အောက်တိုဘာ ၂၂ ရက်ထိပ်တန်းသတင်းများ - ကုန်သွယ်စီးပွား ကန့်သတ်ပိတ်ဆို့မှုတွေရှိတဲ့ရခိုင်မှာ စီးပွားရေးဖိုရမ်ကျင်းပ

ရေးသားခဲ့သည်။

ရခိုင်ပြည်နယ်စီးပွားရေးဖိုရမ် ၂၀၂၃ ကို ရခိုင်ပြည်နယ်စစ်တွေမြို့မှာ အောက်တိုဘာ ၂၂ ရက် ဒီကနေ့မနက်ပိုင်းက စလို့ ကျင်းပပြုလုပ်နေပါတယ်။

အဲဒီဖိုရမ်ကို စစ်ကောင်စီက ဦးဆောင်ကျင်းပတာဖြစ်ပြီး ကျဆင်းနေတဲ့ ရခိုင့်စီးပွားရေးလုပ်ငန်းတွေ တိုးတက်လာစေဖို့ရည်ရွယ်တယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ ရခိုင်ပြည်နယ်ရဲ့ ကုန်စည်သယ်ယူမှုလမ်းကြောင်းတွေမှာ စစ်ကောင်စီက ကန့်သတ်ပိတ်ဆို့ ထားတဲ့အတွက် စီးပွားရေးလုပ်ငန်းတွေ အခက်အခဲနဲ့ ရင်ဆိုင်နေကြရသလို ကုန်စည်ပြတ်လပ်တာ၊ ကုန်ဈေးနှုန်းအဆမတန်ကြီးမြင့်တာတွေလည်း ကြုံနေကြရပါတယ်။

ပြည်နယ်စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့ စွန့်ဦးတီထွင်လုပ်ငန်းရှင်တွေပေါ်ထွက်ရေး၊ လူငယ်နဲ့စီးပွားရေးအနာဂတ်၊ ရခိုင်ပြည်နယ်ရဲ့စီးပွားရေးအနာဂတ်စတဲ့ ခေါင်းစဉ်တွေကို ဆွေးနွေးပွဲစကားဝိုင်းတွေနဲ့ ဆွေးနွေးနေကြတာပါ။

အခုလိုဖိုရမ်မျိုးဟာ ပြည်နယ်ရဲ့လက်ရှိအခြေအနေတွေနဲ့ လိုက်လျောညီထွေမှုမရှိသလို ပြည်နယ်စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် စစ်ကောင်စီအနေနဲ့ ဖြေလျှော့သင့်တာတွေကို ဖြေလျှော့ပေးဖို့လိုအပ်တယ်လို့ ထောက်ပြမှုတွေလည်းရှိနေပါတယ်။

စီးပွားရေးလုပ်ငန်းရှင်တွေကတော့ ရခိုင်မှာစီးပွားရေးလုပ်ငန်းတွေ ပြန်ပြီးလည်ပတ်နိုင်ဖို့နဲ့ တိုးတက်အောင်မြင်ဖို့ဆိုရင် တည်ငြိမ်တဲ့နိုင်ငံရေးအခြေအနေတစ်ခုကို ဖန်တီးနိုင်ဖို့လိုအပ်တယ်လို့ ထောက်ပြပြောဆိုကြပါတယ်။

KNU တပ်မဟာ ၅ နယ်မြေထဲ စစ်ကောင်စီတပ်သား ၇ ဦးသေဆုံး

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ ၅ နယ်မြေ၊ မူတြော်(ဖာပွန်)ခရိုင်ထဲမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်(KNLA)က စစ်ကောင်စီတပ်ဖွဲ့ဝင်နဲ့ တပ်စခန်းတွေကို ပြီးခဲ့တဲ့တစ်ပတ်အတွင်း တိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦး သေဆုံးတယ်လို့သိရပါတယ်။

အောက်တိုဘာလ ၁၆ ရက်ကနေ ၂၀ ရက်အတွင်းဖြစ်ပွားတဲ့တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိခိုက်ဒဏ်ရာရတဲ့အကြောင်း KNU တပ်မဟာ ၅ အာဘော် မူတြော်သတင်းက ဒီနေ့ သတင်းထုတ်ပြန် လာတာဖြစ်ပါတယ်။

