ဧပြီ ၂၀ နိုင်ငံတဝန်းသတင်းများအနှစ်ချုပ် - ထီးထစခန်းကို KNLA ပူးပေါင်းအဖွဲ့တွေသိမ်း၊ ဗျူဟာမှူးကို အသေဖမ်းမိ

KNLA နဲ့ ပူးပေါင်းအဖွဲ့တွေ သိမ်းပိုက်နိုင်တဲ့ ထီးထစခန်း

ဓာတ်ပုံ ရင်းမြစ်, ပေးပို့

ဓာတ်ပုံ ပုံစာ, KNLA နဲ့ ပူးပေါင်းအဖွဲ့တွေ သိမ်းပိုက်နိုင်တဲ့ ထီးထစခန်း
ရေးသားခဲ့သည်။
ဖတ်ရန်အချိန်: မိနစ် ၄

မြန်မာ-ထိုင်းနယ်စပ်၊ ထီးခီးဒေသထဲက စစ်တပ်ရဲ့ ဗျုဟာစခန်းတစ်ခုဖြစ်တဲ့ ထီးထစခန်းကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ ၄ နဲ့ ပူးပေါင်းအဖွဲ့တွေက ဧပြီ ၁၉ ရက်မှာ သိမ်းခဲ့ပြီး အဲဒီစခန်းက ဗျူဟာမှူးကိုလည်း အသေဖမ်းမိတယ်လို့ သိရပါတယ်။

ထီးထစခန်းသိမ်းတာနဲ့ စစ်တပ်ဗျူဟာမှူးကို အသေဖမ်းမိတဲ့အကြောင်းကို တိုက်ပွဲမှာ ပူးပေါင်းအဖွဲ့အနေနဲ့ ပါဝင်ခဲ့တဲ့ Force For Federal Democracy-FFD အဖွဲ့က ထုတ်ပြန်လာတာ ဖြစ်ပါတယ်။

ပူးပေါင်းအဖွဲ့တွေက ဒီစခန်းကို သီတင်းတစ်ပတ်နီးပါးကြာ တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်ကလည်း လေကြောင်း ပစ်ကူနဲ့ခုခံခဲ့တာကြောင့် တိုက်ပွဲပြင်းထန်ခဲ့ပါတယ်။

''တစ်ပတ်လောက် တိုက်ခိုက်ခဲ့တာဖြစ်တယ်။ ဗျူဟာစခန်းဖြစ်တဲ့အတွက် အင်အားအသင့်အတင့်ရှိပါတယ်'' လို့ FFD ဒုတိယတာဝန်ခံက ပြောပါတယ်။

ဗျူဟာမှူးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သေဆုံးပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိတယ်လို့ ရေးသားထားပေမဲ့ ဖမ်းဆီးရမိတဲ့အခြေအနေတွေကိုတော့ အသေးစိတ် ထုတ်ပြန်ထားတာတော့ မရှိသေးပါဘူး။

အဲဒီစခန်းဟာ KNU ရဲ့ တပ်မဟာ ၄၊ ထားဝယ်ခရိုင်ထဲမှာရှိပြီး ထိုင်း - မြန်မာ နယ်စပ်မျဉ်းနဲ့ ၆ မိုင် လောက် သာ ကွာဝေးတဲ့နေရာမှာရှိပါတယ်။

KNLA လိုဂိုနဲ့ လူမှုကွန်ရက်မှာ ပြန့်နှံ့လာတဲ့ ရုပ်သံတစ်ခုမှာတော့ ထီးထဗျူဟာစခန်းဝန်းထဲကို KNLA၊ KNDO နဲ့ ပူးပေါင်းတပ်တွေက ဝင်ရောက်သွားပြီး ကရင်အလံကို တင်နေတာကိုလည်း တွေ့ရပါတယ်။

ထီးထ ဗျူဟာစခန်းသိမ်းတိုက်ပွဲ - KNU ဘိတ် - ထားဝယ်ခရိုင်အတွင်းရေးမှူး ဘာပြောလဲ

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ထီးထဗျူဟာစခန်း မသိမ်းခင်ရော၊ စခန်းသိမ်းနေချိန် တိုက်ပွဲဖြစ်ချိန်မှာရော ဗျူဟာမှူးကို လက်နက်ချဖို့ အကြိမ်ကြိမ်ပြောခဲ့ပေမဲ့ လက်နက်မချခဲ့ဘူးလို့ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ဘိတ် - ထားဝယ်ခရိုင် အထွေထွေအတွင်းရေးမှူး ပဒိုစောအယ်နာက ဘီဘီစီကို ဧပြီလ ၂၀ ရက်မှာ ပြောပါတယ်။

