ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှုစွဲချက် - မြန်မာရဲ့ အချိန်တိုးတောင်းမှု ICJ ပယ်ချ - ဧပြီလ ၁၉ ရက်နေ့ ထိပ်တန်းသတင်းများ စုစည်းချက်

ဓာတ်ပုံ ရင်းမြစ်, ICJ
ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု စွပ်စွဲချက်နဲ့ နိုင်ငံတကာတရားရုံး (ICJ) မှာ အမှုရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံဟာ လာမယ့် တနင်္လာနေ့ ဧပြီလ ၂၄ ရက်နေ့မှာ ချေလွှာတင်ဖို့ ရှိတာကို စစ်ကောင်စီဘက်က နောက်နှစ်ထိ ရွှေ့ဆိုင်းပေးဖို့ လျှောက်ထားချက်ကို တရားရုံးက ပယ်ချလိုက်ပေမဲ့ ပြင်ဆင်ချိန်ကိုတော့ တစ်လထပ်တိုးပေးလိုက်ပါတယ်။
မြန်မာကိုယ်စားလှယ်ဘက်က နောက်နှစ် ဖေဖော်ဝါရီ ၂၄ ထိ ၁၀ လကြာ ရွှေ့ဆိုင်းထားပေးဖို့ ပြီးခဲ့တဲ့လ မတ်လ ၁၄ ရက်က ပန်ကြားခဲ့တယ်လို့ တရားရုံးက ဧပြီ ၆ ရက် ရက်စွဲနဲ့ ထုတ်ပြန်ပါတယ်။
မြန်မာဘက်က ရွှေ့ဆိုင်းဖို့ ပြောတဲ့အကြောင်းပြချက်တွေထဲမှာ တရားစွဲတဲ့ ဂမ်ဘီယာဘက်က တင်ထားတဲ့ အဆိုလွှာက ရှည်လျားတာ၊ အမှုနဲ့ဆိုင်တဲ့ စာရွက်စာတမ်းတွေကို မြန်မာလို ဒါမှမဟုတ် အင်္ဂလိပ်လို ဘာသာပြန်ဖို့ အချိန်လိုအပ်တာ၊ မြန်မာဘက်က အသုံးပြုနိုင်တဲ့ အရင်းအမြစ်မလုံလောက်တာ၊ ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည်တွေကို မြန်မာဘက်ကို ပြန်ခေါ်ပြီး သက်သေခံချက်တွေ ယူဖို့ အချိန်လိုတာ၊ ၂၀၂၁ ဖေဖော်ဝါရီ အစိုးရအပြောင်းအလဲကြောင့် ချေလွှာကို ပြင်ဆင်နိုင်စွမ်း ထိခိုက်မှုတွေ ပါဝင်ပါတယ်။
မြန်မာဘက်က ပန်ကြားမှုကို တရားရုံးက ဂမ်ဘီယာဆီ အကြောင်းကြားခဲ့ပေမဲ့ ဂမ်ဘီယာက ပယ်ချခဲ့တယ်လို့ ဖော်ပြပါတယ်။ ဂမ်ဘီယာဟာ သူ့ရဲ့ အဆိုလွှာကို ပြင်ဆင်ဖို့ ၉ လအချိန်ရခဲ့သလို မြန်မာအနေနဲ့လည်း ဒီအချိန်ကာလပဲရသင့်တယ်လို့ ပြောပါတယ်။ ဒါပေမဲ့ ဂမ်ဘီယာတင်ပြီးချိန်ကစရင် မြန်မာဘက်က ပြင်ဆင်ချိန် ၂၉ လ ရရှိထားပြီး ဖြစ်တယ်လို့လည်း ဖော်ပြပါတယ်။
တရားရုံးကတော့ နှစ်ဖက်တင်ပြမှုတွေကို အခြေခံပြီး မြန်မာဘက်ကို မေလ ၂၄ ရက်ထိ တစ်လ ထပ်တိုးပေးလိုက်တယ်လို့ ဆုံးဖြတ်ပါတယ်။
ဒီချေလွှာတင်ပြီးရင် နောက်ထပ် စာနဲ့ရေးပြီး လျှောက်လဲချက်တွေ အပြန်အလှန် တင်ရဖွယ်ရှိပြီး အဲဒီနောက်ပိုင်းကျရင် ကြားနာမှုတွေ လုပ်ရမှာ ဖြစ်ကြောင်း၊ ဒီအမှု အချိန် ဘယ်လောက်ကြာမယ်ဆိုတာ မှန်းရခက်ပေမဲ့ ချေလွှာတင်ပြီးရင် ခန့်မှန်းခြေ နောက်ထပ် ၂ နှစ်ခွဲလောက် ကြာနိုင်ကြောင်း ဂမ်ဘီယာရဲ့ ရှေ့နေ ပေါလ်ရိုက်ကလာ ဘီဘီစီကို ပြောခဲ့ဖူးပါတယ်။
၂၀၁၇ ခုနှစ်တုန်းက စစ်တပ်ရဲ့ နယ်မြေရှင်းလင်းမှုအတွင်း ရိုဟင်ဂျာ ၇ သိန်းကျော် ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးခဲ့ရပြီးနောက် ၂၀၁၉ ခုနှစ်က ဒီအမှု ပေါ်ပေါက်လာတာလည်း ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် နေပြည်တော်အချုပ်ထောင်မှာသာ ဆက်ရှိ

