စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေးထဲ သံဃာထုရဲ့ ရပ်တည်မှု ဘယ်လို တွေ့ရလဲ

ရေးသားခဲ့သည်။

နိုင်ငံတကာ ပဋိပက္ခတွေကို တားဆီးနိုင်ရေး ရည်ရွယ်ချက်နဲ့ ဖွဲ့စည်းထားပြီး ဂျနီဗာမြို့မှာ ရုံးချုပ်ထားရှိတဲ့ International Crisis Group လို့ ခေါ်တဲ့ သုခမိန် အဖွဲ့ဟာ မြန်မာ့အရေး အစီရင်ခံစာ တစ်စောင် အခုရက်ပိုင်းမှာပဲ ထုတ်ပြန်ခဲ့တာမှာ လက်ရှိ နိုင်ငံရေး ဖြစ်စဥ်ထဲ သံဃာတော်တွေရဲ့ အခန်းကဏ္ဍ အပေါ် ဆန်းစစ် သုံးသပ်ထားတာ ဖြစ်ပါတယ်။

တိတ်ဆိတ်နေသော သံဃာထု ဖြစ်နေလား “A silent Sangha?” ဆိုပြီး မေးခွန်းထုတ် ခေါင်းစဥ်ပေးထားတဲ့ အဲဒီ အစီရင်ခံစာထဲ အဓိက ပြောထားတဲ့ အချက်ကတော့ လက်ရှိ တကျော့ပြန် စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေးထဲမှာ သံဃာတွေရဲ့ ပါဝင်မှုဟာ သမိုင်းနဲ့ယှဥ်ရင် အင်မတန် လျော့နည်းသွားတယ် ဆိုပြီး ဆန်းစစ် သုံးသပ်ထားတာ ဖြစ်ပါတယ်။

တချို့ဒေသတွေမှာ ဖိနှိပ်မှု၊ ဖမ်းဆီးဖြိုခွဲမှု ပြင်းထန်နေတာတောင် သံဃာတွေဟာ နေ့စဥ်မပြတ် လမ်းပေါ်ထွက် ဆန္ဒပြ ချီတက်တာမျိုး လပေါင်းများစွာ ပြုလုပ်ကြသလို ... ဗုဒ္ဓဘာသာ ရဟန်းသံဃာတိုင်း ရှေးရိုးစွဲတွေ၊ ဘာသာရေး လူမျိုးရေး အပေါ် မှာပဲ အခြေပြုတဲ့ အလွန်အကျွံ အမျိုးသားရေး ဝါဒီတွေ မဟုတ်ကြဘဲ၊ အထူးသဖြင့် ရွှေဝါရောင် လှုပ်ရှားမှုထဲ ပါဝင်ခဲ့တဲ့ ကိုယ်တော်တွေ ဆိုရင် အတော်လေး နိုင်ငံရေး အမြင် တိုးတက် ကျယ်ပြန့်ကြတယ် ဆိုပြီး အသိအမှတ်ပြု ခံရပါတယ်။

ဒီတော့ လက်ရှိ တကျော့ပြန် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြတဲ့ အထဲ သံဃာတွေ ကိုယ်ရှိန်သတ်ထားပြီး၊ ပါဝင်မှု နည်းပါးနေတယ်လို့ Crisis Group အနေနဲ့ ဘာ့ကြောင့် ပြောနိုင်ရတာလဲ ...

ဒီ အခြေအနေဟာ လက်ရှိမြန်မာ့နိုင်ငံရေး အပေါ်မှာရော ... အနာဂတ် မြန်မာ့ နိုင်ငံရေး အပေါ်မှာပါ ဘယ်လိုမျိုးတွေ သက်ရောက် ရိုက်ခတ် နိုင်လဲ ... စတာတွေကို အစီရင်ခံစာ ပြုစုရေးသားသူကိုယ်တိုင် ဖြစ်တဲ့ ခရိုက်ဆစ် အဖွဲ့ရဲ့ မြန်မာ့အရေး အကြီးတန်း အကြံပေး ရစ်ချက် ဟော်ဆီကို ဘီဘီစီ သတင်းထောက် ကိုဝေဖြိုး ဆက်သွယ် မေးမြန်း ထားပါတယ်။