တဖက်မှာလည်း တိုက်ပွဲစတင်ခဲ့တဲ့ ဧပြီ ၁၂ ကနေ ဧပြီ ၁၉ ရက်အထိ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးအလုံးရေ ၆၀ နီးပါး ကြဲခဲ့ပြီး ပြင်းပြင်းထန်ထန် ခုခံခဲ့တယ်လို့ သူက ပြောပါတယ်။

"လေကြောင်းရန်တွေကြားကနေ ရန်သူရဲ့ဘန်ကာကို ထိုးဖောက်နိုင်ခဲ့ပြီး ဗျူးဟာမှူးနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ကို ဖမ်းဆီးရမိခဲ့ပါတယ်။ သူတို့ကို မေးမြန်းချိန်မှာ ဗျူဟာမှူးကနေ မချေမငံ ဆက်ဆံပြီး ရန်လိုတဲ့အနေအထားနဲ့ မတ်တပ်ရပ်တဲ့အတွက် ရဲဘော်တွေကနေ စစ်ဆေးရေးရဲဘော်ရဲ့ လုံခြုံရေးကို လက်ဦးမှု ယူတဲ့အနေနဲ့ ပစ်ခတ်လိုက်ရတယ်" လို့ ပဒိုစောအယ်နားက ပြောပါတယ်။

ထီးခီးဒေသကို KNU က ထီးမိုပွာဒေသလို့ ခေါ်ပြီး တချိန်က KNU တပ်မဟာ ၄ နဲ့ ခရိုင် ဌာနချုပ် အခြေစိုက်ခဲ့တဲ့နေရာဖြစ်ပါတယ်။ အဲဒီဒေသကို KNU က ၁၉၉၇ ခုနှစ်မှာ လက်လွှတ်ခဲ့ရတာဖြစ်ပါတယ်။

စစ်ကောင်စီကတော့ ထီးထစခန်းက တိုက်ပွဲအခြေအနေနဲ့ ပတ်သက်ပြီး သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

ကော့ကရိတ်မှာ တိုက်ပွဲဆက်ပြင်းထန်နေ

လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူတွေထဲမှာ ကိုယ်ဝန်ဆောင်တစ်ယောက်လည်း ပါဝင်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, မွန်လွတ်မြောက်ရေးတပ်တော်

ဓာတ်ပုံ ပုံစာ, လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူတွေထဲမှာ ကိုယ်ဝန်ဆောင်တစ်ယောက်လည်း ပါဝင်ပါတယ်။

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်နဲ့ ကျုံဒိုးမြို့ကြားက တိုက်ပွဲတွေဟာ ဒီနေ့ ဧပြီ ၂၀ အထိ ဆက်ပြင်းထန်နေတယ်လို့ ဒေသခံတွေနဲ့ မွန်လွတ်မြောက်ရေးတပ်တော်(MLA)က ပြောပါတယ်။

ကော့ကရိတ်မြို့နဲ့ ကျုံးဒိုးမြို့နယ်အကြား အာရှလမ်းမဘေးတစ်လျှောက်မှာ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်(KNLA) ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တွေဟာ ဧပြီ ၁၄ ရက်ကစလို့ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်တာတွေ ဆက်တိုက်လုပ်နေတယ်လို့ သိရပါတယ်။

တိုက်ပွဲတွေအတွင်း စစ်ကောင်စီကနေ လေကြောင်းတိုက်ခိုက်တာကြောင့် ဧပြီ ၁၅ ရက် သင်္ကြန် အကြတ်နေ့မှာ ကျုံဒိုးမြို့ ကမ်းနီစံပြကျေးရွာက ၆ ဦး၊ ဧပြီ ၁၆ ရက် သင်္ကြန် အတက်နေ့မှာ နွားခြံကုန်းရွာက ၇ ဦး၊ ကော့ကရိတ်မြို့နယ်၊ မြောက်ကမ္မရိုက်ရွာက ကိုယ်ဝန်ဆောင်တစ်ဦး၊ ဧပြီ ၁၈ ရက်မှာ ကော့ကရိတ်မြို့နယ် သလွဲထော်ရွာက ၁ ဦး စုစုပေါင်း ၁၅ ယောက် သေဆုံးခဲ့တယ်လို့ မွန်လွတ်မြောက်ရေးတပ်တော် စာရင်းတွေအရ သိရပါတယ်။

