အညာထက် ပိုပူနေတဲ့ ဥရောပ၊ ၄၈ ဒီဂရီထိ အပူချိန်မြင့်မယ် - ဇူလိုင် ၁၆ ထိပ်တန်း နိုင်ငံတကာ သတင်းများ

ဥရောပ သမိုင်းတလျှောက် စံချိန်တင်အောင် အပူချိန်မြင့်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဥရောပ သမိုင်းတလျှောက် စံချိန်တင်အောင် အပူချိန်မြင့်
ရေးသားခဲ့သည်။

ဥရောပ တချိူ့နိုင်ငံတွေမှာ အပူလှိုင်းဖြတ်နေတဲ့ဒဏ်ကို ပြင်းပြင်းထန်ထန် ခံနေကြရပါတယ်။ အီတလီနိုင်ငံမှာဆိုရင် တောင်ပိုင်း စစ္စလီကျွန်းပေါ်က ပါလျဲမိုး Palermo နဲ့ နောက်ထပ် မြို့ ကြီး နှစ်ခုမှာ တတိယ အကြိမ်မြောက် အဖြစ် အပူလှိုင်း နောက်တချီ ဆက်တိုက် ဝင်လာနိုင်ပြီး၊ အပူချိန် ပြင်းထန်လွန်ကဲ နိုင်ကြောင်း သတိပေးချက် ထုတ်ပြန်ထားပါတယ်။

၄၈ ဒီဂရီ ဆဲလ်ဆီယပ်စ် အထိ မြင့်တက်နိုင်ဖွယ် ရှိတယ်လို့ ခန့်မှန်းထားတာကြောင့် ဒါဟာ ဥရောပ သမိုင်းတလျှောက် အမြင့်မားဆုံး စံတင်ချိန် အပူချိန် ဖြစ်ပါတယ်။

ဂရိနိုင်ငံ၊ အေသင်မြို့ မှာ ရုံးစိုက်တဲ့ ကုလသမဂ္ဂရဲ့ လူဝင်မှု ပြန်လည် နေရာချထားရေး ဌာနက ကမ္ဘာလုံး ဆိုင်ရာ အပူချိန် ပြဿနာ အတွက် ဦးစီးဦးဆောင် တာဝန်ယူထားတဲ့ အယ်လီနီ မီရီဗီလီက အပူဒဏ် ကာကွယ်ရေးနည်းတွေ အကြောင်း ဘီဘီစီကို အခုလို ပြောပါတယ်။

“ဥရောပတခွင်လုံး လူတွေ၊ အိမ်အမိုးကို ဆေးအဖြူတွေ သုတ်ထားသင့်ပါတယ်။ အရောင်ရင့်တွေ၊ အမည်းတွေက အပူကို ပိုပြီး စုပ်ကြလို့ပါ။ တတ်နိုင်သမျှ အရိပ်ထဲမှာပဲ နေသင့်သလို၊ ရေကို သွားလေရာ ဆောင်ထားဖို့ လိုပါတယ်။ အခုအခြေအနေမှာ အထိခိုက်ဆုံး ဖြစ်နိုင်တာက သက်ကြီးရွယ်အို၊ အဖိုးအဖွားတွေနဲ့ ကလေးသူငယ်တွေပါ။ သူတို့ ကို အကာအကွယ်ပြုပေးနိုင်ရေး အာဓိက အာရုံစိုက် လုပ်ဆောင် နေပါတယ်” ဆိုပြီး ပြောသွားတာပါ။

တောင်ကိုရီးယားရေဘေး- ရေပြည့်နေတဲ့ လှိုဏ်ခေါင်းထဲက ၉ လောင်း ပြန်ရထား

ဘတ်စ်ကားထဲလူတချို့ ပိတ်မိသေဆုံး

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဘတ်စ်ကားထဲလူတချို့ ပိတ်မိသေဆုံး

