စက်တင်ဘာ ၂၈ ရက် နိုင်ငံတဝန်းသတင်းအနှစ်ချုပ် - တရုတ်ထုတ် FTC 2000G တိုက်လေယာဉ် ၆ စီး ထပ်ရောက်

ဓာတ်ပုံ ရင်းမြစ်, cincds
တရုတ်နိုင်ငံကနေ မှာယူထားတဲ့ ဘက်စုံသုံးအပေါ့စား တိုက်ခိုက်ရေး လေယာဉ် (FTC 2000 G) ၆ စီး ထပ်ရောက်လာပြီး လာမယ့် လေတပ်နှစ်ပတ်လည်နေ့မှာ တပ်တော်ဝင်ဖို့ ရှိတယ် လို့ ဘီဘီစီက စုံစမ်းသိရှိရပါတယ်။
Guizhou JL-9 လေယာဉ်တွေလို့ လူသိများတဲ့ အဲဒီလေယာဉ်တွေဟာ အဆင့်မြင့်လေ့ကျင့်ရေး လေယာဉ် တွေဖြစ်သလို အပေါ့စား တိုက်လေယာဉ် အဖြစ်လည်း အသုံးပြုကြပါတယ်။
ကိုဗစ်ကာလကတည်းကမှာယူခဲ့တဲ့ အဲဒီလေယာဉ်တွေကို ၂၀၂၂ ခုနှစ်မှာ မြန်မာလေတပ်ကို စတင်ပေးပို့ခဲ့တာလို့ လေတပ်ရဲ့ ထုတ်ပြန်ချက်တွေမှာ ဖော်ပြထားပါတယ်။
‘’တကယ်က အဆင့်မြင့်လေ့ကျင့်ရေး လေယာဉ် ပဲ။ ဒါပေမဲ့ စစ်ကောင်စီက အဲဒီလေယာဉ်တွေကိုပဲ အဓိကသုံးပြီးဗုံးကြဲနေတာ’’ လို့ လုံခြုံရေးဆိုင်ရာအရပ်ဖက်အဖွဲ့အစည်းတစ်ခုက အရင်းအမြစ်တစ်ဦးက ပြောပါတယ်။
စျေးကွက်ထဲမှာ အမေရိကန်ဒေါ်လာ ရှစ်သန်းခွဲအထိ ပေါက်စျေးရှိပေမယ့် တပ်အချင်းချင်းမှာယူတဲ့အတွက် အဲဒီထက်စျေးသက်သာနိုင်တယ်လို့ သူက ခန့်မှန်းပါတယ်။
FTC 2000 G တိုက်ခိုက်ရေး လေယာဉ် အစီး ၆၀ အထိ မှာယူထားပြီး စစ်ကောင်စီဘက်ကတော့ ဒီအကြောင်းကို တရားဝင်ထုတ်ပြောတာမရှိပါဘူး။
အမေရိကန် နဲ့ အဆက်အဆံမရှိဘူး လို့ ကိုးကန့်တပ် ထုတ်ပြန်

ဓာတ်ပုံ ရင်းမြစ်, MNDAA
အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ မဟာမိတ်ဖွဲ့ပြီး အမေရိကန် အစိုးရဆီကနေ ငွေကြေးအကူအညီရယူနေတယ်ဆိုတဲ့ စစ်ကောင်စီရဲ့ စွပ်စွဲချက်ကို ကိုးကန့်တပ် က ငြင်းဆိုလိုက်ပါတယ်။
MNDAA တပ်ဖွဲ့ဟာ အမေရိကန်အစိုးရနဲ့ တိုက်ရိုက်ရော သွယ်ဝိုက်တဲ့နည်းနဲ့ပါ တစ်ခါမှ ထိတွေ့ဆက်ဆံတာမလုပ်ခဲ့ဘူးသလို ငွေကြေးအကူအညီလည်း ဘယ်တုန်းကမှ မယူခဲ့ဘူးလို့ တရုတ်ဘာသာနဲ့ရေးထားတဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အာဏာသိမ်းစစ်အုပ်စုဟာ MNDAA အနေနဲ့ အမေရိကန်အစိုးရထံမှ နှစ်စဉ်ဘဏ္ဍာရေးအကူအညီ ရယူနေတယ် ဆိုတဲ့ ကောလာဟလကို ဗြောင်ကျကျ ဖန်တီးထုတ်ပြန်ခဲ့တယ်လို့ ကိုးကန့်တပ်က ဆိုပါတယ်။
