နဂိုနို ကရာဘတ် လောင်စာဆီ သိုလှောင်ရုံ ပေါက်ကွဲမှု အနည်းဆုံး ၂၀ ဦး သေဆုံး-စက်တင်ဘာလ ၂၆ ရက် ညပိုင်း နိုင်ငံတကာသတင်းများ

နာဂေါ်နို ကာရာဘက်ခ်၊ လောင်စာသိုလှောင်ရုံ ပေါက်ကွဲ

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ဘာကက်ဇာမြို့ အဝေးပြေးလမ်းမနားက လောင်စာဆီ သိုလှောင်ရုံ ပေါက်ကွဲခဲ့လို့ သေဆုံးဒဏ်ရာရခဲ့ကြ
ရေးသားခဲ့သည်။

နဂိုနို ကရာဘတ် ဒေသရဲ့ အဓိကမြို့ကြီးက လောင်စာဆီ သိုလှောင်ရုံတစ်ခုမှာ ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှုတစ်ခုအတွင်း သေဆုံးခဲ့သူပေါင်း အနည်းဆုံး ၂၀ ရှိတယ်လို့ သိထားရပြီး နောက်ထပ် လူ ၃ ရာနီးပါးလည်း ဒဏ်ရာရခဲ့ကြပါတယ်။

ဒဏ်ရာရသူတွေကို ကယ်ထုတ်နိုင်ဖို့ အာမေးနီးယန်း အစိုးရက စီစဉ်ဆောင်ရွက်နေတယ်လို့ အာမေးနီးယန်း သံအမတ်ကြီး အက်ဒမန် မရူခ်ယန် က ဘီဘီစီကို ပြောပါတယ်။

ဘာ့ကြောင့် ပေါက်ကွဲမှု ဖြစ်ခဲ့တာလဲဆိုတာကိုတော့ အသေအချာ မသိရသေးပါဘူး။ ဒါပေမဲ့ သူပိုင်ကိုယ်ပိုင် အငြင်းပွားနေကြတဲ့ အဲဒီ နဂိုနို ကရာဘတ် ဒေသကို အဇာဘိုင်ဂျန် စစ်တပ်ဖွဲ့ဝင်တွေက သိမ်းပိုက်လိုက်အပြီး ဒေသခံ အာမေးနီးယန်း လူမျိုးစုတွေ ထွက်ပြေးခဲ့ကြချိန်မှာပဲ အခုလို ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာပါ။

အဲဒီမှာရှိတဲ့ လူဦးရေရဲ့ ၁၀ ရာခိုင်နှုန်းလောက် ရှိတဲ့ လူ တစ်သောင်း သုံးထောင်ကျော်ဟာ အခုအခါ ကားတန်းရှည်ကြီးတွေနဲ့ အာမေးနီးယားနိုင်ငံ နယ်စပ်ဆီ ထွက်ခွာသွားနေကြတာ ဖြစ်ပါတယ်။

စေ့စပ်ညှိနှိုင်းမှု တစ်ခု ရယူကြဖို့ နိုင်ငံတကာရဲ့ ဖိအားပေးမှုတွေ တိုးလာနေချိန်မှာ အဇာဘိုင်ဂျန်နဲ့ အာမေးနီးယား နိုင်ငံက တာဝန်ရှိသူတွေ ဘရပ်ဆဲလ်စ်မြို့မှာ တွေ့ဆုံကြဖို့ ရှိပါတယ်။

ထိုင်းဘုရင်ကို စော်ကားမှုနဲ့ နိုင်ငံရေးတက်ကြွသူတစ်ဦး ထောင် ၄ နှစ် ချခံရ

ထိုင်းဘုရင် စော်ကားမှုဥပဒေ၊ ထောင်ဒဏ်
ဓာတ်ပုံ ပုံစာ, လူငယ်တွေ ဦးဆောင်တဲ့ ၂၀၂၀ခုနှစ် ဒီမိုကရေစီ တောင်းဆိုဆန္ဒပြပွဲတစ်ခုအတွင်း ထိုင်းဘုရင်အပေါ် ဝေဖန်ခဲ့မှုနဲ့ အာနွန် နမ်ပါ ထောင်ဒဏ်ချမှတ်ခံခဲ့ရ

ထိုင်းနိုင်ငံမှာ ဘုရင်စနစ်ကို အကာအကွယ်ပေးတဲ့ ဥပဒေကို အကြီးအကျယ် ဆန့်ကျင်ကန့်ကွက်မှုတွေ ရှိနေတဲ့ကြားကပဲ အထင်ကရ နိုင်ငံရေးလှုပ်ရှားတက်ကြွသူတစ်ဦးကို ထိုင်းဘုရင်ကို စော်ကား သိက္ခာချမှုနဲ့ ထောင်ဒဏ် ၄ နှစ် ချမှတ်လိုက်ပါတယ်။

ထိုင်းဘုရင် ဝချီရာလောင်ကွန်းရဲ့ အခန်းကဏ္ဍအကြောင်း လူထုသဘောထား ဆွေးနွေးပွဲတစ်ခု ကျင်းပဖို့ တိုက်တွန်းတောင်းဆိုခဲ့အပြီး အာနွန် နမ်ပါ အခုလို ထောင်ဒဏ် ချမှတ်ခံခဲ့ရတာ ဖြစ်ပါတယ်။