တောင်ကိုရီးယားနိုင်ငံမှာ မိုးသည်းသည်းထန် ရွာခဲ့တဲ့အတွက် ရေကြီးရေလျှံတာတွေ၊ မြေပြိုတာတွေ ဖြစ်ခဲ့တာမှာ၊ ချန်ဂယူ Cheongiu မြို့ကြီး အနီး၊ ကားတွေ ဖြတ်သန်း မောင်းနှင်ရာ မြေအောက် လှိုဏ်ခေါင်းတစ်ခုထဲမှာလည်း ရေတွေ ပြည့်လာခဲ့တဲ့ အတွက် လူတွေ ကားတွေထဲမှာ ပိတ်မိခဲ့ကြပြီး သေဆုံးတဲ့ အထိ ဖြစ်ခဲ့ပါတယ်။

နောက်ဆုံး အတည်ပြုထားနိုင်သမျှ ပြန်လည် ရှာဖွေ တွေ့ရှိထားတဲ့ ရုပ်အလောင်း အနည်းဆုံး ၉ လောင်း ရှိနေပြီ ဖြစ်ပါတယ်။ အဲဒီထဲက တချို့ဟာ ဘတ်စ်ကား တစ်စင်းထဲ ပိတ်မိခဲ့ကြရသူတွေ ဖြစ်ပါတယ်။

ကီလိုမီတာဝက် ရှည်လျားတဲ့ အဲဒီ မြေအောက် လှိုဏ်ခေါင်းထဲမှာ နောက်ထပ် ပိတ်မိ နေသူတွေ ရှိနေဦးမလား ဆိုပြီး ရှာဖွေ ကယ်ဆယ်ရေးတွေ ဆက်လက် လုပ်ဆောင် နေခဲ့ကြပါတယ်။

တောင်ကိုရီးယား တစ်နိုင်ငံလုံးမှာ ဆိုရင် အခု ရေကြီးရေလျှံမှု၊ မြေပြိုမှုတွေကြောင့် သိရှိထားရသမျှ သေဆုံးသူ အနည်းဆုံး ၃၅ ယောက် အထိ ရှိနေပါတယ်။

အင်ဒို-ပစိဖိတ် လွတ်လပ်ကုန်သွယ်ဇုန်ထဲ ဗြိတိန် ပါဝင်လာ

ဗြိတိန်ရဲ့ စီးပွားရေးနဲ့ ကုန်သွယ်ရေး ဝန်ကြီး ကင်မီ ဘာဒင်နော့ခ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဗြိတိန်ရဲ့ စီးပွားရေးနဲ့ ကုန်သွယ်ရေး ဝန်ကြီး ကင်မီ ဘာဒင်နော့ခ်
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ဗြိတိန်နိုင်ငံဟာ အင်ဒို- ပစိဖိတ် လွပ်လပ်စွာ ကုန်သွယ်ရေး အဖွဲ့ CPTTP အဖွဲ့ထဲ ဝင်ရောက် လိုက်ပြီ ဖြစ်ပါတယ်။ ဒါ့ကြောင့် အင်ဒို-ပစိဖိတ် ဒေသတွင်း နိုင်ငံမဟုတ်တဲ့ တစ်ခုတည်းသော အဖွဲ့ဝင်နိုင်ငံ ဖြစ်လာပါတယ်။

