တရုတ်ပို့ သရက်စျေးကွက် အရှုံးပေါ်တဲ့အကြောင်း ကုန်သည်တွေ ဘာပြောသလဲ

ဓာတ်ပုံ ရင်းမြစ်, CJ
တရုတ်ပြည်ဘက် တင်ပို့တဲ့ ပြည်တွင်းသရက်သီးတွေ ဈေးနှုန်းတွေ ထိုးပြီးကျဆင်းခဲ့ပါတယ်။
သရက်သီးတင်ပို့စျေးဟာ လေးဆဝန်းကျင်လောက်အထိ ထိုးကျသွားတာကို တွေ့ရပါတယ်။
အရင်က သရက်သီး တခြင်းကို ယွမ် ၁၃၀ (ကျပ် ငါးသောင်းကျော်) ရှိခဲ့ရာက အခုအခါ တခြင်းကို ယွမ် ၃၀ (တစ်သောင်းကျော်)ဝန်းကျင်သာ စျေးရရှိတော့တာ ဖြစ်ပါတယ်။
ဒါကြောင့် ဒီရက်ပိုင်းမှာ သရက်သီးတင်ပို့ရာမှာ ရောင်းရတဲ့စျေးက စိုက်ပျိုးစရိတ်နဲ့ တင်ပို့ခအရင်းအနှီး ပြန်မရရှိဘူးလို့ သရက်တောင်သူနဲ့ ကုန်သည်တွေက ပြောပါတယ်။
တရုတ်ဘက်ကို ကုန်တင်ပို့ရာမှာ ကုန်စစ်ဆေးမှု ကြန့်ကြာချိန် လျော့ကျသွားပေမဲ့ စျေးနှုန်းတွေ အခုလို ထိုးကျနေတာကြောင့် မတင်ပို့ခင် စျေးနှုန်းစုံစမ်းပြီးမှ တင်ပို့ကြဖို့ နယ်စပ်ကုန်သည်တွေက အကြံပေးကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, SAIKHINMAUNG
အခုအခါမှာ သရက်သီး တင်ပို့ချိန် အကောက်ခွန်ဌာနက လိုအပ်တဲ့ စစ်ဆေးမှုကို စောင့်ပြီးရင် ရောင်းကွင်းထဲ တိုက်ရိုက်သွားလို့ရလို့ အရင်လို ကြန့်ကြာမှုမရှိတော့ဘူးလို့ သရက်ကုန်သည်တွေက ပြောပါတယ်။
ဧပြီလကုန်တုန်းက လုပ်ငန်းစဥ်အရဆိုရင်တော့ တရုတ် ဝမ်တိန်ဘက်က ကုန်စစ်ဆေးတဲ့နေရာမှာ နှစ်ရက်လောက် စောင့်ခဲ့ရတာပါ။
ဒါပေမဲ့ အခုအခါ တရုတ်ပြည်ဘက်တင်ပို့ရတဲ့ ပြည်တွင်းက သရက်သီးတွေရဲ့ အရည်အသွေး ကျဆင်းတာနဲ့ တရုတ်ဘက်မှာလည်း သရက်သီးပေါ်ချိန်ဖြစ်တာကြောင့် မြန်မာ့သရက်တွေ ဈေးကောင်းမရတော့ဘဲ အိတ်စပို့စ် သရက်သီးတွေ ရာခိုင်နှုန်း ထက်ဝက်ကျော် ကျဆင်းသွားပါတယ်။
ပုံမှန် ၁၆ ကီလို စိန်တလုံးသရက်တခြင်းကို ယွမ် ၁၀၀/ ၁၃၀ ကြား ကနေ ၁၅၀ အထိရခဲ့တာဖြစ်ပြီး အခုရက်ပိုင်းမှာတော့ ၁၆ ကီလိုတခြင်းကို ယွမ် ၅၀/၆၀ လောက်အထိဈေးကျသွားပြီး ဈေးကောင်းမရဖြစ်နေတာပါ။
အလားတူ ရွှေဟင်္သာ သရက်အမျိုးအစား ၁၆ ကီလို တခြင်းကို ပုံမှန်စျေး ယွမ် ၈၀/၁၂၀ ကြားကနေ ပြီးခဲ့တဲ့ရက်ကဆို ၂၀/၃၀ ကြားအထိဖြစ်သွားခဲ့တာပါ။
