပေါက်နဲ့ ရေဦးတောင်ရွာတွေမှာပါ ကျရောက်ပေါက်ကွဲခဲ့ပါတယ်။

မတ် ၆ ရက်မှာ ဗုံးကျရောက် ပေါက်ကွဲလို့ ကျောက်ကြီးပေါက်ရွာက အရပ်သား ၃ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ကျောက်ကြီးပေါက်ရွာကို မတ် ၈ ရက်ကလည်း လေကြောင်းကနေ ဗုံးကြဲခံရပြီး နေအိမ် ၈ လုံး ပျက်စီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

"ဒေသခံတွေကတော့ အပြင်ကို လွတ်ရာ ပြေးနေကြပြီ။ သပြေညွန့်စခန်းတော့ လက်နက်ကိုင်အဖွဲ့တွေ သိမ်းသွားပြီ၊ ဒီနေ့မနက်တော့ လက်နက်ကြီးသံတွေ တစ်ချက် တစ်ချက် ကြားနေရတယ်။ လေကြောင်းကတော့ ဒီနေ့မှာ အခုထိ မလာသေးဘူး"လို့ လေကြောင်းတိုက်ခိုက်ခံရတဲ့ ကျောက်ကြီးပေါက်ကျေးရွာ ဒေသခံက ပြောပါတယ်။

ကရင်ပြည်နယ် သံတောင်မြို့ဟာ စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်နဲ့ မိုင်တစ်ရာလောက်သာဝေးပြီး ကားနဲ့ဆိုရင် သုံးနာရီဝန်းကျင်လောက် အကွာအဝေးရှိတဲ့ မြို့လည်းဖြစ်ပါတယ်။

ဒါ့အပြင် တောင်ငူခရိုင် ၊ အုတ်တွင်းမြို့နယ်၊ ကျွဲပွဲမြို့နဲ့ ညောင်ခြေထောက်မြို့ကြား၊ ရန်ကုန်-မန္တလေး ကားလမ်းဘေးက ကျောက်တိုင်ရွာမှာရှိတဲ့ စစ်ကောင်စီကာကင်းစခန်းကိုလည်း တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦး သေဆုံးပြီး လက်နက်တချို့ သိမ်းဆည်းရမိတယ်လို့ စစ်ဆင်ရေးနယ်မြေ ၂ ၊ စစ်ဆင်ရေးမှူးက ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးမှု အရေအတွက်ကို ဘီဘီစီ အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

ကွတ်ခိုင်က KIO ရုံးကို TNLA ဝင်စီးတာနဲ့ပတ်သက်လို့ ဗိုလ်ချုပ်ဂွမ်မော် ဘာပြောလဲ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့ထဲက ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဆက်ဆံရေးရုံးကို တအာင်းတပ်(TNLA)က ဝင်ရောက်စီးမှုအပြီး တင်းမာမှု အခြေအနေအပေါ် လူထု သဘောထားယူမယ်လို့ KIO ဒုတိယဗိုလ်ချုပ်ကြီး ဂွမ်မော်က ထုတ်ပြောလာပါတယ်။

ဒုတိယဗိုလ်ချုပ်ကြီး ဂွမ်မော်ဟာ ကချင်လွတ်လပ်ရေးတပ်(KIO/KIA ရဲ့ မူဝါဒတွေကို အကောင်အထည်ဖော်တဲ့အုပ်ချုပ်ရေးအဖွဲ့ဖြစ်တဲ့ ကချင်လွတ်လပ်ရေးကောင်စီ(KIC)ရဲ့ ဒုတိယဥက္ကဋ္ဌလည်း ဖြစ်ပါတယ်။

"ရှမ်းမြောက်လူထုနဲ့ ဒီကြားထဲ အစည်းအဝေးလုပ်မယ်။ လူထုရဲ့ သဘောထား ရယူပြီးရင်တော့ ဆုံးဖြတ်ချက် ချနိုင်မယ်ထင်တယ်"လို့ ဒုတိယဗိုလ်ချုပ်ကြီး ဂွမ်မော်က သူ့ရဲ့ လူမှုကွန်ရက်မှာ ဓာတ်ပုံတစ်ပုံနဲ့ မတ်လ ၈ ရက်မှာ တင်ပါတယ်။

