နိုဝင်ဘာ ၂၃ ရက် နိုင်ငံတဝန်းသတင်းအနှစ်ချုပ် - စစ်ကောင်စီက ကျပ်ဘီလျံ ၄ သောင်းကျော်အထိ စံချိန်တင်သုံးစွဲ

ဓာတ်ပုံ ရင်းမြစ်, Getty Images
၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း ကျပ်ဘီလျံ ၄၁၀၀၀ ကျော်အထိသုံးစွဲဖို့ စစ်ကောင်စီကလျာထားတဲ့အကြောင်းလို့ ဖြည့်စွက်ဘတ်ဂျတ် အစည်းအဝေးမှတ်တမ်းအရ သိရပါတယ်။
ကျပ်ဘီလျံ ၃၉၀၀၀ ကျော်သုံးစွဲဖို့ လျာထားခဲ့ပေမဲ့ ဖြည့်စွက်ခွင့်ပြုငွေတောင်းခံတဲ့အခါ ကျပ် ဘီလျံ ၄၁၀၀၀ ကျော်အထိတိုးသွားတာလည်း ဖြစ်ပါတယ်။
ဒါဟာသမိုင်းတလျှောက်စံချိန်တင်ဘတ်ဂျတ်သုံးစွဲမှုဖြစ်ပြီး ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်က ဘီလျံ သုံးသောင်းကျော် သုံးစွဲခဲ့တာဖြစ်ပါတယ်။
ဘဏ္ဍာရေးနှစ်စတင်တဲ့ ဧပြီလတိုင်း ပြည်ထောင်စု ဘဏ္ဍာငွေအရအသုံးစာရင်း(ဘတ်ဂျတ်)ကို ထုတ်ပြန်လေ့ရှိပေမဲ့ ဒီနှစ်မှာတော့ စစ်ကောင်စီက မထုတ်ပြန်ခဲ့ပါဘူး။
နိုဝင်ဘာ ၂၀ ရက် က နေပြည်တော်မှာ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း ဦးဆောင်လုပ်ခဲ့တဲ့ ၂ဝ၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စု၏ ဖြည့်စွက်ခွင့်ပြုငွေစာရင်းများ တင်ပြခြင်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးရောက်မှ သိရတာဖြစ်ပါတယ်။
ငွေစာရင်းအသေးစိတ်အချက်အလက်တွေကို မထုတ်ပြန်ခဲ့ပေမဲ့ နှစ်စဉ်အများဆုံးသုံးစွဲတဲ့ ကာကွယ်ရေးအသုံးစရိတ်ကပဲ အများဆုံးဖြစ်လိမ့်မယ်လို့ ဘတ်ဂျတ်ကျွမ်းကျင်သူတွေက ခန့်မှန်းပါတယ်။
အခုဖြည့်စွက်ခွင့်ပြုငွေတွေကိုတောင်းခံတဲ့အခါမှာလည်း ကာကွယ်ရေးနှင့်လုံခြုံရေးကိစ္စကို အဓိကထားတင်ပြခဲ့တာတွေ့ရပါတယ်။
ကုလမှာအတည်ပြုတဲ့မြန်မာ့အရေးအဆို ဦးကျော်မိုးထွန်း ဘာကြောင့်ဝေဖန်လဲ

ဓာတ်ပုံ ရင်းမြစ်, Permanent Mission of Myanmar to the United Nations
နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်မှာ ကျင်းပနေတဲ့ (၇၉) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေ ညီလာခံ၊ တတိယကော်မတီမှာတင်သွင်းတဲ့ “မြန်မာနိုင်ငံရှိ ရိုဟင်ဂျာ မွတ်ဆလင်များနှင့် အခြား လူနည်းစုများ၏ လူ့အခွင့်အရေးအခြေအနေ” အဆိုမူကြမ်း ကို ကုလဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း က ဝေဖန်လိုက်ပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
နိုဝင်ဘာ ၂၀ ရက်က ဥရောပသမဂ္ဂ(EU) နဲ့ အစ္စလာမ်မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့တို့ ပူးတွဲ တင်သွင်းခဲ့တဲ့ အဆိုမူကြမ်းကို ဆုံးဖြတ်ချက်မချခင် ဦးကျော်မိုးထွန်း က မိန့်ခွန်းပြောခဲ့တာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့လက်ရှိအခြေအနေ၊ အကျပ်အတည်းနဲ့ ပြည်သူတွေရဲ့ စိုးရိမ်ကြောင့်ကြမှုတွေကို ထိရောက်စွာဖြေရှင်းပေးနိုင်ဖို့ မှန်ကန်စွာထင်ဟပ်မှုမရှိဘဲ အရင်အတိုင်းပျက်ကွက်ခဲ့တယ်လို့ အဲဒီမူကြမ်းအပေါ် ဦးကျော်မိုးထွန်း က ထောက်ပြခဲ့ပါတယ်။