ဗြိတိန်ရဲ့ စီးပွားရေးနဲ့ ကုန်သွယ်ရေး ဝန်ကြီး ကင်မီ ဘာဒင်နော့ခ် , Kemi Badenoch က နယူးဇီလန်နိုင်ငံမှာ CPTTP အဖွဲ့ထဲ ဝင်ရောတဲ့ သဘောတူလက်မှတ် ရေးထိုးလိုက်တာ ဖြစ်ပါတယ်။ ဗြိတိန် အနေနဲ့ ဥရောပ သမဂ္ဂ အီးယူထဲကနေ ထွက်ခဲ့ပြီးနောက်၊ ရရှိလာတဲ့ အကြီးမားဆုံး လွတ်လပ်စွာ ကုန်သွယ်ရေး ဆိုင်ရာ သဘောတူမှု ဖြစ်ပါတယ်။ အဲဒီ ပစိဖိတ် ဖြတ်ကျော် ကုန်သွယ်ရေးဇုန်ကြီးထဲမှာ ဩစတြေးလျ၊ နယူးဇီလန်၊ ကနေဒါ၊ ဂျပန်နဲ့ မလေးရှား နိုင်ငံတွေ အပါအဝင် အဖွဲ့ဝင် ၁၁ နိုင်ငံ ရှိနှင့်ထားပါတယ်။ ဗြိတိန်ဝန်ကြီး မစ္စ ဘာဒင်နော့ခ် ပြောတာက “ယူကေနိုင်ငံပါ အဖွဲ့ဝင် ဖြစ်လာတဲ့ အတွက် CPTTP ရဲ့ စုစုပေါင်း ကုန်ထုတ် တန်ဖိုးဟာ ပေါင် တစ်ဆယ့်နှစ် ထရီလျံ အထိအောင် ရှိလာပါတယ်။ ဒါဟာ တစ်ကမ္ဘာလုံးရဲ့ ၁၅% ထိ ရှိပါတယ်။ ဒါပေမယ့် CPTTP ဟာ ပို့ကုန်၊ သွင်းကုန်တွေ အပြန်အလှန် အားကောင်းဖို့ ဆိုတာထက်ကို အနာဂတ် ဘယ်လိုမျိုး ကမ္ဘာကြီးမှာ ကျွန်မတို့ နေလိုသလဲ ဆိုတာအထိ ရည်ရွယ်ချက် ကြီးကြီးမားမား ဖော်ဆောင် ထားရှိထားတာ ဖြစ်ပါတယ်” ဆိုပြီး ပြောပါတယ်။

အမေရိကန်ရဲ့ ရာသီဥတု အထူးသံ တရုတ်ကို ရောက်လာ

တရုတ်ကို ဘိုင်ဒင်အစိုးရက ထိပ်တန်း အရာရှိတွေ ဆက်တိုက်စေလွှတ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, တရုတ်ကို ဘိုင်ဒင်အစိုးရက ထိပ်တန်း အရာရှိတွေ ဆက်တိုက်စေလွှတ်

ရာသီဥတုပြဿနာ ကိုင်တွယ်ရေး ဆိုင်ရာ အမေရိကန် အထူးသံတမန် ဂျွန်ကယ်ရီ တရုတ်နိုင်ငံကို ရောက်ရှိလာပါတယ်။ သမ္မတ အိုဘားမား လက်ထက် နိုင်ငံခြားရေး ဝန်ကြီး တာဝန်ယူခဲ့တဲ့ မစ္စတာ ကယ်ရီဟာ တရုတ် အထူးသံ ရှဲ့ကျင့်ဟွာနဲ့ တွေ့ဆုံပြီး၊ ကမ္ဘာကြီး ပူနွေးလာမှု ပြဿနာကို အမေရိကန်- တရုတ် အတူ ပူးပေါင်းပြီး ဘယ်လို ကိုင်တွယ် ကြမလဲ ဆိုတာကို ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ အဓိကကတော့ ကမ္ဘာပေါ်မှာ ဖန်လုံအိမ်ဓာတ်ငွေ့တွေ အထုတ်လွှတ်ဆုံး ထိပ်ဆုံး နိုင်ငံ ၂ ခု အနေနဲ့ ၊ ကာဗွန်ဓာတ်ငွေ့လျှော့ချရေးမှာ ပူးပေါင်း ဆောင်ရွက်နိုင်ဖို့ ဖြစ်ပါတယ်။ တရုတ် အနေေနဲ့ ပြည့်ဖြိုးမြဲ စွမ်းအင် အသုံးပြုမှုမှာလည်း ကမ္ဘာ့ဦးဆောင် နိုင်ငံ ဖြစ်လာပေမယ့်၊ တချိန်တည်းမှာပဲ ကျောက်မီးသွေး အပေါ်မှာလည်း အကြီးအကျယ် မှီခို နေရဆဲ ဖြစ်ပါတယ်။

