လာအိုရောက် တော်လှန်ရေးထောက်ပို့အဖွဲ့ဝင် ၁၇ ဦး ဖမ်းဆီးခံရပြီး နေရပ်ပြန်ပို့ခံရ

ဓာတ်ပုံ ရင်းမြစ်, ကိုရေခဲ
မြန်မာ-ထိုင်း-လာအို သုံးနိုင်ငံနယ်စပ်၊ ရွှေတြိဂံဒေသ၊ လာအိုဘက်ခြမ်း တုံဖုံမြို့နယ်မှာ သင်္ကြန်အကြိုနေ့မနက်ပိုင်းတုန်းက တော်လှန်ရေးအတွက်ရံပုံငွေကောက်ခံတာလို့ဆိုပြီး စီတန်းလှည့်လည်ကြွေးကြော်ခဲ့တဲ့ မြန်မာ ၁၇ ဦးကို လာအိုရဲတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးစစ်ဆေးခဲ့ပြီးနောက် မြန်မာဘက်ခြမ်းလွှဲပြောင်းခံထားရတယ်လို့ ဘီဘီစီက သိရပါတယ်။
ဧပြီလ ၁၃ ရက်မှာ ဖမ်းဆီးခံခဲ့ရပြီးနောက် မေလ ၃ ရက်အရောက်မှာ မြန်မာဘက်ကို ပြန်ပို့ခံခဲ့ရတာလို့ သိရပါတယ်။
အဖမ်းခံရသူတွေဟာ ဒေါင်းညီနောင် နဲ့ သွေးသောက်ညီနောင် လို့အမည်ရတဲ့ ထောက်ပို့အဖွဲ့တွေကဖြစ်ပြီး အမျိုးသား ၁၃ ဦးနဲ့ အမျိုးသမီး ၄ ဦးပါဝင်ပါတယ်။
လာအိုလှေဆိပ်မှာ မြန်မာအာဏာပိုင်တွေက ဖမ်းဆီးခံရသူတွေကို လာရောက်ခေါ်ဆောင်ခဲ့ပြီး တာချီလိတ်၊ ဝမ်ပုံစက်လှေဆိပ်ကတဆင့် ကျိုင်းတုံကိုခေါ်ဆောင်သွားကြောင်း ဖြစ်စဉ်သိရှိသူဆီကနေ သိရပါတယ်။
“ကျိုင်းတုံစစ်တပ်ဝန်းထဲကို ခေါ်သွားပြီး စစ်တဲ့အချိန် ယောကျ်ားလေးတစ်ယောက် သေဆုံးတယ်လို့ ကနဦး ကြားရပါတယ်။ ဒါပေမဲ့ ဘယ်သူလဲ ဘယ်လိုကြောင့်သေဆုံးလဲဆိုတာအသေးစိတ်အတည်မပြုနိုင်သေးဘူး” လို့ ဖမ်းဆီးခံရသူတွေအရေးဆောင်ရွက်ပေးနေတဲ့ ကိုရေခဲ က ဘီဘီစီကို ပြောပါတယ်။
ဖမ်းဆီးခံရသူ ၁၇ ဦးကို လာအိုနိုင်ငံ၊ တုံဖုံမြို့နယ်၊ ဘိုကီအို ရဲစခန်းမှာစစ်ဆေးချိန် ဖမ်းဆီးခံရသူတွေထဲက ၅ ဦးဟာ မြန်မာစစ်တပ်ဘက်ကအလိုရှိကြောင်း ဓာတ်ပုံနဲ့တကွပေးပို့စာရင်းထဲမှာပါဝင်နေတာကို မျက်မြင်တွေ့ခဲ့ရတယ်လို့ သူက ဆက်ပြောပါတယ်။
စစ်ကောင်စီရဲ့ ဖမ်းဝရမ်းထုတ်ခံရသူတွေဟာ စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးလှုပ်ရှားကြသလို စီတန်းလှည့်လည်မှုလုပ်ခဲ့တဲ့ ထောက်ပို့အဖွဲ့တွေရဲ့ ဦးဆောင်သူတွေလို့သိရပြီး ကျန်တဲ့သူတွေကတော့ ဝန်းရံပေးကြတဲ့ မြန်မာနိုင်ငံသားတွေလို့ဆိုပါတယ်။
အခုလိုအဖမ်းခံရသူတွေက လာအိုက တရုတ်လက်နက်ကိုင်တွေရှိပြီး တရုတ်ပိုင်တဲ့ဝန်းထဲမှာအလုပ်လုပ်ကြ သူတွေဖြစ်တာကြောင့် တရုတ်အချုပ်ခန်းမှာ ချုပ်နှောင်ပြီးပြန်လွှတ်ပေးမယ်လို့ ကနဦးအကြောင်းကြားပေမဲ့ မေလ ၃ ရက်နေ့မှာတော့ မြန်မာဘက်ကို လာအိုအာဏာပိုင်တွေက လွှဲပြောင်းလိုက်တာဖြစ်တယ်လို့လည်း သိရပါတယ်။
