နားရက်မရှိ၊ ထမင်းနပ်မမှန်၊ အခက်အခဲမျိုးစုံနဲ့ ပြည်တော်ပြန်မရတဲ့ မြန်မာအမျိုးသမီးတွေ ဒူဘိုင်းနဲ့ အိုမန်မှာ ကျန်နေသေးတယ်လို့ဆို
မတ္တရာ၊ ရေလယ်ကျွန်းရွာမှာ နှစ်ဖက်တိုက်ပွဲဖြစ်ပွား

ဓာတ်ပုံ ရင်းမြစ်, ဗိုလ်ကောင်းကင်၏တော်လှန်ရေးအင်အားစု
အရပ်သားထိခိုက်မှုတွေရှိ
ဒီကနေ့ စက်တင်ဘာ ၁၂ရက် နေ့လယ်ပိုင်းမှာ မန္တလေးတိုင်း၊ မတ္တရာမြို့နယ်နဲ့ စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့၊ ဝက်လက်မြို့တို့ သုံးခုဆုံရာကျေးရွာတဝိုက်မှာ စစ်ကောင်စီနဲ့ ကာကွယ်ရေးအဖွဲ့တွေအကြား တိုက်ပွဲရှိခဲ့တယ်လို့ဆိုပါတယ်။
ဒါ့အပြင် ဒီကနေ့မနက်ပိုင်းကစပြီး မတ္တရာမြို့နယ်၊ အေးကျွန်းရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကနေ လက်နက်ကြီးနဲ့ အချက်သုံးဆယ်ထပ်မနည်းပစ်ခတ်နေတာကြောင့် ဧရာဝတီမြစ်ထဲကိုသာမက စစ်ကိုင်းမြို့၊ အုတ်ဖိုရွာအတွင်းကိုပါ ကျရောက်ပေါက်ကွဲမှုဖြစ်ခဲ့တယ်လို့ မြေပြင်အခြေအနေသိရှိသူတွေက ပြောပါတယ်။
"အေးကျွန်းရွာကနေ ရေလယ်ကျွန်းကိုသူတို့တပ်ဖွဲ့တွေဝင်လာချိန်မှာ ဒီဘက်ကပူးပေါင်းအဖွဲ့တွေက တိုက်ခိုက်ခဲ့ကြတာပါ။ လက်နက်ကြီးပစ်ကူတွေလှမ်းပစ်တာကလည်း သူတို့တပ်ဖွဲ့ဝင် တွေပေါ်ကြလို့ ၁၃ယောက်လောက်ထိခိုက်ဒဏ်ရာရကြပြီး မြစ်ပြန်ကူးသွားတာကို ဒေသခံတွေက ပြန်ကူညီပေးလိုက်ရတယ်" လို့ မတ္တရာပြည်သူ့ကာကွယ်ရေးအဖွဲ့ဦးဆောင်သူတစ်ဦးက ပြောပါတယ်။
ဒီလို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိခိုက်ဒဏ်ရာရတာနဲ့ပတ်သက်ပြီးတော့ စစ်ကောင်စီဘက်ကတော့ တစုံတရာသတင်းထုတ်ပြန်တာမရှိပါဘူး။
အခုရေလယ်ကျွန်းကျေးရွာဘက်ကိုစစ်ကြောင်းထိုးနေတာ လေးရက်နီးပါးရှိနေပြီဖြစ်ပြီး ၁၇နှစ်အရွယ်ဆယ်တန်းကျောင်းသားတစ်ဦးသေဆုံးခဲ့သလို အမျိုးသမီးနှစ်ဦး၊ ၉နှစ်အရွယ်ကလေးတစ်ဦး ထိခိုက်ဒဏ်ရာရထားပြီး ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦး၊ အရပ်သားအမျိုးသား ၃ဦးဖမ်းဆီးခံခဲ့ရတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဝက်လက်မြို့အနောက်ဘက်ခြမ်းက ဖွံ့လှိုင်း၊ ယင်းမာကန်၊ ချောင်းဆုံစတဲ့ ရွာတွေတဝိုက်ကို ပြီးခဲ့တဲ့ စက်တင်ဘာ ၉ရက်ကလည်း လေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်ခဲ့တယ်လို့ ဝက်လက်ဒေသခံတွေကနေသိရပါတယ်။
