ကမ္ဘာ့အကြီးဆုံး လူစီးကြောင်း ပေါ်ပေါက်တဲ့ တရုတ်ပြည်အားလပ်ရက် ရွှေရောင် သီတင်းပတ် - စက်တင်ဘာ ၃၀ နိုင်ငံတကာ ထိပ်တန်း သတင်း

ဟန်ကျိုးမြို့ ဘူတာကြီးမှ စုပုံနေတဲ့ ခရီးသွားတွေ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဟန်ကျိုးမြို့ ဘူတာကြီးမှ စုပုံနေတဲ့ ခရီးသွားတွေ
ရေးသားခဲ့သည်။

တရုတ်နိုင်ငံမှာ‌ ရွှေရောင် အားလပ်ရက် သီတင်းပတ် စတင်လိုက်တဲ့ ပထမဆုံးရက် သောကြာနေ့မှာပဲ မီးရထားနဲ့ ခရီးထွက်သူပေါင်း ၂၁ သန်းနီးပါးထိ စံချိန်တင် ရှိခဲ့ပါတယ်။

တင်းကျပ်တဲ့ ကိုဗစ် ကန့်သတ်မှုတွေ ပယ်ဖျက်အပြီး ပထမဆုံး ခရီးသွားလာခွင့် ပြန်ရလာခဲ့တဲ့ ရွှေရောင် အားလပ်ရက် သီတင်းပတ် ဖြစ်ပါတယ်။

ဒီ သီတင်းပတ်မှာ တရုတ်နိုင်ငံထဲ လူတွေ သန်းပေါင်းများစွာ တစ်နေရာကနေ တစ်နေရာ သွားကြလေ့ ရှိတဲ့ အတွက်၊ ကမ္ဘာ့ အကြီးဆုံး လူစီးကြောင်းကြီးတွေ ပေါ်ပေါက်လေ့ ရှိတဲ့ အခါသမယ အဖြစ် ညွှန်းဆိုလေ့ ရှိပါတယ်။

ဒီနှစ်မှာတော့ ဆောင်းဦးရာသီ ပွဲတော်နဲ့ အမျိုးသား အားလပ်ရက်တို့နဲ့ အတူ၊ နိုင်ငံအရှေ့ဘက် ဟန်ကျိုးမြို့မှာ အာရှ အားကစား ပြိုင်ပွဲ ကျင်းပ နေတာကြောင့် ပိုပြီးလို့တောင်မှ စံချိန်တင်အောင်ကို လူစီးကြောင်းကြီးတွေ ပေါ်ပေါက်ခဲ့တာ ဖြစ်ပါတယ်။

နာဂိုနို-ကာရာဘာ့ခ်ကနေ အာမေးနီးယား အားလုံးနီးပါး စွန့်ခွာ

အာမေးနီးယားမျိုးနွယ်စုဝင်တွေ နာဂိုနို-ကာရာဘာ့ခ်ကနေ ထွက်ပြေးရ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အာမေးနီးယားမျိုးနွယ်စုဝင်တွေ နာဂိုနို-ကာရာဘာ့ခ်ကနေ ထွက်ပြေးရ

ပိုင်နက်အငြင်းပွားမှု ဖြစ်နေတဲ့ နာဂိုနို-ကာရာဘာ့ခ် နယ်မြေကို အာဇန်ဘိုင်ဂျန်နိုင်ငံက စစ်ရေးနည်း အသုံးပြုပြီး စက်တင်ဘာလ အစောပိုင်း ထိန်းချုပ်လိုက်ချိန်က စလို့၊ အဲဒီ သီးသန့်နယ်မြေ သဖွယ် ဖြစ်နေတဲ့ ဒေသကနေ အာမေနီးယား မျိုးနွယ်စုဝင် တစ်သိန်းကျော် စွန့်ခွာ ထွက်ပြေး ခဲ့ကြရပြီ ဖြစ်တယ် ဆိုပြီး အာမေးနီးယား အစိုးရက ပြောပါတယ်။

တစ်သိန်းကျော် ဆိုတဲ့ ပမာဏဟာ နာဂိုနို-ကာရာဘာ့ခ် ကနေ အာမေးနီးယား မျိုးနွယ်စုဝင် အားလုံးနီးပါး ထွက်ပြေးခဲ့ကြရတယ် ဆိုတဲ့ အဓိပ္ပာယ် ဖြစ်ပါတယ်။

နာဂိုနို-ကာရာဘာ့ခ် ဟာ အာဇာဘိုင်ဂျန်ရဲ့ အစိတ်အပိုင်းအဖြစ် တရားဝင် နိုင်ငံတကာ အသိအမှတ်ပြုမှု ရှိပေမယ့်၊ လက်တွေ့မှာတော့ အာမေးနီးယား မျိုးနွယ်စုဝင်တွေက အဲဒီ ‌‌‌‌ဒေသကို အဓိက စီမံခန့်ခွဲနေခဲ့တာ အနှစ် ၃၀ ရှိပြီ ဖြစ်ပါတယ်။