စက်တင်ဘာ ၂၅ ရက် ညပိုင်းက စစ်တပ်နဲ့ နီးစပ်သူတွေကထုတ်ပြန်တဲ့ ‘’မြန်မာလူထုရဲ့ မိတ်ဆွေစစ် တရုတ်နိုင်ငံဆိုတဲ့ ထုတ်ပြန်ချက်’’မှာ တအောင်းတပ်(TNLA) နဲ့ ကိုးကန့်တပ်(MNDAA) တို့ ဟာ အမျိုးသားညီညွတ်ရေး အစိုးရ NUG နဲ့မဟာမိတ်ဖွဲ့ပြီး အမေရိကန်အစိုးရဆီ ကနေ နှစ်စဥ် ကန်ဒေါ်လာ သန်း ၂၀၀ ရနေတယ်လို့ စွပ်စွဲရေးသားခဲ့တာဖြစ်ပါတယ်။
ကိုးကန့်တပ်ဟာ သူတို့ရဲ့နိုင်ငံရေး ရပ်တည်ချက်အနေနဲ့ တရုတ်နဲ့မြန်မာကို ဆန့်ကျင်တဲ့ နိုင်ငံခြားအသိုင်းအဝိုင်းနဲ့ မပူးပေါင်း မဆက်ဆံ မဟာမိတ်မလုပ်ဘူးလို့ စက်တင်ဘာလဆန်းက ထုတ်ပြန်ထားပြီး NUG နဲ့ စစ်ရေး၊ နိုင်ငံရေးပူးပေါင်းတာ လုံးဝ လုပ်မှာမဟုတ်ဘူးလို့ ဆိုထားပါတယ်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံတည်ထောင်ခြင်း ၇၅ နှစ်ပြည့် အခမ်းအနား ရန်ကုန်မှာကျင်းပ

ဓာတ်ပုံ ရင်းမြစ်, တရုတ်သံရုံး
- ပြည်သူအပေါ်မျက်နှာမူတဲ့ ချစ်ကြည်ရင်းနှီးတဲ့ မူဝါဒကို လက်ကိုင်ထားတယ်လို့ တရုတ်ပြော
မြန်မာပြည်သူတစ်ရပ်လုံးအပေါ် မျက်နှာမူတဲ့ ချစ်ကြည်ရင်းနှီးတဲ့ မူဝါဒကို တရုတ်နိုင်ငံက လက်ကိုင် ထားတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စ မာကျား က ပြောလိုက်ပါတယ်။
ရန်ကုန်မြို့မှာ စက်တင်ဘာ ၂၇ ရက်နေ့က ကျင်းပခဲ့တဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံတည်ထောင်ခြင်း ၇၅ နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားမှာ မစ္စ မာကျား က ပြောခဲ့တာဖြစ်ပါတယ်။
အဲဒီအခမ်းနားကို စစ်ကောင်စီ အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးအောင်လင်းဒွေး နဲ့ စစ်ကောင်စီဝန်ကြီးတွေ၊ စစ်ဘက်အရာရှိတွေ တက်ရောက်ခဲ့ကြပါတယ်။
ဒါ့အပြင် နိုင်ငံရေး ပါတီခေါင်းဆောင်တွေဖြစ်တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ၊ ပြည်သူ့ပါတီ ဥက္ကဋ္ဌ ဦးကိုကိုကြီး နဲ့ ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင် တို့လည်း တက်ရောက်ခဲ့ကြတာ တွေ့ရပါတယ်။
