အရှိန်ယူစရာမလိုပဲ ပျံတက်နိုင်တဲ့ ကားပျံပေါ်လာတော့မလား

ကားပျံ

ဓာတ်ပုံ ရင်းမြစ်, ALEF

ဓာတ်ပုံ ပုံစာ, ဒီကားပျံအမျိုးအစားသစ်ရဲ့  ထူးခြားချက်ကတော့ အရှိန်မယူပဲ ဒေါင်လိုက် အပေါ်တက် ပျံလို့ ရအောင် ပုံစံထုတ်ထား
ရေးသားခဲ့သည်။

အမေရိကန်နိုင်ငံ ကယ်လဖိုးနီးယားပြည်နယ် ဆန်မက်တီယိုမြို့ က ဒရေပါ တက္ကသိုလ်မှာ ၂၀၂၂ အောက်တိုဘာလလယ် ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း Alef ဆိုတဲ့ ကုမ္ပဏီသစ်တခုက လေယာဉ်လို ပျံသန်းလို့ ရတဲ့ ကားပျံ အသစ်တမျိုးကို မိတ်ဆက်ခဲ့ပါတယ်။ 

 Alef ကုမ္ပဏီဟာ အဲဒီ ကားပျံ အမျိုးအစားသစ်ကို Model A လို့  အမည်ပေးထားပြီး အပြီးသတ် ပုံစံ ထွက်လာအောင်တော့ ဆက်လက် သုတေသနပြု လုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။ ယခင်ပေါ်ပေါက်ခဲ့ဖူးတဲ့ ကားပျံတွေက လေယာဉ်သဘောမျိုး ပိုဆန်တဲ့အတွက် အရှိန်ယူပြီးမှ အပေါ်ပျံလို့  ရခဲ့တာ ဖြစ်ပါတယ်။ 

ဒီကားပျံအမျိုးအစားသစ်ရဲ့  ထူးခြားချက်ကတော့ အရှိန်မယူပဲ ဒေါင်လိုက် အပေါ်တက် ပျံလို့ ရအောင် ပုံစံထုတ်ထားပြီး ၆၈ မိုင် (ကီလိုမီတာ ၁၁၀) အကွာအဝေးအထိ ပျံနိုင်မယ်လို့  ဆိုပါတယ်။ 

ကားပျံ

ဓာတ်ပုံ ရင်းမြစ်, ALEF

ဓာတ်ပုံ ပုံစာ, Model A ကားပျံဟာ အပေါ်ပင့် ပျံတက်ပြီးချိန်မှာ လူထိုင်ခုံနေရာက ရေပြင်ညီ ဘေးတိုက်လှည့်သွားမှာဖြစ်ပြီး ကျန်တဲ့ ကိုယ်ထည်က အတောင်ပံ နှစ်ထပ်ပါတဲ့ လေယာဉ်သဖွယ် မောင်းလို့ ရအောင် ပုံစံ ပြောင်းသွား

Alef ရဲ့  Model A က တခြားကားပျံတွေနဲ့  ဘယ်လို ခြားနားသလဲ

Alef ရဲ့  Model A ကားဟာ အပေါ်ကို ပင့်တင် ပျံသန်းနိုင်ဖို့  ပန်ကာတွေ တပ်ဆင်ထားပြီး အခုလို ပျံတက်လို့ ရအောင် ကိုယ်ထည်အပေါ်ပိုင်းကို လေအဝင်အထွက် လုပ်လို့ရအောင် စကာပေါက် သဏ္ဍန် ပြုလုပ်ထားမှာ ဖြစ်ပါတယ်။ 

 ဒါပေမဲ့ ပုံမှန်အားဖြင့် ဒီလို အတွင်းပန်ကာကိုသာ အသုံးပြုပြီး အတောင်ပံနဲ့  ဝဲတာကို အားမကိုးဘူးဆိုရင် ပျံသန်းဖို့  စွမ်းအင်အများအပြား ပိုလိုအပ်တဲ့ ပြဿနာ ရှိနေနိုင်ပါတယ်။ 

 Model A ကတော့ ဒီပြဿနာကို ဖြေရှင်းဖို့အတွက် ကားပျံ ပျံတက်ပြီးတဲ့အချိန်မှာ ကားကို အတောင်ပံ နှစ်ထပ်ပါတဲ့ လေယာဉ်ပုံစံ ပြောင်းတဲ့နည်းကို မိတ်ဆက်လာပါတယ်။