ဓာတ်ပုံ ရင်းမြစ်, NLD Chairperson Office
ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်အချုပ်ထောင်မှာသာ ဆက်လက်ထားရှိထားကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်လာပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်ထံ ပြန်လည်ပြောင်းရွှေ့လိုက်တယ်ဆိုတဲ့သတင်းတွေ မနေ့ဧပြီ ၁၈ ရက်ညပိုင်းကစလို့ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်ခဲ့ပါတယ်။
ဒါနဲ့ပတ်သက်လို့ တရားရုံးနဲ့နီးစပ်တဲ့အသိုင်းအဝိုင်းကို စုံစမ်းချက်အရ ဒေါ်အောင်ဆန်းစုကြည်ဟာ နေပြည်တော်အချုပ်ထောင်မှာသာ ဆက်ရှိနေပြီး ဘယ်ကိုမှ ရွှေ့ပြောင်းခြင်းမရှိဘူးလို့ သိရပါတယ်။
တစ်ခါ စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းကလည်း ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်ကိုရွှေ့ပြောင်းတာဟုတ်မဟုတ် သတင်းထုတ်ပြန်ရေးအဖွဲ့ ဗိုက်ဘာဂရုထဲမေးမြန်းချက်ကိုမဟုတ်ကြောင်း ဧပြီ ၁၉ ရက်ညနေပိုင်းမှာ ပြန်လည်ဖြေကြားခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက အမှုပေါင်း ၁၉ မှုနဲ့ ထောင် ၃၃ နှစ်ချမှတ်ထားတာဖြစ်ပြီး အဲဒီ အမှုတွေအားလုံးရဲ့အမိန့်တွေကို ဒေါ်အောင်ဆန်းစုကြည်ဘက်က အယူခံတင်သွင်းထားပါတယ်။
အဲဒီလိုအယူခံတင်ထားတဲ့အထဲက ရဟတ်ယာဥ်အမှု ငါးမှုကို မူလရုံးက ချမှတ်ထားတဲ့ အမိန့်တွေအတွက် အယူခံတင်သွင်းမှုနဲ့ နိုင်ငံတော်လျှို့ဝှက်အက်၊ ရွေးကောက်ပွဲကော်မရှင်အပေါ် မလျော်သြဇာသုံးမှု ရာဇသတ်ကြီးပုဒ်မ ၁၃၀-က နှစ်မှုအတွက် မြို့နယ်၊ ခရိုင်၊ တိုင်းအဆင့် အယူခံတွေအားလုံးကို ပယ်ချခံရလို့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကို ပြင်ဆင်ချက် တင်သွင်းမှု စတာတွေအတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ရှေ့နေတွေက ဒီကနေ့မှာ နေပြည်တော်က ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှာ လျှောက်လဲချက်ပေးခဲ့ကြပါတယ်။
ဒီလျှောက်လဲချက်တွေပေါ်မူတည်ပြီး နှစ်ဖက်ကြားနာဖို့ ခွင့်ပြုခဲ့တဲ့နောက် ပြင်ဆင်ချက်တွေနဲ့အယူခံတက်မှုတွေကိုလက်ခံရန်သင့်မသင့် ပြည်ထောင်စုတရားလွှတ်တော်က ဆုံးဖြတ်ရဖို့ရှိနေပါတယ်။ နောက်တစ်ကြိမ်ရုံးချိန်းကိုတော့ ရုံးချိန်းမတိုင်ခင် နှစ်ရက်အလိုမှသာကြိုတင်သိရှိနိုင်မယ်လို့လည်းတရားရုံးနဲ့နီးစပ်တဲ့အသိုင်းအဝိုင်းက သိရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ကိုချမှတ်ထားတဲ့အမိန့်တွေအားလုံးကိုအယူခံတွေအကုန်တက်ထားတာဖြစ်ပြီး ကျန် အမှု ၁၂ မှုနဲ့ပတ်သက်လို့လည်း ပယ်ချခံရတဲ့အယူခံတွေကို ပြင်ဆင်ချက်တက်တာတွေ ဆက်တိုက်ပြုလုပ်ထားတာဖြစ်ပါတယ်။
KNU ဥက္ကဋ္ဌ စောမူတူးစေးဖိုး ဆေးကုသမှုခံယူပြီးနေအိမ်ပြန်ရောက်

ဓာတ်ပုံ ရင်းမြစ်, KIC/CJ
ကရင်အမျိုးသားအစည်းအရုံး KNU ဥက္ကဋ္ဌ စောမူတူစေးဖိုးဟာ မနေ့ ဧပြီ ၁၈ ရက်က သွေးတိုးဝေဒနာကြောင့် ထိုင်းနိုင်ငံမဲဆောက်မြို့က ဆေးရုံတစ်ရုံမှာဆေးကုသမှုခံယူခဲ့ရပြီး အခုအခါ ပြန်လည်သက်သာကျန်းမာလာပြီဖြစ်ကာ နေအိမ်ကို ပြန်လည်ရောက်ရှိနေပြီလို့ KNU နိုင်ငံခြားရေးတာဝန်ခံ ပဒိုစောတောနီးက ဘီဘီစီကို အတည်ပြုပါတယ်။
"မနေ့က ဖြစ်တာပါ။ စိတ်ပူစရာလည်းမရှိပါဘူး။ အပူချိန်က တအားမြင့်တော့ ရာသီဥတုကြောင့်လည်းပါတယ်။ ပဒိုက အသက်ကလည်းကြီးပြီလေ။ အသက် ၉၀ လည်းပြည့်သွားပြီ။ အသက်အရွယ်ကြောင့် ရာသီဥတုကပြင်းတော့ ဒါကြောင့်ပါ။ သွေးနည်းနည်းတိုးတာပါ။ ဒီနေ့ကောင်းသွားပါပြီ။ အိမ်လည်းပြန်ရောက်နေပါပြီ"လို့ပြောပါတယ်။
အခုအခါ သတိလည်း ကောင်းမွန်စွာပြန်လည်ရရှိနေပြီဖြစ်တယ်လို့ ဆိုပါတယ်။
ခင်ဦးမြို့နယ်အတွင်းစစ်ကြောင်းထိုးဝင်ရောက်မှု-PDF ငါးဦး သေ၊ ဒေသခံငါးဦးဖမ်းခံရပြီး ဒေသခံသောင်းနဲ့ချီထွက်ပြေးနေရ

ဓာတ်ပုံ ရင်းမြစ်, ခင်ဦးမြို့နယ် သတင်းမှန် ပြန်ကြားရေး
စစ်ကိုင်းတိုင်းဒေသကြီး ၊ ခင်ဦးမြို့နယ်မှာ မနက်အစောကတည်းက စစ်ကြောင်းထိုးလာလို့ ဒေသခံ သောင်းချီ ထွက်ပြေးနေရပြီး ညနေပိုင်းအချိန်မှာတော့ ဒေသကာကွယ်ရေး ရဲဘော် ၅ ဦး သေဆုံးခဲ့သလို ပြည်သူ ၅ ဦးလည်း အဖမ်းဆီး ခံထားရတယ်လို့ သိရပါတယ်။
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ထဲက ကျေးရွာတွေကို စစ်ကောင်စီက ဒီကနေ့ ဧပြီ လ ၁၉ မနက် ၅ နာရီလောက်ကတည်းက စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့အတွက် ကျေးရွာပေါင်း ၂၀ ကျော်က ပြည်သူ ၃၀၀၀၀ နီးပါးက တိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။
မနေ့က မနက် ၅ နာရီ ဝန်းကျင်လောက်ကလည်း စစ်ကြောင်းထိုးခဲ့တဲ့အတွက် ကျေးရွာတွေက ပြည်သူ တွေ ထောင်နဲ့ချီ တိမ်းရှောင်နေကြရသလို ဒီကနေ့မှာလည်း စစ်ကြောင်း ဆက်ထိုးနေတာဖြစ်ပြီး နှစ်ရက်ဆက် တိုက် အင်အား ရာနဲ့ချီ စစ်ကြောင်းထိုးနေတာကြောင့် ဒေသခံတွေဟာ ဘေးလွတ်ရာနေရာတွေကို တိမ်းရှောင်နေကြရတာ ဖြစ်ပါတယ်။
" မနေ့က အင်အား ၉၀ လောက်နဲ့ စစ်ကြောင်းဝင်တယ်။ ဒီကနေ့ စစ်ကြောင်း အင်အား ၅၀ လောက်နဲ့ ဝင်တယ်။ ကျေးရွာပေါင်း ၂၀ ကျော်က လူတွေ သုံးသောင်းလောက် ပြေးနေရတာ။ မနက်လင်းကတည်းက အခု ၁၀ နာရီကျော်အထိ ဘာမှ မစားကြရသေးဘဲ ပြေးလွှားနေကြရတာ။ ဒါ တောက်လျှောက် လူအများဆုံး အပြေးရဆုံးလို့တောင် ပြောရမယ်" လို့ ခင်ဦး အနောက်ဘက်ခြမ်း တာဝန်ခံက ပြောပါတယ်။
၄င်းက ဆက်ပြီး " ပြေးရတဲ့အထဲ သက်ကြီးရွယ်အိုတွေနဲ့ ကလေးတွေ ပါသလို တချို့ သက်ကြီးရွယ်အိုတွေက နာမကျန်းဖြစ်နေလို့ ဆိုင်ကယ်တွေပေါ် တောင် မတက်နိုင်လို့ စောင်နဲ့ ပုခက်လုပ် ထမ်းစင်လုပ်ပြီး သယ်နေကြရတာ" လို့ ပြောပါတယ်။
စစ်ကြောင်းထိုးမှုကြောင့် ခင်ဦးမြို့နယ်ထဲက အင်းပတ်ကျေးရွာ၊ သရက်ပင်စု၊ မြကန်၊ အင်တိုင်းလေး (တောင်၊မြောက်) ၊ မြင်းဒေါင်း၊ ကုန်းသာ၊ သဲကုန်းကြီး၊ ညောင်ပင်ကန်၊ မန်ကျီးအုပ် စတဲ့ ကျေးရွာ ပေါင်း ၂၀ ကျော်က ပြေးလွှားတိမ်းရှောင်နေကြရတာလည်း ဖြစ်ပါတယ်။
အာဏာသိမ်းပြီး နှစ်နှစ်ကျော်အတွင်း ဖမ်းဆီးခံရသူ ၂ သောင်းကျော်ရှိပြီး သေဆုံးသူ ၃ ထောင်ကျော်ရှိလာ