ပြည်သူ့လုံခြုံရေးအဖွဲ့ဝင်တွေ စစ်သင်တန်း ၂ လ တက်ရမယ် စစ်ကောင်စီပြော

ဓာတ်ပုံ ရင်းမြစ်, Cdicns
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ပြည်သူ့လုံခြုံရေးအဖွဲ့ကနေ ဆင့်ခေါ်တဲ့ အသက် ၃၅ နှစ်ကနေ ၆၅ ကြား အရပ်သားတွေဟာ စစ်သင်တန်းအနည်းဆုံး ၂ လ တက်ရမှာဖြစ်တယ်လို့ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်း က ပြောပါတယ်။
“သူတို့အနေနဲ့ လုံခြုံရေးနဲ့ပတ်သက်ပြီးသင်တန်းများလည်း တက်ရမှာဖြစ်ပါတယ်။ အခြေခံစစ်ပညာ သင်တန်းထဲက လိုအပ်တဲ့ဟာတွေကို တက်ရမှာဖြစ်ပါတယ်။ အနည်းဆုံး ၂ လ တက်နိုင်အောင် စီစဥ် နေပါတယ်” လို့ ဗိုလ်ချုပ်ဇော်မင်းထွန်း က ပြောပါတယ်။
ပြည်သူ့လုံခြုံရေးအစီအစဥ်နဲ့ စစ်သင်တန်းဆင်းတွေကို တာဝန်ထမ်းဆောင်ချိန်မှာ လက်နက်တပ်ဆင် ပေးသွားမှာလား ဆိုတဲ့ ဘီဘီစီ ရဲ့မေးမြန်းမှုကိုတော့ ဗိုလ်ချုပ်ဇော်မင်းထွန်းက တိုက်ရိုက်ဖြေဆိုသွား တာမျိုး မရှိဘဲ လိုအပ်တဲ့ ဆောင်ရွက်ချက်တွေ ရှိမယ်လို့ပဲ ပြောခဲ့ပါတယ်။
ပြည်သူ့လုံခြုံရေးအဖွဲ့အစည်းအတွက် စစ်သင်တန်းတက်ဖို့ ဆင့်ခေါ်တဲ့နေရာမှာ ကိုယ်တိုင်ဆန္ဒပြုသူတွေ ကိုသာ စုစည်းပြီး သင်တန်းပေးမှာဖြစ်တယ်လို့လည်း ဗိုလ်ချုပ်ဇော်မင်းထွန်း က ဘီဘီစီ ကို ပြောပါတယ်။
ဒါအပြင် အဲဒီအဖွဲ့အစည်းရဲ့ လုပ်ဆောင်ချက်တွေကို အခုလောလောဆယ်တော့ အသေးစိတ်မဖြေနိုင် သေးဘူးလို့လည်း ပြောပါတယ်။
ကိုယ်တိုင်ဆန္ဒပြုသူတွေကိုသာ သင်တန်းပေးမယ်လို့ ပြောထားပေမယ့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတချို့ကတော့ အသက် ၃၅ နှစ်ကနေ ၆၅ ကြား အသက်အရွယ်ရှိတဲ့အိမ်တွေကနေ စစ်သင်တန်းတက်ဖို့စာရင်းကောက်တာ၊ ငွေကြေးတောင်းခံတာတွေ လုပ်နေတယ်လို့ ဘီဘီစီက စုံစမ်းသိရှိရပါတယ်။
မနှစ်ကထက် ခရီးသည်ဝင်ရောက်မှု ပိုတိုးလာဖို့ မျှော်လင့်နိုင်ကြောင်း စစ်ခေါင်းဆောင်ပြော

ဓာတ်ပုံ ရင်းမြစ်, Cincds