မြန်မာစစ်တပ်ကို လက်နက်နဲ့ တိုက်လေယာဉ်ဆီတွေ တင်ပို့ရောင်းချတာကို ရပ်တန့်ရေးနဲ့ သက်ဆိုင်တဲ့ စာသားတွေအပါအဝင် တခြားအရေးကြီးတဲ့ စာသားတွေ ခိုင်ခိုင်မာမာ ထည့်သွင်းထားတာမရှိတဲ့ အပေါ် မှာ အလွန်စိတ်ပျက်ရကြောင်းလည်း ပြောပါတယ်။
မြန်မာနိုင်ငံအကျပ်အတည်းအတွက် သင့်လျော်စွာ မဖော်ပြခြင်းနဲ့ ဖြေရှင်းပေးခြင်း မရှိတာကို ကြည့်ခြင်းအားဖြင့် နိုင်ငံတကာအသိုက်အဝန်း၊ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေဟာ မြန်မာနိုင်ငံက အပြစ်မဲ့ အရပ်သားပြည်သူတွေရဲ့ အသက်အိုးအိမ်ကို မျက်ကွယ်ပြုတာလားဆိုပြီးလည်း ဦးကျော်မိုးထွန်းက မေးခွန်းထုတ်ခဲ့ပါတယ်။
EU နဲ့ အစ္စလာမ်မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့တို့က တင်သွင်းတဲ့ အဆိုမူကြမ်းနဲ့ ပတ်သက်တဲ့ လုပ်ငန်းစဥ်တွေမှာ အပြုသဘောဆောင် ပါဝင်ဆွေးနွေးနိုင်ခွင့်နည်းပါးခဲ့တယ်လို့လည်း ဦးကျော်မိုးထွန်း က ထောက်ပြပါတယ်။
အဲဒီ အဆိုမူကြမ်းဟာ မြန်မာနိုင်ငံ၊ မြန်မာပြည်သူတွေနဲ့ တိုက်ရိုက်သက်ဆိုင်နေပြီး နိုင်ငံပိုင်၊ နိုင်ငံ ဦးဆောင်ခြင်းမူအရ အဲဒီမူကြမ်းကို ကုလဆိုင်ရာမြန်မာကိုယ်စားလှယ်အဖွဲ့နဲ့ ကျယ်ကျယ်ပြန့်ပြန့် ညှိနှိုင်းဆွေးနွေးသင့်တယ်လို့လည်း ထောက်ပြခဲ့ပါတယ်။
မူကြမ်းဆွေးနွေးတဲ့အဆင့်မှာ မြန်မာကိုယ်စားလှယ်အဖွဲ့ရဲ့ ဆွေးနွေးချက်တွေကို အလေးထားပေးတဲ့ ဘင်္ဂလားဒေ့ရှ်၊ ဆော်ဒီအာရေဗျနဲ့ ဥရောပသမဂ္ဂကိုယ်စားလှယ်တွေကိုလည်း ကျေးဇူးတင်တယ်လို့ ပြောပါတယ်။
“မြန်မာနိုင်ငံရှိ ရိုဟင်ဂျာမွတ်ဆလင်များနှင့် အခြားလူနည်းစုများ၏ လူ့အခွင့်အရေးအခြေအနေ” ဆုံးဖြတ်ချက် အဆိုမူကြမ်းကို မဲမခွဲဘဲ တူညီဆန္ဒ (Consensus) နဲ့ ကုလ တတိယကော်မတီက အတည်ပြုခဲ့ပါတယ်။
တရုတ်လုံခြုံရေးဒုဝန်ကြီးနဲ့ စစ်ကောင်စီလဝကဝန်ကြီး ကူမင်းမှာတွေ့ဆုံ

ဓာတ်ပုံ ရင်းမြစ်, Getty Images
- နယ်စပ်လုံခြုံရေးဆွေးနွေး
စစ်ကောင်စီ လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဦးမြင့်ကြိုင်နဲ့ တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေး ဒုတိယဝန်ကြီး မစ္စတာ ရွှီဂန်းလူ တို့ ယူနန်ပြည်နယ် ကူမင်းမြို့မှာ နိုဝင်ဘာ ၂၂ ရက်က တွေ့ဆုံပြီး နယ်စပ်လုံခြုံရေးနဲ့ပတ်သက်လို့ ဆွေးနွေးခဲ့ကြပါတယ်။
တရုတ်မြန်မာနယ်စပ်တကြောကို တိုင်းရင်းသားလက်နက်ကိုင်တွေက ထိန်းချုပ်ထားပြီး တရုတ်ဘက်က နယ်စပ်ဂိတ်တွေကို တင်းတင်းကျပ်ကျပ် ပိတ်ဆို့ထားချိန်မှာ ဒီဆွေးနွေးမှုပေါ်ပေါက်လာတာ ဖြစ်ပါတယ်။
စစ်ကောင်စီ လဝကဝန်ကြီး ဦးမြင့်ကြိုင်ဟာ တရုတ်နိုင်ငံထဲကတဆင့် မူဆယ် နန်းတော်ဂိတ်ကို ဝင်ရောက်ခဲ့ရပြီး ဌာနဆိုင်ရာတွေနဲ့ နိုဝင်ဘာ ၂၀ ရက်က တွေ့ဆုံခဲ့ပါတယ်။