သီးသန့်သဖွယ် ဖြစ်နေတဲ့ နာဂိုနို-ကာရာဘာ့ခ်ကို အာဇာဘိုင်ဂျန်ထဲ ပြန်ပေါင်းစည်း စေမှာဖြစ်ပး၊ အဲဒီက ‌‌ဒေသခံတွေ အပေါ်လည်း သာတူညီမျှ သဘောထား ဆက်ဆံမယ် ဆိုပြီး အာဇာဘိုင်ဂျန် အစိုးရက ပြောပါတယ်။

အဲဒီမှာ ရှိတဲ့ အာမေးနီးယားတွေကို လိုအပ်တဲ့ စာနာမှု ဆိုင်ရာ အကူအညီတွေ ပေးနေတယ် ဆိုပြီးတော့လည်း အာဇာဘိုင်ဂျန် အစိုးရက လောလောလတ်လတ်ပဲ ထုတ်ပြန်ချက် ထုတ်ပေမဲ့၊ အာမေးနီးယား အစိုးရရဲ့ အထူးသံအမတ် အက်ဒ်မွန် မာယူကယန် Edmon Marukyan ကတော့ အဲဒီအချက် မဟုတ်မှန်ဘူး ဆိုပြီး ဘီဘီစီကို ပြောပါတယ်။

“အဲဒါ အလိမ်အညာ ဝါဒဖြန့်စကားပါ။ အာဇာဘိုင်ဂျန် ထပ်ပြီး ပြောလာပြန်တဲ့ မဟုတ်မမှန် စကားတွေသာ ဖြစ်ပါတယ်။ ဘယ် အာမေးနီယားမှ အဲဒီမှာ ဆက်ပြီး မနေရဲကြတော့ပါဘူး။ နယ်စပ်ကို ဖြတ်ပြေးလာတာ တစ်သိန်းကျော် သွားပြီ ဖြစ်ပါတယ်။ နောက်ဆုံးနည်းနည်းကျန် နေသေးတဲ့ သူတွေလည်း ပြီးခဲ့တဲ့ညကပဲ နာဂိုနို-ကာရာဘာ့ခ် ကနေ စွန့်ခွာခဲ့ကြပြီး ဖြစ်တယ်လို့ သိထားရပါတယ်” ဆိုပြီး ပြောသွားပါတယ်။

ပေါ်ပြူလစ်နဲ့ ပရိုဂရက်ဆစ် အားပြိုင်ကြတဲ့ ဆလိုဗက် ရွေးကောက်ပွဲ

ယူကရိန်းကို စစ်ရေး အထောက်အပံ့ ပေးရေး မပေးရေးပေါ် မူတည် မဲဆွယ်ခဲ့

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ယူကရိန်းကို စစ်ရေး အထောက်အပံ့ ပေးရေး မပေးရေးပေါ် မူတည် မဲဆွယ်ခဲ့

ဆလိုဗက်ကီးယား နိုင်ငံမှာ ပြိုင်ဆိုင်မှု ပြင်းထန်ပြီး သူတင်ကိုယ်တင် အဖြစ်ဆုံး အထွေထွေ ရွေးကောက်ပွဲကို ပြည်သူတွေ မဲထည့် ခဲ့ကြပြီ ဖြစ်ပါတယ်။

ဝန်ကြီးချုပ်ဟောင်း ရောဘတ်ဖီကို ဦးဆောင်တဲ့ လူအများကြိုက် လှုံ့ဆော် တတ်တဲ့ ပေါ်ပြုူလစ် SMER ပါတီဟာ သူတို့သာနိုင်ရင် ယူကရိန်းကို ပေးနေတဲ့ စစ်ဘက်ဆိုင်ရာ အထောက်အပံ့တွေကို ရပ်ပစ်မယ် ဆိုပြီး ‌ကြွေးကြော်ထားပါတယ်။

အပြိုင် ဆလိုဗက်ကီးယား လစ်ဘရယ် တိုးတက်ရေး ပါတီကတော့ ကိယက်ဗ်ကို ဆက်ပြီး ထောက်ပံ့ သွားမယ် ဆိုပြီး ကတိပြုထားပါတယ်။

မဲထည့်ခဲ့သူ တစ်ယောက် ဖြစ်တဲ့ ပါဗယ်ကတော့ ... “ကျွန်တော့် အကြိုက်ကတော့ တိုးတက်ရေး ပါတီက အမတ်လောင်းတွေ ဖြစ်ပါတယ်။ သူတို့ဟာ ခေတ်နဲ့ လိုက်လျော ညီထွေရှိတဲ့ ခေတ်မှီ မော်ဒန် နိုင်ငံရေး သမားတွေ ဖြစ်ကြတယ်လို့ ထင်ပါတယ်” ဆိုပြီး ပြောပါတယ်။