ဓာတ်ပုံ ရင်းမြစ်, AAPP
စစ်တပ်က အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ ၂၀၂၃ ခုနှစ် ဧပြီလ ၁၈ ရက်နေ့အထိ ဖမ်းဆီးခံခဲ့ရသူ နှစ်သောင်းကျော် ရှိလာပြီဖြစ်ပြီး သေဆုံးခဲ့သူစုစုပေါင်း ၃၄၀၀ ကျော် ရှိလာပြီလို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPPက ဧပြီ ၁၈ ရက်နေ့စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းပြီးကတည်းက သေဆုံးခဲ့ရသူ စုစုပေါင်းမှာ ၃,၄၀၈ ဦး ရှိခဲ့ပြီဖြစ်ပြီး အာဏာသိမ်းပြီးခဲ့ချိန်ကနေ မနေ့ ဧပြီ ၁၈ ရက်နေ့အထိ ဖမ်းဆီးခံခဲ့ရသူ ၂၁,၄၀၃ ဦးရှိတယ်လို့ သိရပါတယ်။ အဲဒီထဲကမှ ၁၇,၄၉၉ ဦးဟာ ထိန်းသိမ်းခံနေရဆဲ ဖြစ်သလို ၅,၆၀၁ ဦးကတော့ ထောင်ဒဏ်ချမှတ်ခံထားရပါတယ်။
၂၀၂၃ ခုနှစ် ဧပြီလ ၁၈ ရက် အထိ သေဒဏ်ချမှတ်ခံထားရပြီး အကျဉ်းထောင်တွေမှာ ထိန်းသိမ်းခံနေရသူ စုစုပေါင်း ၁၀၉ ဦး ရှိပြီဖြစ်သလို မျက်ကွယ်သေဒဏ်ချမှတ်ခံထားရသူ ၄၂ ဦး အပါအဝင် ၁၂၁ ဦးမှာ မျက်ကွယ်ပြစ်ဒဏ် ချမှတ်ခြင်းခံထားရတာဖြစ်ပါတယ်။ ဒါကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၁၅၁ ဦးရှိလာပြီလို့ အချက်အလက်တွေအရ သိရပါတယ်။
ဒါ့အပြင် ဖမ်းဆီးခံရပြီးတဲ့ နောက် ပြန်လည်လွတ်မြောက်လာသူဦးရေမှာ လည်း ၃၈၈၂ ဦး ရှိတယ်လို့ သိရပါတယ်။ ဒီ ကိန်းဂဏန်းအရေအတွက်တွေက AAPP က ကောက်ယူရရှိထားတဲ့ အရေအတွက်တွေ ဖြစ်ပြီး မြေပြင်မှာ လက်ရှိဖြစ်နေတဲ့ အချက်အလက်နဲ့ ကိန်းဂဏန်းအရေအတွက်တွေက အခုထက် ပိုများနိုင်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ဖားကန့် ဆိုင်းဖရာရွာက ဖမ်းဆီးခံ ဒေသခံတွေ အားလုံး မလွတ်မြောက်သေး ဖမ်းဆီးခံထားရသူတွေ ဆက်ရှိနေ

ဓာတ်ပုံ ရင်းမြစ်, CJ
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိုင်းဖရာရွာက ဒေသခံ ရာနဲ့ချီ ကို စစ်ကောင်စီတပ်က မနေ့ ဧပြီ ၁၈ ရက်နေ့ မနက်ပိုင်းက ကားနဲ့ ဖမ်းခေါ်သွားပြီး တချို့ကို ပြန်လွှတ်လိုက်ပေမဲ့ အားလုံး မလွတ်မြောက်သေးဘဲ ဆက်လက်ဖမ်းဆီးခံထားရသူတွေရှိနေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
မနေ့က ၉ နာရီလောက်မှာ KIA နဲ့ စစ်ကောင်စီတပ်တွေအကြား ထိတွေ့မှု ဖြစ်ပွားခဲ့ပြီးတဲ့နောက် ဖားကန့်မြို့နယ် ဆိုင်းဖရာရွာထဲကို စစ်ကောင်စီတပ်တွေ ဝင်ရောက်လာပြီး ဒေသခံ အမျိုးသမီး၊ အမျိုးသား ရာနဲ့ချီကို ဆယ်ဘီးကားတွေနဲ့ တင်ဆောင် ပြီး ဖမ်းဆီးသွားခဲ့တာပါ။
အဲဒီလို ဆယ်ဘီးကား ၄ စီးနဲ့ ဖမ်းဆီးသွားတဲ့ဒေသခံတွေကို မနက်ပိုင်း ၁၀ နာရီလောက်မှ လူ ၅၀ ဝန်းကျင် တစ်သုတ်စီ ပြန်လည် လွှတ်ပေးခဲ့သလို ညပိုင်းမှာလည်း အမျိုးသားတွေကို တစ်သုတ် ပြန်လွှတ်ပေးခဲ့တယ်လို့ အခြေအနေသိရှိသူ ဒေသခံတွေက ပြောပါတယ်။
ဖားကန့် ဒေသခံတစ်ဦးပြောတာက " ဆယ်ဘီးကားကြီး လေးစီးနဲ့ လူ ရာချီတယ် ၊ တာလပတ်စ တွေ အုပ်ပြီး ခေါ်သွားတာ။ အဲဒီမှာ ဒုတိယမြောက်ကားကို မိုင်းထိတယ်။ ပြည်သူ နှစ်ယောက်သေတယ်။ တခြားထိခိုက်တဲ့သူတွေလည်း ရှိတယ်။ ဖမ်းသွားတဲ့အထဲက မနက်ပိုင်း မှာ အမျိုးသမီး တစ်သုတ် ပြန်လွှတ်တယ်။ ညပိုင်း အမျိုးသားတွေ တစ်သုတ် ပြန်လွှတ်တယ်။ ဒါပေမဲ့ အကုန် ပြန်မလွှတ်သေးဘူး။ အဆက်အသွယ်မရသေးတဲ့သူတွေ အများကြီး ရှိသေးတယ်။ ဒီနေ့တော့ ညနေထိ စုံစမ်းနေတာ တစ်ယောက်မှ လွတ်လာတယ် မကြားသေးဘူး " လို့ ပြောပါတယ်။
စစ်ကောင်စီတပ်တွေ ဆိုင်းဖရာကျေးရွာကို ဒီနေ့ ဝင်ရောက်စီးနင်းတာ၊ ကချင်လွတ်မြောက်ရေးတပ်မတော် KIA နဲ့ တိုက်ပွဲဖြစ်တာတွေနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။
စစ်ကောင်စီသတင်းတွေကိုဖော်ပြလေ့ရှိတဲ့တယ်လီဂရန်ချန်နယ်တွေမှာတော့ ဖားကန့်မြို့နယ် နန့်ယားကျေးရွာအုပ်စု ဂတ်နွယ် (ပျားအုံ) ရွာလမ်းခွဲမှာ မနေ့ ဧပြီ ၁၈ ရက် မနက်ပိုင်းက မြို့ပေါ်စျေးတက်ဝယ်တဲ့အရပ်သားတွေလိုက်ပါလာတဲ့ ၁၂ ဘီးကားကို စစ်ကောင်စီယာဥ်ဆိုပြီး KIA က ပစ်ခတ်လို့ အရပ်သားငါးဦး သေဆုံးပြီး ၆ ဦးထိခိုက်ဒဏ်ရာရတယ်လို့ သတင်းတွေဖော်ပြနေပေမဲ့ ဘီဘီစီက သီးခြားအတည်မပြုနိုင်သေးပါဘူး။
မြန်မာပြည်တွင်းမှာ နေရပ်စွန့်ခွာထွက်ပြေးရသူဦးရေ ၁ ဒသမ ၈ သန်းကျော် ရှိလာတယ်လို့ UNOCHA ထုတ်ပြန်

