အမေရိကန် သမ္မတရဲ့ ရုတ်တရက် ယူကရိန်း ခရီးစဉ် -ဖေဖော်ဝါရီလ ၂၀ ရက် ညပိုင်း နိုင်ငံတကာ သတင်း
အမေရိကန် သမ္မတရဲ့ ရုတ်တရက် ယူကရိန်း ခရီးစဉ်

ဓာတ်ပုံ ရင်းမြစ်, Getty Images
အမေရိကန်သမ္မတ ဘိုင်ဒန် ကိယက်ဗ်ကို ရုတ်တရက် လာရောက်ခဲ့ပြီး ဗလာဒီမီယာ ပူတင်ရဲ့ “ယူကရိန်းမှာ အောင်ပွဲခံမယ်” ဆိုတဲ့ စစ်ပွဲဟာ ရှုံးနေပြီလို့ ပြောလိုက် ပါတယ်။
ရုရှားက ယူကရိန်းကို ကျူးကျော်တဲ့ နှစ်ပတ်လည် မတိုင်မီ သီတင်းပတ် တပတ် အလိုမှာ သမ္မတ ဘိုင်ဒန်က သမ္မတ ဇယ်လန်းစကီးနဲ့ အတူတူတွဲပြီး အခုလို ပြောကြားလိုက်တာဖြစ်ပြီး မစ္စတာ ပူတင်ဟာ ယူကရိန်းနဲ့ သူ့ရဲ့ မဟာမိတ်တွေ အပေါ် အနိုင်ယူနိုင်လိမ့်မယ်လို့ တွက်ဆခဲ့တာက "လုံးဝ အမှား" ပဲလို့လည်း ပြောပါတယ်။
ယူကရိန်း နိုင်ငံသူနိုင်ငံသားတွေ လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်နေကြတဲ့ ဒီလိုအချိန်မှာ အမေရိကန်သမ္မတ လာရောက်တာဟာ အမေရိကန် ယူကရိန်း ဆက်ဆံရေး သမိုင်းတလျောက်လုံးမှာ အရေးအပါဆုံး ခရီးစဉ်ပဲလို့ သမ္မတ ဇယ်လန်း စကီးကပြောပါတယ်။
ရုရှားတွေ ခရိုင်းမီးယားကို စတင်ကျူးကျော်ခဲ့တဲ့ လွန်ခဲ့တဲ့ ၉ နှစ်ကတည်းက အခုအချိန်ထိ ကျဆုံးခဲ့ရတဲ့ စစ်သားတွေကိုလည်း ခေါင်းဆောင် ၂ ယောက်က ဂုဏ်ပြုခဲ့ပါတယ်။
မစ္စတာ ဘိုင်ဒန်ဟာ အမေရိကန်ကို ပြန်မထွက်ခွာခင် ယူကရိန်းကို နောက်ထပ် ဒေါ်လာသန်း ၅၀၀ ဖိုး စစ်ရေး အကူအညီတွေပေးမယ်လို့လည်း ကိယက်ဗ်မှာ ကြေညာခဲ့ပါတယ်။
ပါပူဝါ နယူးဂီနီမှာ နိုင်ငံခြားသားအများအပြား ပြန်ပေးဆွဲခံထားရ

ဓာတ်ပုံ ရင်းမြစ်, Getty Images
ပါပူဝါ နယူးဂီနီက တောင်တန်းဒေသဘက်မှာ သြစတြေးလျ ပညာရှင် တယောက်အပါအဝင် နိုင်ငံခြားသား အများအပြား ဓားစာခံအဖြစ် အဖမ်းခံ ထားရတယ်လို့ ပါပူဝါနယူးဂီနီ အစိုးရအရာရှိတွေက ပြောပါတယ်။
သြစတြေးလျ ရှေးဟောင်းသုတေသန ပါမောက္ခဟာ ပါပူဝါနယူးဂီနီမှာရှိတဲ့ တက္ကသိုလ်တခုက ကျောင်းသားတွေနဲ့အတူ ကွင်းဆင်း လေ့လာရေးခရီးထွက် နေခဲ့တာပါ။
ပြန်ပေးဆွဲသူတွေက ပထမပိုင်းမှာ အဲဒီလေ့လာရေးအဖွဲ့အတွက် လမ်းပြလုပ်ပေးတဲ့ ဒေသခံတွေကို အရင်ဆုံးဖမ်းခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာတော့ အဲဒီဒေသခံတွေကို ပြန်လွှတ်ပေးခဲ့ပါတယ်။
ပါပူဝါနယူးဂီနီ ဝန်ကြီးချုပ် ဂျိမ်းစ် မာရပ်ပေးက စစ်တပ်ကို အဆင်သင့်ပြင်ထားတယ်လို့ သတင်းထောက်တွေကို ပြောပါတယ်။
အင်ကာခေတ်က ရှေးဟောင်းရတနာတွေ ကမ္ဘောဒီးယားပြန်ရ

ဓာတ်ပုံ ရင်းမြစ်, Steve Wakeham
အင်ကာခေတ်က သရဖူ မှာ ဆင်ယင်ကြတဲ့ အဖိုးတန် ရတနာ အများအပြား လန်ဒန်မှာရှိနေတာ ပေါ်ထွက်လာပြီးတဲ့နောက် အခုတော့ ဖနွမ်းပင်ကို ပြန်ရောက် နေပါပြီ။
အဲဒီထဲက ရတနာ တချို့ဆိုရင် ၇ ရာစု လောက်ကတည်းက ရှေးဟောင်းရတနာ တွေပါ။
ဒီအခိုးခံလိုက်ရတဲ့ ရတနာတွေဟာ လူသိများတဲ့ ရှေးဟောင်းပစ္စည်း မှောင်ခိုသမား ဒေါက်ကလပ်စ် လက်ရှ်ဖို့ဒ် ပိုင်ဆိုင်တာဖြစ်ပြီး ပြီးခဲ့တဲ့ နွေရာသီက မစ္စတာ လက်ရှ်ဖို့ဒ်ရဲ့ မိသားစုတွေက ကမ္ဘောဒီးယားကို ပြန်ပေးခဲ့တာပါ။
ဒီရတနာတွေ အများစုက အရင်က မတွေ့ဖူးကြတဲ့ အရာတွေလို့ ကျွမ်းကျင်သူ တွေက ပြောပြီး ဒီ ရှေးဟောင်းပစ္စည်းတွေ ရှိနေသေးတာကို တွေ့ရတဲ့အခါ တကယ့်ကို အံ့သြစရာလို့ ပြောပါတယ်။
ဒီနှစ်နှောင်းပိုင်းလောက်ကျရင် ကမ္ဘောဒီးယားနိုင်ငံရဲ့ အမျိုးသား ပြတိုက်မှာ ဒီရတနာ တွေကို အများပြည်သူအတွက် ပြသထားမယ်လို့ သိရပါတယ်။








