ဝန်ကြီးချုပ်ဟောင်း သက်ဆင် နက်ဖြန်ပြန်လွတ်လာမယ်လို့ ထိုင်းအစိုးရ အတည်ပြု - ဖေဖော်ဝါရီ ၁၇ရက် ညနေခင်း သတင်းများ

ဓာတ်ပုံ ရင်းမြစ်, Getty Images
ထိုင်းနိုင်ငံမှာ ထောင်ဒဏ်တနှစ်ချခံထားရပြီး ဆေးရုံတက်နေတဲ့ ဝန်ကြီးချုပ်ဟောင်း သက်ရှင် ရှင်နာဝပ် ဟာ နက်ဖြန် တနင်္ဂနွေနေ့မှာ ပြန်လွတ်လာတော့မယ်လို့ ထိုင်းအစိုးရက အတည်ပြုပြောဆိုပါတယ်။
နက်ဖြန်မှာ ခံဝန်ချုပ်နဲ့ ပထမဆုံးနေ့အဖြစ် အပြင်မှာ သွားလာနိုင်တော့မယ့် မစ္စတာ သက်ဆင်ဟာ ပြည်ပမှာ သူ့သဘောနဲ့သူ ၁၅နှစ်ကြာ နေထိုင်နေရာက ပြီးခဲ့တဲ့ သြဂုတ်လတုန်းက ထိုင်းနိုင်ငံကို ပြန်ရောက်လာတာ ဖြစ်ပါတယ်။
မစ္စတာ သက်ဆင်ကို အာဏာ အလွဲသုံးစားမှု၊ အဂတိ လိုက်စားမှု စတဲ့ စွဲဆိုချက်တွေကို တရားရုံးမှာ လာရောက်ရင်ဆိုင်ဖို့ ပျက်ကွက်တယ်ဆိုပြီး နိုင်ငံတွင်းဝင်ရောက်လာစဉ်မှာ ချက်ချင်း ထိန်းသိမ်းခဲ့ပေမဲ့ ကျန်းမာရေး မကောင်းဘူး ဆိုတဲ့ အကြောင်းပြချက်နဲ့ နာရီပိုင်းအတွင်း ဆေးရုံတက်ခွင့်ပေးခဲ့တာ ဖြစ်ပါတယ်။
နောက်ပိုင်းမှာ သူ့အပေါ်ချမှတ်ထားတဲ့ ထောင်ဒဏ် ရှစ်နှစ်ကို ထိုင်းဘုရင်က လျှော့ပေါ့ပေးခဲ့ပါတယ်။
မစ္စတာ သက်ဆင် ကတော့ သူဘာမှ အမှားလုပ်ထားတာ မရှိဘူးလို့ ပြောပြီး သူ့အပေါ် စွဲဆိုချက်တွေဟာ နိုင်ငံရေး ပယောဂ တွေကြောင့်လို့ ဆိုထားပါတယ်။
အကျဉ်းစံ ရုရှားအတိုက်အခံ ခေါင်းဆောင် ထောင်ထဲမှာ သေဆုံး