ကော့ကရိတ်မြို့ထဲက ဒေသခံတွေလည်း တိုက်ပွဲတွေကြောင့် တိမ်းရှောင်ဖို့ ကြိုးစားပေမဲ့ ထွက်ခွင့်မရဘဲ ပိတ်မိနေတယ်လို့လည်း လူမှုကူညီရေးအဖွဲ့ဝင်တစ်ယောက်က ပြောပါတယ်။

"ကော့ကရိတ်မြို့ထဲကို ဘယ်လိုမှ ဝင်လို့မရဘူး။ တိုက်ပွဲတွေ ဖြစ်ကတည်းက ကူညီဖို့သွားတာ ဒီနေ့အထိ ဝင်မရဘူး။ မြို့ထဲကလူတွေကလည်း ထွက်မရဘူး။ လမ်းပိတ်တာကတော့ နှစ်ဘက်စလုံးက ပိတ်ထားတာပဲ" လို့ သူက ပြောပါတယ်။

တိုက်ပွဲနဲ့ လေကြောင်းတိုက်ခိုက်တာတွေကြောင့် ကော့ကရိတ်မြို့နဲ့ ကျုံဒိုးမြို့ကြားက ကော့ဝါလဲ၊ နောင်တမံ၊ ဝင်းပြ၊ နွားခြံကုန်း၊ ကမ်းနီ၊ သရက်တော၊ သလွဲထော်၊ ကမ္မရိုက် အပါအဝင် ကျေးရွာ ၁၀ ရွာလောက်က ဒေသခံ တစ်သောင်းကျော်လောက်လည်း ရွာလုံးကျွတ်နီးပါး ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

စစ်ကောင်စီကတော့ ဧပြီ ၁၈ ရက်မှာ ကော့ကရိတ်မြို့ထဲကို PDF အဖွဲ့တွေက လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင့် အမှတ် ၄ ရပ်ကွက်၊ တောင်ပေါ်ဘုန်းကြီးကျောင်းထဲကို ဗုံးသီးကျပေါက်ကွဲပြီး မျက်နှာကြက်နဲ့ အုတ်နံရံတွေ ထိခိုက်ပျက်စီးတယ်လို့ ဧပြီ ၁၉ ရက်က ထုတ်ပြန်ပါတယ်။

ဒါပေမဲ့ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ပတ်သက်ပြီးတော့ ထုတ်ပြန်ချက်ထဲမှာ ထည့်သွင်းရေးသားတာ မတွေ့ရပါဘူး။

တရုတ်အထူးကိုယ်စားလှယ် တိန့်ရှီကျွင်း လားရှိုးရောက်နေ

လားရှိုးမြို့ မြင်ကွင်း

ဓာတ်ပုံ ရင်းမြစ်, လားရှိုးမြို့ ပြန်လည်ထူထောင်ရေး

ဓာတ်ပုံ ပုံစာ, လားရှိုးမြို့ မြင်ကွင်း

တရုတ်ရဲ့မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် တိန့်ရှီကျွင်းဟာ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ကို ဧပြီ ၁၉ ရက်ကတည်းက ရောက်ရှိနေတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်က ဘီဘီစီကို ပြောပါတယ်။

လားရှိုးမြို့ကို ကိုးကန့်တပ်(MNDAA) လက်ထဲကနေ စစ်ကောင်စီလက်ထဲ ပြန်လွှဲပြောင်းရေးနဲ့ ပတ်သက်လို့ ရောက်ရှိလာတာဖြစ်ပြီး ကိုးကန့်တပ်နဲ့ စစ်ကောင်စီဘက်က အမှတ် (၁) စစ်ဆင်ရေးအထူးအဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုဦးတို့ ဆွေးနွေးမယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေတာပါ။

"တရုတ်အထူးသံကတော့ လားရှိုးကို ရောက်လာပြီ။ စစ်ကောင်စီဘက်က ဒုဗိုလ်ချုပ်ကြီးကတော့ ရောက်မလာသေးဘူး။ တရုတ်အထူးသံက လက်ရှိ ဆင်နှစ်ကောင် ဟိုတယ်မှာ တည်းနေတယ်"လို့ လားရှိုးဒေသခံက ဒီနေ့ မွန်းလွဲပိုင်းမှာပဲ ဘီဘီစီကို ပြောပါတယ်။