ပြီးခဲ့တဲ့ငါးလအတွင်းမှာ ခရီးသွားငါးသိန်းကျော်ဝင်ရောက်ခဲ့လို့ မနှစ်ကထက် ခရီးသည်ဝင်ရောက်မှု ပိုတိုးလာဖို့ မျှော်လင့်နိုင်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နေပြည်တော်မှာ စက်တင်ဘာ ၂၇ ရက်က လုပ်တဲ့ ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ အခမ်းအနား မှာ ပြောပါတယ်။
၂၀၂၃ ခုနှစ်က မြန်မာနိုင်ငံထဲကို နိုင်ငံတကာခရီးသွားဧည့်သည် တစ်သန်းကျော်ဝင်ရောက်ခဲ့တာဖြစ်ပါတယ်။
ဒီနှစ်အတွက် ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ဆောင်ပုဒ်က “ခရီးသွားနှင့်ငြိမ်းချမ်းရေး လက်တွဲတူယှဉ် ဖော်ဆောင်ပေး - Tourism and Peace” ဖြစ်ပါတယ်။
မြန်မာဟာ ခရီးသွားလုပ်ငန်းလုပ်ကိုင်ဖို့အတွက် အရင်းအမြစ်တွေများစွာ ပိုင်ဆိုင်ထားပြီး မတူကွဲပြား ခြားနားတဲ့ ယဉ်ကျေးမှုတွေနဲ့ တိုင်းရင်းသားလူမျိုးစုပေါင်း ၁၀၀ ကျော် ရှိတယ်လို့လည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောပါတယ်။
မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှဒေသမှာ မဟာဗျုဟာမြောက်တည်ရှိနေပြီး မပျက်စီးသေးတဲ့ ကမ်းခြေတွေ၊ မြင့်မားတဲ့တောင်တန်းတွေ၊ ကျွန်းစုတွေကနေ ကမ္ဘာလှည့် ခရီးသွားတွေကို ဆွဲဆောင်သွားလို့ရတယ်လို့ စစ်ခေါင်းဆောင် က ပြောပါတယ်။
ဒါအပြင် သမိုင်းဝင်ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်တွေ၊ ရိုးရာယဉ်ကျေးမှုဓလေ့တွေနဲ့ လူနေမှုဘဝပုံစံ တွေကနေတစ်ဆင့်လည်း ကမ္ဘာလှည့်ခရီးသွားတွေကို ဆွဲဆောင် သွားမယ် လို့ စစ်ခေါင်းဆောင်က ပြောခဲ့ပါတယ်။
မြန်မာ့ခရီးသွားလုပ်ငန်းဟာ အာဏာသိမ်းပြီးထဲက ဆက်တိုက်ကျဆင်းနေတာဖြစ်ပြီး ပြည်တွင်းစစ်ကျယ်ပြန့်လာတာကြောင့် ပိတ်ထားရတဲ့ ဟိုတယ်တွေနဲ့ သွားလို့ မရတဲ့ နေရာ တွေတိုးလာနေတယ်လို့ ရန်ကုန်မြို့အခြေစိုက် ခရီးသွားကုမ္ပဏီပိုင်ရှင် တစ်ဦးက ဘီဘီစီ ကိုပြောပါတယ်။
“ စကစ က သူ့ဟာသူ ခရီးသွားလုပ်ငန်းကောင်းအောင် ပြန်လုပ်မယ်ဆိုပြီး ပြောနေတာ။ ပြည်တွင်းစစ်ဖြစ်နေတဲ့ နိုင်ငံကို ဘယ်ခရီးသွားကလာမှာလဲ။ ခရီးသွားတယ် ဆိုတာ အပျော်သွားကြတာ။ မြန်မာက ပျော်စရာမှမကောင်းတော့တာ” လို့ ပြောပါတယ်။
