အောက်တိုဘာ ၂၀ ရက်ထိပ်တန်းသတင်းများ

ရေးသားခဲ့သည်။

မုံရွာသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင် ထောင် ၄ နှစ် ထပ်မံချမှတ်ခံရ

ကိုဝေမိုးနိုင်ဟာ အာဏာသိမ်းအစောပိုင်းကာလတွေမှာ မုံရွာလူထုသပိတ်ကို ဦးဆောင်ခဲ့သူဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, ဝေမိုးနိုင်

ဓာတ်ပုံ ပုံစာ, ကိုဝေမိုးနိုင်ဟာ အာဏာသိမ်းအစောပိုင်းကာလတွေမှာ မုံရွာလူထုသပိတ်ကို ဦးဆောင်ခဲ့သူဖြစ်ပါတယ်။

မုံရွာသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်ကို စစ်ကောင်စီတရားရုံးက ဒီနေ့ အောက်တိုဘာလ ၂၀ ရက်မှာ ထောင်ဒဏ် ၄ နှစ် ထပ်မံချမှတ်လိုက်တယ်လို့ မိသားစုဝင်တွေနဲ့နီးစပ်သူတွေက ပြောပါတယ်။

ကိုဝေမိုးနိုင်ငံကို ပုဒ်မ ၅၀၅-ကနဲ့ ထောင် ၂ နှစ်၊ သဘာဝဘေးဆိုင်ရာစီမံခန့်ခွဲမှု ပုဒ်မ ၂၅ နဲ့ ၂ နှစ် စုစုပေါင်း ထောင် ၄ နှစ်ချမှတ်လိုက်တာလို့ ဆိုပါတယ်။

ပုဒ်မ ၅၀၅- က အမှုဟာ ဆိုင်ကယ် သပိတ်ကို ဦးဆောင်ကာ အကြမ်းဖက်ရန် လှုံ့ဆော်မှု ဆိုပြီး စွပ်စွဲခံရကာ တရားရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။

ဒါ့ကြောင့် ကိုဝေမိုးနိုင်ဟာ အခုဆို ပြစ်ဒဏ်ချမှတ်ခံရတဲ့ထောင်ဒဏ် ၁၄ နှစ်အထိရှိလာပါတယ်။

မုံရွာတက္ကသိုလ်ကျောင်းသားများ သမဂ္ဂ ဥက္ကဋ္ဌဟောင်း ကိုဝေမိုးနိုင်ဟာ ပြီးခဲ့တဲ့ သြဂုတ်လမှာ ပုဒ်မ ၅၀၅-က နဲ့ စွဲဆိုထားတဲ့ အမှု ၅ မှု အတွက် တစ်မှုကို ၂ နှစ်စီ နဲ့ စုစုပေါင်း ထောင်ဒဏ် ၁၀ နှစ် ချမှတ်ံထားရပါတယ်။

မုံရွာလူထုသပိတ်တွေမှာ နေ့စဥ်ရက်ဆက် ပါဝင်ခဲ့တဲ့ ကိုဝေမိုးနိုင်ကို မုံရွာမြို့မှာ ပြီးခဲ့တဲ့နှစ် ဧပြီလ ၁၅ ရက်မှာ ဆန္ဒပြနေစဥ် ကားနဲ့တိုက် ဖမ်းဆီးသွားတာ ဖြစ်ပါတယ်။

ရင်ပေါင်တိုင်ရွာအနီး လေကြောင်းပစ်ခတ်မှုအတွင်း ကိုယ်ဝန်ဆောင်တစ်ဦးအပါအဝင် ၂ ဦး သေဆုံး

Yinmarbin, Sagaing

ဓာတ်ပုံ ရင်းမြစ်, CJ

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် ရင်ပေါင်တိုင်ရွာ၊ ပျားအိုကျေးရွာနဲ့ အနီးဝန်းကျင်ရွာတွေကို အောက်တိုဘာ ၁၉ ရက် မနက် (၁၀) နာရီကျော်မှာ စစ်ကောင်စီတပ်က ရဟတ်ယာဉ် အနည်းဆုံး ၄ စင်းနဲ့ စီးနင်းပစ်ခတ်တာအပြင် စစ်အင်အား ၂၀၀ ‌‌ကျော်ကို တပ်အင်အားချထား‌တာ တွေလုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပြကြပါတယ်။

လေကြောင်းကနေ ပစ်ခတ်ချိန်မှာ အနည်း‌ဆုံး ရွာ ၅ ရွာက ဒေသခံထောင်ချီ ထွက်ပြေးခဲ့ကြရပြီး ရုတ်တရက်လာပစ်တာကြောင့် မထွက်ပြေးနိုင်ဘဲ ဖမ်းမိသူတွေလည်းရှိတယ်လို့ ထွက်ပြေးတိမ်းရှောင်နိုင်ခဲ့သူတွေထံကသိရပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

