ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဒီဇင်ဘာ ၂၄ ရက်ထိပ်တန်းသတင်းများ - စစ်ကိုင်းဝန်ကြီးချုပ်ပါတဲ့လမ်းလျှောက်ပွဲ တိုက်ခိုက်ခံရ
စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်က ကန်သာယာ ကန်ပတ်လမ်းမှာ မနေ့ ဒီဇင်ဘာ ၂၃ ရက်မနက်အစောပိုင်းမှာ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဦးမြတ်ကျော်ဦးဆောင်ပါဝင်ပြီး လမ်းလျှောက်ပွဲ ပြုလုပ်နေချိန် ဖောက်ခွဲတိုက်ခိုက်ခံရကြောင်း မုံရွာမြို့ခံတွေဆီက သိရပါတယ်။
ကန်သာယာတံတားအနီးမှာဖြစ်တယ်လို့ သိရပြီးစစ်ကောင်စီဘက်ကလည်း သေနတ်ပြန်လည်ပစ်ခတ်တာတွေရှိတယ်လို့ နီးစပ်သူတွေက ပြောကြပါတယ်။ဒါပေမဲ့ ထိခိုက်ဒဏ်ရာရသူမရှိဘူးလို့ လူမှုကူညီရေးအသိုင်းအဝိုင်းက ပြောပါတယ်။
"ဖြစ်ပြီးတော့ မြို့ထဲမှာပိုတင်းကျပ်သွားတယ်။ ဒီနေ့ကစပြီးမှပြန်ပြီး လှည့်ကင်းတွေပတ်နေတာ" လို့ မုံရွာမြို့လက်ရှိအခြေအနေကို မြို့ခံတစ်ဦးက ဆိုပါတယ်။
စစ်ကောင်စီဘက်ကတော့ ဒီတိုက်ခိုက်ခံရမှုနဲ့ပတ်သက်လို့ တစုံတရာသတင်းထုတ်ပြန်တာမျိုးမရှိဘဲ စစ်ကိုင်းတိုင်းအာဏာပိုင်တွေတက်ရောက်ပြီး စည်စည်းကားကားကျင်းပခဲ့ကြောင်းသာ သတင်းထုတ်ပြန်ခဲ့ပါတယ်။
မြန်မာပြည်တွင်းမှာ ဒီဇင်ဘာလရောက်တဲ့အခါ သက်ဆိုင်ရာဒေသန္တရ အာဏာပိုင်တွေက ဦးဆောင်ပြုလုပ်တဲ့ မနက်ခင်း ‘’ဒီဇင်ဘာလ လမ်းလျှောက်ပွဲ’’တွေ ပြုလုပ်လေ့ရှိပြီး အာဏာသိမ်းပြီးတဲ့နောက် စစ်ကောင်စီက သူတို့ ထိန်းချုပ်မှုအားကောင်းတဲ့ နေပြည်တော်အပါအဝင် နိုင်ငံ့မြို့ကြီးတွေမှာ မနက်ခင်း လမ်းလျှောက်ပွဲတွေ ပြုလုပ်လေ့ရှိပါတယ်။
စစ်ကိုင်းမှာအခုဖြစ်ပွားတဲ့ ဝန်ကြီးချုပ်အဆင့်ပါဝင်တဲ့လမ်းလျှောက်ပွဲတိုက်ခိုက်ခံရမှုဟာ အာဏာသိမ်းပြီးတဲ့နောက် ပထမဆုံးဖြစ်တယ်လို့ ဘီဘီစီက နားလည်ရပါတယ်။
နယ်စပ်ကနေ တရားမဝင် ဝင်လာသူရာချီ စစ်ကောင်စီက တရုတ်နိုင်ငံဆီထပ်မံလွှဲပေး
ပြီးခဲ့တဲ့တစ်ပတ်အတွင်း နယ်စပ်ကနေ တရားမဝင် ဝင်ရောက်လာတဲ့ တရုတ်နိုင်ငံသား အမျိုးသား ၂၂၉ ဦးနဲ့ အမျိုးသမီး ၃၉ ဦးကို တရုတ်အာဏာပိုင်တွေဆီ ပြန်လွှဲပေးခဲ့တယ်လို့ စစ်ကောင်စီဘက်က ထုတ်ပြန်ကြေညာလာပါတယ်။
အခုလွှဲအပ်တဲ့ ၂၆၈ ဦးအပါအဝင်ဆိုရင် ၂ လနီးပါးအတွင်း တရုတ်ဘက်ကို ပြန်လွှဲပေးထားတဲ့ တရုတ်နိုင်ငံသား တစ်သောင်းနှစ်ထောင်ကျော်ပြီလို့ စစ်ကောင်စီလက်အောက်က နိုင်ငံပိုင်သတင်းစာတွေက ဖော်ပြပါတယ်။
ဒီလို တရားမဝင်နေထိုင်သူတွေကို ဖော်ထုတ် အရေးယူတာတွေဆက်လုပ်သွားဖို့ရှိပြီး သက်ဆိုင်ရာနိုင်ငံတွေကို လွှဲပြောင်းပေးမယ့်အကြောင်းပါ စစ်ကောင်စီက ထုတ်ပြန်ခဲ့တာပါ။