ဆင်နှစ်ကောင်ဟိုတယ်မှာ တရုတ်အထူးသံရှိနေသလို စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးအဖွဲ့တွေလည်း ရှိနေပြီး ကိုးကန့် ရဲတပ်ဖွဲ့ဝင်တွေက လုံခြုံရေး ယူထားကြတယ်လို့လည်း သိရပါတယ်။

‌ဒေသတွင်းသတင်းတွေမှာတော့ လားရှိုးမှာ အပစ်ရပ်ကို စောင့်ကြည့်မယ့် တရုတ်အလံပါ ကား ကားအချို့ ချင်းရွှေဟော် - ကွမ်းလုံလမ်းပိုင်းကနေ လားရှိုးမြို့ကို ဝင်သွားတယ်လို့လည်း ရုပ်သံတွေနဲ့တကွ သတင်းဖော်ပြပါတယ်။

ဒီနေ့မနက်မှာလည်း ယူနီဖောင်းဝတ်ထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လားရှိုးမြို့ထဲကို ဝင်ရောက်လာကြ တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

မစ္စတာ တိန့်ရှီကျွန်းဟာ ၂၀၂၀ ခုနှစ်ကစလို့ အခု ၂၀၂၂ ခုနှစ် နိုဝင်ဘာလအထိ တရုတ်နိုင်ငံရဲ့ အာဆီယံဆိုင်ရာ အထူးသံတမန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

အဲဒီနောက် မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းကစလို့ တာဝန်ယူထားသူပါ။

ဒါ့အပြင် အရင်က သူဟာ အာဖဂန်နစ္စတန် အရေးအတွက် တရုတ်ရဲ့ အထူး ကိုယ်စားလှယ်တာဝန်ကို ထမ်းဆောင်ခဲ့ဖူးပါတယ်။

အာဖဂန်နစ္စတန်ငြိမ်းချမ်းရေးအတွက် အာဖဂန်နစ္စတန်၊ ပါကစ္စတန်၊ တရုတ်နဲ့ အမေရိကန် တို့ ပါဝင်တဲ့ ၄ နိုင်ငံ ဆွေးနွေးပွဲတွေကို သူတက်ရောက်ခဲ့ဖူးပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်အထူးကိုယ်စားလှယ်အဖြစ်တာဝန်ယူထားတဲ့ မစ္စတာ တိန့်ရှီကျွင်းဟာ တာဝန်စယူနဲ့ ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းကစလို့ နေပြည်တော်၊ ဘေကျင်းနဲ့ ယူနန်ကြား ခပ်စိပ်စိပ် သံခင်းတမန်ခင်းမှာ အခရာကျသူဖြစ်လာနေပြီး အခုတော့ လားရှိုးမြို့အထိပါ သံခင်းတမန်ခင်း ခြေဆန့်လာတာဖြစ်ပါတယ်။

စစ်ကောင်စီကတော့ လားရှိုးက အခြေအနေတွေနဲ့ ပတ်သက်ပြီး သတင်းတစုံတရာ ထုတ်ပြန်တာ မရှိသေးပါဘူး။

ပျူစောထီးဆိုပြီး ကျိုက်ထီးရိုးတောင်ခြေမှာ ဖမ်းဆီးခံခဲ့ရသူတွေ ဘာဆက်ဖြစ်နေလဲ

ကာကွယ်ရေးအဖွဲ့တွေက ဖမ်းဆီးပြီး ပြန်လွှတ်လိုက်တဲ့ မိသားစုဝင်တွေ

ဓာတ်ပုံ ရင်းမြစ်, အမှတ် ၂၇ စစ်ဗျူဟာ

ဓာတ်ပုံ ပုံစာ, ကာကွယ်ရေးအဖွဲ့တွေက ဖမ်းဆီးပြီး ပြန်လွှတ်လိုက်တဲ့ မိသားစုဝင်တွေ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ထဲက ကျိုက်ထီးရိုးတောင်ခြေမှာ ဖမ်းဆီးခဲ့သူ လူပေါင်း ၅၀ နီးပါးထဲက ပျူစောထီးဆိုသူ ၆ ဦးကိုပဲ ဆက်ဖမ်းထားပြီး ကျန်တဲ့သူတွေကို ပြန်လွှတ်ပေးလိုက်ပြီလို့ ပြည်သူ့ကာကွယ်ရေးတပ်(PDF)က ထုတ်ပြောလာပါတယ်။