ဓာတ်ပုံ ရင်းမြစ်, Getty Images
ရုရှား အတိုက်အခံခေါင်းဆောင် အလက်ဆီ နာဗယ်လ်နီ သေဆုံးသွားပြီဖြစ်ကြောင်း သူ့ပြောခွင့်ရ အမျိုးသမီးက အတည်ပြု ပါတယ်။
မစ္စတာ နာဗယ်လ်နီရဲ့ မိခင် လု့ဒ်မီလာ က သားဖြစ်သူ သေဆုံးမှုနဲ့ ပတ်သက်လို့ ကြေညာချက် တရပ် ထုတ်ပြန်ခဲ့တယ်လို့ ဆိုပါတယ်။
သေဆုံးစဉ် အသက် ၄၇ နှစ် ရှိပြီဖြစ်တဲ့ မစ္စတာ နာဗယ်လ်နီကို ထောက်ခံသူတွေက သူ့အလောင်းကို မိသားစုတွေဆီ ချက်ချင်း ပြန်ပေးဖို့ အာဏာပိုင်တွေထံ တောင်းဆိုလျက် ရှိပါတယ်။
အခုတော့ သူ့အလောင်းဟာ စုံစမ်းစစ်ဆေးသူတွေရဲ့ လက်ထဲမှာ ရှိပြီး သူသေဆုံးရာ မြောက်ဝင်ရိုးစွန်း အာတိတ် ဒေသက အကျဉ်းထောင်ရှိရာ ဆီကို သူ့မိခင် လု့ဒ်မီလာ သွားရောက် နေပြီလို့ ရုရှား မီဒီယာတွေမှာ ဖော်ပြထားပါတယ်။
ထောင်ချခံထားရစဉ် သေဆုံးသွားတဲ့ မစ္စတာ နာဗယ်လ်နီ နဲ့ ပတ်သက်လို့ ရုရှားမှာ ဆန္ဒပြပွဲတွေ ထွက်ပေါ်လာဖွယ် ရှိပါတယ်။
လက်ရှိတော့ မော်စကိုမြို့မှာ ဆိုဗီယက် ခေတ်တုန်းက ဖိနှိပ်ခံရသူတွေ အထိမ်းအမှတ် ကျောက်တိုင်မှာ စုဝေးမှုနဲ့ လူ ၁၅ ယောက်ကို ရဲက ထိန်းသိမ်းထားပါတယ်။
လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေ အပြောအရ မနေ့ သောကြာနေ့တုန်းကလည်း လူတရာကျော် ထိန်းသိမ်း ခံခဲ့ရတယ်လို့ ဆိုပါတယ်။
ဂါဇာမှာ ညလုံးပေါက် အစ္စရေးရဲ့ ဗုံးကြဲတိုက်ခိုက်မှုအတွင်း လူတရာသေဆုံးတယ်လို့ ဟားမတ်စ်ကျန်းမာရေး ဌာနပြော

ဓာတ်ပုံ ရင်းမြစ်, Getty Images
အစ္စရေး စစ်တပ်ဟာ ဂါဇာက အကြီးဆုံး ဆေးရုံကြီး တခု ဖြစ်တဲ့ နက်ဆာ ဆေးရုံက လူတရာကျော်ကို ဟားမတ်စ် စစ်သွေးကြွတွေနဲ့ ဆက်စပ်မှုရှိတယ်ဆိုပြီး ထိန်းသိမ်းလိုက်ပါတယ်။
ဂါဇာတောင်ပိုင်း ဟန်းယူနွတ်စ်က နက်ဆာ ဆေးရုံကို အစ္စရေး စစ်တပ်ဝင်စီးစဉ် အခုလို ဖမ်းဆီး ခဲ့တာပါ။
အဲဒီဆေးရုံထဲမှာ အစ္စရေး ဓါးစားခံတွေကို ထိန်းသိမ်းထားပြီး အလောင်းတချို့လည်း အထဲမှာ ရှိတယ်ဆိုတဲ့ ထောက်လှမ်းရေး သတင်းတွေ ရပြီးနောက် အစ္စရေးက ဝင်ရောက်စီးနင်းခဲ့တာ ဖြစ်ပါတယ်။
ဂါဇာမှာ အစ္စရေးရဲ့ ဗုံးကြဲတိုက်ခိုက်တဲ့ဒဏ် ခံနေရပြီး ညလုံးပေါက် တိုက်ခိုက်ခံရမှု အတွင်း လူတရာလောက် သေဆုံးတယ်လို့ ဟားမတ်စ်တို့ ထိန်းချုပ်ထားတဲ့ ဂါဇာ ကျန်းမာရေး ဌာနက ပြောပါတယ်။
ဟားမတ်စ်ခေါင်းဆောင် အစ္စမီးလ် ဟန်နီရာ ကတော့ ဂါဇာ အပစ်ရပ်ရေး တိုးတက်မှု မရှိလာတာဟာ အစ္စရေးတို့ကြောင့်လို့ အပြစ်တင် ထားပြီး အစ္စရေးဘက်ကလည်း ဟားမတ်စ်တို့ရဲ့ တောင်းဆိုမှုက လက်တွေ့မကျဘူးလို့ ထပ်တလဲလဲ ပြောနေပါတယ်။
ယူကရိန်း တပ်ဖွဲ့ဝင် ဆယ်ယောက်မှာ တယောက်က သေနတ်မရှိဘူးလို့ ယူကရိန်းသမ္မတပြော