 Alef ကုမ္ပဏီရဲ့  သရုပ်ပြချက်အရ Model A ကားပျံဟာ အပေါ်ပင့် ပျံတက်ပြီးချိန်မှာ လူထိုင်ခုံနေရာက ရေပြင်ညီ ဘေးတိုက်လှည့်သွားမှာဖြစ်ပြီး ကျန်တဲ့ ကိုယ်ထည်က အတောင်ပံ နှစ်ထပ်ပါတဲ့ လေယာဉ်သဖွယ် မောင်းလို့ ရအောင် ပုံစံ ပြောင်းသွားမှာ ဖြစ်ပါတယ်။

 ပြောင်းသွားမယ့် ပုံစံကတော့ ဒီကားကိုယ်ထည်က ရေပြင်ညီ အနေအထားကနေ ဒေါင်လိုက် လှည့်သွားကာ မြေပေါ်မှာ ကားတံခါးတွေ ရှိမယ့်ဘက်တွေက အပေါ်အောက် အတောင်ပံ နှစ်ထပ် သဖွယ် ဖြစ်သွားမှာ ဖြစ်ပါတယ်။

 အခုလို ပြောင်းသွားမယ့် ကားပျံဟာ မြေပြင်ပေါ်မှာ ကားသွားတဲ့ ဦးတည်ချက်နဲ့  မဟုတ်တော့ပဲ ဘေးတိုက်မောင်းသလို ဖြစ်မှာ ဖြစ်ပေမယ့် မောင်းသူနဲ့  စီးသူ ထိုင်ခုံတွေကတော့ ဒီကားပျံသွားတဲ့ ဦးတည်ချက်အတိုင်း ဘေးတိုက် လှည့်ပေးလိုက်မှာလည်း ဖြစ်ပါတယ်။ 

ကားပျံ

ဓာတ်ပုံ ရင်းမြစ်, ALEF

ဓာတ်ပုံ ပုံစာ, Model A ကို လက်တွေ့  လူစီးနိုင်တဲ့ အရွယ် အကြမ်းစား ထုတ်လုပ်ထားပေမယ့်လည်း သူတို့  နောက်ဆုံး ကြော်ငြာထားတဲ့ ပုံစံနဲ့တော့ မတူလှသေး

Alef ရဲ့  ကားပျံအသစ်ပုံစံ Model A က ဘယ်လောက်အထိ လက်တွေ့  အလုပ်ဖြစ်နိုင်မလဲ

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

Forbes မဂ္ဂဇင်းရဲ့  သုံးသပ်ချက်အရ Alef ရဲ့  Model A ဟာ Opener ကုမ္ပဏီရဲ့  Blackfly ဒေါင်လိုက် ဆင်းနိုင် တက်နိုင်တဲ့ လျှပ်စစ်သုံး လေယာဉ်နဲ့  ဆင်တူတယ်လို့  ဆိုပါတယ်။

 Alef ရဲ့ အခုလို ပျံသန်းမှု ပုံစံအသစ်ကို အသုံးပြုပြီး ကားပျံ အသစ် ပုံစံထုတ်တာဟာ လက်တွေ့မှာ အလုပ်ဖြစ်ပါ့မလားလို့  မေးစရာ ရှိလာပါတယ်။ 

 အမှန်တကယ်ဆိုရင် လေပေါ် ပျံတာကော၊ မြေပေါ် မောင်းတာကော ပါအောင် ထည့်ပြီဆိုရင် ယာဉ်က အလေးချိန် ပိုစီးနေမှာဖြစ်ပြီး လျှပ်စစ်သုံးမှာ ဖြစ်တဲ့အတွက်လည်း ဘက်ထရီကြောင့် လေးတဲ့ အလေးချိန်က ရှိဦးမှာ ဖြစ်ပါတယ်။ 

 ယူကေနိုင်ငံ အနောက် အင်္ဂလန် တက္ကသိုလ်က လေကြောင်း အင်ဂျင်နီယာပညာ ပါမောက္ခ စတိဗ် ရိုက်ကတော့ အခုလို ထုတ်ထားတဲ့ ပုံစံဟာ ရူပဗေဒ ဥပဒေသတွေနဲ့  နည်းပညာအရ အဖြစ်နိုင်ဆုံး အခြေအနေကို ရအောင် လုပ်ထားတဲ့ ပုံစံ ဖြစ်နေတယ်လို့  ဆိုပါတယ်။ 