လေးကေ့ကော်မြို့သစ်၊ ရပ်ကွက် ၆မှာ တိုက်ပွဲဖြစ်ပွား

ဓာတ်ပုံ ရင်းမြစ်, Cobra Column
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
မြဝတီ - ဝေါလေလမ်းပိုင်းမှာလည်း တိုက်ပွဲရှိနေတယ်လို့ဆို
မနေ့ စက်တင်ဘာ ၁၁ရက်ညပိုင်းတုန်းက ကရင်ပြည်နယ်၊ လေးကေ့ကော်မြို့သစ်၊ ရပ်ကွက် ၆ဘက်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဝင်ရောက်လာတာကြောင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းအဖွဲ့တွေနဲ့ တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ ကော်ဘရာ စစ်ကြောင်းက ဒီကနေ့မှာ သတင်းထုတ်ပြန်ပါတယ်။
ဒါ့အပြင် ဒီကနေ့ စက်တင်ဘာ ၁၂ရက်မနက်ပိုင်းမှာလည်း စစ်ကောင်စီသိမ်းပိုက်ထားတဲ့ ကျော်ဝါးဘိုးကုန်းပေါ်ကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့ဆိုပါတယ်။
"သူတို့က အရှေ့ဆက်တက်ဖို့ကြိုးစားတဲ့အနေနဲ့ လက်နက်ကြီးတွေပစ်နေတာပါ။ အခုသူတို့ရှိနေတဲ့ ကျော်ဝါးဘိုးကုန်းကိုလည်း နှစ်လနီးပါးကြာအောင် အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်ပြီး ရတာဖြစ်တယ်။ ဒီတော့ ရှေ့ဆက်တိုးဖို့လုပ်နေတာပါ" လို့ ကော်ဘရာစစ်ကြောင်း ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ရက်ပိုင်းကလည်း မြဝတီ- ဝေါလေလမ်းပိုင်းတွေမှာ တိုက်ပွဲ ဆက်တိုက်ဖြစ်ပွား နေခဲ့ပြီး စက်တင်ဘာ ၉ရက်မှာတော့ လက်နက်ခဲယမ်းတွေနဲ့အတူ စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ဦးကို ဖမ်းဆီးရမိထားတယ်လို့ ကော်ဘရာစစ်ကြောင်းကနေ သတင်းထုတ်ပြန်ခဲ့ပါတယ်။
တာချီလိတ်မြို့ပေါ်ရပ်ကွက်တချို့မှာ ရေကြီးနေ

ဓာတ်ပုံ ရင်းမြစ်, ဦးလှမိုးလူမှုကူညီရေးအသင်း
မနက်ဖြန်အထိ မယ်ဆိုင်မြစ်ရေဆက်တက်လာနိုင်
ရှမ်းပြည်နယ်အရှေ့ပိုင်းက ထိုင်း- မြန်မာနယ်စပ်မြို့ဖြစ်တဲ့ တာချီလိတ်မြို့မှာ မယ်ဆိုင်မြစ်ရေ တက်နေတာကြောင့် မြို့ပေါ်ရပ်ကွက်တွေမှာ ရေကြီးရေလျှံနေတယ်လို့ ဒေသအခြေစိုက် လူမှုကူညီရေးအသင်းတွေကနေသိရပါတယ်။