မြောက်ကိုရီးယားရဲ့ ဒုံးအန္တရာယ်ကို ရင်ဆိုင်ရေး ပူးတွဲ စစ်ရေး လေ့ကျင့်

မြောက်ကိုရီးယားဒုံးတွေကို ခြေရာခံ ထောက်လှမ်းနိုင်ရေးအတွက် ပြင်ဆင်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, မြောက်ကိုရီးယားဒုံးတွေကို ခြေရာခံ ထောက်လှမ်းနိုင်ရေးအတွက် ပြင်ဆင်

တောင်ကိုရီးယား၊ ဂျပန်နဲ့ အမေရိကန်တို့ ပူးတွဲ စစ်ရေးလေ့ကျင့်ခန်း ပြုလုပ်ခဲ့ပါတယ်။ မြောက်ကိုရီးယားဘက်က ဒုံးကျည်တွေ ပစ်လွှတ်လာခဲ့ရင် ဘယ်လို တုံ့ပြန်ကြမလဲ ဆိုတာကို အဓိက အာရုံစိုက် လေ့ကျင့်ကြတာ ဖြစ်ပါတယ်။ ၃ နိုင်ငံ ရေတပ်က ဖျက်သင်္ဘော ကိုယ်စီဟာ တိုက်ချင်းပစ် ဒုံးကျည်တွေကို ခြေရာခံ ထောက်လှမ်းနိုင်စွမ်း ဘယ်လောက်ရှိသလဲ ဆိုတာကို စမ်းသပ် ခဲ့ကြပါတယ်။ မြောက်ကိုရီးယားက ပစ်ခတ်တဲ့ တာဝေးပစ် ဒုံးကျည် ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက ကျရောက်ခဲ့တဲ့ ဂျပန်နဲ့ ကိုရီးယား ကျွန်းဆွယ်ကြားက ပင်လယ်ပြင်မှာ အဲဒီလို လေ့ကျင့် ခဲ့ကြတာ ဖြစ်ပါတယ်။

ဆူဒန်စစ်အစိုးရက နိုင်ငံခြားတပ်တွေ တိုင်းပြည်ထဲ အဝင်မခံ

ဆူဒန်ပြည်တွင်းစစ်မီး ပြန်တောက်တာ ၃ လ ရှိနေပြီ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဆူဒန်ပြည်တွင်းစစ်မီး ပြန်တောက်တာ ၃ လ ရှိနေပြီ

ဆူဒန်နိုင်ငံမှာ ပြည်တွင်းစစ်ဒဏ် ခံနေရတဲ့ အရပ်သားတွေကို အကာအကွယ် ပြုပေးဖို့ အတွက် အရှေ့အာဖရိကနိုင်ငံများ တပ်ပေါင်းစု နေရာချပေးမယ် ဆိုတဲ့ ကမ်းလှမ်းချက်ကို ဆူဒန် စစ်အစိုးရက ပယ်ချလိုက်ပါတယ်။

ဆူဒန်ရဲ့ အချုပ်အခြာအာဏာကို ချိုးဖောက်ရာကျတဲ့ လုပ်ရပ်ကို လက်မခံနိုင်ဘူးလို့ ဆိုပါတယ်။ ဆူဒန်မှာ ပြည်တွင်းစစ် ထပ်မံ ပေါ်ပေါက်လာတာ ၃ လ ကြာမြင့်နေပြီ ဖြစ်ပြီး၊ အရပ်သား အထိခိုက် အသေဆုံး များပြားနေတဲ့ အတွက် တပ်တွေ စေလွှတ် နေရာချပေးမယ် ဆိုပြီး ဒေသတွင်း အဖွဲ့က ကမ်းလှမ်းခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဆူဒန် ဗိုလ်ချုပ်ကြီး အဗ္ဗဒယ် ဖာ့တဟာ အယ်လ်-ဘူရ်ဟန် Abdel Fattah al-Burhan က ကင်ညာ သမ္မတ ဝီလျမ် ရူတိုးထံကို ဖုန်းဆက်ပြီး အရှေ့အာဖရိက နိုင်ငံများ တပ်ပေါင်းစုကို ဆူဒန်ထဲ အဝင်ခံမှာ မဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။