ဓာတ်ပုံ ရင်းမြစ်, ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး
၂၀၂၃ ခုနှစ် ဧပြီလ (၁၀) ရက်နေ့အထိ ကုလသမဂ္ဂရဲ့နောက်ဆုံးကိန်းဂဏန်းတွေအရ မြန်မာနိုင်ငံတစ်ဝန်း ပြည်တွင်းနေရပ်စွန့်ခွာထွက်ပြေးရသူဦးရေ ၁ ဒသမ ၈ သန်းကျော်ရှိလာပြီ လို့ သိရပါတယ်။
အဲဒီအထဲကမှ လူဦးရေ ၁ ဒသမ ၅ သန်းနီးပါးဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ စစ်တပ်က အာဏာသိမ်းယူမှုအပြီး ဖြစ်ပေါ်လာတဲ့ ပဋိပက္ခနဲ့မလုံခြုံမှုတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးကြရသူတွေဖြစ်တယ်လို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး UNOCHA က ဒီကနေ့ နေ့စွဲနဲ့ ထုတ်ပြန်လာပါတယ်။
ဒါကြောင့် နှစ်နှစ်ကျော်အတွင်း နေရပ်စွန့်ခွာ ထွက်ပြေးကြရသူတွေ အများအပြား တိုးလာတာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် လက်နက်ကြီးပစ်ခတ်မှုတွေနဲ့ ကြိမ်ဖန်များစွာလေကြောင်းတိုက်ခိုက်မှုတွေပါဝင်တဲ့ ပြင်းထန်တဲ့တိုက်ပွဲတွေဟာ ပြည်နယ်နဲ့တိုင်းဒေသကြီးအများအပြားမှာ အထူးသဖြင့် နိုင်ငံရဲ့ အနောက်မြောက်၊ အရှေ့တောင်ဘက်နဲ့ ကချင်ပြည်နယ်တို့မှာ ဆက်လက်ဖြစ်ပွားတာလည်း တွေ့ရကြောင်းနဲ့ နောက်ဆက်တွဲ အနေနဲ့ အရပ်သား ထိခိုက်သေဆုံးမှုနဲ့ အိုးအိမ်စွန့်ခွာ ထွက်ပြေးရတာတွေ ဆက်လက် မြင့်တက်နေဆဲ ဖြစ်တယ်လို့ ပါရှိပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ (၁၁) ရက်နေ့ကလည်း စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်အတွင်းမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားအများအပြားအပါအဝင် လူ ၁၇၀ ကျော် သေဆုံးခဲ့ရတဲ့ဖြစ်စဉ်ကိုလည်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က ပြင်းပြင်းထန်ထန် ရှုတ်ချထားကြောင်းလည်း ထုတ်ပြန်ချက်ထဲမှာ ပါရှိပါတယ်။
ပဇီကြီးရွာအနီးကို စစ်ကောင်စီက ခြေလျင်တပ် စေလွှတ်

ဓာတ်ပုံ ရင်းမြစ်, NUG/SS
လေကြောင်းတိုက်ခိုက်ခံရလို့ လူရာကျော်သေဆုံးခဲ့တဲ့ ဖြစ်စဥ်အပြီး တစ်ပတ်အကြာမှာပဲ ပဇီကြီးရွာအနီးကာမလည်ရွာကို စစ်ကောင်စီက ဧပြီ ၁၈ ရက်မှာ စစ်ကြောင်းတစ်ခု စေလွှတ်ခဲ့တယ်လို့ ဒေသခံတွေထံကသိရပါတယ်။
ဧရာဝတီမြစ်ကမ်းအနီးမှာရှိတဲ့ မလည်ရွာဟာ ပဇီကြီးနဲ့ လေးမိုင်ခန့်ကွာဝေးပြီး အဲဒီရွာမှာရှိတဲ့ ရဲစခန်းမှာ စစ်ကောင်စီစစ်ကြောင်း မနေ့က ညအိပ်ခဲ့တယ်လို့ သိရပါတယ်။ ဒီစစ်ကြောင်းဟာ ဧရာဝတီမြစ်တစ်ဘက်ကမ်းက သပိတ်ကျင်းမြို့နယ်ထဲကနေ မြစ်ကိုဖြတ်ကူးလာတာလို့ ဒေသခံတွေကပြောပါတယ်။ ‘’မနေ့က တပ်လဲတယ်။ ဒါပေမဲ့ အရင်ကထက်အင်အားတိုးချလိုက်တယ်’’ လို့ ရွာခံတစ်ဦးက ဘီဘီစီကိုပြောပြီး အင်အား တစ်ရာကျော်ရှိနိုင်တယ်လို့ ပြောပါတယ်။
ဒီကနေ့မနက်မှာ မလည်ရွာကနေ ထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ပဇီကြီးကို ဝင်ဖို့ ဒီနေ့ နေ့လယ်ပိုင်းအထိ အခြေအနေစောင့်ကြည့်နေတယ်လို့ ရွာခံတွေထံက သိရပါတယ်။
ဒေသခံတွေက မနေ့ညကတည်းက တပ်တွေရောက်လာတဲ့သတင်းကို ကြားတဲ့အတွက် ပဇီကြီး ဝန်းကျင်က ရွာ ရှစ်ရွာလောက်က ဒေသခံ ထောင်ဂဏန်းအထိ တိမ်းရှောင်ကုန်ကြပြီလို့ ဘီဘီစီက စုံစမ်းသိရှိရပါတယ်။ ပဇီကြီးလေကြောင်းတိုက်ခိုက်ခံရမှုမှာ လူ ၁၆၈ ဦးအထိသေဆုံးတယ်လို့ NUG ကထုတ်ပြန်ထားပြီး ပဇီကြီးကိုအပြီးသတ်ရှင်းလင်းမယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။
အာဏာသိမ်းပြီးကတည်းက ပဇီကြီးကို ခြေလျင်စစ်ကြောင်း နှစ်ကြိမ်ဝင်ခဲ့ဖူးတယ်လို့ ဒေသခံတွေက ပြောပါတယ်။
PDF မိုးကုတ်ဒေသက တပ်ရင်းတပ်ဖွဲ့တွေကို NUG လက်နက် တပ်ဆင်ပေး