"တာလော့၊ မယ်ခေါင် အဲ့ဒီ မယ်ဆိုင်ချောင်းဘေးမှာရှိတဲ့ရပ်ကွက်တလျှောက်ရေတက်နေတာပါ။ တချို့ရပ်ကွက်တွေမှာ ပေါင်လောက်ရှိတယ်၊ အရင်တခါလောက်တော့ မဆိုးသေးဘူး။ အခုလည်း မိုးကတဖွဲဖွဲရွာနေတော့၊ မိုးများရင်တော့ရေပိုကြီးနိုင်တယ်" လို့ တာချီလိတ်အခြေစိုက် ကိုလှမိုးလူမှုကူညီရေးအသင်းဝင်တစ်ဦးက ပြောပါတယ်။
ဒီကနေ့စက်တင်ဘာ ၁၂ရက်မနက်ပိုင်းမှာတော့ ရေကြီးနေတဲ့ တာချီလိတ်မြို့ပေါ်ရပ်ကွက်တချို့ကို လျှပ်စစ်မီးဖြတ်တောက်ထားတာကြောင့် လူမှုကူညီရေးအသင်းတွေဘက်ကနေ အစားအသောက်ဝေငှပေးဖို့လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကတော့ မယ်ဆိုင်မြစ်ရေဟာ ဒီကနေ့မနက်ပိုင်းမှာ စိုးရိမ်ရေမှတ်ကို ကျော်လွန်ရောက်ရှိနေပြီး နောက်တစ်ရက်အတွင်း ၂ပေခန့် ဆက်မြင့်လာနိုင်တယ်လို့ ဒီကနေ့ စက်တင်ဘာ ၁၂ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
ဒါကြောင့် တာချီလိတ်မြို့နယ်အတွင်းက မြစ်ကမ်းအနီးနဲ့ မြေနိမ့်ပိုင်းနေထိုင်သူတွေ အထူးသတိပြုနေထိုင်ကြဖို့ တိုက်တွန်းထားပါတယ်။
ဒီကနေ့မနက်အထိ မိုးဗြဲမြို့ပေါ် တိုက်ပွဲဆက်ပြင်းထန်နေဆဲ

ဓာတ်ပုံ ရင်းမြစ်, KNDF
လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားသေဆုံးမှုတွေလည်းရှိနေ ပြီးခဲ့တဲ့ စက်တင်ဘာ ၈ရက်ကနေစလို့ ရှမ်းပြည်နယ်၊ မိုးဗြဲမြို့ပေါ်မှာ စစ်ကောင်စီနဲ့ ကာကွယ်ရေးပူးပေါင်းအဖွဲ့တွေအကြား တိုက်ပွဲပြင်းထန်ခဲ့တာ ဒီကနေ့နဲ့ဆိုငါးရက်တိတိရှိနေပြီဖြစ်ပါတယ်။
ဒီကနေ့စက်တင်ဘာ ၁၂ရက်မနက်ပိုင်းမှာလည်း မိုးဗြဲမြို့၊ ပွဲကုန်း ၃ရပ်ကွက်၊ ဘုရားကျောင်းတဝိုက်မှာ တိုက်ပွဲဆက်ပြင်းထန်နေဆဲလို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ကနေ သိရပါတယ်။
"ဒီမနက်လည်းဆက်ဖြစ်နေတုန်းပဲ။ သူတို့အထိနာပြီဆို လက်နက်ကြီးရော လေကြောင်းရောနဲ့ပါ လာပစ်တာလေ။ အခုမနက်လည်း လေယာဉ်တက်သွားတာတွေ့တယ်၊ ဘယ်ကိုပစ်ချပြီလဲ တော့ အတိအကျမသိရသေးဘူး" KNDF ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
အခုရက်ပိုင်းအတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု လေးကြိမ်ထက်မနည်း ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် စစ်ကောင်စီဘက်ကအနည်းဆုံးအယောက် ၂၀သေဆုံးခဲ့ပြီး လက်နက်တွေပါ သိမ်းဆည်းရမိခဲ့သလို တဖက်ကာကွယ်ရေးပူးပေါင်းအဖွဲ့တွေဘက်မှာလည်း နှစ်ဦးသေသေးခဲ့တယ်လို့ KNDF ကသတင်းထုတ်ပြန်ထားပါတယ်။