အဲဒီလိုထွက်ပြေးတိမ်းရှောင်ဖို့ကြိုးစားစဥ် ရင်ပေါင်တိုင်ရွာကနေ ပျားအိုဘုန်းကြီးကျောင်းကိုထွက်ပြေးတိမ်းရှောင်လာတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးနဲ့ အသက် ၆၀ ကျော်အရွယ် အမျိုးသမီးကြီးတစ်ဦးတို့ ကျည်ထိမှန်ပြီးသေဆုံးခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။

“ကိုယ်ဝန်ဆောင်အမျိုးသမီးကတော့မွေးခါနီး ဖြစ်နေပြီ။ လေယာဥ်နဲ့ပစ်နေချိန် ထွက်ပြေးတဲ့အခါမှာ ကျည်ထိမှန်ပြီး သေဆုံးတယ်။ သူအပါအဝင် နှစ်ဦးလို့ သိရတယ်။ ရင်ပေါင်တိုင်နဲ့ အနားက ရွာလေးငါးရွာလောက်က လူထောင်ကျော်က စစ်ဘေးရှောင်နေရတယ်။ မပြေးနိုင်လို့ ပိတ်မိကျန်တဲ့သူတွေရှိတယ်။ ပြေးရင်းနဲ့ ဖမ်းခံရတဲ့သူတွေထဲမှာ ကျွန်တော်တို့သိရတာတော့ မိန်းကလေးတွေကိုတော့ပြန်လွှတ်ပေးတယ်။ ယောကျ်ားလေးတွကိုတော့ဖမ်းထားတယ်။ နောက် ရင်ပေါင်တိုင်ရဲ့အနောက်ဘက်က ပျားအိုရွာမှာပေ့ါ။ ဖားကန့်ကိုအလုပ်လုပ်ဖို့ထွက်လာတဲ့ ကားလည်း ရဟတ်ယာဥ်နဲ့ပစ်တော့ ဘုန်ကြီးကျောင်းထဲပြန်ဝင်ရတယ်။ အဲဒီကားပေါ်ကမိန်းကလေးတွေကိုတော့ပြန်လွှတ်တယ်။ ယောကျ်ားလေးတွေကိုတော့ဖမ်းထားတယ်လို့သိရတယ်။ လက်နက်ကြီးသံနှစ်ချက်လောက်ကြားတယ်။ မီးခိုးလုံးတွေတက်လာတာတွေ ကိုယ်တိုင်မြင်ရတယ်။ ဘာမှ တိုက်ပွဲလည်းမရှိဘူး။ ဘာပီဒီအက်ဖ်လည်းမရှိဘူး။ ဘာအစည်းအဝေးမှလည်းမရှိဘူး။ အဲဒါကိုရုတ်တရတ်ရောက်လာတာပါ”လို့ဒေသခံတစ်ဦးကပြောပါတယ်။

အခုလိုစစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုအတွင်းကိုယ်ဝန်ဆောင်အပါအဝင် နှစ်ဦးသေဆုံးမှုနဲ့ပတ်သက်လို့ စစ်ကောင်စီကိုဘီဘီစီက ဆက်သွယ်မေးမြန်းဖို့ကြိုးစားနေပါတယ်။ လက်ရှိအချိန်အထိ ရင်ပေါင်တိုင်နဲ့အနီးတဝိုက်ကျေးရွာတွေမှာစစ်ကောင်စီတပ်တွေက နေရာယူတပ်စွဲထားတယ်လို့ သိရပါတယ်။

ပေါက်မြို့နယ်တောင်ပိုင်းက ဒေသခံ ၆ ထောင်နီးပါး ဘေးလွတ်ရာတိမ်းရှောင်နေရ

နေရပ်ကို တိမ်းရှောင်စွန့်ခွါနေရတဲ့ပေါက်တောင်ပိုင်းဒေသခံတွေ

ဓာတ်ပုံ ရင်းမြစ်, Pauk Newsletter

ဓာတ်ပုံ ပုံစာ, နေရပ်ကို တိမ်းရှောင်စွန့်ခွါနေရတဲ့ပေါက်တောင်ပိုင်းဒေသခံတွေ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်တောင်ပိုင်းမှာ စစ်ကောင်စီတပ်က ပျူစောထီးလက်နက်ကိုင်အဖွဲ့တွေနဲ့အတူ ရွာစဥ် ဝင်ရောက်စီးနင်းရှာဖွေနေတာကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ဒေသခံ ၆ ထောင်နီးပါးအထိရှိနေတယ်လို့ သိရပါတယ်။

ပေါက်မြို့နယ်တောင်ပိုင်းကို စစ်ကောင်စီတပ်က ပျူစောထီးတွေနဲ့အတူ ဝင်ရောက်လာတာကြောင့် သီးခြောက်ရွာ၊ ရွာသာအေး၊ လယ်လန်း၊ မြေခြား၊ သပွတ်စု၊ သရက်လေးပင်၊ တောင်ချို၊ ဒေါင်းသာ၊ ခင်ရှည်၊ တောင်မြင့်စတဲ့ကျေးရွာတွေက ဒေသခံတွေဟာ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရတာဖြစ်ပါတယ်။

စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေ ရွာစဥ်ဝင်နေတာကြောင့် ထွက်ပြေးတိမ်းရှောင်နေရတာလို့လည်းဆိုကြ

ဓာတ်ပုံ ရင်းမြစ်, Pauk Newsletter

ဓာတ်ပုံ ပုံစာ, စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေ ရွာစဥ်ဝင်နေတာကြောင့် ထွက်ပြေးတိမ်းရှောင်နေရတာလို့လည်းဆိ

ဒေသခံတွေအပြောအရတော့ စစ်ကောင်စီတပ်ဟာ တိုက်ပွဲမရှိဘဲ အဲဒီကျေးရွာတွေကို ပြီးခဲ့တဲ့အောက်တိုဘာလ ၁၂ ရက်ကတည်းက ဝင်ရောက်ကာ ကျေးရွာတွေထဲကို မီးရှို့တာ၊ ဒေသခံတွေကို ဖမ်းဆီး ရိုက်နှက်တာနဲ့ ဒေသထွက်သီးနှံနဲ့ အိမ်မွေးတရိစ္ဆာန်တွေကို ယူဆောင်တာတွေလည်း ပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၂ ရက်ကနေ ၁၄ ရက်အတွင်း စစ်ကောင်စီတပ်က သီးခြောက်ရွာကို ဝင်ရောက်ချိန် နေအိမ်တွေကို မီးရှို့ခဲ့တာကြောင့် အိမ်အလုံးရေ ၂၀၀ ကျော်မီးထဲ ပါသွားခဲ့တယ်လို့ ရွာခံတွေက ပြောပါတယ်။

ဒါ့ပြင် စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း တောင်မြင့်ကျေးရွာကို ဝင်ရောက်ချိန် သစ်ညီနောင်ကျေးရွာက ပုဂ္ဂလိက ကျောင်းဆရာ ဦးစောထွန်းမိုးဟာ ဖမ်းဆီးသတ်ဖြတ်ခံရပြီး အလောင်းကို တောင်မြင့်ကျေးရွာကျောင်းအရှေ့မှာ စွန့်ပစ်ထားတာကို တွေ့ရှိခဲ့ရတယ်လို့ ဒေသခံတွေက ဘီဘီစီကိုပြောပြထားပါတယ်။

လက်ရှိမှာတော့ ဘေးလွတ်ရာတိမ်းရှောင်ထွက်ပြေးနေရတဲ့ ဒေသခံ ထောင်ချီဟာ နေအိမ်တွေ မီးရှို့ခံရတာ၊ စစ်ကောင်စီတပ်က စစ်ကြောင်းလှည့်လှည်တာတွေကြောင့် နေရပ်မပြန်နိုင်သေးဘဲ အခက်အခဲတွေ ကြုံနေရတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ဘက်ကတော့ ပေါက်မြို့နယ်အတွင်းက စစ်ရေးအခြေအနေတွေနဲ့ ပတ်သက်ပြီး သတင်းထုတ်ပြန်တာမရှိသေးပါဘူး။

နောက် ပျူစောထီးရှိတယ်ဆိုတဲ့အချက်ကိုလည်း စစ်ကောင်စီပြောခွင့်ရသူက အစောပိုင်းကတည်းက ငြင်းဆိုထားပါတယ်။

မလေးရှားကိုထိုင်းကတစ်ဆင့် သွားဖို့ ကြိုးစားတဲ့မြန်မာအလုပ်သမား ၃၀ ကိုထိုင်းအာဏာပိုင်တွေဖမ်းဆီး

Illegal Myanmar Workers

ဓာတ်ပုံ ရင်းမြစ်, Ratchaburi Public Relation

ဓာတ်ပုံ ပုံစာ, ဖမ်းဆီးခံထားရတဲ့မြန်မာလုပ်သားတချို့

ထိုင်းနိုင်ငံထဲကနေတစ်ဆင့်  မလေးရှားနိုင်ငံကိုတရားမဝင် သွားရောက်အလုပ်လုပ်ကိုင်ဖို့ ကြိုးစားတဲ့ မြန်မာအလုပ်သမား ၃၀ ကို ထိုင်းနိုင်ငံ၊ ရက်ချ်ချာဘူရီခရိုင်ထဲက ကြံစိုက်ခင်းတစ်ခုအတွင်းမှာ ပြီးခဲ့တဲ့အောက်တိုဘာ ၁၈ ရက် ညပိုင်းက ဖမ်းဆီးခဲ့တယ်လို့ ထိုင်းဒေသတွင်းရဲတပ်ဖွဲ့နဲ့ လူဝင်မှုကြီးကြပ်ရေးအရာရှိတွေကိုကိုးကားပြီးဘန်ကောက်ပို့စ်သတင်းကဖော်ပြပါတယ်။