ဒီရွေးကောက်ပွဲရဲ့ ရလဒ်ကနေ ဆလိုဗက်ကီးယားဟာ အရှေ့ကို ယိမ်းမလား၊ အနောက်ကို ယိမ်းမလား ဆိုတာ ပုံဖော် ပေးမှာပဲ ဆိုပြီး ပြောသူတွေလည်း ရှိနေပါတယ်။

အိန္ဒိယ လယ်သမားတွေ ရထားသံလမ်းတွေကို ပိတ်ဆို့ ဆန္ဒပြ

သမဂ္ဂ ၁၉ ခု စုပေါင်း လုပ်တဲ့ လယ်သမားသပိတ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, သမဂ္ဂ ၁၉ ခု စုပေါင်း လုပ်တဲ့ လယ်သမားသပိတ်

အိန္ဒိယနိုင်ငံ မြောက်ပိုင်းမှာတော့ ရထားလမ်းတွေပေါ် လယ်သမားတွေ ပိတ်ဆို့ ဆန္ဒပြနေကြတဲ့ အတွက်၊ ထောင်ပေါင်းများစွာသော ခရီးသည်တွေ လမ်းခရီးတွေမှာ သောင်တင်နေကြပါတယ်။

လတ်တလော ပေါ်ပေါက်ခဲ့တဲ့ ရေကြီးရေလျှံမှုကြောင့် သူတို့ရဲ့ ကောက်ပဲသီးနှံတွေ ပျက်စီးဆုံးရှုံးခဲ့ရတဲ့ အတွက်၊ အာဏာပိုင်တွေ ဘက်က အထောက်အပံ့ အကူအညီတွေ ပေးဖို့ရာ လယ်သမားတွေ တောင်းဆို နေကြတာ ဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံ မြောက်ပိုင်းက ခရိုင်ပေါင်း တစ်ဒါဇင်ကျော်မှာ လယ်သမား သမဂ္ဂပေါင်း ၁၉ ခု စုစည်းပြီး ၃ ရက်ကြာ ဆန္ဒပြနေတာ ဖြစ်ပါတယ်။ သူတို့ ဟစ်ကြွေး တောင်းဆို နေကြတာတွေ ထဲ လက်ကျန် ကောက်ပဲသီးနှံတွေ အတွက် အနည်းဆုံး ကြမ်းခင်းစျေး တရားဝင် သတ်မှတ်ပေးဖို့နဲ့ အမတော်ကြေး ချေးငွေတွေကိုလည်း အစိုးရဘက်က လျှော်ပစ်ဖို့ ဆိုတဲ့ အချက်တွေ ပါဝင်ပါတယ်။

အင်ဒို တောမီးကြောင့် လေထုညစ်ညမ်းမှု ပိုဆိုးရတယ်လို့ မလေးဝေဖန်

ဆုမားတြားနဲ့ ဘိုနီယို နေရာပေါင်း ၃၀၀ ကျော်မှာ တောမီး လောင်ကျွမ်း

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဆုမားတြားနဲ့ ဘိုနီယို နေရာပေါင်း ၃၀၀ ကျော်မှာ တောမီး လောင်ကျွမ်း

မလေးရှားနိုင်ငံရဲ့ အစိတ်အပိုင်း တချို့မှာ လေထုညစ်ညမ်းမှု ပိုပြီး ဆိုးရွားလာရတာဟာ အင်ဒိုနီးရှားထဲမှာ လောင်ကျွမ်းနေတဲ့ တောမီးတွေကြောင့် မလေးရှား အာဏာပိုင်တွေက ပြစ်တင်လိုက်ပါတယ်။

မလေးရှားရဲ့ အနောက်ဘက်ကမ်းရိုးတန်းနဲ့ ဆာရာဝပ်ပြည်နယ်ထဲမှာ အင်ဒို တောမီးတွေကြောင့် ဖြစ်လာရတဲ့ မီးခိုးဒဏ် အခံရဆုံးပဲလို့ မလေးရှားရဲ့ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ တာဝန်ရှိသူတွေက ဆိုပါတယ်။

မလေးရှားနဲ့ နီးတဲ့ ဆူမားတြားနဲ့ ဘိုနီယို ကျွန်းစုတွေမှာ လောင်ကျွမ်းလေ့ရှိတဲ့ အင်ဒိုတောမီးဒဏ်ကို ခြောက်သွေ့ရာသီတွေမှာ နှစ်စဥ် ခံရလေ့ ရှိပြီး၊ အခု နှစ်ကတော့ ၄ နှစ် အတွင်း အဆိုးဆုံးဖြစ်တယ်လို့ မလေးအာဏာပိုင်တွေက ပြောပါတယ်။

ဂြိုဟ်တုဓာတ်ပုံတွေ အရ ဆူမားတြားနဲ့ ဘိုနီယို ကျွန်းစုတွေပေါ် က နေရာပေါင်း ၃၀၀ ကျော်မှာ တောမီးတွေ လောင်ကျွမ်းနေတာ ဖြစ်ပါတယ်။