တိုက်ပွဲတွေအတွင်း စစ်ကောင်စီရဲ့ လက်နက်ကြီးဒဏ်ကြောင့် အသက် ၇နှစ်အရွယ် ကလေးငယ်တစ်ဦးထိမှန်သေဆုံးထားပြီး ဒေသခံတွေဘေးလွတ်ရာကို ထွတ်ပြေးတိမ်းရှောင်နေကြရပါတယ်။
မနေ့ကအထိ တိုက်ပွဲလေးရက်တာအတွင်း မိုးဗြဲမြို့ပေါ်က လူနေအိမ်တွေ အလုံး ၁၀၀နီးပါး လက်နက်ကြီးထိမှန်ပျက်ခဲ့တယ်လို့ ဒေသအခြေစိုက်စောင့်ကြည့်ရေးအဖွဲ့တွေက ဒီကနေ့မနက်ပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
အာရပ်စော်ဘွားများပြည်ထောင်စု၊ မြို့တော်ဒူဘိုင်းနဲ့ အိုမန်နိုင်ငံမှာတော့အိမ်အကူအဖြစ်သွားရောက် အလုပ်လုပ်ကိုင်ပြီး အခက်အခဲမျိုးစုံနဲ့ ပြည်တော်မပြန် နိုင်တဲ့ အမျိုးသမီးရာချီဆက်ရှိနေဆဲပါပဲ။
လုပ်ခလစာအပြည့်မရတာ၊ နားရက်မရတာ၊ ထမင်းတစ်နပ်သာ စားရတာ စတာတွေအပြင်အိမ်ပြန်ဖို့ အတွက်တောင်းဆိုရင် လျော်ကြေးသိန်းရာချီတောင်းခံရတဲ့ အခက်အခဲ တွေဖြစ်နေတယ်လို့ ဒူဘိုင်းနဲ့ အိုမန်က အမျိုးသမီး ၅၀ လောက်စုဖွဲ့ထားတဲ့ လူမှုကွန်ရက်စာမျက်နှာကနေ ဘီဘီစီကို ဆက်သွယ်ပြောပြ လာကြပါတယ်။
“ရောင်းစားခံရသလိုပါဘဲ။ ဘာစာချုပ်မှလဲ လက်မှတ်ထိုးထားတာမရှိပါဘူး။ နိုင်ငံခြားမှဒီလိုဖြစ်နေတော့၊ မြန်မာပြည်မှာအခုအခြေအနေမျိုးနဲ့ ဘယ်သူ့ကိုအားကိုးလို့ အားကိုးရမှန်းမသိပါဘူး” လို့ စင်ကာပူမှာ အလုပ်လုပ်ရမယ်ဆိုတဲ့ ပွဲစားစကားကိုယုံပြီး အိုမန်နိုင်ငံကိုပို့ဆောင်ခံ လိုက်ရသူ အမျိုးသမီးကသူကြုံ နေရတာတွေကို အခုလိုပြောပြပါတယ်။
အလားတူဖြစ်စဥ်မျိုးတွေနဲ့ပဲ ဒူဘိုင်းကို ရောက်နေတဲ့ အမျိုးသမီး ၈ ဦးဟာ သူတို့ရဲ့ ဒုက္ခတွေနဲ့ ပိတ်မိနေတဲ့ အခြေအနေကို လူမှုကွန်ရက်မှာ တိုက်ရိုက် live လွှင့်ပြီးအကူညီတောင်းခဲ့ပါသေးတယ်။
သူတို့ကိုလည်း ဆော်ဒီအာရေးဗျနိုင်ငံ ရီရိတ်မြို့မှာရှိတဲ့ မြန်မာသံရုံးရဲ့ အကူအညီနဲ့ ပြီးခဲ့တဲ့ စက်တင်ဘာ ၉ ရက်နေ့ကမှ မြန်မာနိုင်ငံကို ပြန်လည်ခေါ်ယူနိုင်ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