အောက်တိုဘာ ၁၈ ရက်ညပိုင်းမှာ  ဒေသခံတစ်ဦး ငါးဖမ်းထွက်စဥ် အနီးက ကြံစိုက်ခင်းတွေထဲ ပုန်းအောင်းနေတဲ့ အမျိုးသားအမျိုးသမီးတွေကို တွေ့ရှိခဲ့တဲ့နောက် အခုလို ဖမ်းဆီး ထိန်းသိမ်းခဲ့တာဖြစ်ကြောင်း   ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။

အမျိုးသား ၂၆ ဦးနဲ့အမျိုးသမီး ၄ ဦး စုစုပေါင်း ၃၀ ဦးလုံးဟာ မြန်မာနိုင်ငံကနေတရားမဝင်ဝင်ရောက်လာသူတွေဖြစ်ပြီး စစ်ဆေးမေးမြန်းချက်အရ သူတို့ဟာ နယ်စပ်ကိုဖြတ်ကာ ကန်ချနာဘူရီခရိုင်ထဲကိုရောက်ရှိလာပြီးအဲဒီကတစ်ဆင့် ရာချ်ချာဘူရီခရိုင်ထဲက စိုက်ခင်းထဲကို ကားမောင်းပြီးပို့ဆောင်ခံရတာဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီကမှတစ်ဆင့် မလေးရှားနိုင်ငံကို ပို့ဆောင်ပေးမယ့် ကားကိုစောင့်နေစဥ်မှာအခုလိုဖမ်းဆီးခံရတာဖြစ်ပါတယ်။

သူတို့ဟာအခုလိုထိုင်းကိုဖြတ်ပြီးမလေးရှားနိုင်ငံကိုပို့ဆောင်ပေးဖို့ ပွဲစားကို တစ်ဦးဘတ် ၃၅၀၀၀ ပေးခဲ့ရပြီး ဘတ် ၂ သောင်းက ထိုင်းနိုင်ငံထဲကိုအရောက်ပို့ဆောင်ခနဲ့  မလေးရှားနိုင်ငံမှာ အလုပ်အကိုင်ရရှိစေမယ့်ကတိကဝတ်နဲ့ မလေးရှားနိုင်ငံထဲအရောက်ပို့ဆောင်ဖို့ ဘတ် ၁ သောင်းခွဲ ပေးရတာလို့သိရပါတယ်။

သူတို့မှာ ခရီးသွားစာရွက်စာတမ်းဘာအထောက်အထားမှမရှိဘဲ ၄င်းတို့ကို ရဲတပ်ဖွဲ့ထံလွှဲပြောင်းကာ ဥပဒေကြောင်းအရဆက်လက်လုပ်ဆောင်သွားမှာဖြစ်ပြီး နောက်ပိုင်းမှာ မြန်မာနိုင်ငံထဲပြန်ပို့မှာဖြစ်တယ်လို့ ဘန်ကောက်ပို့စ်ကရေးသားထားပါတယ်။

 

ခိုလှုံခွင့်တောင်းတဲ့မြန်မာရေတပ်အရာရှိဟောင်းတွေ အပါအဝင် လူပေါင်း ၁၅၀ ကို မလေးရှားက နေရပ်ပြန်ပို့

Myanmar Returnees

ဓာတ်ပုံ ရင်းမြစ်, Myanmar Embassy in Malaysia

မလေးရှားနိုင်ငံကနေ မြန်မာနိုင်ငံကို ပြန်ပို့လိုက်တဲ့ လူပေါင်း ၁၅၀ ထဲမှာ ခိုလှုံခွင့်တောင်းခံထားတဲ့ မြန်မာရေတပ်အရာရှိဟောင်း ၆ ဦးလည်း ပါဝင်တယ်ဆိုပြီး ရိုက်တာသတင်းဌာနက ဖော်ပြလာပါတယ်။

 

 မလေးရှားအာဏာပိုင်တွေဟာ အဲဒီရေတပ်အရာရှိဟောင်း ၆ ဦးကို ပြီးခဲ့တဲ့လတုန်းက ဖမ်းဆီးခဲ့တာဖြစ်ပြီး အောက်တိုဘာလ ၆ ရက်မှာ လေယာဥ်နဲ့ မြန်မာနိုင်ငံကို ပြန်ပို့ခဲ့တာလို့ ဒီဖြစ်စဥ်ကို သိရှိတဲ့သတင်းရင်းမြစ်တွေကို ကိုးကားပြီး သတင်းဌာနက ရေးသားဖော်ပြလာတာဖြစ်ပါတယ်။

 

အဲဒီလိုပြန်ပို့ခံရသူတွေထဲက ကိုကျော်လှဆိုသူ ရေတပ်အရာရှိဟောင်းနဲ့ သူ့ဇနီး မဌေးဌေးရီဆိုသူတို့ဟာ ရန်ကုန်မြို့ပြန်အရောက်မှာ ဖမ်းဆီးခံလိုက်ရတယ်လို့ သိရပြီး ဖမ်းဆီးခံရတဲ့အကြောင်းရင်းကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။