ဘီဘီစီ။ ။ ရစ်ချက်တို့ ခရိုက်ဆစ်ဂရုပ် ကနေ နောက်ဆုံး ထုတ်ပြန်တဲ့ တိတ်ဆိတ်နေသော သံဃာ အသိုင်းအဝိုင်း ဆိုတာ ဘယ်လို အကြောင်းအရာပေါ် မူတည်ပြီး သုတေသန လုပ်ထားတဲ့ အစီရင်ခံစာမျိုးလဲ ဆိုတာ အရင်ဆုံး ခြုံငုံပြီး ရှင်းပြပေးပါ့လား။

ရစ်ချက်ဟော်ဆီ။ ။ တိတ်ဆိတ်နေသော သံဃာများ ဆိုတဲ့ ခေါင်းစဥ်အောက်က ဒီ အစီရင်ခံစာဟာ မြန်မာနိုင်ငံထဲကသူတွေ တော်တော်များများရော၊ အပြင်မှာ ရှိနေတဲ့ မြန်မာ့အရေး လေ့လာသူတွေရော မေးနေကြတဲ့ “ဒီ အာဏာသိမ်းမှုကို သံဃာ အစုအဝေးကြီးက ဘာဖြစ်လို့ အုံနဲ့ကျင်းနဲ့ မဆန့်ကျင်ကြတာလဲ၊ သံဃာတွေ ဘယ်ရောက်နေလဲ” ဆိုတဲ့ မေးခွန်း အပေါ် အဓိက ဆန်းစစ် ထားတာ ဖြစ်ပါတယ်။

အာဏာသိမ်းမှု ဆန့်ကျင်ရေး လှုပ်ရှားမှုတွေမှာ သံဃာတချို့ မဆုတ်မနစ် တက်တက်ကြွကြွ ပါဝင်တာ မှန်ပေမယ့်၊ အခု မေးခွန်းက သံဃာထု အများစုရဲ့ အနေအထား အပေါ် သုံးသပ်ကြည့်ထားတာ ဖြစ်ပြီး၊ စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေးမှာ အများစုဟာ မပါဝင် မပတ်သက်သလောက် ရှိနေတာကို တွေ့ရပါတယ်။

ဦးဆောင်မှု ကဏ္ဍမှာလည်း မတွေ့ရပါဘူး။ မြန်မာ့နိုင်ငံရေး လှုပ်ရှား အုံကြွမှုတွေမှာ ရဟန်းသံဃာတွေဟာ အစဥ်အဆက်ကို ရှေ့တန်းနေရာကနေ ပါဝင်ခဲ့ကြတာ ဖြစ်ပါတယ်။ ၁၉၈၈ နဲ့ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး တို့လို အံ့မခန်းဖြစ်ရပ်တွေမှာရော .... သမိုင်းနဲ့ချီ ပြောရမယ် ဆိုရင် ကိုလိုနီဆန့်ကျင်ရေး လှုပ်ရှားမှုတွေ ကတည်းက ရဟန်းသံဃာတော်တွေရဲ့ အခန်းကဏ္ဍဟာ အင်မတန် အရေးပါတဲ့ နေရာမှာ ရှိခဲ့ပါတယ်။

ဒါပေမဲ့ အခုလက်ရှိ အကျပ်အတည်း ပြဿနာမှာတော့ သံဃာတော်တွေရဲ့ ပါဝင်ပတ်သက်မှု အားကောင်းမနေဘူး ဆိုတဲ့ အချက်နဲ့ အဲဒီ အချက်ကြောင့် နောက်ဆက်တွဲ ဘာတွေ သက်ရောက် ဖြစ်ထွန်းလာသလဲ ဆိုတာကို ကျွန်တော်တို့ အစီရင်ခံစာက အဓိက ပြောထားတာ ဖြစ်ပါတယ်။

ဘီဘီစီ။ ။ ဒီတော့ ဘာဖြစ်လို့ သံဃာတွေ အရင်တုန်းကလို ပါဝင် ပတ်သက်မှု အားမကောင်းတော့တာလဲလို့ သုံးသပ်မိလဲ။