ဘူးသိုမြို့နယ်ထဲက ကဝါကျိုးနဲ့ ထွီဖားသူးလူတပ်စခန်းတွေကို အောက်တိုဘာလ ၁၈ ရက်မှာ ဝင်ရောက်တိုက်ခိုက်ချိန် စစ်ကောင်စီ တပ်သား ၄ ဦးသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီမတိုင်ခင် အရင်တစ်ရက် အောက်တိုဘာလ ၁၇ ရက်တုန်းကလည်း လွယ်ဒိုးမြို့နယ်၊ မယ်ဝေဒေသမှာရှိတဲ့ စစ်ကောင်စီရဲ့ ဘလယ်လူစခန်းကို တိုက်ခိုက်ချိန်နဲ့ စခန်းက ထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို စောင့်ဆိုင်းပစ်ခတ်ချိန်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးသေဆုံးပြီး နောက်ထပ် ၂ ဦးဒဏ်ရာရတယ်လို့ မူတြော်သတင်းက ဆိုပါတယ်။

ဒါ့အပြင် ခေါ်ဒေါခိုနဲ့ ထို့ညိုခီးတပ်စခန်းတွေမှာ စခန်းချတဲ့ စစ်ကောင်စီတပ်ကို အောက်တိုဘာလ ၁၆ ရက်မှာ ဝင်ရောက်တိုက်ခိုက်ချိန် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရခဲ့တယ်လို့လည်းသိရပါတယ်။

ဒီအတောအတွင်းမှာပဲ လူသောမြို့နယ်ထဲက ထီးဂေလိုတံတားမှာ တပ်စွဲထားတဲ့ စစ်ကောင်စီလက်‌အောက်ခံ အမှတ် ၄၀၇ ခြေမြန်တပ်ရင်းက လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ထီးဘောဖဒေးရွာထဲကို စိန်ပြောင်း လက်နက်ကျပြီး နေအိမ်နဲ့ ယာခင်းတွေ ပျက်စီးခဲ့တယ်လို့ မူတြော်သတင်းမှာဖော်ပြထားပါတယ်။

ရွာငံမှာ စစ်ကောင်စီယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ DPLF ပြော

ရှမ်းပြည်နယ် တောင်ပိုင်း ၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်အပိုင် ယုံဗွေကွမ်းသီးခြံမှာ စခန်းချပြီးပြန်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ယာဉ်တန်းကို ရေဦးလမ်းမကြီးပေါ်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး(DPLF)က ပြောပါတယ်။

ကား ၄ စီးပါတဲ့အဲဒီယာဥ်တန်းကို မနေ့ အောက်တိုဘာ ၂၁ ရက်၊ မနက် ၈ နာရီမှာ မိုင်းဆွဲတိုက်ခိုက်ချိန် နှစ်စီးမိုင်းထိမှန်ပြီး တစ်စီးက ထိခိုက်မှုများတဲ့အကြောင်း DPLF ဆီက သိရပါတယ်။

‘’တောင်ကြီးကိုသွားမယ်ဆိုပြီး ကျွန်တော်တို့သိရလို့ သေချာမိုင်းဆွဲလိုက်တာ။ တောင်ကြီးခရိုင်ရဲမှူးပါတဲ့ ယာဉ်တန်းပေါ့လေ။ ဒီလေးစီးနဲ့ ခပ်လှမ်းလှမ်းမှာလည်း ပျူစောထီး ကား ၂စီးပါသေးတယ်၊ အဲ့ပျူစောထီးကား ၂ စီးထဲမှာက ရွာငံက အကြီးဆုံးပျူခေါင်းဆောင် ကိုဝင်းမြင့်လည်းပါတယ်" လို့ DPLF တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ပြည်သူ့စစ်အဖွဲ့တွေကို အရပ်အခေါ် ပျူစောထီးလို့ ခေါ်ကြပြီး စစ်ကောင်စီကတော့ ပြည်သူ့စစ်အဖွဲ့တွေဟာ ရပ်ရွာလုံခြုံရေးအတွက် ဖွဲ့စည်းကြတာလို့ ထုတ်ပြောထားပါတယ်။

ဒီလို မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား တစ်ဦးသေဆုံးပြီး တောင်ကြီးခရိုင်ရဲမှူးအပါအဝင် ၄ ဦးဒဏ်ရာပြင်းထန်တယ်လို့လည်း DPLF က ထုတ်ပြန်ပါတယ်။

တိုက်ခိုက်မှုပြီးတဲ့နောက် စစ်ကောင်စီတပ်ဘက်က ပတ်ဝန်းကျင်ကို ပစ်ခတ်မှုတွေလုပ်ခဲ့သလို ရေဦးလမ်းမကြီးကို ပိတ်ဆို့စစ်ဆေးတာတွေ ဒီကနေ့ မနက်အထိ ဆောင်ရွက်နေဆဲလို့ သိရပါတယ်။