အခုဖြစ်စဉ်နဲ့ပတ်သက်လို့ သက်ဆိုင်ရာ လာအိုရဲဘက်က တစုံတရာထုတ်ပြန်ထားတာမရှိသလို စစ်ကောင်စီ သတင်းမှန်ပြန်ကြားရေးဘက်ကလည်း လွှဲပြောင်းရယူထားကြောင်း ထုတ်ပြန်တာမတွေ့ရပါဘူး။
အေအေကြောင့် ဘူးသီးတောင်မှာ အရပ်သားတွေ ထိခိုက်သေဆုံးခဲ့တယ်လို့ စစ်ကောင်စီပြော

ဓာတ်ပုံ ရင်းမြစ်, CINCDS
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့၊ အမှတ် ၁ ရပ်ကွက်၊ အထက်တန်းကျောင်းဝန်းထဲကို အာရက္ခတပ်တော် -အေအေ(အရင်က ရက္ခိုင့်တပ်တော်) ပစ်လိုက်တဲ့ လက်နက်ကြီးကျလို့ လူ ၂ ဦး သေဆုံးပြီး ၁၅ ဦး ဒဏ်ရာရခဲ့တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်လာပါတယ်။
မေ ၄ ရက်နေ့ မနက်ပိုင်းက ဘူးသီးတောင်မြို့ရဲ့ တောင်ဘက် ဘဂုံးနားတောင်ရွာဘက်ကနေ ပစ်လိုက်တဲ့ လက်နက်ကြီးကျည် ၂ လုံးကြောင့် လူတွေထိမှန်သေဆုံးခဲ့တာလို့ စစ်ကောင်စီက ပြောပေမဲ့ ဘူးသီးတောင်မြို့ဝန်းကျင်မှာ အေအေနဲ့ တိုက်ပွဲတွေပြင်းထန်နေတဲ့အကြောင်းတော့ မပါပါဘူး။
အေအေဘက်ကတော့ စစ်ကောင်စီတပ်ရဲ့ ဘူးသီးတောင်ဗျူဟာအောက်က တပ်ရင်းတွေဖြစ်တဲ့ ခလရ (၂၃၃)၊ ခလရ (၂၃၄)၊ ခလရ (၂၆၃)နဲ့ အမတ (၃၇၈) တပ်ရင်းတွေနဲ့လည်း တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ စစ်ကောင်စီနဲ့ မေလ ၄ ရက် တစ်ရက်တည်းမှာပဲ သတင်းထုတ်ပြန်ထားပါတယ်။
ဒါပေမဲ့ စစ်ကောင်စီ ပြောဆိုချက်နဲ့ ပတ်သက်ပြီး အေအေဘက်က တစုံတရာ တုံ့ပြန် ထုတ်ပြန်လာတာမရှိသေးပါဘူး။
တော်လှန်ရေးအင်အားစုတွေက စစ်တပ်ရဲ့ အင်အား ယိုယွင်းပြုန်းတီးအောင် လုပ်နိုင်ပြီလို့ NUG ပြော

ဓာတ်ပုံ ရင်းမြစ်, MoD -NUG
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ပြည်သူ့ကာကွယ်ရေးအဖွဲ့(PDF) ဖွဲ့စည်းချိန်ကနေ ၃ နှစ်အတွင်း စစ်ကောင်စီတပ်ရဲ့တပ်မ ၁၀ ခုနဲ့ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ) အဖွဲ့ပေါင်း ၂၀ ရဲ့ ၃ ပုံ၊ ၂ ပုံ အထိ ယိုယွင်းပြုန်းတီးအောင် တော်လှန်ရေးအင်အားစုတွေက လုပ်ထားနိုင်ပြီလို့ အမျိုးသားညီညွှတ်ရေးအစိုးရ(NUG) ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်လာပါတယ်။
ဒါကြောင့် စစ်အခြေအနေ ဖန်တီးနိုင်မှုဟာ တော်လှန်ရေးအင်အားစုတွေရဲ့လက်ထဲကို အပြည့်အဝ ရောက်လာပြီလို့ဆိုပါတယ်။
PDF အဖွဲ့ ထူထောင်တဲ့ ၃ နှစ်ပြည့်အစီအရင်ခံစာထဲမှာ အခုလိုထုတ်ပြောလာတာဖြစ်ပြီး PDF တွေအတွက် လက်နက်ကြီးနဲ့ ဒရုန်းတွေ အားဖြည့်မယ်လို့လည်း ရေးသားထားပါတယ်။