 ဒါ့အပြင် အပေါ်ကို တည့်တည့် ထောင်တက်နိုင်အောင်နဲ့  အတောင်ပံ နှစ်ထပ်အနေနဲ့  သုံးလို့ ရအောင် လုပ်ထားတဲ့ စကာပေါက် ပုံစံကြောင့်လည်း ပျံလို့ ရတဲ့ကြားက တရွတ်ဆွဲတာမျိုးလည်း ရှိမယ်လို့  ပါမောက္ခ ရိုက်က ပြောပါတယ်။ 

 Alef ဟာ အခုလို အတောင်ပံ နှစ်ထပ် လေယာဉ်ပျံ အသွင်ပြောင်းနိုင်တဲ့ ကားပျံ စမ်းသပ်မှုကို ပုံစံငယ်နဲ့  ၂၀၁၈ ခုနှစ်ကတည်းက စမ်းသပ်အောင်မြင်ထားတာ ဖြစ်တယ်လို့  ဆိုပါတယ်။ 

 Alef ဟာ Model A ကို လက်တွေ့  လူစီးနိုင်တဲ့ အရွယ် အကြမ်းစား ထုတ်လုပ်ထားပေမယ့်လည်း သူတို့  နောက်ဆုံး ကြော်ငြာထားတဲ့ ပုံစံနဲ့တော့ မတူလှသေးတာကို တွေ့ရပါတယ်။ 

ကားပျံ

ဓာတ်ပုံ ရင်းမြစ်, PAL-V

ဓာတ်ပုံ ပုံစာ, ကားပျံတွေအတွက် ထုတ်ပြန်ရတဲ့ စည်းကြပ်နည်းဥပဒေတွေနဲ့  မှတ်ပုံတင်ရတာတွေက ခက်ခဲကြန့် ကြာနိုင် (ပုံ the Pal-V Gyrocopter)

Alef ရဲ့  Model A က တခြား ဘယ်အခက်အခဲတွေ ကြုံရနိုင်သေးလဲ

နောင်တချိန် ကောင်းကင်ယံမှာ မိုးပျံကားတွေ အများအပြား ဖြစ်လာတဲ့ အချိန်မှာဆိုရင် Model A ကားပျံ အတွက်က နည်းပညာ အခက်အခဲဆိုတာ တခြား အခက်အခဲတွေထဲက တခုသာ ဖြစ်လာမှာ ဖြစ်ပါတယ်။

 လေယာဉ်မောင်းတာနဲ့  ပတ်သက်တဲ့ စည်းမျဉ်းစည်းကမ်းတွေ ရှုပ်ထွေးသလိုပဲ ကားပျံတွေအတွက် ထုတ်ပြန်ရတဲ့ စည်းကြပ်နည်းဥပဒေတွေနဲ့  မှတ်ပုံတင်ရတာတွေက ခက်ခဲကြန့် ကြာ နိုင်မှာ ဖြစ်ပါတယ်။ 

 ဒါ့အပြင် ဒီလို ကားပျံတွေကို မောင်းခွင့်ပေးတဲ့ နေရာ ကန့်သတ်မှုကိုလည်း အာဏာပိုင်တွေက လုပ်လာနိုင်ပါတယ်။ 

 အတောင်နှစ်ထပ်သုံးတဲ့ လမ်းပေါ်မောင်းနိုင်တဲ့ လေယာဉ်ငယ်အတွက် လေယာဉ်မောင်း လိုင်စင် လိုအပ်ရာမှာ Model A ကားပျံ မောင်းဖို့အတွက်လည်း အလားတူ သီးသန့် လိုအပ်နိုင်ပါတယ်။ 

 Alef ကို ပူးတွဲထူထောင်သူနဲ့  အမှုဆောင်အရာရှိချုပ်လည်း ဖြစ်တဲ့ ဂျင် ဒခေါ့ဗ်နီ ကတော့ ဒီကားပျံကို လမ်းပေါ်မှာ မောင်းနှင်ရင်း အတားအဆီးရှိတဲ့အချိန် ခရီးတို ပျံသန်းကျော်လွှားမှုအတွက်ဆိုရင် မောင်းသူမဲ့ ဒရုန်းလေယာဉ်မောင်းအတွက် လိုင်စင်လောက်သာ လိုအပ်နိုင်တယ်လို့  မျှော်လင့်နေပါတယ်။ 