သူတို့ဇနီးမောင်နှံဟာ မလေးရှားနိုင်ငံထဲမှာ နေထိုင်ခွင့်နဲ့ပတ်သက်ပြီး ခိုင်မာတဲ့စာရွက်စာတမ်းမပြနိုင်တာကြောင့် ဖမ်းဆီးခံရပြီး မြန်မာကို ပြန်ပို့ခံခဲ့ရတာလို့ သတင်းရင်းမြစ်တွေက ပြောထားတယ်လို့လည်း ရိုက်တာက ဆိုပါတယ်။

 

ဒါပေမဲ့ မ‌ဌေးဌေးရီအပါအဝင် နောက်ထပ် ရေတပ်အရာရှိဟောင်း ၃ ဦးထက်မနည်းဟာ ဒုက္ခသည်ဖြစ်ကြောင်း သက်သေပြနိုင်ဖို့ ကတ်လျှောက်ထားပြီးပြီဖြစ်ပြီး ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံးဆီကနေ အကာအကွယ်ရဖို့ ကြိုးပမ်းနေ ခဲ့သူတွေလို့လည်း သိရတယ်လို့ ရိုက်တာက ဖော်ပြပါတယ်။

 

မလေးရှားနိုင်ငံမှာရှိတဲ့မြန်မာသံရုံးကတော့ မလေးရှားလူဝင်မှုကြီးကြပ်ရေးအာဏာပိုင်တွေနဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့ မြန်မာနိုင်ငံသား ၁၅၀ ကို ‌အောက်တိုဘာလ ၆ ရက်မှာ လေယာဥ်နဲ့ ပြန်ပို့ခဲ့တယ်လို့ လူမှုကွန်ရက်မှာ သတင်းထုတ်ပြန်ပေမဲ့ အဲဒီထဲမှာ ရေတပ်အရာရှိဟောင်းတွေ ပါ၊ မပါကို တော့ ဖော်ပြထားတာမတွေ့ရပါဘူး။

 

ဒီသတင်းနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်ကိုရော၊ မလေးရှားလူဝင်မှုကြီးကြပ်ရေး၊ နိုင်ငံခြားရေးနဲ့ ဝန်ကြီးချုပ်ရုံးတို့ ဘက်ကရော မှတ်ချက်ရဖို့ ဆက်သွယ်ပေမဲ့ အကြောင်းမပြန်ခဲ့ဘူးလို့ ရိုက်တာသတင်းဖော်ပြပါတယ်။ ပြန်ပို့ခံရသူတွေဟာ နိုင်ငံရေးခိုလှုံခွင့် လျှောက်ထားသူတွေ ဟုတ်မဟုတ်ကို ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက မပြောပေမဲ့ ပြန်ပို့ခံရတဲ့ကိစ္စတွေကိုတော့ အလွန်အမင်းစိုးရိမ်တယ်လို့ ပြောထားပါတယ်။

 

မလေးရှားဟာ မြန်မာပြည်တွင်း စစ်အာဏာသိမ်းမှုကို ပွင့်ပွင့်လင်းလင်းရှုတ်ချထားတဲ့နိုင်ငံဖြစ်ပေမဲ့ ခိုလှုံခွင့်တောင်းခံနေသူတွေကို မြန်မာကို ပြန်ပို့တယ်ဆိုတဲ့သတင်းကြောင့် လူ့အခွင့်အရေးအဖွဲ့တွေရဲ့ဝေဖန်မှုခံနေရပါတယ်။

ပုသိမ်မှာ PDF နဲ့ ဆက်စပ်တယ်ဆိုပြီး လူ ၃၀ ထက်မနည်းကို ဖမ်းဆီးထား

Pathein, Arrwaddy Division

ဓာတ်ပုံ ရင်းမြစ်, Social Media

ဓာတ်ပုံ ပုံစာ, ပုသိမ်မှာ လုံခြုံရေးယူနေတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့/ပုံဟောင်း

ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်အတွင်းမှာ PDF တွေကို ဆက်သွယ်ထောက်ပံ့တာနဲ့၊ ဆက်စပ်မှုရှိတယ် ဆိုတဲ့ စွပ်စွဲချက်နဲ့ ဒေသခံ ၃၀ ကျော်ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာ ရဲနဲ့ စစ်တပ်တို့ရဲ့ ဖမ်းဆီးတာကိုခံခဲ့ရတယ်လို့ နယ်မြေအခြေအနေသိရှိသူတွေနဲ့ မိသားစုဝင်နဲ့နီးစပ်သူတွေထံကသိရပါတယ်။

ဖမ်းဆီးခံရသူတွေအခြေ အနေကိုဖမ်းဆီးပြီးကတည်းက သတင်းအစအနမသိရတာကြောင့် မိသားစုတွေကလည်း စိုးရိမ်ပူပန်မှုတွေ ရှိနေပါတယ်။

အောက်တိုဘာ ပထမအပတ်အတွင်းမှာပဲ ပုသိမ်မြို့နယ်ထဲက ဒေသခံ ၁၂ဦးကို စတင်ဖမ်းဆီးခဲ့ပြီး၊ အဲဒီကနေ ဆက်စပ်တဲ့သူတွေအပြင်၊ ကာကွယ်ရေးအဖွဲ့တွေနဲ့ ဆပ်စပ်မှုရှိတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ နောက်ထပ်အယောက် ၂၀ ကျော် ကိုထပ်မံဖမ်းဆီးခဲ့တာလို့ သိရပါတယ်။