အဲဒီအတွက် လက်နက်ကြီးနဲ့ ဒရုန်းတွေမှာ သုံးမယ့်ဗုံးသီးနဲ့ လက်နက်ကြီးပြောင်းတွေကိုတော့ ခရိုင်ထုတ်လုပ်ရေး စခန်းတွေကနေ ထုတ်လုပ်နေပြီလို့လည်း NUG က ပြောပါတယ်။
PDF တွေကို လက်နက်တပ်ဆင်တဲ့နေရာမှာ ပြည်သူလူထုရဲ့ ထောက်ပံ့ထည့်ဝင်လှူဒါန်းငွေတွေအပြင် NUG ထိန်းချုပ်နယ်မြေတွေက ရတဲ့အခွန်ငွေတွေကို မဟာမိတ်အဖွဲ့တွေနဲ့ပူးပေါင်းပြီး PDF အတွက် လက်နက်တပ်ဆင်တာတွေလုပ်ခဲ့တယ်လို့လည်း အဲဒီအစီရင်ခံစာမှာ ဖော်ပြပါတယ်။
PDF တွေ ထိန်းချုပ်ထားတဲ့နယ်မြေတွေမှာ အုပ်ချုပ်ရေး ယန္တရားထူထောင်နိုင်အောင် လုပ်ဆောင်သွားမယ်လို့လည်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ထပ်လောင်းပြောဆိုပါတယ်။
ဒါ့အပြင် NUG နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၄ တို့သဘောတူထားတဲ့ တော်လှန်ရေးဘုံသဘောထားတွေကို တော်လှန်ရေးအင်အားစုတွေအားလုံးရဲ့ ဘုံသဘောထားဖြစ်တဲ့အထိ ဆက်ပြီး ညှိနှိုင်းသွားမယ်လို့လည်း NUG ကာကွယ်ရေးဝန်ကြီးဌာန ပြောထားပါတယ်။
စစ်တပ်က မြောင်မြို့နယ်က မင်းတန်းရွာကို ညသန်းခေါင်လေကြောင်းတိုက်ခိုက်

ဓာတ်ပုံ ရင်းမြစ်, Ko Nway Oo Myaung - CDSOM
ဧရာဝတီမြစ်ကမ်းနံဘေးမှာရှိတဲ့ စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်ထဲက မင်းတန်းရွာကို မေလ ၅ ရက် သန်းခေါင်ယံအချိန်မှာ စစ်ကောင်စီတပ်က လေကြောင်းနဲ့တိုက်ခိုက်ခဲ့တာကြောင့် နေအိမ် ၄ လုံးမီးလောင် ပျက်စီးသလို နွားလေးကောင်လည်း မီးလောင်ကျွမ်းသေဆုံးခဲ့တယ်လို့ မြေပြင်မှာရှိနေသူတွေက ဘီဘီစီကို ပြောပါတယ်။
ဧရာဝတီမြစ်တဖက်ကမ်း မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ဆီမီးခုံရွာက စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ် ပူးပေါင်းအဖွဲ့တွေဟာ မြောင်ဘက်ခြမ်း သာဒွန်းရွာကို မြစ်ဖြတ်ကူးပြီး စစ်ကြောင်းထိုးလာတာကြောင့် မနေ့ ညနေ ၆ နာရီဝန်းကျင်မှာ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
အဲဒီတိုက်ပွဲဖြစ်ပြီး နာရီနဲ့ချီကြာပြီးမှပဲ စစ်တပ်က မြောင်မြို့နယ်ထဲက မင်းတန်းရွာကို လေကြောင်းတိုက်ခိုက်ခဲ့တာလို့ ပြည်သူ့ကာကွယ်ရေးတပ်တွေဆီက သိရပါတယ်။