ရစ်ချက်ဟော်ဆီ။ ။ မတူတဲ့ အခြေခံ အကြောင်း အမျိုးမျိုး ရှိတာမှာ ပထမအချက်လို့ ပြောနိုင်တာကတော့ NLD အစိုးရလက်ထက်မှာ ဗုဒ္ဓဘာသာ အခြေပြု အမျိုးသားရေး ဝါဒကို ကိုင်စွဲတဲ့ အဓိကအားဖြင့် ‘မဘသ’ လို အဖွဲ့ အပေါ် အားနည်းသွားအောင်၊ လှုပ်ရှားမှု နယ်ပယ် ကျဥ်းသွားအောင် အတော်လေး ထိထိရောက်ရောက် လုပ်ဆောင်ခဲ့ပါတယ်။ နာမည်သုံးခွင့်ကို ပိတ်တာမျိုးကအစ၊ အဲဒီ နာမည်အောက်မှာ ဆိုရင် စည်းဝေး စုရုံးတာမျိုးကို ခွင့်မပြုတဲ့ အထိ ထိန်းခဲ့ပါတယ်။ ‘မဘသ’ဟာ သူတို့ကိုသူတို့လည်း ဘာသာရေး၊ လူမျိုးရေး အခြေခံနဲ့ အမျိုးသားရေးဝါဒကို ကိုင်စွဲတယ်လို့ ယူဆရတဲ့ ကြံ့ခိုင်ရေး ပါတီ အပေါ် ထောက်ခံ အားပေးသူတွေ၊ NLD အပေါ် ဆန့်ကျင်သူတွေ အဖြစ် ပုံဖော်ခဲ့တာ ဖြစ်လို့ ... NLD ကလည်း မဘသ အဖွဲ့ဟာ နိုင်ငံရေးအရ အန္တရာယ် ရှိသူတွေ အဖြစ် ရှုမြင်ခဲ့ပုံ ရပါတယ်။

ဗုဒ္ဓဘာသာ အခြေပြု အမျိုးသားရေး ဝါဒရဲ့ လွှမ်းမိုးမှုဟာ တကယ်တော့ သံဃာထု အတွင်း ကြီးကြီးမားမား ရှိနေပြီး၊ မဘသ ဟာ ဆိုရင်လည်း လူတွေကြား ထိတွေ့ ဆက်ဆံ နေကြတဲ့ မြေပြင် အဖွဲ့ငယ်တွေ အများအပြားနဲ့လည်း ချိတ်ဆက် နေတာ ဖြစ်ပါတယ်။ အခမဲ့ စာသင်ကျောင်းတွေ၊ ပရဟိတ အဖွဲ့တွေနဲ့ ကျယ်ကျယ်ပြန့်ပြန့် ရှိနေခဲ့တာ ဖြစ်ပါတယ်။

NLD ဟာ အမျိုး၊ ဘာသာ၊ သာသနာ အတွက် အလေးထားသူတွေ မဟုတ်ဘူးလို့ ရှုမြင်ထားပြီး၊ NLD အပေါ် သံသယစိတ် အရင်းခံထားတဲ့ သူတွေ အနေနဲ့ ဒီ အမြင်မျိုးဟာ အာဏာသိမ်းပြီး နောက်ပိုင်းမှာလည်း NLD ကနေ တဆင့် အဓိက ပေါ်ပေါက်လာတာ ဖြစ်တဲ့ NUG အပေါ်မှာ ဆက်ပြီး ရှိနေပါတယ်။

ဒီလို ပြောတဲ့ အတွက် သံဃာထု အများစုကြီးဟာ အာဏာသိမ်း စစ်တပ်နဲ့ ဒွေးရောယှက်တင် ပူးပေါင်းနေတယ်လို့ မဆိုလိုပါဘူး။ တိုင်းပြည်ထဲမှာ ဘယ်လောက် ဝမ်းနည်းစရာ ကောင်းတဲ့ အဖြစ်တွေ ပေါ်ပေါက်နေလဲ ... လူတွေ ဘယ်လို ခံစားနေရလဲ ... အာဏာသိမ်း စစ်တပ် အပေါ် လူတွေ ဘယ်လို သဘောထားလဲ ဆိုတာတွေဟာ သိသာ ထင်ရှားနေတဲ့ အတွက် စစ်တပ်နဲ့ ပူးပေါင်းတာ၊ စစ်တပ်ရဲ့ လုပ်ရပ်တွေ အပေါ် ထောက်ခံမှု ပေးတာတွေလည်း သံဃာအများစုကြီးက မလုပ်ကြပါဘူး။