ဧရာဝတီတိုင်းအတွင်းမှာ PDF တွေနဲ့ ဆက်စပ်တာအပြင် စစ်အာဏာသိမ်းမှုကိုဆန့်ကျင်တဲ့ လှုပ်ရှားမှုမှန်သမျှကို စစ်တပ်နဲ့ ရဲတို့က စဥ်ဆက်မပြတ်ဖမ်းဆီးတာမျိုးတွေ အရင်လတွေကတည်းကရှိခဲ့တာလို့ မြေပြင် သိရှိသူတွေကပြောပြကြပါတယ်။

အခုဖမ်းဆီးမှုကတော့ လူဦးရေအစုလိုက်အများဆုံးကို စွပ်စွဲဖမ်းဆီးတဲ့ ပထမဆုံးအကြိမ်လည်းဖြစ်ပါတယ်။

ဖမ်းဆီးခံရသူတွေထဲမှာ အမျိုးသမီးအနည်းဆုံး ၆ ဦးပါနေတယ်လို့ မြေပြင်သိရှိသူတွေနဲ့ မိသားစုနဲ့နီးစပ်သူ တွေထံကသိထားရပေမယ့် ဘီဘီစီကတော့ သီးခြားအတည်ပြုလို့မရသေးပါဘူး။

စွပ်စွဲဖမ်းဆီးခံရသူတွေက သာမန်အရပ်သားတွေသာဖြစ်တယ်လို့ ဖမ်းဆီးခံရသူတစ်ဦးရဲ့ မိသားစုဝင်တစ်ဦးက ဘီဘီစီကိုပြောပါတယ်။

လက်ရှိအချိန်ထိဖမ်းဆီးခံထားရသူတွေရဲ့ အခြေအနေကို မိသားစုဝင်တွေက တိတိ ကျကျမသိကြရလို့ စိုးရိမ်ပူပန်နေရတယ်လို့ ဆိုကြပါတယ်။

စွပ်စွဲဖမ်းဆီးခံရသူတွေကို ရဲစခန်းအချုပ်တွေမှာထားတာရှိသလို၊ အချို့ကိုလည်း ပုသိမ်အနောက်တောင် တိုင်း၊ စစ်ဌာနချုပ်စခန်းစစ်ကြောရေးစခန်းအတွင်းမှာ ထားရှိကြတယ်လို့ ပြောဆိုကြတာတွေလည်းရှိပါတယ်။

ပြီးခဲ့တဲ့တစ်နှစ်ခွဲအတွင်း ပုသိမ်အကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား ၆၀၀ ကျော်နဲ့ နိုင်ငံရေးအကျဉ်းသူ ၇၀ ကျော်ရှိပြီး ထောင်တွင်းထဲမှာရှိတဲ့ တရားရုံးက ထောင်ဒဏ်ချမှတ်ခဲ့သူ အယောက် ၁၀၀ ကျော်ရှိတယ်လို့ နိုင်ငံရေးအကျဥ်းသားတွေကိုကူညီပေးနေတဲ့ အဖွဲ့တွေထံကသိရပါတယ်။

အင်းစိန်ထောင်တွင်းအထူးတရားရုံးစစ်ဆေးမှုတွေရပ်နား ထောင်ဝင်စာလည်းပိတ်

Insein Prison

ဓာတ်ပုံ ရင်းမြစ်, ပေးပို့

အင်းစိန်ထောင်မှာ မနေ့အောက်တိုဘာ ၁၉ ရက်နေ့က ပေါက်ကွဲမှု ဖြစ်ပွားခဲ့တဲ့နောက် အကျဥ်းထောင်တွင်း အထူးတရားရုံးတွေကို ခုနစ်ရက် ရပ်နားထားမယ်လို့သိရပြီး ထောင်တွင်းကနေ ပြင်ပကိုရုံးထုတ်စစ်ဆေးတဲ့ အကျဥ်းသားရုံးထုတ်တွေကိုလည်း ရပ်နားထားတယ်လို့ သိရကြောင်း အင်းစိန်ထောင်နဲ့နီးစပ်သူတွေထံက သိရပါတယ်။ 

ဒါ့အပြင် မန္တလေးက အိုးဘိုအကျဥ်းထောင်မှာလည်း လတ်တလောမှာ ရက်အကန့်အသက်မရှိ  ထောင်ဝင်စာပိတ်ထားမှာဖြစ်ပြီး ထောင်ဝင်စာပြန်လည်ပို့ဆောင်လို့ရမယ့်ရက်ကို သင့်တော်တဲ့အချိန်မှာပြန်လည်ကြေညာမယ်လို့ သိရကြောင်း အိုးဘိုထောင်နဲ့နီးစပ်သူတွေထံက သိရပါတယ်။