“မင်းတန်းရွာအရှေ့ဘက် သာဒွန်းရွာနားတိုက်ပွဲက ည ၇ နာရီမှာကတည်းက ပြီးသွားပြီဗျ။ အဲဒါကို ညသန်းခေါင် ၁၂ ခွဲလောက်မှ လေယာဉ်နဲ့ ပေါင် ၅၀၀ ဗုံး လေးလုံးလာကြဲသွားတာ၊ နှစ်လုံးက အိမ်တွေပေါ်ကျပြီး နှစ်လုံးက ရေထဲကျတယ်”လို့ Myaung Union Army ရဲ့ တပ်ရင်းမှူးတစ်ဦးက ဘီဘီစီ ကိုပြောပါတယ်။
လေကြောင်းတိုက်ခိုက်ပြီးနောက် တဖက်ကမ်း ဆီမီးခုံဆိပ်ကမ်းမှာဆိုက်ကပ်ထားတဲ့ စစ်ကောင်စီ သင်္ဘာပေါ်ကနေလည်း လက်နက်ကြီးနဲ့ပစ်ခတ်တာတွေရှိခဲ့ပေမဲ့ ရွာတွေပေါ်ကျရောက်ပေါက်ကွဲတာ မရှိဘူးလို့ သိရပါတယ်။
ဒါဟာ မြောင်က ပြည်သူ့ကာကွယ်ရေးတပ်တွေကို စစ်ကောင်စီတပ်က အခုနှစ်အတွင်း ကြည်း၊ ရေ၊ လေ ပူးပေါင်း တိုက်ခိုက်မှုဖြစ်လာတယ်လို့ ဒေသအခြေစိုက် တော်လှန်ရေးအင်အားစုတွေက ထောက်ပြပါတယ်။
ဒီနေ့ မနက် ၄ နာရီဝန်းကျင်မှာတော့ စစ်ကောင်စီတပ်တွေဟာ မြင်းခြံ၊ ဆီမီးခုံကျေးရွာဘက်ကို ရေကြောင်းကတဆင့် ပြန်လည်ဆုတ်ခွာသွားပြီလို့ ပြောကြပါတယ်။
ဆွမ်ပရာဘွမ်က ခလရ ၄၆ တပ်ရင်းကို KIA ပူးပေါင်းတပ် သိမ်းပိုက်

ဓာတ်ပုံ ရင်းမြစ်, AFP
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့အခြေစိုက် စစ်ကောင်စီတပ်ရဲ့ အမှတ် ၄၆ တပ်ရင်းစခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေနဲ့အတူ တိုက်ခိုက်သိမ်းပိုက်နိုင်ပြီလို့ ကချင်လွတ်လပ်ရေးတပ်(KIA) ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ဘီဘီစီကို အတည်ပြုပါတယ်။
ဒီစခန်းကိုရဖို့ မတ်လကတည်းက တိုက်ခိုက်နေခဲ့တာဖြစ်ပြီး ဒီကနေ့ မေလ ၅ ရက်နေ့မနက်ပိုင်းမှာ သိမ်းပိုက်နိုင်ခဲ့တာပါ။
“၄၆ တပ်ရင်းစခန်းနဲ့ မြို့ကြားမှာ စခန်းငယ်နှစ်ခုတော့ ကျန်နေသေးတယ်။ အဲဒါကိုဆက်ပြီးမှ ရှင်းလင်းရေး လုပ်နေတယ်ဆိုပြီးအကြောင်းကြားလာတာရှိပါတယ်။ အပြီးအပိုင်သိမ်းလိုက်နိုင်တဲ့အနေအထားတော့ မဟုတ်သေးဘူးလို့ ပြောချင်တာပေါ့” လို့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
မြစ်ကြီးနား - ပူတာအိုလမ်းက အဓိကစစ်စခန်းဖြစ်တာကြောင့် စစ်ကောင်စီက ပူတာအိုကနေ စစ်ကူတွေ ပေးပို့သလို လေကြောင်းပစ်ကူတွေလည်းဆက်တိုက်ပေးခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။
အခုလိုသိမ်းပိုက်လိုက်တာကြောင့် KIA ရဲ့ တပ်မဟာ ၁၊ တပ်ရင်း ၇ နယ်မြေမှာ စစ်ကောင်စီတပ်တွေ မရှိသလောက်ဖြစ်နေပြီလို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၇ ရက်နေ့ကစလို့ စစ်ဆင်ရေးအဖြစ် ကချင်မှာစစ်ရေးအရှိန်မြှင့်နေပြီး ဒီကနေ့အထိ စစ်ကောင်စီရဲ့ တပ်စခန်းကြီးငယ် ၇၀ ကျော်ကို သိမ်းပိုက်ထားနိုင်ပြီလို့ KIA ရဲ့ စာရင်းအချက်အလက်အရ သိရပါတယ်။