နောက် ဒုတိယ အချက်ကတော့ ... NUG ရဲ့ ခုခံကာကွယ်စစ် ကြေညာချက် ထွက်လာပြီးတဲ့နောက် စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး လှုပ်ရှားမှုဟာ လက်နက်ကိုင် လမ်းစဥ် ဘက်ကို ပီပီပြင်ပြင် ကူးပြောင်း သွားတဲ့ အခါမှာလည်း ... လက်နက်ကိုင် လမ်းစဥ် အပေါ် ဘာသာရေး ပုဂ္ဂိုလ်တွေ အနေနဲ့ ပူးပေါင်းလို့ မရနိုင်ဘူး ဆိုတဲ့ ရှုထောင့် အမြင်မျိုးလည်း ရှိနိုင်ပါတယ်။

မြန်မာ့နိုင်ငံရေးရဲ့ ရှည်လျားတဲ့ သမိုင်းကြောင်းမှာ သံဃာတွေဟာ လက်နက်ကိုင် တော်လှန်ရေးထဲ ပါဝင်ခဲ့တဲ့ အစဥ်အလာ၊ အထောက်အထားတွေ ရှိပေမယ့်၊ အများစုကြီးရဲ့ ရပ်တည်မှု သဘောထားတွေ အပေါ် ကျွန်တော်တို့ အာရုံစိုက် နေတာ ဖြစ်ပါတယ်။

သံဃာတွေဟာ လက်ရှိ အနေအထားမှာ ကိုယ်ရှိန်သတ်ထားကြပါတယ်၊ နှုတ်ဆိတ်နေကြပါတယ် ... ဒါဟာ တိတ်ဆိတ်နေသော သံဃာများ အစီရင်ခံစာရဲ့ တွေ့ရှိမှုပဲ ဖြစ်ပါတယ်။

နောက်တတိယ အချက်ကတော့ ... တော်လှန်ရေး အင်အားစုတွေဘက် ကြည့်တဲ့အခါ၊ အခု တော်လှန်ရေး ... စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေးမှာ ရှေ့တန်းနေရာကနေ ဦးဆောင်မှု ပေးလာကြသူတွေဟာ လူငယ်လူရွယ်တွေ ... အထူး သဖြင့် အမျိုးသမီး လူငယ်တွေဟာ ဦးဆောင်မှု ကဏ္ဍမှာ အဓိက ဝင်လာကြပါတယ်။ သူတို့ဟာ မြို့ပြ လူလတ်တန်းစား ပညာတတ် အသိုင်းအဝိုင်းက ဖြစ်ပါတယ်။ မြန်မာ့နိုင်ငံရေးရဲ့ ရှေးရိုး အစဥ်အလာတွေ အားလုံးကို အခု တော်လှန်ရေးကနေ တဆင့် ပြောင်းလဲ ပစ်နိုင်ဖို့ သူတို့ ရည်မှန်း ထားကြပါတယ်။

နိုင်ငံရေးမှာ ဘာသာရေး အဖွဲ့အစည်း အင်စတီကျူးရှင်းတွေ ဗဟိုချက်မ နေရာမှာ ရှိမနေသင့်ဘူး ဆိုတဲ့ အမြင်မျိုး သူတို့ထံမှာ တွေ့ရပါတယ်။ ဒါ့ကြောင့် ဘာသာရေးနဲ့ လူမျိုးရေး အပေါ် အခြေခံထားတဲ့ ရှေးရိုးစွဲ အော်သိုဒေါ့စ် အယူအဆတွေကိုပါ စစ်အာဏာရှင် စနစ်နဲ့ အတူ အခုတော်လှန်ရေးက ဖယ်ရှားပစ်မယ် ဆိုပြီး ခံယူထားကြပါတယ်။

လူငယ်တွေဟာ လူမျိုးစုံ - ယဥ်ကျေးမှုစုံ multiculturalism ဘက်ကို ဉီးတည် နေသူတွေ ဖြစ်တဲ့ အတွက် ဒီအချက် အပေါ် ရှေးရိုးစွဲ အမြင်တွေ စွဲကိုင်ထားကြသူတွေ အတော်လေး စိုးရိမ်မှု ရှိကြတာကို ဆိုရှယ်မီဒီယာတွေ ပေါ်က သဘောထား မှတ်ချက် အရေးအသားတွေမှာ အထင်အရှားတွေ့နေရပါတယ်။