ဒါကြောင့် တင်ပို့ခနဲ့ သီးနှံဈေးနှုန်း ရရှိမှုကို စုံစမ်းပြီးမှ သရက်သီးကားတွေ တင်ပို့သင့်တယ်လို့ နယ်စပ် သရက်ကုန်သည်တဦးက အခုလို ပြောပါတယ်။
“လောလောဆယ်တော့ အသီးအနေအထားက အမြတ်မထွက်နိုင်ဘူး၊ အရှုံးပဲ ရှိတယ်။ ဒါကြောင့် အသီးမတင်ပါနဲ့ဆိုပြီး တားထားတာ။ အခုကတော့ စျေးကွက်ပျက်သွားတဲ့အချိန် …အခုစျေးက လုံးဝပြုတ်ကျသွားတာ။ “
တရုတ်နယ်စပ် ဝမ်တိန်ဘက်တင်ပို့ရတဲ့ သရက်သီးကားတွေမှာ အရည်သွေးကျဆင်းတဲ့ သရက်တွေ ခြင်းတချို့ ပါလာတာကြောင့် ပျက်စီးဆုံးရှုံးမှုက မေလအတွင်းပိုင်းမှာ ၅ တန်ဝန်းကျင်အထိ ရှိခဲ့တယ်လို့ သရက်ကုန်သည်ဆီကနေ သိရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ဒီနှစ် ပြည်တွင်း သရက်သီးတွေ အထွက်နှုန်းကျဆင်းတာထက် အရည်သွေးကျဆင်းတာက များတယ်လို့ လည်း သရက်စိုက်တောင်သူတွေက ပြောပါတယ်။
သရက်စိုက်ခင်း ရေသွင်းဖို့ စက်သုံးဆီဈေး မြင့်တက်တာ၊ အိတ်စွတ်ဈေးတွေ တက်လာတာနဲ့ လုပ်အားခတွေကြောင့် သရက်စိုက်တောင်သူတွေ အခက်ခဲကြုံခဲ့ရတယ်လို့ ဆိုပါတယ်။
ဒီနှစ် ရာသီပေါ်သရက်သီးအကြောင်း စိုက်ပျိုးတောင်သူတဦးက အခုလို ပြောပါတယ်။
“ဒီနှစ်က အသီးမတင် ရာခိုင်နှုန်းလျော့တယ်။ ပန်းပွင့်တဲ့အချိန် ရာသီဥတု အပူများတယ်။ ဆီဈေးတက်တော့ ရေငါးကြိမ်၊ ခြောက်ကြိမ် သွင်းရမယ့်နေရာ သုံးကြိမ်ပဲသွင်းတာ။ ဒီပဲယင်းဆို အရည်သွေးလှတယ်၊ ရေပေးချိန်မှာ မပေးနိုင်ဘူး။ ပြေးလွှားနေရတာ။ ခြံထဲမနေရဘဲ။ ပြောင်းရွှေ့နေရတာတွေ ရှိတယ်။ ဒီကြားထဲ တရုတ်ဘက်က အရည်သွေးမီလည်း နှိမ်တာပဲ။ သူတို့ပေးတဲ့ဈေးနဲ့ ယူရတာ။ ပို့ခတွေလည်း ဈေးတက်တော့ စရိတ်စကနဲ့ မတတ်နိုင်ဘူး။ တကယ်လုပ်နေသူတွေ နစ်နာတာ”လို့ ပြောပါတယ်။
သရက်ပေါ်ချိန် ဧပြီလက တရုတ်နယ်စပ်ဘက်ကို မန္တလေး၊ တံတားဦး၊ စဉ့်ကိုင်၊ ဒီပဲယင်းစတဲ့ ဒေသတွေက တင်ပို့ပေးရပါတယ်။
နောက်ကျအသီးတွေက တောင်ကြီး၊ ကသာဘက်က အဝင်ရှိလာနိုင်ပေမဲ့ သရက်ဈေးနှုန်းစုံစမ်း သိရမှသာ တင်ပို့သင့်တယ်လို့ သရက်ကုန်သည်တွေက ပြောပါတယ်။
လက်ရှိမှာ မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်ကနေ တရုတ်ဘက်ကို နေ့စဥ် သရက်ကား အစီးရေ ဆယ်ဂဏန်း ဝင်ရောက်နေပါတယ်။