စစ်ကောင်စီတပ်ဘက်ကတော့ အခုနှစ်စပိုင်း ကချင်တိုက်ပွဲတွေနဲ့ပတ်သက်လို့ ဒီကနေ့မနက်ပိုင်းအထိ တစုံတရာသတင်းထုတ်ပြန်ပြောလာတာမတွေ့ရသေးပါဘူး။
စစ်တပ်ရဲ့ ဘူးသီးတောင်တပ်မဌာနချုပ်နဲ့ တပ်ရင်း ၄ ရင်းကို သိမ်းလိုက်ပြီလို့ အေအေပြော

ဓာတ်ပုံ ရင်းမြစ်, AA Info Desk
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့မှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ တပ်မဌာနချုပ် စကခ(၁၅) အပါအဝင် ခမရ (၅၅၁)၊ ခမရ (၅၆၅)၊ ခမရ (၅၆၄) နဲ့ ခမရ (၅၅၂) တပ်ရင်းတွေကို သိမ်းပိုက်ထားနိုင်ပြီလို့ အာရက္ခတပ်တော် -အေအေ(အရင်က ရက္ခိုင့်တပ်တော်) က သတင်းထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ မေလ ၂ ရက် နဲ့ ၃ ရက်နေ့တွေမှာ ဘူးသီးတောင် တပ်မဌာနချုပ် စကခ (၁၅) နဲ့ ခမရ (၅၅၁) တပ်ရင်းတွေကို ဆက်တိုက်သိမ်းယူ နိုင်ခဲ့တာလို့ မေလ ၄ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။
ရခိုင့်တပ်တော် AA သိမ်းပိုက်ထားတဲ့ စစ်ကောင်စီ တပ်မ၊တပ်ရင်းတွေကနေ လက်နက်ခဲယမ်းနဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေ ရရှိခဲ့သလို လက်နက်ချခဲ့တဲ့ စစ်ကောင်စီ တပ်သားတွေ တွေကိုလည်း ဖမ်းဆီထားတယ်လို့ AA က ပြောပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်ရဲ့ ဘူးသီးတောင်ဗျူဟာ အောက်က တပ်ရင်းတွေဖြစ်တဲ့ ခလရ (၂၃၃)၊ ခလရ (၂၃၄)၊ ခလရ (၂၆၃) နဲ့ အမတ (၃၇၈) တပ်ရင်းတွေနဲ့လည်း တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့လည်း အေအေက ပြောပါတယ်။
အေအေပါဝင်တဲ့ ရှမ်းမြောက်က မြောက်ပိုင်းညီနောင် သုံးဖွဲ့က စစ်တပ်ကို တိုက်ခိုက်တဲ့ ၁၀၂၇ စစ်ဆင်ရေး စတင်ပြီးနောက်မှာ ရခိုင်ပြည်နယ်ထဲမှာလည်း စစ်ကောင်စီတပ်တွေနဲ့ အေအေတို့ကြားတိုက်ပွဲတွေ ပြန်ဖြစ်ပွား နေတာ ၆ လ နီးပါးကြာမြင့်နေပြီဖြစ်ပါတယ်။
- ‘‘ရိုဟင်ဂျာ၊ ဘင်္ဂါလီ၊ ... ဘယ်လိုပဲခေါ်ခေါ် ရခိုင်ပြည်သားတစ်ယောက်ဆိုရင် နိုင်ငံသားအခွင့်အရေးက ရရမှာပဲ’’ – AA စစ်ဦးစီးချုပ်
- ‘‘ရက္ခိတအိပ်မက်ဆိုတာရှိပေမဲ့ … လူမျိုးပေါင်းစုံ လွတ်မြောက်ရေး၊ တန်းတူမျှတရေး...ငြိမ်းချမ်းဖို့ လိုတယ်’’ - AA စစ်ဦးစီးချုပ်
- ဖမ်းဆီးခံရပြီးအဆက်အသွယ်မရဖြစ်နေတဲ့ AA စစ်ဦးစီးချုပ်ရဲ့ ယောက်ဖ