TNLA က KIO ဆက်ဆံရေးရုံးကို ဝင်စီးတဲ့ သတင်းနဲ့အတူ နှစ်ဖက်အဖွဲ့အစည်းကြား အခြေအနေတွေကို ညှိဖို့ မလွယ်ဘူးလား ဆိုတဲ့ မေးခွန်းတစ်ခုကို သူက ပြန်ဖြေထားတဲ့ ဓာတ်ပုံမှာ အခုလို ရေးသား ထားတာဖြစ်ပါတယ်။

ကွတ်ခိုင်မြို့ ပြည်ထောင်စုလမ်းမဘေးမှာ ရှိနေတဲ့ KIO ရုံးကို မတ် ၇ ရက် ညနေပိုင်းမှာ အင်အားတစ်ရာဝန်းကျင်ရှိတဲ့ TNLA တပ်ဖွဲ့ဝင်တွေ ရောက်လာပြီး ရုံးကနေ ထွက်သွားပေးဖို့ ပြောကြရင်း အငြင်းပွားမှု ဖြစ်ခဲ့ကြပါတယ်။

ဒါပေမဲ့ နောက်ဆုံးမှာတော့ KIA တပ်ဖွဲ့ဝင် အယောက် ၂၀ ကျော်က TNLA တပ်တွေရဲ့ ကားပေါ်တက်ပြီး ဆက်ဆံရေးရုံးကနေ ထွက်ခွာပေးခဲ့ရပါတယ်။

အဲဒီနောက်ပိုင်း KIO ရုံးမှာ TNLA တပ်တွေ အထိုင်ချထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

"ညက အဲဒီရုံးကနေ ထွက်လာပြီး TNLA တပ်တွေ ကင်းလှည့်ကြတယ်။ ခေါင်းဆောင်ပိုင်းတွေ ဆွေးနွေးမယ်ဆိုတာလည်း မကြားမိသေးပါဘူး" ကွတ်ခိုင်မြို့က ကချင်တိုင်းရင်းသားတစ်ယောက်က ဘီဘီစီကို ပြောပါတယ်။

ကွတ်ခိုင်မြို့ကို ၁၀၂၇ စစ်ဆင်ရေးကာလမှာ တအာင်းတပ် (TNLA ) နဲ့ ကိုးကန့်တပ်(MNDAA) တို့က ပူးပေါင်းပြီး သိမ်းပိုက်ချိန်မှာ KIA တပ်ဖွဲ့တွေက နမ့်ဖတ်ကာ(ကျေးရွာ) ဘက်ကို ထိုးစစ်ဆင်နေခဲ့ပါတယ်။

ကွတ်ခိုင်မြို့ကို TNLA နဲ့ MNDAA တို့ သိမ်းပိုက်နိုင်ပြီးနောက်ပိုင်းမှာ TNLA က ရပ်ကွက် ၁၊ ၂၊ ၃၊ ၅ ၊ ၈ တို့ကို အုပ်ချုပ်ပြီး MNDAA က ရပ်ကွက် ၆ ၊ ၄ ၊ ၇တို့ကို ခွဲခြားအုပ်ချုပ်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

KIA ကတော့ အုပ်ချုပ်ရေးတွေမှာ မပါဝင်ထားဘူးလို့ မြို့နယ် အခြေအနေတွေကို သိရှိထားတဲ့ ဒေသခံတွေက ပြောပါတယ်။

ကွတ်ခိုင်မြို့မှာ လက်ရှိဖြစ်ပွားတဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ TNLA ပြန်ကြားရေး တာဝန်ရှိသူ လွေးယေဦးကို ဘီဘီစီက ဆက်သွယ်မေးမြန်းထားဆဲဖြစ်ပါတယ်။