တခါ၊ NUG ရဲ့ ဖွဲ့စည်း ရပ်တည်မှုကို ကြည့်မယ် ဆိုရင်လည်း လူငယ်တွေရဲ့ ရည်မှန်းချက်တွေကို ထင်ဟပ်နေပြီး ယာယီသမ္မတ၊ ဝန်ကြီးချုပ်တွေဟာ လူနည်းစုဝင် မျိုးနွယ်စုတွေက ဖြစ်ပါတယ်။ NUG ရဲ့ အဓိက နိုင်ငံရေး စစ်ရေး မိတ်ဖက်တွေ ဖြစ်ကြတဲ့ ချင်း၊ ကယား၊ ကချင် မျိုးနွယ်စုတွေဟာ ခရစ်ယာန်တွေ ဖြစ်ကြသလို၊ ကရင်တွေထဲမှာလည်း ခရစ်ယာန်တွေ ရှိပါတယ်။

ဒီလို အခင်းအကျင်းမျိုး ဖြစ်တဲ့ အတွက် ရဟန်းသံဃာတွေ အနေနဲ့ အခု ဖြစ်ပေါ်နေတဲ့ စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေးထဲ အလုံးအရင်းနဲ့ မပါဝင်ပဲ ကိုယ်ရှိန်သတ်ပြီး၊ တိတ်ဆိတ်နေတာ ဖြစ်တယ်လို့ ကျွန်တော်တို့ ကောက်ချက်ချနိုင်ပါတယ်။

ဘီဘီစီ။ ။ ကျေးဇူးပါ ရစ်ချက်ရေ ပြည့်ပြည့်စုံစုံ ရှင်းပြသွားလို့ .... ရစ်ချက်တို့ အနေနဲ့ သုတေသန လုပ်တဲ့ အခါ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတွေ၊ သီလရှင်တွေ အတော်များများနဲ့ စကားပြောဆို ခဲ့မယ်ဆိုတာ ကျွန်တော် ယုံကြည်ပါတယ်။ ဒါပေမဲ့ စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး လှုပ်ရှားမှုတွေထဲ ရဟန်းသံဃာတွေ ပါဝင်နေကြတဲ့ ဖြစ်ရပ်တွေကိုလည်း ကျွန်တော်တို့ တွေ့မြင် ကြားသိ နေရပါတယ်။ အထူးသဖြင့် မန္တလေးလို နေရာမျိုးမှာပေါ့။ သံဃာတွေဟာ ဖိနှိပ်မှု၊ ဖမ်းဆီးဖြိုခွဲမှု ပြင်းထန်နေတာတောင် နေ့စဥ်မပြတ် လမ်းပေါ်ထွက် ဆန္ဒပြ ချီတက်တာမျိုး လပေါင်းများစွာ ပြုလုပ်ကြပါတယ်။ ရဟန်းဘဝကို စွန့်ပြီး လက်နက်ကိုင်တော်လှန်ရေးထဲ ဝင်ရောက်သွားကြသူတွေလည်း ရှိပါတယ်။ တခါ၊ ဗုဒ္ဓဘာသာ ရဟန်းသံဃာတိုင်း ရှေးရိုးစွဲတွေ၊ ဘာသာရေး လူမျိုးရေး အပေါ် မှာပဲ အခြေပြုတဲ့ အလွန်အကျွံ အမျိုးသားရေး ဝါဒီတွေ မဟုတ်ဘဲ၊ အထူးသဖြင့် ရွှေဝါရောင် လှုပ်ရှားမှုထဲ ပါဝင်ခဲ့တဲ့ ကိုယ်တော်တွေ ဆိုရင် အတော်လေး နိုင်ငံရေး အမြင် တိုးတက် ကျယ်ပြန့်ကြတယ် ဆိုပြီး အသိအမှတ်ပြု ခံရပါတယ်။ ဒီတော့ ရစ်ချက်တို့ အနေနဲ့ ကောက်ချက်လို့ ပြောရမလား၊ ကြံဆ တွေးထင်ချက် ဟိုက်ပေါသီးဆစ် လို့ ဆိုမလား ...ဘာဖြစ်လို့ သံဃာတွေ အခု အခြေအနေမှာ ဘေးဖယ်နေတယ်လို့ ပြောရတာလဲခင်ဗျ ... ။