ICJ မှာ ရိုဟင်ဂျာအရေး အမြန်ဆုံးဖြေရှင်းနိုင်ဖို့ ဘင်္ဂလားဒေ့ရှ်နဲ့ ဂမ်ဘီယာ တွေ့ဆုံ

ဓာတ်ပုံ ရင်းမြစ်, AFP
ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံး သတ်ဖြတ်မှုကျူးလွန်တယ်ဆိုပြီး မြန်မာကို ဂမ်ဘီယာက အိုင်စီဂျေမှာ တရားစွဲဆိုထားတဲ့အမှုနဲ့ပတ်သက်ပြီး အမြန်ဆုံးအဖြေရှာနိုင်ဖို့ ဘင်္ဂလားဒေ့ရှ်နဲ့ ဂမ်ဘီယာ နှစ်နိုင်ငံက တာဝန်ရှိသူတွေ တွေ့ဆုံချိန်မှာ ပြောပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ ဟတ်စ်နာ မာမွတ်နဲ့ ဂမ်ဘီယာတရားရေးဝန်ကြီးနဲ့ ရှေ့နေချုပ်လည်းဖြစ်တဲ့ ဒါဝါဒါ အေ ဂျာလို တို့ရဲ့ မေလ ၃ ရက်နေ့ တွေ့ဆုံချိန် အခုလိုဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။
၁၅ ကြိမ်မြောက် အစ္စလာမ္မစ် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ (OIC) ထိပ်သီးအစည်းအဝေးမတိုင်မီ ကြိုတင်တွေ့ဆုံတာလို့လည်း သိရပါတယ်။
ဂမ်ဘီယာရှေ့နေချုပ်က လက်ရှိရိုဟင်ဂျာအမှုလုပ်ဆောင်နေမှုတွေနဲ့ မြန်မာအပေါ် စွပ်စွဲချက်တွေကို သက်သေပြနိုင်ဖို့ ယုံကြည်တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ICJ မှာတရားစွဲဆိုချိန် လုံလောက်တဲ့ ရံပုံငွေမလောက်ငဖြစ်နေတယ်လို့ သူက ဆက်ပြောပါတယ်။
အမှုကိုဆက်ပြီးဆောင်ရွက်ဖို့ ဘင်္ဂလားဒေ့ရှ်ဘက်က ဂမ်ဘီယာကို လိုအပ်တဲ့ဥပဒေရေးရာအကူအညီနဲ့ အထောက်အထားတွေပံ့ပိုးပေးမယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ ဟတ်စ်နာက ပြောပါတယ်။
ရိုဟင်ဂျာတွေအတွက် အမိုးအကာအပါအဝင် လူသားစာနာထောက်ထားမှုအကူအညီတွေပေးတဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရကို ကျေးဇူးတင်တဲ့အကြောင်း ဂမ်ဘီယာဝန်ကြီးက အစည်းအဝေးမှာ ပြောခဲ့ပါတယ်။
ဒါအပြင် ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှုအမှုအတွက် ဂမ်ဘီယာကို ဘင်္ဂလားဒေ့ရှ်က ငွေကြေးထောက်ပံ့တာနဲ့ ပတ်သက်ပြီးလည်း ထည့်သွင်းပြောခဲ့ပါတယ်။
ဘင်္ဂလားဒေ့ရှ်ဝန်ကြီးကလည်း ဘင်္ဂလားဒေ့ရှ်အစိုးရအနေနဲ့ ရိုဟင်ဂျာတွေအတွက် အကူအညီပေးရေးဆောင်ရွက်နေတာရဲ့ အကျပ်အတည်းနဲ့ အနာဂတ်အခက်အခဲတွေအကြောင်း ပြန်ဆွေးနွေးခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ်ရောက်နေတဲ့ ရိုဟင်ဂျာတွေကို နေရပ်ပြန်ပို့နိုင်ဖို့အတွက် ရေရှည်တည်တံ့မယ့် အဖြေရှာဖို့ကို ပါ Hasan က အလေးပေးပြောခဲ့ပါတယ်။