အဲဒီကတဆင့် ကူမင်းကိုပြန်ပြီး ပြည်သူ့လုံခြုံရေးဝန်ကြီးနဲ့ ဆွေးနွေးကြတာဖြစ်ပါတယ်။
နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးအတွက် နှစ်နိုင်ငံပူးပေါင်းလုပ်ဆောင်မယ့် ကိစ္စတွေအပြင် ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းအတွက် နည်းပညာ ပံ့ပိုးပေးဖို့ကိုလည်း စစ်ကောင်စီ ကိုယ်စားလှယ်အဖွဲ့က ပြည်သူ့လုံခြုံရေးဝန်ကြီးနဲ့ ဆွေးနွေးခဲ့ကြပါတယ်။
ဝန်ကြီးဦးမြင့်ကြိုင်ဟာ ကူမင်းက နေ လေကြောင်းခရီးနဲ့ ရန်ကုန်ကိုပြန်လာခဲ့ပြီး ရန်ကုန်ကတဆင့် နေပြည်တော်ကို ပြန်မှာဖြစ်ပါတယ်။
အာဆီယံကြည်းတပ်ဦးစီးချုပ်များအစည်းအဝေး ဗိုလ်ချုပ်ကြီးမောင်မောင်အေး သွားတက်

ဓာတ်ပုံ ရင်းမြစ်, ထိုင်းဘုရင့်တပ်မတော်
ဖိလစ်ပိုင်နိုင်ငံမှာ ကျင်းပနေတဲ့ (၂၅) ကြိမ်မြောက် အာဆီယံကြည်းတပ်ဦးစီးချုပ်များ အစည်းအဝေး (ACAMM)ကို မြန်မာစစ်တပ်ရဲ့ ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီး မောင်မောင်အေး တက်ရောက်နေတယ်လို့ စစ်ကောင်စီ က သတင်းထုတ်ပြန်ပါတယ်။
နိုဝင်ဘာ ၂၁ ရက်က စလုပ်ခဲ့တဲ့ အာဆီယံကြည်းတပ်ဦးစီးချုပ်များ အစည်းအဝေးကို ဒုစစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီးစိုးဝင်း ကိုယ်စား ဗိုလ်ချုပ်ကြီး မောင်မောင်အေး သွားတက်ခဲ့တာဖြစ်တယ်။
ဒုတိယဗိုလ်ချုပ်ကြီးစိုးဝင်းဟာ အာဆီယံကြည်းတပ်ဦးစီးချုပ်များ အစည်းအဝေးတွေကို အွန်လိုင်းကတဆင့်သာတက်ရောက်ခဲ့ပြီး ဖိလစ်ပိုင်ကိုတော့ ဗိုလ်ချုပ်ကြီး မောင်မောင်အေးကိုစေလွှတ်ခဲ့တာဖြစ်ပါတယ်။
အဲဒီ အစည်းအဝေးမှာ အာဆီယံကြည်းတပ်ဦးစီးချုပ်တွေက “Strengthening Partnership and Camaraderie Towards Regional Stability” ခေါင်းစဉ်နဲ့ ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။
အာဆီယံဒေသတွင်းတည်ငြိမ်ရေးကို ထိန်းသိမ်းမြှင့်တင်ရာမှာ အာဆီယံတပ်မတော်တွေ ပူးပေါင်း ဆောင်ရွက်တဲ့ အခန်းကဏ္ဍကို အသိအမှတ်ပြုတယ်လို့ အိမ်ရှင် ဖိလစ်ပိုင်တပ်မတော် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Roy M. Galido မိန့်ခွန်းပြောခဲ့တယ်လို့ ACAMM က ထုတ်ပြန်ထားပါတယ်။
ဒါဟာ မဟာဗျူဟာမြောက် ပထဝီဝင်နယ်မြေ တည်ငြိမ်ရေးအတွက် အားကောင်းတဲ့ တွန်းအားဖြစ်စေတယ် လို့လည်း ဖိလစ်ပိုင်တပ်မတော် စစ်ဦးစီးချုပ် က ပြောခဲ့ပါတယ်။
ဗိုလ်ချုပ်ကြီး မောင်မောင်အေးဟာ ဖိလစ်ပိုင်ကြည်းတပ် ဦးစီးချုပ် နဲ့ သီးခြားတွေ့ဆုံခဲ့တယ်လို့လည်း စစ်ကောင်စီ က ထုတ်ပြန်ပါတယ်။
ဒါအပြင် ဘရူနိုင်းဘုရင့်တပ်မတော် ကြည်းတပ် ဦးစီးချုပ်၊ ကမ္ဘောဒီးယားဘုရင့်တပ်မတော် ဒုတိယ ကာကွယ်ရေးဦးစီးချုပ်၊ လာအိုပြည်သူ့တပ်မတော် စစ်ဦးစီးဌာန ဒုတိယအကြီးအကဲနဲ့ ထိုင်းဘုရင့် တပ်မတော် လက်ထောက်ကြည်းတပ်ဦးစီးချုပ် တို့နဲ့လည်း သီးခြားစီတွေ့ဆုံခဲ့တယ်လို့လည်း စစ်ကောင်စီ က ပြောပါတယ်။