ဒါအပြင် စစ်မှုထမ်းဥပဒေကြောင့် ဟိုတယ်နဲ့ခရီးသွားလုပ်ငန်းထဲက လူငယ်တွေ ပြည်ပကို အလုံးအရင်းနဲ့ ထွက်ခွာသွားကြပြီး ပြည်တွင်းမှာ လူ့အရင်းအမြစ်နည်းသွားတယ်လို့ လည်း ရန်ကုန်အခြေစိုက် ခရီးသွားကုမ္ပဏီ ပိုင်ရှင် ပြောပါတယ်။
လက်ရှိအချိန်မှာ ကမ္ဘာလှည့်ခရီးသွားတွေကြား ရေပန်းစားတဲ့ ရခိုင်ပြည်နယ် သံတွဲမြို့နယ် ထဲက နာမည်ကျော် ငပလီကမ်းခြေကို အာရက္ခတပ်တော်(အေအေ) ကထိန်းချုပ်ထားတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ပြည်တွင်းစစ်နဲ့ ဒေသတွင်းပဋိပက္ခတွေကြောင့် ဗြိတိန်၊ အမေရိကန် နဲ့ အီးယူ နိုင်ငံတွေအပါအဝင် နိုင်ငံတော်တော်များများက သူတို့ နိုင်ငံသားတွေကို မြန်မာနိုင်ငံကို ခရီးမသွားကြားဖို့ သတိပေးတားမြစ်ထားတာလည်း ဖြစ်ပါတယ်။
မုံရွာက ရွှေဆိုင် ဓားပြတိုက်မှု အမျိုးသမီးနှစ်ဦး ပါဝင်

ဓာတ်ပုံ ရင်းမြစ်, SS
စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာရှိတဲ့ နဝရတ် ရွှေဖြူဆိုင် စက်တင်ဘာ ၁၆ ရက် နေ့လယ်ပိုင်းက ဓားပြတိုက်ခံခဲ့ရပြီး လူမှုကွန်ရက်ပေါ် ပျံ့နှံလာတဲ့ CCTV ဗီဒီယို မှတ်တမ်းတွေထဲမှာတော့ မျက်နှာဖုံးစွပ် သေနတ်ကိုင်ထားတဲ့ အမျိုးသားတွေနဲ့အတူ အမျိုးသမီး နှစ်ဦးပါ ပါဝင်နေတာကို တွေ့ရပါတယ်။
မုံရွာမြို့ခံ တစ်ဦးကလည်း ရွှေဖြူဆိုင် ဓားပြတိုက်ခံခဲ့ရတာ ဟုတ်မှန်ကြောင်းအတည်ပြုပြီး ပါသွားတဲ့ ပစ္စည်းနဲ့တန်ဖိုးကိုတော့ အသေးစိတ်မသိသေးဘူးလို့ ဘီဘီစီ ကို ပြောပါတယ်။
ဓားပြတိုက်ခံရတဲ့ နဝရတ်ရွှေဖြူဆိုင် ရဲ့ အခြေအနေကို ဘီဘီစီ က ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၁၀ ရက်နေ့တုန်းကလည်း မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်၊ ၁၀၁ ဘီလမ်း နဲ့ ၇၁ လမ်းမှာရှိတဲ့ ချောင်ချောင် ရွှေဆိုင် ပိုင်ရှင်ရဲ့ နေအိမ်မှာ ရွှေ ၁၀ ပိဿာ နဲ့ မြန်မာငွေ ကျပ် သိန်း ၈၀၀ ဓားပြတိုက်ခံခဲ့ရပါတယ်။
အဲဒီ ဓားပြမှုမှာ ပါဝင်ခဲ့တဲ့ သူတွေကို ဖမ်းဆီးရမိခဲ့တယ်လို့လည်း ပြီးခဲ့တဲ့ သီတင်းပတ်က စစ်ကောင်စီ ကထုတ်ပြန်ခဲ့ပါတယ်။
ရာဂီမုန်တိုင်းကြောင့် လူ ၁ သန်းနီးပါး ရေဘေးသင့်ခဲ့တယ်လို့ ကုလ ထုတ်ပြန်