ဓာတ်ပုံ ရင်းမြစ်, NUG
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF မိုးကုတ်ဒေသမှာရှိတဲ့ တပ်ရင်းတပ်ဖွဲ့တွေကို ပြီးခဲ့တဲ့ ဧပြီလ ၁၆ ရက်နေ့မှာ လက်နက်တပ်ဆင် ပေးအပ်ခဲ့တယ်လို့ NUG က ထုတ်ပြန်လာပါတယ်။
NUG အနေနဲ့ PDF တပ်ရင်းတပ်ဖွဲ့တွေကို လက်နက်တပ်ဆင်ခြင်းတွေကို လုပ်ထုံးလုပ်နည်းတွေနဲ့ အညီ စနစ်တကျ တပ်ဆင်ပေးအပ်နေပြီး လက်နက်တပ်ဆင်မှုတွေကို ဆက်လက်အရှိန်မြှင့် ပေးအပ်သွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
စစ်အာဏာသိမ်းမှုကိုလက်နက်ကိုင်ဆန့်ကျင့်တိုက်ခိုက်မှုအားကောင်းတဲ့ စစ်ကိုင်းတိုင်းထဲမှာ ဒေသကာကွယ်ရေး၊ ပြည်သူ့ကာကွယ်ရေးတပ်တွေရှိနေပြီး အဲဒီတပ်ဖွဲ့တွေထဲက တချို့ကတော့ NUG ထံက လက်နက်တပ်ဆင်ထောက်ပံ့မှု မရရှိတဲ့အပေါ် တောင်းဆိုပြောကြားတာတွေ ရှိနေပါတယ်။
ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်း ထပ်မံမီးလောင်မှုဖြစ်

ဓာတ်ပုံ ရင်းမြစ်, CJ
နေအိမ်အဆောက်အဦ ၃၄ လုံး ဆုံးရှုံး
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကောဘဇားခရိုင် တက္ကနာဖ်မြို့မှာရှိတဲ့ စခန်းအမှတ် ၂၄ နဲ့ ၂၆ လေ့ဒါးဒုက္ခသည်စခန်းမှာ မနေ့ည ၁၁ နာရီ ၅၀ မိနစ်က မီးလောင်မှုတစ်ခု ထပ်မံဖြစ်ပွားခဲ့ပါတယ်။
မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့တဲ့စခန်းအမှတ် ၂၄ ဘလောက် A-5 နဲ့ စခန်းအမှတ် ၂၆ ဘလောက် E-5 တို့ဟာ တစ်ချိန်တည်းမှာလောင်ကျွမ်းခဲ့ကြတာဖြစ်တယ်လို့ ပြောဆိုကြပါတယ်။
အဲဒီမီးလောင်မှုကြောင့် စခန်းအတွင်းက စာသင်းကျောင်း ၃ ကျောင်း၊ လူနေအိမ် ၂ လုံး၊ ဒုက္ခသည်တွေနေထိုင်တဲ့တဲအိမ် ၂၉ လုံးအပါအဝင် စုစုပေါင်း အဆောက်အဦ ၃၄ ခု ဆုံးရှုံးခဲ့ရသလို နောက်ထပ် တဲအိမ် ၁၁ ဆောင်ကိုလည်း ဖြိုဖျက်ခံလိုက်ရတယ်လို့ ဒုက္ခသည်တစ်ဦးက ပြောပါတယ်။
မီးလောင်ကျွမ်းမှုဟာ စာသင်ကျောင်းဆောင်တစ်ဆောင်က စတင်ခဲ့တာဖြစ်ပြီး အဲဒီစာသင်ကျောင်းအတွင်းမှာ လူနေထိုင်ခြင်းမရှိသလို ဘာကြောင့်မီးလောင်မှုဖြစ်ရတယ်ဆိုတာ လတ်တလောမသိရသေးဘူးလို့ ဆိုပါတယ်။
ဒါပေမဲ့ စခန်းမှာနေထိုင်သူတွေကတော့ ဒီမီးကို ရှို့မီးဖြစ်နိုင်တယ်လို့ ယူဆပြောနေပါတယ်။
မီးလောင်မှုကိုတော့ စခန်းအတွင်းနေထိုင်သူတွေနဲ့ ဒေသအာဏာပိုင်တွေရဲ့ ဝိုင်းဝန်းငြိမ်းသတ်မှုကြောင့် တစ်နာခန့်အကြာမှာ မီးငြိမ်းသတ်နိုင်ခဲ့တယ်လို့ပြောဆိုကြပါတယ်။
လတ်တလောမှာတော့ မီးလောင်မှုကြောင့် နေအိမ်ဆုံးရှုံးခဲ့ရတဲ့အတွက် မီးဘေးဒုက္ခသည်ဦးရေဘယ်လောက်ရှိတယ်ဆိုတာ စာရင်းကောက်ယူနေဆဲဖြစ်ပြီး အဲ့ဒီလူတွေကို နီးစပ်ရာစခန်းတွေမှာ ယာယီနေရာချပေးထားတယ်လို့သိရပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၆ ရက်နေ့ကလည်း စခန်းအမှတ် ၁၁ မှာ အခုလိုမျိုးမီးလောင်ကျွမ်းမှုတစ် အကြီးအကျယ်ဖြစ်ပွားခဲ့ပြီး နေအိမ်ပေါင်း ၂၅၀၀ ကျော်ဆုံးရှုံးခဲ့ရသလို လူဦးရေ ၁၅၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရဖူးပါတယ်။
ဒီးမော့ဆိုအရှေ့ခြမ်းက နှစ်ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီလက်နက်တွေ သိမ်းဆည်းရမိတယ်လို့ ထုတ်ပြန် ၊ တိုက်ပွဲအတွင်း နှစ်ဖက်အကျအဆုံးရှိတယ်လို့ ဆို