မြန်မာနယ်စပ်မှာ ကျားဖြန့်လို့ခေါ်တဲ့ အွန်လိုင်းငွေကြေးလိမ်လည်လုပ်ငန်းတွေလုပ်ကိုင်နေကြောင်း အခုနှစ်အစပိုင်းမှာ နိုင်ငံတကာကဖော်ထုတ်ပြောဆိုလာခဲ့ပြီး တရုတ်နိုင်ငံအနေနဲ့လည်း သူတို့နိုင်ငံသားတွေရင်ဆိုင်နေရတဲ့ အွန်လိုင်းငွေကြေးလိမ်လည်မှုတွေကို ဖြေရှင်းပေးဖို့ဟာ တရုတ်သမ္မတရှီကျင့်ဖျင်ရဲ့ တတိယသက်တမ်းမှာ အရေးတကြီးဖြေရှင်းရမယ့်ကိစ္စတစ်ခုဖြစ်လာပါတယ်။
ဒါတွေကို နှိမ်နင်းဖို့ မြန်မာနဲ့သာမက ထိုင်း၊ လာအိုတို့နဲ့ပါ ပူးပေါင်းဆောင်ရွက်တာတွေကို တရုတ်နိုင်ငံက အခုနှစ်လယ်ပိုင်းကစလို့ စိုင်းပြင်းခဲ့ပါတယ်။
အဲဒီနောက် အောက်တိုဘာ ၂၇ ရက်မှာပဲ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေဖြစ်တဲ့ ကိုးကန့်တပ်(MNDAA)၊ တအာင်းတပ် (TNLA)နဲ့ ရက္ခိုင့်တပ်(AA)တို့က အွန်လိုင်းငွေကြေးလိမ်လည်မှု ကျားဖြန့်လုပ်ကိုင်သူတွေကို တားဆီးဖို့ဆိုတဲ့အချက်နဲ့ ၁၀၂၇ စစ်ဆင်ရေးကို စတင်ခဲ့ပြီး စစ်ကောင်စီရဲ့ တပ်စခန်းတွေကို တိုက်ခိုက်နေတာပါ။
မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေကတော့ ဒီလုပ်ငန်းတွေဟာ စစ်ကောင်စီတာဝန်ရှိသူတွေနဲ့ဆက်စပ်တယ်လို့ ထုတ်ပြောထားပြီး စစ်ကောင်စီဘက်ကတော့ စစ်ဆင်ရေးစတင်ပြီးနောက်ပိုင်းမှ တရားမဝင် ဝင်ရောက်နေထိုင်သူတွေကို ဖမ်းဆီးရေးခပ်စိပ်စိပ်လုပ်လာတာကို သူတို့ရဲ့ ထုတ်ပြန်ချက်တွေအရ ထင်သာမြင်သာတွေ့ရပါတယ်။
စစ်ကောင်စီသတင်းထုတ်ပြန်ချက်အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ၂၀၂၁ ခုနှစ်နောက်ပိုင်း အခုလို အွန်လိုင်းလိမ်လည်လုပ်ငန်းတွေ မြန်မာနယ်စပ်မှာ အခြေချလာတဲ့အကြောင်း တရုတ်မီဒီယာတစ်ခုနဲ့ သီးသန့်တွေ့ဆုံမေးမြန်းခန်းမှာ ဖြေကြားထားခဲ့ပါတယ်။
ဒီမတိုင်ခင်တုန်းကလည်း ‘’ဝ’’ အာဏာပိုင်တွေဟာ တရားမဝင်ကျားဖြန့်လုပ်ငန်း လုပ်ကိုင်နေသူလို့ သံသယရှိခံရတဲ့ တရုတ်နိုင်ငံသား ထောင်ချီကို ပြီးခဲ့တဲ့လတွေအတွင်း တရုတ်ဘက်ကို လွှဲပြောင်းပေးထားပါတယ်။
တရုတ်ပြည်သူ့လုံခြုံရေးဌာနကတော့ မြန်မာဘက်ကနေ တရုတ်ဘက်ကို လွှဲပြောင်းထားသူ သုံးသောင်းကျော်ရှိတယ်လို့ ပြီးခဲ့တဲ့လတုန်းက သတင်းထုတ်ပြန်ထားပါတယ်။
ဖရူဆိုစစ်ရှောင်တွေအစုလိုက်သေဆုံးခဲ့ရမှုအပါအဝင် စစ်ရာဇဝတ်မှုတွေကိုပြစ်ဒဏ်ပေးရေး ကရင်နီ IEC တိုက်တွန်း
ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်၊ မိုဆိုကျေးရွာအနီးမှာဖြစ်ခဲ့တဲ့ စစ်ရှောင်ပြည်သူအယောက် ၄၀ ကျော် မီးရှို့သတ်ဖြတ်ခံရတဲ့ဖြစ်စဉ်ဟာ ဒီကနေ့ ဒီဇင်ဘာ ၂၄ ရက်၊ ခရစ်စမတ်အကြိုနေ့မှာ နှစ်နှစ်ပြည့်ခဲ့ပြီဖြစ်ပြီး ဒီဖြစ်စဉ်အပါအဝင် စစ်ကောင်စီတပ်တွေရဲ့ စစ်ရာဇဝတ်ကျူးလွန်မှုတွေကို အပြစ်ပေးဖို့ ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC က ထုတ်ပြန်ပါတယ်။
