ယူကရိန်းစစ်ပွဲ ငွေကြေးထောက်ပံ့ရေး အီးယူ သတိပေးချက်ထုတ်ပြန် - အောက်တိုဘာ ၅ ရက် ညပိုင်း နိုင်ငံတကာသတင်းများ

ဓာတ်ပုံ ရင်းမြစ်, Getty Images
အီးယူ ဥရောပသမဂ္ဂအဖွဲ့ရဲ့ နိုင်ငံခြားရေးရာ ကိုယ်စားလှယ် ဂျိုးဇက်ဖ် ဘော်ရဲလ်က ယူကရိန်းစစ်ပွဲအတွက် ငွေကြေးကူညီမှုနဲ့ ပတ်သက်လို့ သတိပေးချက်တစ်ရပ် ထုတ်ပြန်လိုက်ပါတယ်။
အမေရိကန် ကွန်ဂရက်စ်လွှတ်တော်တွင်းမှာ လက်ရှိဖြစ်နေတဲ့ အချင်းချင်း နိုင်ငံရေး ပြိုင်ဆိုင်တိုက်ခိုက်မှုတွေကြောင့် ယူကရိန်းစစ်ပွဲအတွက် ငွေကြေးအကူအညီပေးရေးမှာ အမေရိကန်အစိုးရရဲ့ စွမ်းဆောင်နိုင်အားက သိပ်မရေရာလှကြောင်းနဲ့ ဆုံးရှုံးသွားမယ့် အမေရိကန်ရဲ့ အထောက်အပံ့နေရာမှာ အီးယူ ဥရောပသမဂ္ဂနိုင်ငံတွေက အစားထိုး ထောက်ပံ့နိုင်စွမ်း ရှိမှာမဟုတ်ကြောင်း မစ္စတာ ဘော်ရဲလ် က ပြောပါတယ်။
အမေရိကန် ကွန်ဂရက်စ်က လတ်တလော သဘောတူခဲ့တဲ့ ဘတ်ဂျက် သဘောတူချက်တစ်ခုထဲကနေ ယူကရိန်းအတွက် ငွေကြေးထောက်ပံ့ရေးကို ထုတ်ပယ်ခဲ့ပြီး လောလောဆယ် အောက်လွှတ်တော်မှာလည်း ဥက္ကဋ္ဌ မရှိဘဲ ဖြစ်နေပါတယ်။
စပိန်နိုင်ငံ ဂရာနာဒါမြို့မှာ ကျင်းပတဲ့ အဲဒီ ဥရောပ နိုင်ငံရေး အသိုင်းအဝိုင်း ဆွေးနွေးပွဲကို နိုင်ငံခေါင်းဆောင် အများအပြားနဲ့အတူ ယူကရိန်းသမ္မတ ဗိုလိုဒီမီယာ ဇလန်းစကီးလည်း တက်ရောက်လာပါတယ်။
အဲဒီဆွေးနွေးပွဲမှာ ဆွေးနွေးမယ့် ထိပ်ပိုင်းအကြောင်းအရာတွေထဲမှာ ယူကရိန်းအရေးကိစ္စလည်း အပါအဝင် ဖြစ်ပါတယ်။ ဒါပေမဲ့ နိုင်ငံအတော်များများကတော့ ရွှေ့ပြောင်းဒုက္ခသည်တွေ ကိစ္စကို အာရုံစိုက် ဆွေးနွေးလိုနေကြပါတယ်။
ဒါ့အပြင် နာဂေါ်နို ဘာရာဘတ်ခ် ပဋိပက္ခအရေး ဆွေးနွေးဖို့ မျှော်လင့်ထားကြပေမဲ့ အဇာဘိုင်ဂျန်အစိုးရကတော့ ဒီဆွေးနွေးပွဲဟာ အာမေးနီးယားကို ဘက်လိုက်ထောက်ခံနေတယ်လို့ ဆိုပြီး ဆွေးနွေးပွဲ မတက်ဘဲ သပိတ်မှောက်ထားပါတယ်။
နာဂေါ်နို ကာရာဘတ်ခ်ဒေသက နောက်ထပ် ခေါင်းဆောင်ဟောင်း တစ်ဦး ဖမ်းဆီးခံခဲ့ရ