ဒူဘိုင်းကိုထွက်လာချိန်မှာ အလုပ်သမားစာချုပ်စာတမ်းရယ်လို့ မရှိပေမယ့် အိမ်ပြန်ဖို့တောင်းဆိုကြတဲ့ အခါမှာတော့ အေဂျင်စီကိုလျော်ကြေးပေးဖို့ မြန်မာငွေ သိန်း ၆၀ ကနေ ၁၀၀ ဝန်းကျင်အထိ သူတို့ကို ပို့ဆောင်ပေးတယ်ဆိုတဲ့ အေဂျင်စီတွေကပြန်တောင်း ကြပါတယ်။
ဒါကြောင့် အေဂျင်စီရဲ့ နူတ်ထွက်စကားကပြောတဲ့ အိမ်ပြန်ရမယ့် သတ်မှတ်ရက်ကို ငရဲခန်းလို စောင့်ဆိုင်း နေရတယ်လို့ အမျိုးသမီးလုပ်သားတွေက ရင်ဖွင့်ပြောပြကြပါတယ်။ ဒူဘိုင်း၊ အိုမန်ကိုသွားရောက်ကာ အလုပ်လုပ်ကိုင်သူအများစုကလည်း အလည်အပတ်အနေနဲ့ သွားရောက်ပြီးနောက်မှ ဆက်လက်နေထိုင်ကာ အခုလိုရရာအလုပ်ကို လုပ်ကိုင်ကြရသူတွေဖြစ်ပါတယ်။
အခုလို တရားမဝင်ပွဲစားကနေတဆင့် လူကုန်ကူးခံရပြီးတဖက်နိုင်ငံမှာ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံ နေရတဲ့ ဖြစ်ရပ်တွေဟာ အစိုးရအဆက်ဆက်ဖြစ်ခဲ့ပေမယ့် အာဏာသိမ်းပြီးနောက်ပိုင်း အလုပ်အကိုင် အခွင့်အလမ်းတွေ ပျောက်ဆုံးချိန် တိုင်းပြည်စီးပွားရေးကျပ်တည်းချိန်မှာတော့ ပိုပြီးဆိုးလာ နေပါတယ်။
“ဘယ်အခြေအနေမျိုးပဲဖြစ်ဖြစ် စစ်အစိုးရပဲဖြစ်ဖြစ် အစိုးရတွေကတစိတ်တပိုင်းပဲဖြစ်ဖြစ်ကူညီပေးရင် တော့ မြန်မြန်ဆန်ဆန် ဖြေရှင်းအရေးယူနိုင်လိမ့်မယ်။ ဘယ်နိုင်ငံပဲရောက်ရောက်အလုပ်သမားအစုအဖွဲ့ လေးတွေ ပေါ့ အချင်းချင်း ကူညီပေးနိုင်မယ့်အဖွဲ့လေးတွေ လုပ်ထားသင့်တယ်။ အဲဒီကနေ အသံလေးထုတ် ပေးနိုင်ရင် ကောင်းတယ်” အာဏာသိမ်းခံထားရတဲ့ မြန်မာနိုင်ငံမှာ ဒီဖြစ်ရပ်တွေအတွက် ဘယ်လိုဖြေရှင်း ပေးသင့်လဲဆိုတာကို ထိုင်းနိုင်ငံမှာ ရွေ့ပြောင်းအလုပ်သမားတွေအရေးကို နှစ် ၂၀ ကျော်ကြာဖြေရှင်းကူညီ ပေးခဲ့တဲ့ ဦးထူးချစ်က ပြောပါတယ်။
အရှေ့အလယ်ပိုင်းဒေသ ဖြစ်တဲ့ ဒူဘိုင်းနဲ့ အိုမန်လို မြန်မာနိုင်ငံဆိုင်ရာသံရုံးမရှိတဲ့ နိုင်ငံတွေမှာ အလုပ်သွား ရောက်မလုပ်ကိုင်ဖို့အတွက်ကိုလည်း အလုပ်သမားအခွင့်အရေးလှုပ်ရှားသူတွေက ပညာပေးတားမြစ်မှုတွေ ဆက်လုပ်နေကြပေမယ့် သွားရောက်လိုသူတွေနဲ့ပိတ်မိနေတဲ့ မြန်မာလုပ်သားတွေကတော့ဆက်ရှိနေ ပါတယ်။
ဒူဘိုင်းနဲ့ အိုမန်နိုင်ငံက မြန်မာအလုပ်သမားတွေအရေးနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာသံရုံးတွေကိုလည်း ဘီဘီစီကဆက်သွယ်မေးမြန်းထားပေမယ့် ပြန်လည်ဖြေကြားလာတာတော့ မရှိသေးပါဘူး။