ဓာတ်ပုံ ရင်းမြစ်, Getty Images
ယူကရိန်း အရှေ့ပိုင်းက အက်ဗ်ဒိဗ်ကာမြို့ ရုရှားလက်ထဲကျသွားတာဟာ တာဝေးပစ် လက်နက်တွေ မရှိတဲ့အတွက်ကြောင့် ဖြစ်တယ်လို့ ယူကရိန်း သမ္မတ ဇလန်းစကီးက ပြစ်တင် ပြောဆိုလိုက်ပါတယ်။
လက်ရှိမှာ ယူကရိန်း တပ်ဖွဲ့ဝင်ဆယ်ယောက်မှာ တယောက်က သေနတ်မရှိ ဖြစ်နေပေမယ့် ရုရှားဟာ ယူကရိန်း ရွာတွေကို ဖျက်ဆီးနေတာကလွဲလို့ အောင်မြင်မှု လက်ဆုပ်လက်ကိုင် မပြနိုင်ဘဲ ထောင်နဲ့ချီတဲ့ ရုရှားတပ်သားတွေ အသက်ဆုံးရှုံးနေတယ်လို့ ဂျာမနီနိုင်ငံ မြူးနစ်မြို့မှာ ကျင်းပနေတဲ့ ညီလာခံမှာ သူက ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် ယူကရိန်းတပ်တွေကို လက်နက်အကူအညီ အမြန်ပေးဖို့ သူက ထပ်မံတောင်းဆို လိုက်ပါတယ်။
ရုရှားတပ်တွေဟာ အက်ဗ်ဒိဗ်ကာမြို့ကို ဝိုင်းထားပြီး ယူကရိန်းတပ်တွေကတော့ အသက်ဆုံးရှုံးမှု မရှိအောင် နောက်တန်းကို ပြန်ဆုတ်လာနေပြီလို့ ယူကရိန်း တပ်ချုပ်သစ် က ပြောပါတယ်။
အက်ဗ်ဒိဗ်ကာကို သိမ်းပိုက်နိုင်ခဲ့ရင် ဒါဟာ ရုရှားအတွက် နောက်ထပ် ဗျူဟာကျတဲ့မြို့တွေကို ဆက်သိမ်းဖို့ အခွင့်အရေးဘဲလို့ ဒွန်းညက်မြို့က ဘီဘီစီ သတင်းထောက်က ဆိုပါတယ်။
ဂျပန်မှာ ဆံရှည်သမားတွေကိုပါ စစ်တပ်ထဲဝင်ခွင့်ပြုတော့မယ်

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဂျပန်စစ်တပ်မှာ လူငယ်တွေ ပိုပါဝင်နိုင်အောင် လာမယ့် ဧပြီကစပြီး ဆံပင်ရှည်သမားတွေကိုလည်း တပ်သား စုဆောင်းခွင့်ပြုတော့မယ်လို့ ဂျပန် ကာကွယ်ရေး ဝန်ကြီးဌာနက ပြောပါတယ်။
လက်ရှိဥပဒေအရ ဂျပန်မှာ စစ်ထဲဝင်ရင် အမျိုးသားဆို ဂတုံးဆံထောက် ပုံစံနဲ့ အမျိုးသမီးဆိုရင် ဆံပင်တိုညှပ်ရတာပါ။
အခုလို စည်းမျဉ်း ဥပဒေတွေကို လျှော့ပေါ့ပေးလာတာဟာ ဂျပန်စစ်တပ်မှာ တပ်သားသစ်စုဆောင်းဖို့ အတွက် ရုန်းကန်နေရတဲ့ အခြေအနေကို ပြနေပါတယ်။
ဒါ့အပြင် ဂျပန်မှာ တပ်သားသစ် စုဆောင်းမှု သတ်မှတ်ထားတဲ့ အရည်အတွက် ပြည့်မီခြင်း မရှိဘဲ လိုအပ်တာထက် ၁၀ ရာခိုင်နှုန်းလောက် လျော့နည်းနေတယ်လို့ တပ်အရာရှိတွေက ပြောပါတယ်။
ဂျပန်နိုင်ငံဟာ ကမ္ဘာမှာ ကလေးမွေးဖွားနှုန်း အနည်းဆုံးနဲ့ သက်ကြီး ရွယ်အို အများဆုံး ရှိတဲ့ တိုင်းပြည် ဖြစ်ပါတယ်။