ဓာတ်ပုံ ရင်းမြစ်, Getty Images
အဇာဘိုင်ဂျန်အစိုးရ လုံခြုံရေးဌာနက နာဂေါ်နို ကာရာဘတ်ခ်ဒေသရဲ့ နောက်ခေါင်းဆောင်ဟောင်း တစ်ဦးကို ဖမ်းဆီးလိုက်ကြောင်း အတည်ပြုပြောပါတယ်။
အရာယစ်ခ် ဟာရွတ်ယွန်ယန် ကို လက်ထိတ်ခတ်ပြီး အကျဉ်းထောင်တစ်ခုထဲ လက်နက်ကိုင်အစောင့်တွေ ခေါ်ဆောင်သွားပုံကို ဗီဒီယိုထဲမှာ တွေ့ရပါတယ်။
လွန်ခဲ့တဲ့ ၃ နှစ်က အာမေးနီးယားနဲ့ပေါင်းပြီး ခွဲထွက်ရေးသမားတွေ တိုက်ပွဲဝင်ခဲ့တဲ့ နာဂေါ်နို ကာရာဘတ်ခ် စစ်ပွဲနဲ့ ဆက်နွှယ်တဲ့ စွဲချက်အများအပြားနဲ့ သူရင်ဆိုင်ရမှာ ဖြစ်ပါတယ်။
အဇာဘိုင်ဂျန် အစိုးရတပ်တွေက တစ်ရက်ကြာ ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ လုပ်ခဲ့အပြီး ပြီးခဲ့တဲ့လက အဲဒီဒေသကို ထိန်းချုပ်ခဲ့ပြီးကတည်းက ကာရာဘတ်ခ် အာမေးနီးယန်း ထိပ်တန်းခေါင်းဆောင်ဟောင်း အများအပြား ဖမ်းဆီးခံခဲ့ရပါတယ်။
အာမေးနီးယား အစိုးရကတော့ သူတို့တွေဟာ ဥပဒေနဲ့အညီ မဟုတ်ဘဲ ဖမ်းဆီးခံခဲ့ရတာလို့ ဆိုပါတယ်။
နာဂေါ်နို ကာရာဘတ်ခ် ဒေသက အာမေးနီးယန်း လူမျိုးစုအားလုံးနီးပါး အဲဒီဒေသကနေ ထွက်ပြေးခဲ့ကြပြီး ဖြစ်ပါတယ်။
အိန္ဒိယနိုင်ငံ ဆစ်ခင်မ်ပြည်နယ် ရုတ်တရက် ရေကြီးမှု အနည်းဆုံး လူ ၁၄ ဦး သေဆုံး၊ ၁၀၀ ကျော် ပျောက်ဆုံးနေ

အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း ဆစ်ခင်မ်ပြည်နယ်မှာ ရုတ်တရက် ရေကြီးမှုဒဏ်နဲ့ ရင်ဆိုင်ခဲ့ရစဉ်အတွင်း အနည်းဆုံး လူ ၁၄ ဦး သေဆုံးခဲ့ပြီး တစ်ရာကျော် ပျောက်ဆုံးနေပါတယ်။
တရုတ်နဲ့ ကပ်ရက် အိန္ဒိယနိုင်ငံ နယ်စပ်နားက တောင်တန်းထူထပ်တဲ့ ဒေသတစ်ခုမှာ ရှိတဲ့ ရေခဲတောင် ကန်တစ်ခုကနေ ရေတွေ လျှံထွက်လာရာကနေ အခုလို ရုတ်တရက် ရေကြီးမှုဖြစ်ခဲ့တာပါ။
ရေကြီးမှုကြောင့် လူ နှစ်သောင်းနှစ်ထောင်ကျော် ဒုက္ခတွေ့နေရတယ်လို့ ပြည်နယ်အစိုးရ တာဝန်ရှိပုဂ္ဂိုလ်တွေက ပြောပါတယ်။
တီစတာမြစ်ပေါ်က တံတား အတော်များများ ရေနဲ့ မျောပါသွားခဲ့ရာမှာ ကမ္ဘာလှည့်ခရီးသည်တွေ အလာများတဲ့ အဲဒီပြည်နယ်က နေရာအသီးသီးမှာ ခရီးသည် ၃ ထောင်ကျော်လောက် သောင်တင်နေကြပါတယ်။
အခုအခါ အိန္ဒိယ စစ်တပ်က ကယ်ဆယ်ရေးစခန်း ၂၆ ခု ဖွင့်လှစ်ထားပြီး ကူညီကယ်ဆယ်ရေးတွေ လုပ်နေပါတယ်။
ထိုင်ဝမ် တောင်ဘက်စွန်းကို တစ်နာရီ ကီလိုမီတာ ၃၄၀ ကျော်နှုန်းနဲ့ ကွိုင်နူ တိုင်ဖွန်း ဝင်ရောက်

ဓာတ်ပုံ ရင်းမြစ်, Getty Images
ထိုင်ဝမ်မှာ ရာစုနှစ်တစ်ခုကျော်လောက်ကစလို့ မှတ်တမ်းယူခဲ့ကတည်းက အပြင်းထန်ဆုံး စံချိန်တင်ရမယ့် လေပြင်းတိုက်ခိုက်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။
ကွိုင်နူ တိုင်ဖွန်းဟာ ထိုင်ဝမ် တောင်ဘက်စွန်းကို လေတိုက်နှုန်း တစ်နာရီ ကီလိုမီတာ ၃၄၀ ကျော်နှုန်းနဲ့ ဝင်ရောက်တိုက်ခတ်ခဲ့ပါတယ်။
အဲဒီနေရာက စာသင်ကျောင်းတွေ၊ စျေးဆိုင်တွေ ပိတ်ထားလိုက်ပြီး လူတွေကို အိမ်ပြင်မထွက်ကြဖို့ အကြံပေးထားပါတယ်။
လူထု သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုတွေကိုလည်း ရပ်နားထားလိုက်ပြီး လေယာဉ်ခရီးစဉ်အတော်များများကိုလည်း ဆိုင်းငံ့ထားလိုက်ပါတယ်။
ထိုင်ဝမ် အရှေ့တောင်ကမ်းရိုးတန်းနားက အောခစ် ကျွန်းစုမှာဆိုရင် အိမ်ခြေ ထောင်ပေါင်းများစွာ လျှပ်စစ်မီး ပြတ်တောက်နေပါတယ်။
အခုအခါ ကွိုင်နူ တိုင်ဖွန်းဟာ တရုတ်နိုင်ငံတောင်ပိုင်း ဂွမ်ဒေါင်းပြည်နယ်ကို ဦးတည်ရွေ့လျားသွားနေပြီး အားလျော့သွားမယ်လို့ ခန့်မှန်းရပါတယ်။