ကားပျံ

ဓာတ်ပုံ ရင်းမြစ်, KLEIN VISION

ဓာတ်ပုံ ပုံစာ, ဈေးကွက်ဝင်ပြီးသား ကားပျံတွေက စတင် ပျံသန်းဖို့  လေဆိပ်လိုနေသေးတယ်ဆိုရင် တကယ် ကားပျံလို့တောင် မခေါ်နိုင်ဘူးလို့  ALEF ဆို (ပုံ AirCar)

Alef ကားပျံရဲ့  တခြားကားပျံတွေအပေါ် ရှိတဲ့ အားသာချက်နဲ့  ကားပျံတွေရဲ့  ရှေ့ရေး

ဈေးကွက်တင်နိုင်တဲ့ အဆင့်မရောက်သေးတဲ့ Alef ကားပျံ ဟာ ကားပျံ ဈေးကွက်အတွင်း ရှေ့တန်းရောက်နေပြီးသားဖြစ်တဲ့ AirCar နဲ့  the Pal-V Gyrocopter တို့လို ကားပျံတွေနဲ့  အပြိုင်ဖြစ်လာနိုင်ဖို့  ကုမ္ပဏီက မျှော်လင့်နေတာ ဖြစ်ပါတယ်။

 မစ္စတာ ဒခေါ့ဗ်နီရဲ့  အဆိုအရ လက်ရှိ ဈေးကွက်ဝင်ပြီးသား ကားပျံတွေက စတင် ပျံသန်းဖို့  လေဆိပ်လိုနေသေးတယ်ဆိုရင် တကယ် ကားပျံလို့တောင် မခေါ်နိုင်ဘူးလို့  ဆိုပါတယ်။

 တကယ် ကားပျံလို့  ခေါ်နိုင်ဖို့ ဆိုရင် သူတို့  ပုံစံထုတ်နေတဲ့ ကားပျံလို သာမန်ရိုးရိုးကားတွေ သွားတဲ့ လမ်းတွေမှာ လွယ်လွယ်သွားနိုင်၊ ကားရပ်နားစခန်းတွေမှာ လွယ်လွယ် ရပ်နားနိုင်ရမှာဖြစ်ပြီး ပြေးလမ်းနဲ့  အရှိန်ယူစရာမလိုပဲ ဒေါင်လိုက်လည်း ပျံတက်နိုင်စွမ်းရှိရမယ်လို့  မစ္စတာ ဒခေါ့ဗ်နီက ဆိုပါတယ်။

 ပါမောက္ခ ရိုက်ကတော့ အမှန်တကယ် တနေရာက တနေရာသွားဖို့ ဆိုရင် မြေပေါ်လမ်း လိုမှာ မဟုတ်တော့တဲ့အတွက် ကားပျံဆိုတာမျိုးက လက်တွေ့မကျပဲ မောင်းသူမဲ့ တက္ကဆီ လေယာဉ် သဘောမျိုးကသာ လက်တွေ့  တွင်ကျယ်လာဖွယ် ရှိတယ်လို့  ဆိုပါတယ်။ 

 တရုတ် လျှပ်စစ်ကားကုမ္ပဏီ Xpeng ဆိုရင်လည်း လက်ရှိ အောက်တိုဘာ လဆန်းထဲမှာပဲ သူတို့ရဲ့  X2 မောင်းသူမဲ့ ခရီးသည်တင်ယာဉ်ကို စမ်းသပ် မောင်းနှင်ပြထားခဲ့ပြီး ဖြစ်ပါတယ်။

 ဒါပေမဲ့ မစ္စတာ ဒခေါ့ဗ်နီကတော့ ယာဉ်တစီးထဲကပဲ မြေပေါ်ကော လေပေါ်မှာပါ မောင်းနိုင်တယ်ဆိုတာက လူကြိုက်များဦးမယ့် ယာဉ်ပျံမျိုး ဖြစ်ပြီး ၂၀၂၅ မှာ စတင်ရောင်းချနိုင်ဖို့အထိ သူက မျှော်မှန်းနေတာ ဖြစ်ပါတယ်။ 

 လက်ရှိ ဒီ Alef ရဲ့  Model A ကို ကြိုတင်မှာယူလိုသူတွေ အနေနဲ့ကတော့ တစီးကို အမေရိကန်ဒေါ်လာ သုံးသိန်း ကျသင့်မှာ ဖြစ်ပါတယ်။