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်ကနေ ကျိုက်ထီးရိုးကို ဘုရားဖူးထွက်လာကြသူ လူပေါင်း ၄၈ ဦးဟာ ကျိုက်ထီးရိုးတောင်ခြေ၊ ကင်းမွန်းချောင်ကျေးရွာ၊ ကဒက်ချောင်းမှာ ဧပြီလ ၁၅ ရက်နေ့တုန်းက ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။

အခုတော့ အဲဒီလူတွေထဲက ပျူစောထီး ၅ ဦးနဲ့ ခေါင်းဆောင်ဖြစ်သူရဲ့ ဇနီးတို့ကို ဆက်ပြီး စစ်ဆေးမေးမြန်းနေပြီး ကျန်တဲ့သူတွေကို ဧပြီလ ၁၈ ရက်ကတည်းက ပြန်လွှတ်ပေးလိုက်ပြီလို့ အမှတ် ၂ စစ်ဒေသခွဲ၊ အမှတ် ၂၇ စစ်ဗျူဟာမှူး ဦးအေးမင်းထွန်းက ထုတ်ပြောလာတာပါ။

ဘုရားဖူးပြည်သူတွေကို ဖမ်းဆီးတာ မဟုတ်ဘဲ ဘယ်သူက ပြည်သူ့စစ်(အရပ်အခေါ် ပျူစောထီး) ဟုတ် မဟုတ် ဆိုတာကို ချက်ချင်းမသိနိုင်တာကြောင့် အားလုံးကို ခေါ်သွားရတာလို့လည်း သူက ဧပြီလ ၁၉ ရက်မှာ လူမှုကွန်ရက်ကနေ ရုပ်သံနဲ့ ထုတ်ပြောပါတယ်။

"ဒီအထဲမှာ မိသားစုတွေရော။ ကလေးတွေရောပါတယ်။ သူတို့ကိုနှစ်ဘက်လုံခြုံရေးအရ ခေါ်သွားတာ ဖြစ်ပါတယ်။ ချက်ချင်း မလွှတ်တာက စစ်ကောင်စီဘက်ကနေ သူတို့ကိုတစ်ခုခု အန္တရာယ်ပြုပြီးမှာ ကျွန်တော်တို့ လုပ်တာပါဆိုပြီး သတင်းမှားလွှင့်မှာ စိုးရိမ်တယ်။ ဒါ့ကြောင့် ခဏထိန်းသိမ်း ကောင်းကောင်းမွန်မွန် ထားပြီးမှ ပြန်လွှတ်ပေးတာ"လို့ လည်း ဦးအေးမင်းထွန်းက ပြောပါတယ်။

စစ်ကောင်စီကလည်း ကျိုက်ထီးရိုးဘုရားဖူး အမျိုးသား ၂၅ ယောက်နဲ့ အမျိုးသမီး ၂၃ ယောက် ဖမ်းဆီးခံရပြီး ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်ဘက်ကို ဖမ်းဆီးခေါ်ဆောင်သွားသလို အဲဒီထဲက အမျိုးသား ၅ ဦးဟာ သီးခြားခွဲထုတ် ခေါ်ဆောင်ခံထားရတယ်လို့ ဧပြီ ၁၆ ရက်က သတင်းထုတ်ပြန်ပါတယ်။

အမှတ် ၂၇ စစ်ဗျူဟာမှူး ဦးအေးမင်းထွန်းက ဖမ်းဆီးထားသူတွေကို စစ်ဆေးတဲ့အခါမှာ ပြစ်မှု ကျူးလွန်ထားတာတွေ တွေ့ရပြီး အရေးယူသွားမှာ ဖြစ်တယ်လို့ ပြောပါတယ်။

ဒါပေမဲ့ ဘယ်လိုပြစ်မှုတွေ ကျူးလွန်ထားတယ်ဆိုတာနဲ့ ဘယ်လိုအရေးယူတာတွေ ပြုလုပ်သွားမယ်ဆိုတာမျိုးတော့ သူက ရှင်းပြထားတာမျိုး မရှိပါဘူး။