မိုဆိုကျေးရွာအနီး အစုလိုက်အပြုံလိုက်မီးရှို့သတ်ဖြတ်ခံရတဲ့ဖြစ်စဉ် နှစ်နှစ်ပြည့်ကာလအထိ ကရင်နီပြည်သူတွေမှာ အိပ်မက်ဆိုးတစ်ခုလို ခံစားနေရဆဲလို့လည်း ပြောပါတယ်။
ဒီဖြစ်စဉ်ကို ကျူးလွန်သူတွေဟာ လက်ရှိအချိန်အထိပြစ်ဒဏ် ကင်းလွတ်နေဆဲဖြစ်သလို ဒီဖြစ်စဉ်အပါအဝင် အခြားစစ်ရာဇဝတ်မှုတွေနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို အမြန်ဆုံးအဆုံးသတ်နိုင်ဖို့လိုကြောင်းလည်း ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။
IEC အနေနဲ့လည်း ကျူးလွန်သူတွေကိုအပြစ်ပေးနိုင်ရေးအပါအဝင် နစ်နာသူတွေကိုတရားမျှတမှုရရှိစေဖို့ ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်တဲ့အထိ တော်လှန်တိုက်ပွဲဝင်သွားမယ်လို့လည်း ထည့်ပြောပါတယ်။
မိုဆိုဖြစ်စဉ်ဟာ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၂၄ ရက်နေ့တုန်းက အမျိုးသမီးတွေ၊ အသက်မပြည့်သေးတဲ့ ကလေးသူငယ်တွေအပါ စစ်ရှောင်အယောက် ၄၀ ကျော်၊ နယ်ခြားစောင့်တပ်ရင်း-၁၀၀၄ တပ်ဖွဲ့ဝင် ၄ ဦး၊ ကလေးသူငယ်အကူအညီပေးရေးအဖွဲ့(Save the Children)က ဝန်ထမ်း ၂ ဦးတို့ ဒန်ပါကား ၃ စီး၊ ကားငယ် ၃ စီး၊ ထော်လာဂျီနဲ့ ဆိုင်ကယ် ၅ စီးနဲ့အတူ အစုလိုက်အပြုံလိုက် မီးရှို့သတ်ဖြတ်ခံရတဲ့ ဖြစ်စဥ်ဖြစ်ပါတယ်။
ဒီဖြစ်စဉ်ကို စုံစမ်းစစ်ဆေးဖို့ ကုလသမဂ္ဂကလည်း ထုတ်ပြန်ကြေညာသလို အရပ်ဖက်အဖွဲ့တွေကလည်း သဘောထားထုတ်ပြန်ခဲ့ပေမဲ့ ပြစ်ဒဏ်ကျူးလွန်သူတွေကိုဖော်ထုတ်အရေးယူတာမျိုး မရှိသေးပါဘူး။
IEC ကတော့ ဒီဖြစ်စဉ်ကို စစ်ကောင်စီတပ်ဖွဲ့ တပ်မ ၆၆ လက်အောက်က အမှတ် - ၁၀၈ ခြေမြန်တပ်ရင်း ဦးဆောင် စစ်ကြောင်းက လုပ်ခဲ့တာလို့ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီသတင်းပြန်ကြားရေးဘက်ကတော့ လုံခြုံရေးအတွက် ယာဥ် ၇ စီးကို စစ်ဆေးရာမှာ မရပ်တန့်ဘဲ လက်နက်ငယ်တွေနဲ့ စပစ်ပြီး ထွက်ပြေးလို့ ပြန်ပစ်ခတ်ဖမ်းဆီးခဲ့တဲ့ ဖြစ်စဥ်လို့သာ ထုတ်ပြန်ထားခဲ့ပါတယ်။
ဒါအပြင် အမျိုးသမီးတစ်ဦးအပါအဝင် PDF ၂၅ ဦး သေဆုံးတာလို့ စစ်ကောင်စီပြန်ကြားရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းက ဖြစ်စဉ်ဖြစ်အပြီးရက်ပိုင်းမှာပဲ ထုတ်ပြောခဲ့ပြီး မီးရှို့ခဲ့တာမဟုတ်ဘူးလို့လည်း ပြောခဲ့ပါတယ်။
ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို TNLA ထိန်းချုပ်
ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထဲက နမ့်ဆန်မြို့ကိုထိန်းချုပ်ထားတဲ့ တအာင်းတပ် TNLA ဟာ မန်တုံမြို့က စစ်ကောင်စီတပ်စခန်းအကုန်လုံးကိုလည်း တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တဲ့အကြောင်း ဒီကနေ့ ဒီဇင်ဘာ ၂၄ ရက် မနက်ပိုင်းမှာ ဓာတ်ပုံနဲ့တကွသတင်းထုတ်ပြန်လာပါတယ်။
ဒါကြောင့် ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအရ နမ့်ဆန်မြို့နယ်နဲ့ မန်တုံမြို့နယ်တို့နဲ့ ဖွဲ့စည်းထားတဲ့ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို TNLA က ထိန်းချုပ်နိုင်တဲ့အခြေအနေဖြစ်ပါတယ်။
၁၀၂၇ စစ်ဆင်ရေးအတွင်း ဒီဇင်ဘာလ တစ်လအတွင်းမှာ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို TNLA က ထိန်းချုပ်နိုင်ခဲ့တာပါ။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၉ ရက်နေ့ကစလို့ မန်တုံမြို့ကို ၁၀၂၇ စစ်ဆင်ရေးအဖြစ် TNLA က စတင်ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး လေးရက်အကြာ ဒီဇင်ဘာ ၂၂ ရက်နေ့ ညနေပိုင်းမှာတော့ စစ်ကောင်စီရဲ့ အမှတ် -၁၃၀ ခြေလျင်တပ်ရင်း(ခလရ) ဗျူဟာကုန်းအပါအဝင် ခိုမုန်းတပ်စခန်း၊ လွယ်ဆိုင်တောင်တပ်စခန်း၊ ပြည်သူ့စစ်(ပ.သ.စ)တပ်စခန်း၊ ရဲစခန်းအပါအဝင် ဌာနဆိုင်ရာရုံးတွေကိုပါ သိမ်းပိုက်နိုင်ခဲ့တာလို့ TNLA က ပြောပါတယ်။
မန်တုံတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ဂျက်ဖိုက်တာနဲ့ (၄၃) ကြိမ်၊ Y 12 လေယာဉ်နဲ့ (၁၈၃) ကြိမ်၊ တိုက်ခိုက်ရေးရဟတ်ယာဉ် (Mi 35)နဲ့ အကြိမ် (၃၀) လေကြောင်းအသုံးပြုတိုက်ခိုက်ခဲ့ပြီး တစ်ရက်ကိုပျမ်းမျှ (၆၆) ကြိမ်လေကြောင်းတိုက်ခိုက်ကာ (၂၅၉) ကြိမ် ဗုံးကြဲတိုက်ခိုက်တယ်လို့ TNLA က စာရင်းနဲ့တကွ ဖော်ပြပါတယ်။
TNLA ရဲ့ စာရင်းအရတော့ မန်တုံတိုက်ပွဲဟာ ၁၀၂၇ စစ်ဆင်ရေးကာလထဲ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုစံချိန်တင်အသုံးပြုတိုက်ခိုက်မှုလို့ သိရပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ လေကြောင်းရန်ကြောင့် အရပ်သားထိခိုက်ဒဏ်ရာရတာရှိသလို ဘာသာရေးအဆောက်အအုံနဲ့ လူနေအိမ် (၁၅) လုံး ထိမှန်ပျက်စီးတယ်လို့လည်း TNLA က ပြောပါတယ်။
မနေ့ ဒီဇင်ဘာ ၂၃ ရက်အထိ စစ်ကောင်စီက မန်တုံမြို့ဘက်ခြမ်းကို လက်နက်ကြီးရော လေကြောင်းအသုံးပြုမှုတွေရှိနေသေးတာကြောင့် စစ်ရှောင်တွေ နေရပ်မပြန်နိုင်သေးဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။
တဖက်စစ်ကောင်စီကတော့ မန်တုံမြို့က တပ်စခန်းတွေလက်လွှတ်ခဲ့ရတာနဲ့ပတ်သက်လို့ တိုက်ပွဲဖြစ်ပွားနေတဲ့ကာလထဲသာမက ဒီကနေ့ မနက်အထိ တစုံတရာသတင်းထုတ်ပြန်လာတာ မတွေ့ရပါဘူး။