အင်းစိန်ထောင်မှာ အောက်တိုဘာ ၁၉ ရက်နေ့ မနက်က ထောင်ဝင်စာပေးပို့တဲ့နေရာအနီး ပေါက်ကွဲမှု ၂ ကြိမ်နဲ့ ပစ်ခတ်မှုတွေဖြစ်ပွားခဲ့တာကြောင့် အကျဥ်းဦးစီး ဝန်ထမ်း ၃ ဦးနဲ့ နိုင်ငံရေးအကျဥ်းသား ၂ ဦးရဲ့ မိခင်အပါအဝင် ထောင်ဝင်စာလာရောက်ပို့ဆောင်တဲ့အကျဥ်းသားမိသားစုဝင် ၅ ဦး စုစုပေါင်း ရှစ် ဦး သေဆုံးခဲ့ရသလို ၁၈ ဦးလည်းထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

ဒီဖောက်ခွဲမှုကိုတော့ Special Task Agency Burma အဖွဲ့က တော့ အင်းစိန်ထောင်တွင်းက ထောင်မှူးကို ပစ်မှတ်ထားတဲ့တိုက်ခိုက်ဖောက်ခွဲမှုပြုလုပ်ခဲ့တယ်ဆိုပြီးထုတ်ပြန်ထားပါတယ်။

အင်းစိန်ထောင်နဲ့အိုးဘိုထောင်အပါအဝင် နိုင်ငံတဝန်းကအကျဥ်းထောင်တချို့ အခုလို ထောင်ဝင်စာတွေ ပိတ်ပင်တယ်ဆိုတာနဲ့ပတ်သက်ပြီး ဘီဘီစီက အကျဥ်းဦးစီးဌာနထံ ဆက်သွယ်မေးမြန်းဖို့ကြိုးစားနေပါ တယ်။

အင်းစိန်ထောင်ပေါက်ကွဲမှု NUG စုံစမ်းစစ်ဆေးမယ်

Insein Prison

ဓာတ်ပုံ ရင်းမြစ်, ပေးပို့

အရပ်သားထိခိုက်စေတဲ့ လုပ်ရပ်ကျုးလွန်တဲ့ဘယ်သူမဆို တရားဥပဒေနဲ့အညီ အရေးယူဆောင်ရွက်မယ်လို့ဆို

ရန်ကုန်အင်းစိန်အကျဥ်းထောင်မှာ မနေ့အောက်တိုဘာ ၁၉ ရက်က ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှု ပစ်ခတ်မှုတွေနဲ့ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ ​NUG က စုံစမ်းလျက်ရှိပြီး ဒီဖြစ်စဥ်အတွင်း သေဆုံးခဲ့ရတဲ့အရပ်သားပြည်သူတွေရဲ့သေဆုံးရတဲ့အကြောင်းကိုလည်း စုံစမ်းစစ်ဆေးနေတယ်လို့မနေ့အောက်တိုဘာ ၁၉ ရက်ညပိုင်းမှာထုတ်ပြန်လာပါတယ်။

ပေါက်ကွဲမှုဖြစ်ပွားတဲ့နေံရက်ဟာ အင်းစိန်ထောင်တွင်းမတရားဖမ်းဆီးခြင်းခံထားရတဲ့နိုင်ငံရေးအကျဥ်းသားတွေ ရုံးထုတ်ရက်နဲ့ထောင်ဝင်စာပေးပို့နိုင်တဲ့ရက်ဖြစ်တာကြောင့် ပေါက်ကွဲပစ်ခတ်မှုများဖြစ်ပွားတဲ့ဖြစ်စဥ်အတွင်း သေဆုံးခဲ့ကြရတဲ့ အပြစ်မဲ့ပြည်သူတွေထဲမှာ နိုင်ငံရေးအကျဥ်းသားတွေရဲ့မိခင်တွေနဲ့ မိသားစုဝင်တွေဘည်း ပါဝင်ခဲ့တယ်လို့သိရှိရကြောင်း ဆိုပါတယ်။

အရပ်သားပြည်သူတွေကို ထိခိုက်စေတဲ့ မည်သည့် လုပ်ရပ်မျိုးကို မည်သည့်အဖွဲ့က ကျူးလွန်သည်ဖြစ်စေ NUGအနေနဲ့ ကန့်ကွက်ရှုတ်ချရုံသာမက ကျူးလွန်ခဲ့တဲ့အဖွဲ့အစည်း၊ လူပုဂ္ဂိုလ် ဘယ်သူ့ကိုမဆို တရားဥပဒေနှင့်အညီ အရေးယူဆောင်ရွက်နိုင်ရေးကိုလည်း မဖြစ်မနေဆောင်ရွက်သွားမယ်လို့ထုတ်ပြန်ချက်မှာပါရှိပါတယ်။