စစ်ခေါင်းဆောင်နဲ့ဇနီးက သီတဂူဆရာတော်ကို ငွေကျပ် သိန်းနှစ်ရာနဲ့ ဘိလပ်မြေတန်ချိန် ၁,၅၀၀ လှူ

သီတဂူဆရာတော်ကို ကပ်လှူနေကြတဲ့ စစ်ခေါင်းဆောင်နဲ့ဇနီး

ဓာတ်ပုံ ရင်းမြစ်, CINCDS

ဓာတ်ပုံ ပုံစာ, သီတဂူဆရာတော်ကို ကပ်လှူနေကြတဲ့ စစ်ခေါင်းဆောင်နဲ့ဇနီး

မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဇနီးဖြစ်သူ ဒေါ်ကြူကြူလှတို့ဟာ စစ်ကိုင်းမြို့က သီတဂူ ဝိပဿနာကျောင်းမှာ ဆရာတော် ဒေါက်တာဘဒ္ဒန္တဉာဏိဿရကို ငွေကျပ် သိန်း ၂၀၀ ကို လှူခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။

မတ်လ ၂၈ ရက် အင်အားပြင်း ငလျင်ဒဏ်သင့် စစ်ကိုင်းမြို့ထဲက အပျက်အစီးအခြေအနေတွေကို ဧပြီ ၁၉ ရက်မှာ ဒုတိယအကြိမ် သွား‌ရောက်ကြည့်ရှုချိန် သီတဂူဆရာတော်ကိုလည်း အခုလိုလှူဒါန်းခဲ့တာဖြစ်ပါတယ်။

ငလျင်ကြောင့် ပြိုကျ ပျက်စီးခဲ့တဲ့ စစ်ကိုင်းမြို့က ဘုရား၊ စေတီပုထိုးတွေကို ပြန်ပြုပြင် ထိန်းသိမ်းရေးလုပ်ငန်းတွေမှာ အသုံးပြုဖို့ တပ်မတော်မိသားစုတွေက ဘိလပ်မြေတန်ချိန် ၁,၅၀၀ လှူဒါန်းတာလို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။

ဗိုလ်ချုပ်မှူးကြီးဟာ ငလျင်လှုပ်ချိန် ပြိုကျခဲ့တဲ့ စစ်ကိုင်းတံတားအဟောင်း အပျက်အစီး အခြေအနေကိုလည်း စစ်ကောင်စီပို့ဆောင်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးနဲ့အတူ ပထမဆုံးအကြိမ် သွားကြည့်ခဲ့တာတွေ့ရပါတယ်။

ပြိုကျပျက်စီးခဲ့တဲ့ တံတားသံဘောင်ပေါင်တွေကို မိုးမကျခင် ဆယ်ယူဖယ်ရှားပြီး ရေလမ်းကြောင်း အစုန်အဆန် ပြန်ဖွင့်အောင် ဆောင်ရွက်ဖို့ကိုလည်း စစ်ခေါင်းဆောင်က ညွှန်ကြားခဲ့တယ်လို့ ဆိုပါတယ်။

စစ်ခေါင်း‌ဆောင်ဟာ မတ်လ ၂၈ ရက် ငလျင်ဗဟိုချက်အနီးက စစ်ကိုင်းမြို့ကို ငလျင်လှုပ်ပြီး ၁၀ ရက်အကြာရောက်မှ ပထမဆုံးအကြိမ် သွားရောက်ခဲ့ပြီး အခုတစ်ခေါက်က ဒုတိယတစ်ကြိမ်ဖြစ်ပါတယ်။

တစ်ချိန်တည်းမှာပဲ ငလျင်ကြောင့်သေဆုံးသူ အရေအတွက်ဟာ ဧပြီလ ၁၈ ရက် နောက်ဆုံးထုတ်ပြန်ချက်အရ ၃,၇၆၀ ကျော်အထိရှိနေပါတယ်။

စစ်ခေါင်းဆောင်ကတော့ သူ့ရဲ့ ဒုတိယအကြိမ် စစ်ကိုင်းခရီးစဥ်မှာ စစ်ကိုင်းတိုင်း တစ်တိုင်းလုံးစာ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေအတွက် ကျပ်ငွေ ဘီလီယံ ၅၀ ကို စစ်ကောင်စီစစ်ကိုင်းတိုင်း ဝန်ကြီးချုပ်ကို ပေးထားပါတယ်။