ဓာတ်ပုံ ရင်းမြစ်, Getty Images
ရာဂီမုန်တိုင်းကြောင့် မြန်မာနိုင်ငံတဝန်း လူ ၁ သန်းနီးပါး ရေဘေးသင့်ခဲ့တယ်လို့ ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) က စက်တင်ဘာ ၂၇ ရက်စွဲ နဲ့ ထုတ်ပြန်ပါတယ်။
ရေဘေးသင့်ခဲ့တဲ့ မြန်မာနိုင်ငံမှာ မြို့နယ်ပေါင်း ၃၃၀ ရှိတဲ့ထဲက ရေဘေးသင့်တဲ့ မြို့နယ် ၇၀ ကျော်ရှိခဲ့တယ်လို့ UNOCHA က ပြောပါတယ်။
ရေကြီးရေလျှံမှုနဲ့ မြေပြိုမှုတွေကြောင့် လူပေါင်း ၃၆၀ ကျော် သေဆုံးခဲ့ပြီး လူ ၁၀၀ ကျော်ပျောက်ဆုံး နေစဲဖြစ်တယ်လို့လည်း UNOCHA က ထုတ်ပြန်ပါတယ်။
UNOCHA အနေနဲ့ စက်တင်ဘာ ၉ ရက်ကနေ စတင်ပြီး စားနပ်ရိက္ခာ၊ သောက်သုံးရေနဲ့ အမိုး အကာတွေ အပါအဝင် ရေဘေးဒဏ်သင့်ပြည်သူတွေကို အရေးပေါ်အကူအညီတွေပေးနေတာ ၁၈ ရက်ရှိသွားပြီလို့လည်း ပြောပါတယ်။
ရေဘေးကြောင့် ထောင်နဲ့ချီတဲ့ ကောက်ပဲသီးနှံနဲ့လယ်မြေတွေ ဆုံးရှုံးခဲ့ရပြီး ပြည်သူတွေရဲ့ အသက် မွေးဝမ်းကြောင်းလုပ်ငန်းတွေ အပေါ် ဆိုးဆိုးဝါးဝါး ထိခိုက်ခဲ့ရတယ်လို့လည်း UNOCHA က ထုတ်ပြန်ပါတယ်။
ဒါအပြင် ရေဘေးသင့်ပြည်သူတွေဟာ အိုးအိမ်တွေပြန်ဆောက်ဖို့နဲ့ အသက်မွေးဝမ်းကျောင်း လုပ်ငန်းတွေ ပြန်စဖို့ အပါအဝင် ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေလုပ်ဖို့ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရတယ် လို့လည်း UNOCHA က ပြောပါတယ်။
ရေဘေးကြောင့် နိုင်ငံတဝန်း ၃၈၄ ဦးသေဆုံးပြီး ပျောက်ဆုံးသူ ၈၉ ဦးရှိနေပြီလို့ စက်တင်ဘာ ၂၄ က နေပြည်တော်မှာလုပ်ခဲ့တဲ့ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေရဲ့ ရေဘေးသင့်အလှူငွေပေးအပ်ပွဲမှာ စစ်ခေါင်း ဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြောခဲ့ပါတယ်။
ဒါအပြင် ဘာသာရေးအဆောက်အဦ ၄၃၅ လုံး၊ လမ်းတံတား ၅၃၃ ခု နဲ့ လျှပ်စစ်မီးတိုင် ၂ ထောင်ကျော်ပျက်စီးခဲ့ပြီး တိရစ္ဆာန် ၁ သိန်းခွဲ နီးပါးသေဆုံးခဲ့တဲ့အပြင် စပါးစိုက်ဧက ၇ သိန်း ၃ သောင်းကျော် ရေမြုပ်ပျက်စီးခဲ့တယ်လို့လည်း စစ်ကောင်စီ က ထုတ်ပြန်ထားပါတယ်။








