တောင်ပိုင်းနေရာတွေအားလုံး ပြန်ထိန်းနိုင်ပြီလို့ အစ္စရေးပြော - အောက်တိုဘာ ၉ ရက် ညပိုင်း နိုင်ငံတကာသတင်းများ

Gaza

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ဂါဇာကို အစ္စရေးက လက်တုံ့ပြန် ပြန်တိုက်ခိုက်
ရေးသားခဲ့သည်။

ပါလက်စတိုင်း တိုက်ခိုက်ရေးသမားတွေ တိုက်ခိုက်ခဲ့တဲ့ နိုင်ငံ‌တောင်ပိုင်းမှာ နေရာ ကွက်ကွက်လေးတွေ တချို့ကလွဲလို့ အဲဒီက ရပ်ရွာနေရာတွေအားလုံးကို သူတို့ ပြန်ထိန်း ထားနိုင်ပြီလို့ အစ္စရေး စစ်တပ်က ပြောပါတယ်။

တိုက်ပွဲဖြစ်ခဲ့တဲ့ ဧရိယာအားလုံးမှာ ရှာဖွေတာတွေ ဆက်လုပ်နေတယ်လို့ အစ္စရေး စစ်တပ် ပြောခွင့်ရသူက ပြောပါတယ်။

စနေနေ့ မနက်က စခဲ့တဲ့ ဟားမတ်စ်တို့ရဲ့ တိုက်ခိုက်မှုအတွင်း အစ္စရေး ၇၀၀ ကျော် သေဆုံးခဲ့ ပါတယ်။

အစ္စရေး ကာကွယ်ရေး ဝန်ကြီး ယိုအက် ဂယ်လန့်က ဂါဇာကမ်းမြောင်ကို အားလုံး ပိတ်ဆို့ပြီ၊ အစားအစာတွေ၊ လောင်စာဆီ တွေသွင်းလို့မရအောင် ပိတ်ပြီဖြစ်ကြောင်း ပြောပါ တယ်။

ဂါဇာကမ်းမြောင်က လူနေထူထပ်တဲ့ ဂျဘယ်ယာ ဒုက္ခသည်စခန်းကို အစ္စရေးက ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခဲ့ပြီး အနည်းဆုံး လူ ၁၅ ယောက်သေဆုံးခဲ့တယ်လို့ ပါလက်စတိုင်း ကျန်းမာရေးဌာန အရာရှိတွေက တနင်းလာနေ့က ပြောပါတယ်။

ညတုန်းက လေကြောင်းတိုက်ခိုက်မှုတွေက ဟားမတ်စ် ပစ်မှတ်ပေါင်း ၅၀၀ ကျော်ကို ဦးတည် တိုက်ခိုက်ခဲ့တယ်လို့ အစ္စရေးက ပြောပါတယ်။

စနေနေ့တုန်းက ဂါဇာကမ်းမြောင်မှာ အစ္စရေးဒုံးကျည်တိုက်ခိုက်မှုတွေကြောင့် လူပေါင်း ၅၁၁ ယောက် သေဆုံးပြီး ဒဏ်ရာရသူ ၂,၇၅၀ ယောက် ရှိတယ်လို့ ဂါဇာ ကျန်းမာရေးဌာနက ပြောပါတယ်။

ဂါဇာကနေ လူပေါင်း ၁၂၀,၀၀၀ ကျော် သူတို့ရဲ့ အိုးအိမ်တွေကနေ ထွက်ပြေးနေရပြီ လို့ ကုလသမဂ္ဂက ပြောပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ဟားမတ်စ်အဖွဲ့က အစ္စရေးကို ရော့ကက်မစ်ဇိုင်းတွေနဲ့ ဆက်ပစ်နေပြီး ဂျေရုဆလင် ကို ပစ်မှတ်ထားသလို တဲလ်အဗီးနဲ့ အက်ရှ်ကီလွန်နားက ဘင်ဂူရီယန် လေဆိပ်ကို လည်း ပစ်မှတ်ထားခဲ့ပါတယ်။

အစ္စရေး လေကြောင်း ဌာနက အဲဒီလေဆိပ်ကို ဘယ် ရော့ကက်မှ လာမှန်တာမျိုး မရှိ သေးဘူးလို့ ပြောပါတယ်။