သူ့ကို ပြစ်မှုထင်ရှားကြောင်း အခုလို စီရင်ချက်ချလိုက်တာဟာ ထိုင်းနိုင်ငံမှာ တော်ဝင်မိသားစုအပေါ် အသရေဖျက်မှုဆိုင်ရာ အချေအတင်အငြင်းပွားစရာ ဥပဒေကို ဆက်သုံးသွားမယ်ဆိုတာကို ပြနေတာ ဖြစ်ပါတယ်။ ဒီဥပဒေကို ပြင်ဆင်ပြောင်းလဲမယ်လို့ ကတိပြုခဲ့တဲ့ Move Forward ပါတီက အခုနှစ်အစောပိုင်း ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ပေမဲ့လည်း အာဏာလွှဲယူခွင့်ရဖို့ ပိတ်ပင်ခံခဲ့ရပါတယ်။

၁၀ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် တောင်ကိုရီးယားမှာ စစ်ရေးပြ အခမ်းအနားကျင်းပ

တောင်ကိုရီးယား၊ စစ်ရေးပြ၊ မြောက်ကိုရီးယား

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, တောင်ကိုရီးယား စစ်တပ်ဖွဲ့ဝင် ၇ ထောင်နီးပါး စစ်ရေးပြပွဲအခမ်းအနားမှာ ပါဝင်ခဲ့

မြောက်ကိုရီးယားနဲ့ တင်းမာမှုတွေ ဆက်ရှိနေစဉ်မှာပဲ တောင်ကိုရီးယားနိုင်ငံမှာ ၁၀ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် စစ်ရေးပြပွဲအခမ်းအနား ကျင်းပခဲ့ပါတယ်။

တင့်ကားတွေ၊ မစ်ဆိုင်းဒုံးတွေ၊ ဒရုန်းတွေနဲ့အတူ ကိုရီးယား စစ်တပ်ဖွဲ့ဝင် ၇ ထောင်နီးပါး ဆိုးလ်မြို့တော်အတွင်း လှည့်လည်ချီတက် စစ်ရေးပြခဲ့ကြပါတယ်။

အမေရိကန် စစ်မှုထမ်း ရာပေါင်းများစွာလည်း ပါဝင်ခဲ့ကြပါတယ်။

ကိုရီးယားတပ်မတော်နေ့ စစ်ရေးပြ အခမ်းအနားကို သမ္မတ ယွန်း ဆွတ်ယိုလ် က ကြီးကြပ်စီစဉ်ခဲ့တာ ဖြစ်ပါတယ်။

တကယ်လို့ မြောက်ကိုရီးယားက နျူကလီးယား လက်နက်တွေ သုံးလာမယ်ဆိုရင် မြောက်ကိုရီးယားအစိုးရ အပြုတ်ဖြုတ်ခံရမယ်လို့ မစ္စတာ ယွန်းက အစောပိုင်းက ပြောသွားခဲ့ပါတယ်။

စစ်အင်အား ထုတ်ဖော်ပြတဲ့ အခမ်းအနားတွေကို မြောက်ကိုရီးယားနိုင်ငံ ပြုံယမ်းမြို့တော်မှာ ပိုတွေ့ရလေ့ရှိတတ်ပါတယ်။

စစ်ရေးမဟာမိတ်တိုးချဲ့မှုကို ကန့်ကွက်တယ်လို့ တရုတ်ပြော

တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, တရုတ်၊ ဂျပန်နဲ့ တောင်ကိုရီးယား တာဝန်ရှိပုဂ္ဂိုလ်တွေ ၃ နိုင်ငံ အဆင့်မြင့် အစည်းအဝေးကို ဆိုးလ်မြို့မှာ ကျင်းပခဲ့စဉ်

တခြားနိုင်ငံတွေရဲ့ လုံခြုံရေးနယ်မြေတွေကို ကျုံ့သွားစေဖို့ စစ်ရေးမဟာမိတ် တိုးချဲ့တဲ့ ရန်စမှု လုပ်ရပ်ကို တရုတ်အစိုးရက ဆန့်ကျင်ကန့်ကွက်တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီက ပြောပါတယ်။

ဘယ်နိုင်ငံတွေလဲ ဆိုတာကိုတော့ မစ္စတာ ဝမ်က ထုတ်ဖော် မပြောခဲ့ပါဘူး။ ဒါပေမဲ့ တောင်ကိုရီးယား၊ ဂျပန်နဲ့ အမေရိကန်အကြား ရင်းနှီးတဲ့ ပူးပေါင်းဆောင်ရွက်မှုကို တရုတ်အစိုးရက ဝေဖန်ပြောဆိုထားပါတယ်။

မစ္စတာ ဝမ် အခုလို ဝေဖန် ပြောဆိုလိုက်တဲ့အချိန်နား တစ်ဝိုက်မှာပဲ တောင်ကိုရီးယား၊ ဂျပန်နဲ့ တရုတ် နိုင်ငံတွေက တာဝန်ရှိပုဂ္ဂိုလ်တွေက အဆင်မပြေဖြစ်နေတဲ့ သူတို့ရဲ့ ဆက်ဆံရေးကို အသစ်ပြန်စဖို့ ဆိုးလ်မြို့မှာ တွေ့ဆုံ ဆွေးနွေးနေကြတာပါ။

အရင်က မကြာခဏ ကျင်းပခဲ့ကြပေမယ့် အခုအခါ မကျင်းပဖြစ်တာ ၄ နှစ်လောက် ကြာပြီဖြစ်တဲ့ သူတို့ ၃ နိုင်ငံခေါင်းဆောင်တွေရဲ့ ထိပ်သီးဆွေးနွေးပွဲတစ်ခု ပြန်ကျင်းပနိုင်ရေး စီစဉ်ဖို့ သဘောတူခဲ့ကြပါတယ်။