ရစ်ချက်ဟော်ဆီ။ ။ မှန်ပါတယ်။ ကျွန်တော် ပြောခဲ့တာတွေထဲမှာ ခြွင်းချက်ဖြစ်ရပ်တွေ ရှိနေမှာ သေချာပါတယ်။ သံဃာအပါးရေ ၅ သိန်း ရှိပြီး၊ ထောင်သောင်းများစွာသော ဘုန်းတော်ကြီးကျောင်းတွေ ရှိတဲ့ မြန်မာနိုင်ငံမှာ အားလုံးဟာ အတူတူတွေပဲ ဆိုပြီး တပြေးညီ သဘောထားလို့ generalise လုပ် ပြောဖို့ရာ မဖြစ်နိုင်ပါဘူး။

အထင်ရှားဆုံး ခြွင်းချက်နေရာကတော့ ခင်ဗျား ပြောခဲ့သလို မန္တလေးမှာပါပဲ။ အင်မတန်မှ သတ္တိရှိလှတဲ့ သံဃာတော်တွေနဲ့ လူပုဂ္ဂိုလ်တွေ ပါဝင်တဲ့ သပိတ်စစ်ကြောင်းဟာ အင်မတန် ရက်ရက်စက်စက် ဖိနှိပ် ဖြိုခွဲနေတဲ့ကြားကပဲ နေ့စဥ်နဲ့ အမျှ ထွက်ကြပါတယ်။ ချီတက်ကြပါတယ်။

တခါ၊ နိုင်ငံတကာရောက် မြန်မာတွေရဲ့ လှုပ်ရှားမှုတွေကို ကြည့်ရင်လည်း၊ ရန်ပုံငွေ မတည် ရှာဖွေတဲ့ ပွဲတွေက စလို့ မြန်မာ့အရေး ဆောင်ရွက်မှုတွေမှာ သံဃာတော်တွေ ပါဝင်ကြတာ တွေ့ရပါတယ်။

ဒါပေမဲ့ တစ်ဖက်ကို ကြည့်ပြန်တဲ့ အခါမှာလည်း ထေရ်ကြီးဝါကြီး သံဃာတော်တွေထဲက သီတဂူဆရာတော် အပါအဝင် တချို့ဟာ ဆိုရင် အခု အခြေအနေတွေကို အသုံးချပြီး စစ်အာဏာပိုင်တွေနဲ့ နီးစပ်မှု ရယူတာမျိုး တွေ့ရပါတယ်။ တခါ မဟန လိုမျိုး အဓိက သံဃာ အဖွဲ့အစည်းကြီး ကလည်း အာဏာရှင် အဆက်ဆက် လက်ထက်တွေ တုန်းကလိုပဲ အလိုက်အထိုက်ပဲ ပြုမူ နေထိုင်ပါတယ်။

အာဏာသိမ်း စစ်ခေါင်းဆောင်ကို ကြည့်ရင်တော့ သူဟာ တကယ့်ကို ဗုဒ္ဓဘာသာကို အားပေး ချီးမြှောက်မယ့် သာသနာပြုမင်း၊ သာသာနာစောင့် မင်းလို သူ့ကိုယ်သူ ပုံဖော်ပါတယ်။ ဒါဟာ သူ့အာဏာရယူမှု တရားဝင်ကြောင်း ပြသနိုင်ဖို့ရာ ဗုဒ္ဓဘာသာကို အသုံးချ နေတာ ဖြစ်ပါတယ်။

ဒီတော့ ပြန်ချုပ်ပြီး ပြောရရင် ... တစ်ဖက်ဖက်ကို ရပ်တည်ပြတဲ့ ခြွင်းချက် ဖြစ်ရပ်မျိုးတွေ ရှိနေတာ မှန်ပါတယ်။ ဒါပေမဲ့ မြန်မာ့ နိုင်ငံရေး သမိုင်းတွေမှာ အစဥ်အဆက် အဓိက အင်အားစု ဖြစ်ခဲ့တဲ့၊ ဦးစီးဦးဆောင် နေရာက ရှိခဲ့တဲ့ သံဃာထုကြီးဟာ အခု စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး လှုပ်ရှားမှုကြီးမှာတော့ အဓိက နေရာမှာ မတွေ့ရတော့ဘူးလို့ ကျွန်တော်တို့ ပြောနေတာ ဖြစ်ပါတယ်။