NUG ရဲ့ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ ပြည်သူ့ခုခံတော်လှန်စစ်ကို စစ်သည်တော် ကျင့်ဝတ်စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆင်နွှဲနေတာဖြစ်ပြီး စစ်သည်တော်ကျင့်ဝတ်စည်းမျဉ်း (Code of Conduct) များထဲမှ စစ်ရေးဆိုင်ရာပစ်မှတ် သတ်မှတ်ရာမှာ အရပ်သားပြည်သူတွေကို ခြိမ်းခြောက်တာ၊ ပစ်မှတ်ထားတိုက်ခိုက်တာ မပြုရဆိုတဲ့ အချက်တွေပါရှိတယ်လို့ ဆိုပါတယ်။

အဆိုပါ စစ်သည်တော်ကျင့်ဝတ်စည်းမျဉ်းတွေကို လိုက်နာဖို့ ပျက်ကွက်ရင် ထိရောက်စွာအရေးယူ ဆောင်ရွက်နေတယ်လို့လည်း ဆိုထားပါတယ်။

အင်းစိန်အကျဥ်းထောင်တွင်း ဖောက်ခွဲမှုကိုတော့ Special Task Agency Burma အဖွဲ့က သူတို့ လုပ်ရပ်လို့ထုတ်ပြန်ထားပြီး အင်းစိန်ထောင်တွင်းက ထောင်မှူးကို ပစ်မှတ်ထားတဲ့တိုက်ခိုက်ဖောက်ခွဲမှုပြုလုပ်ခဲ့တယ်ဆိုပြီးထုတ်ပြန်ထားပါတယ်။

မနေ့ကဖြစ်ပွားခဲ့တဲ့အဲဒီပေါက်ကွဲမှုအတွင်းသေဆုံးရသူတွေထဲ နိုင်ငံရေးအကျဥ်းသား ကိုလင်းထင်နိုင်(ခ) ကိုဂျိမ်းစ်ရဲ့မိခင် ဒေါ်ကြည်မြင့် ပါဝင်သလို ကြည့်မြင့်တိုင်ပန်းပင်ကြီးသပိတ် ဖြိုခွင်းခံရမှုမှာဖမ်းဆီးခံခဲ့ရတဲ့ ကိုဟိန်းမင်းထွန်းရဲ့မိခင်ဖြစ်သူလည်း ပါဝင်တယ်လို့ စမ်းချောင်းပင်မသပိတ်စစ်ကြောင်းက သတင်းထုတ်ပြန်ထားပါတယ်။

အာဏာသိမ်းပြီးနောက် လပေါင်း ၂၀ အတွင်း စစ်ကောင်စီနဲ့ ဒေသကာကွယ်ရေးတပ်တွေကြား တိုက်ပွဲ ၂,၀၀၀ ကျော်ဖြစ်ပွား

Acting President of Myanmar

ဓာတ်ပုံ ရင်းမြစ်, Acting President

ဓာတ်ပုံ ပုံစာ, ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တချို့ကို စစ်ဆေးနေတဲ့ ယာယီသမ္မတ ဒူဝါလရှီးလ

မြန်မာမှာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၂ ခုနှစ် အောက်တိုဘာ ၁၂ ရက်အထိ ၁၉ လတာအတွင်း နိုင်ငံတဝန်း တိုက်ပွဲပေါင်း ၇,၇၀၀ ကျော်ဖြစ်ပွားခဲ့ပြီး ကရင်ပြည်နယ်မှာ အများဆုံးဖြစ်ပွားခဲ့တယ်လို့ သုတေသနအဖွဲ့တစ်ဖွဲ့ ဖြစ်တဲ့ ISP Myanmar က ထုတ်ပြန်လာပါတယ်။

အဲဒီလိုနိုင်ငံတဝန်းတိုက်ပွဲတွေထဲ စစ်ကောင်စီတပ်တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (EAOs) တွေနဲ့ တိုက်ပွဲဖြစ်ပွားမှု ၄,၅၀၀ ကျော်ရှိခဲ့ပြီး စစ်ကောင်စီတပ်တွေနဲ့ ဒေသကာကွယ်ရးတပ်တွေကြား တိုက်ပွဲဖြစ်ပွားမှု ၂,၁၀၀ ကျော်ရှိခဲ့တယ်လို့ ISP ရဲ့ဖော်ပြချက်မှာပါရှိပါတယ်။

တိုက်ပွဲတွေဟာ ကရင်ပြည်နယ်မှာ ၄,၀၀၀ ကျော်နဲ့ အများဆုံးဖြစ်ပွားခဲ့ပြီး စစ်ကိုင်းတိုင်းမှာ တော့ တိုက်ပွဲပေါင်း ၈၀၀ ကျော်နဲ့ ဒုတိယအများဆုံးဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

ဒီ လ ၂၀ အတွင်း ပြန်ကြည့်ရင်တော့ စစ်ကောင်စီတပ်တွေနဲ့တိုင်းရင်းသားလက်နက်ကိုင်တွေကြား တိုက်ပွဲဖြစ်ပွားမှုအများဆုံးကာလကတော့ ၂၀၂၁ ခုနှစ် မေလ မှာ တိုက်ပွဲပေါင်း ၆၀၀ ကျော်နဲ့အများဆုံးဖြစ်ခဲ့တယ်လို့ဆိုပါတယ်။