ဓာတ်ပုံ ရင်းမြစ်, KnIC
ကရင်နီပြည်နယ်၊ ဒီးမော့ဆို မြို့နယ် အရှေ့ဘက်ခြမ်း တိုက်ပွဲ နှစ်ရက် တာ ကာလအတွင်း KA က ရဲဘော် တစ်ဦး သေဆုံးခဲ့သလို စစ်ကောင်စီရဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။
" တိုက်ပွဲက ၁၆ ရက်နဲ့ ၁၇ ရက်တွေမှာ ဖြစ်ခဲ့တာပါ။ ထိတွေ့တိုက်ပွဲ သေးတွေကတော့ နေ့တိုင်းရှိတယ်။ တိုက်ပွဲကြီးတွေလည်း မကြာခဏ ဖြစ်ပါတယ်။ အခု ၂ ရက်တာ တိုက်ပွဲကာလမှာတော့ လက်နက်တွေ သိမ်းဆည်းတာ အများကြီး ရှိတယ် " လို့ ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF က တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။
အဲဒီ နှစ်ရက်တာ ကာလအတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်တာတွေ ပြုလုပ်ခဲ့သလို လက်နက်ကြီး လက်နက်ငယ်တွေနဲ့ လည်း အကြိမ်ရေ များစွာ ပစ်ခတ်တာလည်း ရှိတယ်လို့ သိရပါတယ်။
ဒါကြောင့် ကရင်နီတပ် (KA) ဘက်က တစ်ဦးသေဆုံးခဲ့သလို စစ်ကောင်စီဘက်က သေဆုံးမှု အတိအကျကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။
ဒီနှစ်ရက်တာ ကာလအတွင်း တိုက်ပွဲနဲ့ ပတ်သက်လို့ စစ်ကောင်စီက သတင်းတစုံတရာ ထုတ်ပြန်လာတာ မတွေ့ရသေးပါဘူး။
စစ်ကိုင်း၊ မန္တလေးနဲ့ မကွေးတိုင်းဒေသကြီးတွေမှာ နေ့အပူချိန်တွေ ဆက်တိုက်မြင့်တက်နေ ၊ မနေ့က ညောင်ဦးမြို့မှာ ဒီနှစ်အတွက် အမြင့်ဆုံး ၄၅ ဒီကရီစင်တီဂရိတ်ရှိခဲ့

ဓာတ်ပုံ ရင်းမြစ်, မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန
မြန်မာနိုင်ငံ အလယ်ပိုင်းဒေသတွေဖြစ်တဲ့ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းနဲ့ မကွေးတိုင်း ဒေသကြီးတွေမှာ နေ့အပူချိန်တွေ မြင့်တက်နေပြီး အပူချိန် ၄၀ ဒီကရီစင်တီဂရိတ်ကနေ ၄၅ ဒီကရီစင်တီဂရိတ်အထိ ရှိနေတယ်လို့ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနထံက သိရပါတယ်။
"မနေ့ကဆို ညောင်ဦးမြို့မှာ ၄၅ ဒီဂရီ စင်တီဂရိတ် ကျော်ရှိခဲ့ပါတယ်။ ဧပြီလမှာ အပူချိန်မြင့်တက်လေ့ရှိပါတယ်။ မိုးမရွာမချင်း ပူလေ့ရှိပါတယ်။ မိုးနည်းတဲ့ နှစ်ဆို မေအထိ ဆက်ပြီး အပူချိန်မြင့်တက်လေ့ ရှိပါတယ်" လို့ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက တာဝန်ရှိသူတစ်ဦး ကပြောပါတယ်။
ကျန်ဒေသတွေမှာလည်း အပူချိန်တွေတိုးနေပေမဲ့ စစ်ကိုင်း၊ မန္တလေးနဲ့ မကွေးတိုင်းတွေလောက် အပူချိန်မများဘူးလို့လည်း ဆိုပါတယ်။
ဒါ့အပြင် အခုလိုရာသီကာလမှာ လေထုထဲက ရေခိုးရေငွေ့ စိုထိုင်းဆ များနေတာမို့ လက်ရှိ ရှိနေတဲ့ အပူချိန်ထက် ပြင်ပမှာက ပိုပြီးအပူချိန်မြင့်တက်တဲ့ဒဏ်ကိုခံစားရတာဖြစ်တယ်လို့လည်း အထက်ပါပုဂ္ဂိုလ်က ရှင်းပြပါတယ်။
“ အပူရှိန်မြင့်တက်နေတဲ့အချိန်မှာ ကျန်းမာရေးဝန်ကြီးဌာနကထုတ်ပြန်ထားတဲ့ အပူဒဏ်ကာကွယ်ရေး နှိုးဆော်ချက် တွေကို လိုက်နာဖို့ လိုပါတယ်။ Heat Stroke ဆိုတာ ချွေးထွက်လွန်တာကနေ ဖြစ်တာပါ။ အပူချိန်မြင့်တဲ့အချိန်မှာ ရေမချိုးတာတို့၊ အပူထဲကပြန်လာရင် အေးနေတဲ့ အခန်းထဲ ရုတ်တရက်ဝင်တာတို့ ရှောင်ရှားသင့်ပါတယ်” လို့ ၄င်းက အကြံပြုပါတယ်။
မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ ခန့်မှန်းချက်အရ ဧပြီလကုန် မေလဆန်းဝန်းကျင်မှာ မိုးရွာသွန်းလာနိုင်လို့ အပူရှိန်လျော့ကျလာဖွယ်ရှိတယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွေမှာ အမြင့်ဆုံး ပြီးခဲ့တဲ့ နှစ် အနည်းငယ်က အပူချိန် စံချိန်က ၄၇.၆ ဒီဂရီစင်တီဂရိတ်ထိ မြင့်တက်ခဲ့ဖူးပါတယ်။
အခု ၄၅ ဒီဂရီ ကျော်လောက်ပဲရှိတဲ့အတွက် ဒါ အပူဆုံးအခြေအနေ မဟုတ်ပေမဲ့ အပူချိန် ပြင်းတာကြောင့် သတိထားဖို့လိုတယ်လို့ သိရပါတယ်။
လာမယ့် မေလမှာတော့ မိုးရွာနိုင်ခြေရှိပြီး အပူချိန် လျော့ကျနိုင်မယ်လို့လည်း ခန့်မှန်းချက်တွေအရ သိရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကိုချမှတ်ထားတဲ့အမိန့်တွေကို ပြင်ဆင်မှုတက်ထားတဲ့ ရုံးချိန်းတွေ စစ်ဆေးနေ