အစ္စရေးနဲ့ ဟားမတ်စ်တို့အကြား တိုက်ခိုက်မှုတွေကြောင့် လူစုစုပေါင်း ၁,၂၀၀ ကျော် သေဆုံးခဲ့ပါတယ်။

ဟားမတ်စ်တို့ရဲ့ တိုက်ခိုက်မှုမှာ သူတို့ ဘယ်နေရာကမှ ပါဝင်ပတ်သက်တာ မရှိဘူးလို့ အီရန်က ပြောပါတယ်။

ပါလက်စတိုင်းတို့ဟာ အီရန်က အကူအညီမပါပဲ သူ့ နိုင်ငံကို သူ ကာကွယ်နိုင်စွမ်း ရှိတယ်လို့ အီရန် နိုင်ငံခြားရေးဌာန ပြောခွင့်ရသူက ဆိုပါတယ်။

အီရန်ဟာ အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (Organisation of Islamic Cooperation) - OIC) အရေးပေါ်အစည်းအဝေးခေါ်ဖို့ တိုက်တွန်းထားပါတယ်။

အီရန် နိုင်ငံခြားရေးဌာန ပြောခွင့်ရပုဂ္ဂိုလ်က သူ့နိုင်ငံကို ပစ်မှတ်ထားတဲ့ ဘယ်နိုင်ငံကို မဆို လက်တုံ့ပြန် တိုက်ခိုက်သွားမယ်လို့ သတိပေးပါတယ်။

အခုတိုက်ခိုက်မှုတွေမှာ အီရန်က တိုက်ရိုက်ပါဝင်ပတ်သက်တယ်ဆိုတဲ့ အထောက်အထား မတွေ့ရဘူးလို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး အန်တိုနီ ဘလင်ကန်က ဆိုပါတယ်။

အစ္စရေးကို အရေးပေါ် ခဲယမ်းတွေ ပို့လွှတ်နေပြီလို့ အမေရိကန် အစိုးရက ပြော ပါတယ်။

မြေထဲပင်လယ် အရှေ့ပိုင်းကို လေယာဉ်တင် သင်္ဘောတစီးအပါအဝင် စစ်ရေယာဉ် တွေကို နေရာချထားတယ်လို့ ပင်တဂွန် ဌာနချုပ်ကလည်း ကြေညာထားပါတယ်။

အာဖဂန် ငလျင်ဒဏ်ခံနေရာတွေကို အကူအညီတချို့ စရောက်လာပြီ

Afghan

ဓာတ်ပုံ ရင်းမြစ်, Getty Images

အားပြင်းတဲ့ ငလျင်ကြီး တခု လှုပ်ခတ်ခံခဲ့ရတဲ့ အာဖဂန်နစ္စတန် နိုင်ငံအနောက်ပိုင်းက ရွာတွေဆီကို အစားအစာတွေ၊ ယာယီတဲတွေ၊ စောင်တွေ သယ်ဆောင်လာတဲ့ ထရပ် ကားတွေ စပြီး ဆိုက်ရောက်လာပါပြီ။

ဟာရက် မြို့နားက အဆောက်အအုံအပျက်အစီး ပုံတွေ အောက်မှာ ပိတ်မိနေတဲ့ ရာနဲ့ချီတဲ့ လူတွေကို ကယ်ထုတ်နိုင်ဖို့အတွက် ကယ်ဆယ်ရေးအဖွဲ့တွေက ကြိုးစား နေကြပြီး ‌ဒေသခံအရပ်သား စေတနာ့ဝန်ထမ်းတွေကလည်း ဝိုင်းကူညီ နေကြ ပါတယ်။

စနေနေ့က ငလျင်နဲ့ နောက်ဆက်တွဲ လှုပ်ခတ်မှုတွေကြောင့် တချို့ရွာတွေ လုံးဝကို ပျက်စီးသွားပါတယ်။

လူပေါင်း ၁,၀၀၀ ကျော် သေဆုံးခဲ့တယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။

နောက်ထပ် လူပေါင်း ၅၀၀ လောက်လည်း ပျောက်ဆုံးနေဆဲပါ။

အကူအညီပေးရေးအေဂျင်စီ တခုဖြစ်တဲ့ Save the Children အဖွဲ့က "အကျပ် အတည်း ဆိုက်နေတဲ့ အချိန်မှာ နောက်ထပ်ဖြစ်လာတဲ့ အကျပ်အတည်း ထပ်ဆိုက် နေပြီ" လို့ ဆိုပါတယ်။