ဘီဘီစီ။ ။ အခုလို ဦးဆောင်မှု ကဏ္ဍနေရာမှာ သံဃာတွေ မပါဝင်တော့ဘူး ဆိုတဲ့ အခြေအနေဟာ မြန်မာ့ အနာဂတ် နိုင်ငံရေးမှာ ဖြစ်စေ၊ လက်ရှိ ဒီမိုကရက်တစ် လှုပ်ရှားမှုမှာ ဖြစ်စေ ဘယ်လို သက်ရောက် စေနိုင်လဲ။ ဒီအချက်ဟာ ဘာ့ကြောင့် အရေးကြီးရတာလဲ .... ။

ရစ်ချက်ဟော်ဆီ။ ။ ကျွန်တော် အချက် နှစ်ချက်ကို ထောက်ပြ လိုပါတယ်။ ပထမတစ်ချက်ကတော့ ... လှုပ်ရှားမှုတွေမှာ သံဃာတွေရဲ့ ပါဝင်မှုဟာ အရင် သမိုင်းဖြစ်ရပ်တွေနဲ့ နှိုင်းယှဥ်ရင် လျော့ကျ သွားတာကြောင့် နေရာ ကွက်လပ်တွေ ပေါ်ပေါက် လာစေပါတယ်။ အဲဒီ နေရာတွေကို လူငယ်တွေ၊ အထူးသဖြင့် အမျိုးသမီး လူငယ်တွေ ဝင်ရောက်လာပါတယ်။

အဲဒီ လူငယ်တွေရဲ့ မောင်းနှင်အားဟာ တော်လှန်ရေးရဲ့ လမ်းကြောင်းကို ပိုပြီး ပွင့်လင်းသွားစေပါတယ်။ ကျွန်တော် ပြောခဲ့တဲ့ အတိုင်း ဘာသာရေး၊ လူမျိုးရေးတို့ အပေါ် အခြေမခံတဲ့ နိုင်ငံရေးဆီ ဦးတည် သွားပါတယ်။ စစ်အာဏာရှင် ဖြုတ်ချရေးရဲ့ အလွန် နိုင်ငံရေး ယဥ်ကျေးမှု ဘယ်လို တည်ဆောက်ကြမလဲ ဆိုတာအထိ ဦးတည် ရည်မှန်းကြပါတယ်။

ဒါဟာ သံဃာတော်တွေ အပါအဝင် အမျိုးသားတွေ လွှမ်းမိုးကြီးစိုးလေ့ ရှိတဲ့ မြန်မာ့နိုင်ငံရေး လှုပ်ရှားမှုရဲ့ အစဥ်အလာ လမ်းကြောင်းကြီး တစ်ခုလုံး ပြောင်းလဲ သွားတာ ဖြစ်ပါတယ်။

ဒုတိယ တစ်ချက်ကတော့ ... ဒီ အရွေ့ဟာ အနာဂတ်မှာ စိန်ခေါ်မှုတွေလည်း ကြီးကြီးမားမား ကြုံလာရနိုင်ပါတယ်။ ဗုဒ္ဓဘာသာဟာ မြန်မာ့လူ့ဘောင်မှာ ဘယ်လောက် အခရာကျလည်း၊ ဗဟိုချက်မ နေရာမှာ ရှိနေသလဲ ဆိုတာ ကျွန်တော်တို့ထက် ခင်ဗျားတို့ဆို ပိုသိမှာပါ။ လူအများစုကြီးရဲ့ ဘဝတွေနဲ့ လူ့အသိုင်းအဝိုင်း တစ်ခုလုံးရဲ့ အခြေခံဟာ ဗုဒ္ဓဘာသာ ဖြစ်ပါတယ်။ ဒီတော့ သံဃာတော်တွေရော၊ လူတွေရဲ့ကြားမှာ အခု နိုင်ငံရေး ရေစီးကြောင်း အသစ် အပေါ် စိုးရွံ့မှုတွေ ရှိနေနိုင်ပါတယ်။

ဒီအချက်ဟာ လူငယ်တွေ ဦးဆောင်တဲ့ ... ပိုပွင့်လင်းလွတ်လပ်တဲ့ နိုင်ငံရေး အပေါ် အနုတ်သဘော ဆန်တဲ့ တုံ့ပြန်မှုတွေ လူမှု အသိုင်းအဝိုင်းကြားထဲ တန်ပြန် ပေါ်ပေါက်လာနိုင်တယ် ဆိုတာကို ကျွန်တော်တို့ သတိပေးချင်ပါတယ်။