ဓာတ်ပုံ ရင်းမြစ်, NLD
ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက ချမှတ်ထားတဲ့ အမိန့်တွေနဲ့ပတ်သက်လို့ ပြင်ဆင်မှုတွေ တက်ထားတာကို ဒီနေ့ ဧပြီ ၁၉ ရက်မှာ နေပြည်တော် တရားလွှတ်တော်ချုပ်မှာ ကြားနာစစ်ဆေးနေတယ်လို့ တရားရုံးနဲ့နီးစပ်တဲ့အသိုင်းအဝိုင်းထံက သိရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက အမှုပေါင်း ၁၉ မှုနဲ့ ထောင်ဒဏ် စုစုပေါင်း ၃၃ နှစ်ချမှတ်ထားတာဖြစ်ပါတယ်။
အဲဒီ အမှုတွေအားလုံးရဲ့ အမိန့်တွေကို ဒေါ်အောင်ဆန်းစုကြည်က ပြင်ဆင်မိန့် တက်ထားတာဖြစ်ပြီး လက်ခံရန်သင့်မသင့် ကြားနာမှာဖြစ်တယ်လို့ သိရပါတယ်။
နေပြည်တော်အချုပ်ထောင်မှာရှိနေတဲ့ဒေါ်အောင်ဆန်းစုကြည်ထံကို သင်္ကြန်ပိတ်ရက်ရှည်အပြီး မနေ့ ဧပြီ ၁၈ ရက်နေ့က ရိက္ခာပို့ခွင့်ရခဲ့တယ်လို့လည်း နီးစပ်သူတွေကပြောပါတယ်။
စစ်ကောင်စီက နှစ်ဆန်းတစ်ရက်နေ့ ပေးခဲ့တဲ့လွတ်ငြိမ်းချမ်းသာခွင့်နဲ့ဆက်စပ်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို အချုပ်ထောင်ကနေ နေအိမ်ကို ပြန်လည်ရွှေ့ပြောင်းလိုက်တယ်ဆိုတဲ့သတင်းတွေလည်းမနေ့ ဧပြီ ၁၈ ရက်ညပိုင်းတည်းက ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်ခဲ့ပါတယ်။
ဒါနဲ့ပတ်သက်လို့တော့ ဒေါ်အောင်ဆန်းစုကြည်ဟာ မနေ့က ညအထိ နေပြည်တော်အချုပ်ထောင်မှာပဲရှိနေတယ်လို့ နီးစပ်သူတွေထံက ဘီဘီစီက စုံစမ်းသိရှိရပါတယ်။
ဒီနေ့ မနက်မှာလည်း အဲဒီသတင်းတွေ ကျယ်ကျယ်ပြန့်ပြန့်ဆက်လက်ထွက်ပေါ်လာနေပြီး ဘီဘီစီကလည်း ဆက်လက်စုံစမ်းနေပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၂၅ ရက်နေ့မှာတော့ စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကို ပြည်တွင်းက NLD ပါတီဝင်တချို့နဲ့ တွေ့ဆုံဖို့ ကြိုးပမ်းခဲ့ပေမဲ့ ဒေါ်အောင်ဆန်းစုကြည်ကတော့လက်ခံတွေ့ဆုံခဲ့ခြင်းမရှိပါဘူး။
လက်ရှိမှာတော့ စစ်ကောင်စီရဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဒေါ်အောင်ဆန်းစုကြည်ရဲ့NLD ပါတီကို သတ်မှတ်ရက်အတွင်းမှတ်ပုံပြန်မတင်တာကြောင့်ဆိုပြီးဖျက်သိမ်းထားပြီးဖြစ်ပါတယ်။
ဒါပေမဲ့ဒေါ်အောင်ဆန်းစုကြည်ကတော့ ပြည်သူရှိသရွေ့ပါတီရှိနေမယ်လို့ အရင်တည်း ကသတင်းစကားပါးထားပါတယ်။
ခင်ဦးမှာ ဒီမနက် စစ်ကြောင်းထပ်ထိုးဝင်ရောက်လာလို့ လူ ၃၀၀၀၀ ခန့် ထွက်ပြေးတိမ်းရှောင်နေကြရ - မနက်စာတောင်မစားရဘဲ ပြေးလွှားနေကြရ

ဓာတ်ပုံ ရင်းမြစ်, ခင်ဦးမြို့နယ် သတင်းမှန် ပြန်ကြားရေး
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ထဲက ကျေးရွာတွေကို စစ်ကောင်စီက ဒီကနေ့ ဧပြီ လ ၁၉ မနက် ၅ နာရီလောက်ကတည်းက စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့အတွက် ကျေးရွာပေါင်း ၂၀ ကျော်က ပြည်သူ ၃၀၀၀၀ နီးပါးက တိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။
မနေ့က မနက် ၅ နာရီ ဝန်းကျင်လောက်ကလည်း စစ်ကြောင်းထိုးခဲ့တဲ့အတွက် ကျေးရွာတွေက ပြည်သူ တွေ ထောင်နဲ့ချီ တိမ်းရှောင်နေကြရသလို ဒီကနေ့မှာလည်း စစ်ကြောင်း ဆက်ထိုးနေတာဖြစ်ပြီး နှစ်ရက်ဆက် တိုက် အင်အား ရာနဲ့ချီ စစ်ကြောင်းထိုးနေတာကြောင့် ဒေသခံတွေဟာ ဘေးလွတ်ရာနေရာတွေကို တိမ်းရှောင်နေကြရတာ ဖြစ်ပါတယ်။
" မနေ့က အင်အား ၉၀ လောက်နဲ့ စစ်ကြောင်းဝင်တယ်။ ဒီကနေ့ စစ်ကြောင်း အင်အား ၅၀ လောက်နဲ့ ဝင်တယ်။ ကျေးရွာပေါင်း ၂၀ ကျော်က ပြေးနေရတာ။ မနက်လင်းကတည်းက အခု ၁၀ နာရီကျော်အထိ ဘာမှ မစားကြရသေးဘဲ ပြေးလွှားနေကြရတာ။ ဒါ တောက်လျှောက် လူအများဆုံး အပြေးရဆုံးလို့တောင် ပြောရမယ်" လို့ ခင်ဦး အနောက်ဘက်ခြမ်း တာဝန်ခံက ပြောပါတယ်။
၄င်းက ဆက်ပြီး " ပြေးရတဲ့အထဲ သက်ကြီးရွယ်အိုတွေနဲ့ ကလေးတွေ ပါသလို တချို့ သက်ကြီးရွယ်အိုတွေက နာမကျန်းဖြစ်နေလို့ ဆိုင်ကယ်တွေပေါ် တောင် မတက်နိုင်လို့ စောင်နဲ့ ပုခက်လုပ် ထမ်းစင်လုပ်ပြီး သယ်နေကြရတာ" လို့ ပြောပါတယ်။
လက်ရှိမှာလည်း စစ်ကြောင်းထိုးမှုကြောင့် ပြေးလွှားနေစဉ်အတွင်း ဒေသခံ ၄ ဦး ပျောက်ဆုံးနေတာ ရှိပြီး သတင်းအဆက်အသွယ်ပြတ်တောက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်ကြောင်းထိုးမှုကြောင့် ခင်ဦးမြို့နယ်ထဲက အင်းပတ်ကျေးရွာ၊ သရက်ပင်စု၊ မြကန်၊ အင်တိုင်းလေး (တောင်၊မြောက်) ၊ မြင်းဒေါင်း၊ ကုန်းသာ၊ သဲကုန်းကြီး၊ ညောင်ပင်ကန်၊ မန်ကျီးအုပ် စတဲ့ ကျေးရွာ ပေါင်း ၂၀ ကျော်က ပြေးလွှားတိမ်းရှောင်နေကြရတာလည်း ဖြစ်ပါတယ်။
မြန်မာ့အရေးဆွေးနွေးမယ့် ကုလအထူးကိုယ်စားလှယ် တွမ်အင်ဒရူး ဂျပန်ခရီးစဥ်စတင်