မနေ့ အောက်တိုဘာ ၂၂ ရက်တုန်းက အင်းလေးဖောင်တော်ဦးဘုရားပွဲကို စစ်ခေါင်းဆောင် တက်ရောက်ခဲ့ပြီး တောင်ကြီးမြို့ကိုပါ ဆက်သွားခဲ့တာကို ဒီကနေ့ထုတ်သတင်းစာတွေမှာ တွေ့ရပါတယ်။

အခုလို တောင်ကြီးကိုသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်ယာဉ်တန်း ရွာငံမှာ တိုက်ခိုက်ခံရတဲ့အကြောင်းတော့ စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ဘက်က တစုံတရာတုံ့ပြန်လာတာမတွေ့ရသေးပါဘူး။

နမ့်ခမ်းမှာ စစ်တပ်နဲ့ TNLA တိုက်ပွဲဖြစ်

ရှမ်းပြည်နယ်၊ နမ့်ခမ်းမြို့နယ်ထဲက စယ်နေကျေးရွာနဲ့ ဖာပြန်ကျေးရွာကြားကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက စစ်ကြောင်းထိုးလာချိန် နယ်မြေလုံခြုံရေးယူနေတဲ့ တအာင်းတပ် (TNLA) တပ်ဖွဲ့ဝင်တွေနဲ့ ထိပ်တိုက်တွေ့ပြီး မနေ့တုန်းက နှစ်ဖက်တိုက်ပွဲဖြစ်ခဲ့တယ်လို့ TNLA က ပြောပါတယ်။

စစ်ကောင်စီရဲ့ အမှတ် ၇ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ) ၊ အမှတ် ၄၂၇ ခြေမြန်တပ်ရင်း (ခမရ) ရှိရာ ပန်ဟန်ကြီးရွာကနေ စယ်နေရွာဘက်ကို စစ်ကြောင်းထိုးရာကနေ ညနေ ၄ နာရီအထိ တနေကုန်တိုက်ပွဲဖြစ်ခဲ့တာလို့ TNLA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

‘’မနက် ၁၀ နာရီလောက်ကတည်းက တိုက်ပွဲစဖြစ်တာပဲ။ ပန်ဟန်ရွာက တပ်ကလည်း အမြောက်ပစ်ကူပေးတယ်လေ။ ဒီမနက်တော့ ဘာမှမရှိဘူး၊ ငြိမ်နေတယ်" လို့ ရွာသားတစ်ဦးက ပြောပါတယ်။

ဒေသခံတွေအပြောအရ ဒါဟာ နမ့်ခမ်း၊ ပန်ဟန်ကြီးရွာတကြောမှာ အခုကာလထဲ ပထမဆုံးတိုက်ပွဲဖြစ်တာလို့ ‌သိရပါတယ်။

မိုးကုတ်မှာ လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ်တွေမီးလောင်

မနေ့တရက်တည်းမှာပဲ TNLA တပ်မဟာ ၂ စစ်ဒေသအဖြစ်သတ်မှတ်ထားတဲ့ မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်၊ အထက်ညောင်ကုန်းရွာအနီးမှာလည်း စစ်ကောင်စီတပ် တပ်မ (၄၄) လက်အောက်ခံတပ်တွေနဲ့ နေ့လယ်ခင်းမှာတကြိမ်၊ ညနေပိုင်းမှာ တကြိမ်တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ TNLA က ဆိုပါတယ်။

ဖြူရောင်ရွာမှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကလည်း အထက်ညောင်ကုန်းရွာကို လက်နက်ကြီးပစ်ကူပေးသလို ညနေ ၄ နာရီဝန်းကျင်မှာတော့ တံတားဦးလေတပ်ကနေ ဂျက်လေယာဉ် နှစ်စီးနဲ့ ဗုံး ၈ လုံး လာကြဲချခဲ့တယ်လို့ TNLA သတင်းနှင့်ပြန်ကြားရေးဌာနကနေ သိရပါတယ်။

ဒီလို လေကြောင်းတိုက်ခိုက်မှုကြောင့် အထက်ညောင်ကုန်းကျေးရွာက ဒေသခံနေအိမ် ၁၀ လုံးထက်မနည်း ထိခိုက်မီးလောင်ခဲ့တယ်လို့ ပြောပါတယ်။

TNLA ရဲ့ စာရင်းအချက်အလက်အရ အခုလအတွင်း နှစ်ဖက်တိုက်ပွဲ ၁၅ ကြိမ်ရှိပြီလို့ ‌ဖော်ပြထားပြီး စစ်ကောင်စီဘက်ကတော့ TNLA နဲ့ တိုက်ပွဲတွေအကြောင်း ဒီကနေ့ မနက်ပိုင်းအထိ တစုံတရာသတင်းထုတ်ပြန်တာမရှိပါဘူး။