ဥပမာပေး ပြောရရင် .... ၂၀၁၀ နောက်ပိုင်း နိုင်ငံရေး တံခါး ပွင့်လာပြီး၊ ပြုပြင် ပြောင်းလဲရေးတွေ နဲ့ အတူ တိုင်းပြည်ဟာ ခေတ်သစ် စံတန်ဖိုးတွေ ရှိရာဆီ ဦးတည်လာတဲ့ အခါ ဘာသာ သာသနာရဲ့ အခန်းကဏ္ဍ ပျောက်ဆုံး သွားတော့မလား ဆိုတဲ့ စိုးရိမ်မှုတွေ ပေါ်ပေါက်လာပါတယ်။ ဒီ မယုံမကြည်ဖြစ်မှု စိတ်သဘောထားတွေဟာ မဘသ လှုပ်ရှားမှုကြီး တစ်ခုလုံးရဲ့ အဓိက တွန်းအား ဖြစ်လာခဲ့ပါတယ်။

ဒါ့ကြောင့် လူမျိုးစုံ-ဘာသာစုံ ယဥ်ကျေးမှုကြီးကို တည်ဆောက်ကြမယ့် အနာဂတ် နိုင်ငံရေးကျရင်လည်း ... ဒီ စိုးရွံ့နေတဲ့ အင်အားစုကြီးတွေ ဆီကနေ အနုတ်သဘော တုံ့ပြန် ဆောင်ရွက်မှုတွေ ပေါ်ပေါက်လာမယ့် အန္တရာယ် ရှိတာကို ထည့်သွင်း စဥ်းစားဖို့ လိုမယ် ထင်ပါတယ်။

ဘီဘီစီ။ ။ ဒီတော့ နိုင်ငံတကာ အသိုင်းအဝိုင်းကို ဖြစ်စေ၊ ဒီမိုကရက်တစ် အင်အားစုတွေကို ဖြစ်စေ ရစ်ချက်တို့ အနေနဲ့ ဘယ်လို အကြံပြုချင်လဲ။

ရစ်ချက်ဟော်ဆီ။ ။ ဒီမိုကရက်တစ် အင်အားစုတွေရော၊ နိုင်ငံတကာ အတွက်ရော အရေးကြီးတာက သံဃာတော်တွေကို ဘေးဖယ် ထုတ်တာမျိုး မလုပ်ဖို့ပါပဲ။ မြန်မာ့ လူ့ဘောင် အသိုင်းအဝိုင်းမှာ သံဃာဆိုတဲ့ အဖွဲ့အစည်းကြီးဟာ အင်မတန် အရေးပါတဲ့ အခန်းကဏ္ဍမှာ ရှိနေဆဲ ဖြစ်တယ် ဆိုတာကို နားလည် သိမြင်ဖို့ အရေးကြီးပါတယ်။ သံဃာတွေရဲ့ အတွေးအမြင် အယူအဆတွေဟာ လူမှု အသိုင်းအဝိုင်းအပေါ် ဩဇာကြီး လွှမ်းမိုးပါတယ်။ အခု နိုင်ငံရေးထဲ သံဃာ အများစု မပါဝင်ပဲ နှုတ်ဆိတ်နေတယ်ဆိုတာ အောင်ပွဲခံရမယ့် အရာ မဟုတ်ဘူး၊ သတိထား ဆင်ခြင် သုံးသပ်သင့်တဲ့ အရာ ဖြစ်တယ်လို့ ကျွန်တော် ပြောချင်ပါတယ်။ နွေဦးတော်လှန်ရေး အောင်မြင်ဖို့ကိုလည်း ကျွန်တော် မျှော်လင့်ပါတယ်။ အောင်မြင်တဲ့ အခါကျရင် တိုးတက် ဖြစ်ထွန်းလာမယ့် နိုင်ငံရေး ဖြစ်စဥ်ကြီးထဲမှာ အားလုံး ပါဝင်ဖို့ လိုအပ်ပါတယ်။ လူမှု အသိုင်းအဝိုင်း တစိတ်တပိုင်းရဲ့ အောင်ပွဲပဲ ဖြစ်မယ် ဆိုရင် နောက်ဆက်တွဲ ပဋိပက္ခတွေ ဆက်ပြီး ရှိလာဦးမှာ ဖြစ်ပါတယ်။