ဓာတ်ပုံ ရင်းမြစ်, AFP
ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ တွမ်အင်ဒရူးစ်ဟာ ဂျပန်နိုင်ငံကို ဒီကနေ့ ဧပြီ ၁၉ ရက်မှာ စတင်ရောက်ရှိမှာဖြစ်ပြီး ဆယ်ရက်ကြာမယ့်သူ့ခရီးစဥ်အတွင်း မြန်မာ့စစ်တပ်ကို ဖိအားပေးဖို့အရေး တိုက်တွန်းသွားမယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာ အခြေအနေတွေဆက်ပြီးဆိုးရွားလာတာနဲ့အမျှ ပိုမိုနက်ရှိုင်းလာနေတဲ့ လူ့အခွင့်အရေး အကျပ်အတည်းကို ဖြေရှင်းရာမှာ ဂျပန်နိုင်ငံရဲ့ ဦးဆောင်မှုဟာ မရှိမဖြစ်လိုအပ်ပါတယ်။ အရပ်သားတွေကို စစ်ရေးအရ တိုက်ခိုက်မှုတွေ ပြင်းထန်လာတယ်၊ နိုင်ငံရေး အကျဉ်းသား အရေအတွက်က ဆက်လက် တိုးလာနေပြီး လူသားချင်း စာနာထောက်ထားမှု လိုအပ်ချက်တွေ ကြီးမားလာနေပါတယ်” လို့ သူက ပြောပါတယ်။
ဒီမိုကရေစီခိုင်မာမှုရှိတဲ့ အာရှနိုင်ငံတစ်ခုအနေနဲ့ ဂျပန်နိုင်ငံဟာ မြန်မာ့အရေးအတွက် ဒေသတွင်း ဦးဆောင်မှုပေးနိုင်တဲ့ အခန်းကဏ္ဍမှာရှိနေတယ်လို့လည်း သူကဆက်ပြောပါတယ်။
“ရက်စက်ကြမ်းကြုတ်တဲ့ စစ်အာဏာရှင်တွေကို အထီးကျန် ခွဲထုတ်ဖို့နဲ့ သူတို့ရဲ့ အာဏာကို ဖယ်ရှားနိုင်စေဖို့၊ မြန်မာပြည်သူတွေရဲ့ ဖြစ်နိုင်ခြေ အခိုင်မာဆုံး မဟာမိတ်ဖြစ်ဖို့အတွက် ဒီသြဇာလွှမ်းမိုးမှုကို အသုံးပြုဖို့ ဂျပန်အစိုးရကို တိုက်တွန်းချင်ပါတယ်” လို့ သူက ခရီးစဥ်မတိုင်ခင်မှာပြောကြားထားတာပါ။
ကုလအထူးကိုယ်စားလှယ်ဟာ ဂျပန်နိုင်ငံ တိုကျိုမြို့ကိုရောက်ရှိစဥ် ဂျပန်အစိုးရတာဝန်ရှိသူတွေ၊ ကုလအေဂျင်စီတာဝန်ရှိသူတွေနဲ့ လူ့အခွင့်အရေးဆိုင်ရာအဖွဲ့အစည်းတွေ၊ ဂျပန်နိုင်ငံက ကုမ္ပဏီတွေနဲ့ ဂျပန်ရောက်မြန်မာနိုင်ငံသားတွေနဲ့တွေ့ဆုံသွားဖို့ရှိနေပါတယ်။
ဒါ့အပြင် ခရီးစဥ်ပြီးဆုံးတဲ့နေ့ ဧပြီ ၂၈ ရက်မှာ တိုကျိုမြို့မှာ သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ပြုလုပ်ဖို့ရှိနေပါတယ်။
သူ့ရဲ့ဂျပန်ခရီးစဥ်ဟာ လူ ၁၇၀ ကျော် သေဆုံးခဲ့ရတဲ့ စစ်ကိုင်းတိုင်းထဲက ပဇီကြီးကျေးရွာလေကြောင်းတိုက်ခိုက်ခံရမှုအပြီး သီတင်းတစ်ပတ်အကြာမှာ ပေါ်ပေါက်လာတာဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
မြဝတီ မြို့အနီး မဲကနယ်ရာမှာ တိုက်ပွဲ ဖြစ်နေသလို မြဝတီ သင်္ကန်းညီနောင်သွား ကားလမ်းအနီးမှာလည်း တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ ဒေသခံတွေကဆိုကြပါတယ်။ ဒီကနေ့ ဧပြီလ ၁၉ ရက်နေ့ မနက် ၆ နာရီ ဝန်းကျင်လောက်ကစပြီး နှစ်ဘက် တိုက်ပွဲတွေ ပြင်းထန်ခဲ့သလို နှစ်ဆန်းတစ်ရက်နေ့က စပြီး နှစ်ဘက် တိုက်ပွဲတွေ ပြန်လည် ပြင်းထန်ခဲ့တာလို့ ဒေသခံတွေထံက သိရပါတယ်။
မြဝတီ ဒေသခံတစ်ဦး ကတော့ " မနေ့က ည ၁၂ နာရီ ကျော်လောက်မှာလည်း လက်နက်ကြီးသံ ကြားရတယ်။ ဒီနေ့ မနက်လည်း ပစ်ခတ်တာတွေ ရှိနေတယ်။ မြဝတီမြို့ပေါ် ကတော့ ကားသွားကားလာ အမှတ် ၁ နဲ့ ၂ အပေါ် ရှိတယ်။ မြို့ပေါ် လည်း စျေးဝယ် သွားလာသူရှိတယ်။ မြို့ပြင်ဘက်တော့ ဘယ်သူမှ သိပ်မထွက်ကြဘူး။ တိုက်ပွဲဖြစ်နေလို့" လို့ ဆိုပါတယ်။
မနေ့က ဧပြီလ ၁၈ ရက် မနက်ပိုင်းမှာလည်း စစ်ကောင်စီတပ်ဘက်က ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်ဖွဲ့ဝင်တွေပုံစံ တူညီဝတ်စုံတွေ ဝတ်ဆင်ပြီး အယောင်ဆောင် စစ်ကြောင်းထိုး တက်လာတာကြောင့် တိုက်ပွဲဖော်နေတဲ့ Venom စစ်ကြောင်းနဲ့ ထိတွေ့မှုဖြစ်ပွားခဲ့တယ်လို့ Venom စစ်ကြောင်းက သတင်းထုတ်ပြန်ပါတယ်။
လက်ရှိမှာတော့ မြဝတီ အာရှလမ်းမကြီးကို အသွားအလာ ၇ ရက်နေ့ကနေ ၂၁ ရက်နေ့အထိ ပိတ်ထားတာကြောင့် ကားကြီး သွားလာမှုမရှိဘဲ အိမ်စီးကား ကားအသေးတွေလောက်ပဲ အသွားအလာ အနည်းငယ်ရှိတယ်လို့ သိရပါတယ်။








